5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂၁ ၂၀၁၁
M-Media
ဆောင်းပါးရှင်-သန်းမင်းထိုက်(မြန်မာစာ)

နိဒါန်း

“ဆွေးနွေးခြင်း”ကို အနုပညာဟု ကျွန်တော်က ဆိုချင်သည်။ အများသဘောကိုတော့ မပြောတတ်။ လက်မခံသဖြင့် အကြောက်အကန် ကန့်ကွက်မည့်သူရှိလျှင်လည်း ဖြေရှင်းရန် ကျွန်တော် ကြိုးစားအားထုတ်မည်မဟုတ်ပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည်ပင် ဆွေးနွေးခြင်း၏ အခြေခံမူတစ်ရပ် ဖြစ်သည်။

ပြောသာပြောရသည်။ ဆွေးနွေးပွဲနှင့်တူသော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။ “ဆွေးနွေးခြင်း”ဆိုင်ရာ အခြေခံ သဘောတရာများနှင့်အညီ အောင်မြင်ပြီးမြောက် လိုရင်းရောက်သော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။

ပရိသတ်ကဆွေးနွေးပွဲကိုချစ်သည်။ ”ဆွေးနွေးပွဲဟေ့”ဆိုလျှင်သွေးကြွ၍ နေတတ်သည်။ အင်္ကျီလက် တစ်မမဖြစ်၍ နေတတ် သည်။ လက်သီးလက်မောင်းတန်း၍ နေတတ်သည်။ ဦးဆောင်ဆွေးနွေးမည့်ဆရာကို အလဲထိုးအမှောက်ဆော်နိုင်မည့် မေးခွန်းများနှင့် စကားလုံးများကို ကြိုတင်ပြင်ဆင်ထားကြသည်။

ဆွေးနွေးပွဲ = လက်ဝှေ့ပွဲ ———–ဟု ထင်နေပုံရ၏။

ဆရာသမားတို့ကလည်း အတင့်ရဲလွန်းလှသည်။ ကိုယ်ဆွေးနွေးသည့် အကြောင်းအရာက မြေကြီးအကြောင်း၊ မေးခွန်းထမေး ကြတာက ကောင်းကင်အကြောင်း၊ နေအကြောင်း၊ လအကြောင်း၊ မြစ်အကြောင်း။ဘာပဲဖြစ်ဖြစ် မေးသမျှဖြေသည်။ သိစပ်မြင်နှံ့ကြသည်ကိုး။

ထိုအခါသိချင်၍မဟုတ်၊ ကလိချင်၊ ရိချင်၍ လာမေးသူတို့ ဆွဲခေါ်သွားသမျှ လမ်းကြောင်းကို ဆန်စင်ရာကျည်ပွေ့လိုက်တော့ ဒုက္ခများကုန်သည်။

တစ်ခါတစ်ခါ မေးသူကပဲ ပြန်ဖြေလျှင် ဖြေသွားတတ်သေးသည်။ မသိရင်မှတ်ထား ပြောပြမယ် ဆိုသည့် အပေါက်မျိုး။ ဆရာက ကျောင်းသားကို စာလာစစ်သလို ဖြစ်နေသည်။ တစ်ခါတစ်ခါ အရှိုက်ကို ညာဝိုက်လက်သီးမိသွားသလို ဖြေရသူ အသက်ရှူမှားရ သည့်အဖြစ်မျိုးကြုံသည့်အခါ ဒိုင်ပွဲရပ်ဖြင့် ပွဲနားလိုက်ရသည်။ ကြိတ်မနိုင်ခဲမရဖြင့် ပွဲပြီးသွားသည်။ တချို့ဆွေးနွေးပွဲများက တစ်မျိုးတစ်ဘာသာထူးသည်။ ကျွန်တော်ကတော့ အာသန်နိုင် ဆွေးနွေးပွဲဟု အမည်ပေးချင်သည်။ အာသန်သည့်သူက အနိုင်ရ သွားတတ်သောကြောင့်ဖြစ်သည်။

ဆွေးနွေးပွဲပြီးသောအခါ တစ်ချိန်လုံးငြိမ်ကုပ်နေသော ပုဂ္ဂိုလ်အချို့က သူခိုးပြေးမှ ထိုးကွင်းထသည်။ “ငါမပြောချင်လို့ သူပြောသွားတာတလွဲကြီး ဘယ်လို၊ ဘယ်နှယ်” နောက်ဆုံးတော့ သူလည်း အတင်းပြောသူ ဘွဲ့တံဆိပ်သာ ရရှိသွားသည်။

ဆွေးနွေးပွဲသည် ရင်းနှီးမှုကို ဖြစ်စေပါသည်။ နီးစပ်မှုကိုဖြစ်စေပါသည်။ သို့သော် ကျွန်တော်တို့ လောက၊ ကျွန်တော်မြင်မိသမျှ ဆွေးနွေးပွဲများသည် အမုန်းမီးတွေ ပွားများသွားသည်သာ ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် အခေါ်အပြောကင်းမဲ့သွားရသည်သာ အဖတ်တင်၏။ ထို့ကြောင့် ဆွေးနွေးပွဲများကို ကျွန်တော်ရှောင်ပါသည်။

သို့သော် ဆွေးနွေးပွဲများကို ကျွန်တော်မြတ်နိုးပါသည်။ အထက်က ဆွေးနွေးပွဲမျိုးကိုတော့ မဟုတ်ပါ။ ဆွေးနွေးပွဲနှင့်တူသော ဆွေးနွေးပွဲများကို ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကျွန်တော် မဟာဝိဇ္ဇာတက်ခဲ့စဉ်က ၂နှစ်လုံးလုံး၊ ဆွေးနွေးပွဲချိန်များနှင့် အချိန်ကုန်ခဲ့ရသည်။ စာသင်ချိန်ထက် ဆွေးနွေးပွဲချိန်များတွင် အပျော်ဆုံးဖြစ်သည်။ သူ့ထက်ငါ အပြိုင်အဆိုင်၊ အလွတ်မပေးဘဲ ဆွေးနွေးကြသော်လည်း ရယ်ရယ်မောမောနှင့်ပင်ဖြစ်သည်။ ပို၍ ရင်းနှီးခဲ့ကြသည်။ ပို၍ စာဖတ်ဖြစ်ကြသည်။ ပို၍နိုးကြားလာကြသည်။ ပို၍ ဝေဖန်တတ်လာကြသည်။ မယုတ်မလွန် မျှမျှတတလည်း ပို၍ တွေးတတ်လာကြသည်။ ဟာကွက်ထောက်ကွက်ကင်းအောင်လည်း ပို၍ တင်ပြတတ်လာကြသည်။ အကျိုးကားမနည်းလှ။

ဘာသာရေးဆွေးနွေးပွဲများကို ထိုသို့ကျွန်တော်ဖြစ်ချင်လှပါသည်။

အခန်း(၁) ဆွေးနွေးခြင်းဟူသည်

ဆွေးနွေးခြင်းအကြောင်းကိုပြောလျှင် “ဆွေးနွေးတယ်ဆိုတာဘာလဲ” ဟူသည့် ဖွင့်ဆိုချက်ကနေ စရမည်ထင်ပါသည်။ မြန်မာအဘိဓာန်တွင် “ဆွေးနွေး”၏အနက်ကို “တိုင်ပင်ညှိနှိုင်းသည်”ဟု ဖွင့်ဆိုထားသည်။ တိုင်ပင်သည့်သဘော၊ ညှိနှိုင်းသည့်သဘော ပါမှ ဆွေးနွေးခြင်းမည်ပါသည်။

“ဆွေး”မှာ တဆွေးတမြေ့အေးအေးလူလူ၊ ကြာကြာရည်ရှည်ဆိုသည့် အနက်ဖြစ်သည်။

“နွေး”မှာ နွေးနွေးထွေးထွေးဆိုသည့် အနက်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလည်း နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး။ ပြောသည့် အကြောင်းအရာနှင့်လည်း နွေးနွေးထွေးထွေးဖြစ်စေခြင်းကို ရည်ညွှန်းပါသည်။ သူ့အသိ၊ ကိုယ့်အသိ၊ သူ့အမြင်၊ကိုယ့်အမြင် ပေါင်းစပ်ပြီး အာရုံရိပ်မှာ တအုံနွေးနွေး ဖြစ်လာအောင် ပြန်နွှေးပေးရသည့် သဘောမျိုးရှိသည်။ ဦးတည်ပြောဆိုသော အကြောင်းအရာ ကို အခြေအမြစ်ရှိရှိ ကွင်းကွင်းကွက်ကွက် မြင်သာ ထင်သာရှိပြီး ရင်းရင်းနှီးနှီးအကျွမ်းတ၀င်ဖြစ်လာအောင် ဖန်တီးယူရသည့် အလုပ်မျိုး ဖြစ်သည်။

သို့ဖြစ်ရာ ဆွေးနွေးခြင်းဟူသည် အချင်းချင်းလည်း ရင်းရင်းနှီးနှီး၊ အကြောင်းအရာနှင့်လည်း ရင်းရင်းနှီးနှီးဖြစ်အောင် အေးအေးဆေးဆေး အပြန်အလှန်တိုင်ပင်နှီးနှော ညှိနှိုင်းကြသည့် အလုပ်မျိုးဟု ဖွင့်ဆိုနိုင်ပါသည်။

နောက်တစ်ချက်သတိပြုရမည်မှာ ဆွေးနွေးခြင်းသည် ငြင်းခုံခြင်းနှင့် အနက်အားဖြင့်ရော သဘောတရားအားဖြင့်ပါ ခြားနားမှုရှိ သည်။

“ငြင်း”ဆိုသည့်စကားလုံးသည် “ငင်”ဆိုသည့် စကားလုံးကနေ ငင် > ငင်း > ငြင်း ဟူ၍ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာခြင်းပင်။
“ငင်သည်”၏ အနက်မှာ “ဆွဲသည်”ဟုပင် ဆိုလိုသည်။
“ခုံ”မှာမူ “ခုံမင်သည်၊ တပ်မက်သည်”ဟု ဆိုလိုသည်။

“ငြင်းခုံ”၏ စကားပေါင်းသက်ရောက်အနက်ကား “စကားကို ကိုယ့်ဘက်ပါအောင် ခုံခုံမင်မင်ဖြင့် ငင်သည့် ဆွဲသည့် အလုပ်”ဖြစ်သည်။ မြန်မာအဘိဓာန်တွင်လည်း “သူမှန်သည် ငါမှန်သည်စသဖြင့် စကားအချေအတင် ပြောဆိုသည်”ဟု အနက်ဖွင့်ထားကြောင်း တွေ့ရမည်။

အင်္ဂလိပ်ဘာသာစကားတွင် “ငြင်းခုံ”ကို argue, dispute, debate စသဖြင့် သုံးသည်။ “ဆွေးနွေး”ကိုမူ discuss, confer စသဖြင့် သုံးသည်။ အသုံးခြင်းကွဲပြားသကဲ့သို့ အနက်ခြင်းလည်း ခြားနားသည်။ အစ္စလာမ်က မငြင်းခုံရဟု တားမထား။ ကုရ်အာန်က အကောင်းဆုံးနည်းနှင့် ငြင်းခုံခွင့်ပြုထားသည်။ သို့သော် ဆွေးနွေးခြင်းနှင့် ငြင်းခုံခြင်းကား ကဏ္ဍတစ်ခုစီဖြစ်သည်။ ရောရောထွေးထွေး မပြုအပ်ပေ။

ငြင်းခုံခြင်းသည် အမှန်တရားဟု မိမိလက်ကိုင်ပြုထားသည့် ကိစ္စများအတွက် ဖြစ်သည်။ ဖန်ဆင်းရှင်ရှိကြောင်း လက်မခံသူကို ရှိသည့်ဘက်ကနေ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာငြင်းခုံနိုင်သည်။ သို့သော် အကောင်းဆုံး၊ အသိမ်မွေ့ဆုံးနည်းဖြင့် တစ်ဖက်သား နားဝင်အောင် ပြောဆိုသိမ်းသွင်း ငြင်းခုံရပေမည်။

သို့သော် ဆွေးနွေးခြင်းဟု ခေါင်းစဉ်တပ်သည့်အကြောင်းအရာများသည် ကွဲလွဲမှုရှိနေသော၊ အမြင်မတူသော၊ ဒွိဟဖြစ်စရာ ရှိသော ကိစ္စများအတွက်ဖြစ်သည်။ ဆွေးနွေးခြင်းဖြင့် အမြင်တူလာနိုင်သည်။ ကွဲလွဲမှုများလျော့ကျပြီး တစ်သားတည်းလည်း ဖြစ်ကောင်းဖြစ်သွားမည်။ ဒွိဟများ လျော့နည်းပြီး အမှန်တရားနှင့် အနီးစပ်ဆုံး အဖြေတစ်ခုရလာပြီး စုပေါင်း အကြံဉာဏ်အားဖြင့် အကောင်းဆုံးနည်းလမ်းသစ်တစ်ခုကို ရှာနိုင်မည်။ ဤသို့သော မျှော်လင့်ချက်မျိုးဖြင့်သာ ဆွေးနွေးခြင်းကို ပြုအပ်ပါသည်။

အခန်း ၂ ။ ။ ဆွေးနွေးခြင်းနှင့် အမှန်တရားကို ပန်းတိုင်ပြုခြင်း

ဆွေးနွေးခြင်းဆိုသည်မှာ “အချင်းချင်းလည်း ရင်းရင်းနှီးနှီး၊ အကြောင်းအရာနှင့်လည်း ရင်းရင်းနှီးနှီး ဖြစ်အောင် အေးအေးဆေးဆေး အပြန်အလှန် တိုင်ပင်နှီးနှော ညှိနှိုင်းကြသည့် အလုပ်မျိုး” ဖြစ်ကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။

ဆွေးနွေးပွဲ၏ ပန်းတိုင်သည် မိမိအယူအဆအောင်နိုင်ရေးမဟုတ်။ အမှန်တရားနှင့် အနီးစပ်ဆုံးကို ရောက်ရှိရေးဖြစ်သည်။ ထို့ကြောင့် မိမိနိုင်ဖို့မကြိုးစားသင့်။ အမှန်တရားရဖို့သာ ကြိုးစားသင့်သည်။

မိမိကျရာဘက်က အနိုင်ရအောင်ပြောဆိုခြင်းမျိုးသည် “စကားရည်လုခြင်း”ဖြစ်သည်။ “ဆွေးနွေးခြင်း”ဟု မခေါ်နိုင်ပေ။ တစ်ခါတစ်ရံ ကျွန်တော်တို့လောက၌ “ဆွေးနွေးပွဲ”ဟု ခေါင်းစဉ်တပ်ပြီး စကားရည်လုပွဲ ဖြစ်ဖြစ်သွားတတ်သည်။ အာသန်သည့်သူ အနိုင်ရသည့် “အာသန်နိုင်ဆွေးနွေးပွဲ” မျိုးဖြစ်ဖြစ်သွားတတ်သည်။ “အမှန်တရား”ကို ပန်းတိုင်ပြုပြီး ဆွေးနွေးမည်ဆိုလျှင် အပြောကောင်း ရန်မလို၊ အကောင်းပြောရန်သာလိုသည်။ အမှန်တရားကိုပံ့ပိုးသော၊ ပြဿနာအရင်းအမြစ်ကို ရှာဖွေရှင်းထုတ် ကိုင်တွယ်ဖြေရှင်းနိုင်သော၊ ပြဿနာ၏ ဖြေဆေးဖြစ်သော အချက်အလက်များကိုသာ အကျိုးအကြောင်းခိုင်လုံစွာပြလျက် ပြောဆိုဆွေးနွေးသင့်ပါသည်။

ထိုသို့မဟုတ်ဘဲ စကားအလှများဖြင့် တရားကို နားဝေတိမ်တောင်ဖြစ်အောင် အနိုင်ပိုင်းပြောဆိုလျှင် မည်မျှပင် အပြောကောင်းစေကာမူ အရာမ၀င်။ ဘောလုံးပွဲတွင် ဒိုင်လူကြီးက လူကျွံဘောဟု သတိပေးခရာမှုတ်ထားပြီးနောက် မည်မျှပင် လှတပတကန်သွင်းသော်လည်း ရရှိသော ဂိုးသည် အချည်းအနှီးဖြစ်သည်။ တစ်ခါတစ်ရံ နားမလည်သော ပရိသတ်များ၏ “ဟေး”ခနဲ အားပေးလိုက်သံမျိုးလည်း ထွက်လာနိုင်သည်။ ၀မ်းသာစရာမဟုတ်။ ရှက်စရာသာဖြစ်သည်။ နားလည်သူများက လှောင်ရယ် ရယ်နေလိမ့်မည်ကို သတိရပါ။ အမှန်တရားကို ပန်းတိုင်မပြုသော အလှတရားများသည် အနှစ်သာရမဲ့ပါသည်။

အမှန်တရားကို ပန်းတိုင်ပြုရမည်ဆိုရာတွင် မိမိသာလျှင် အမှန်တရားဟု ကြိုတင်သတ်မှတ်ပြီးသား ဖြစ်မနေစေရ။ မိမိမှားလျှင်ပြင်မည်၊ မိမိမှန်လျှင်လည်း မှန်ကြောင်းကို ဆွေးနွေးပွဲ၌ အများနှင့် မှတ်ကျောက်တင်ကြည့်မည်ဟူသော ခံယူချက်မျိုးသာ ကြိုတင်ရှိထားရန်လိုသည်။ မိမိမှန်လျှင် မိမိအယူအဆကို သူတစ်ပါးတို့ ရသွားစေရန် မျှဝေလိုသောရည်ရွယ်ချက်၊ မိမိမှားပြီး အခြားတစ်ဖက်က မှန်လျှင်လည်း မိမိမှားကြောင်းနှင့် တစ်ပါးသူမှန်ကြောင်း သေချာထင်ရှားစေသည့် သက်သေအထောက်အထား များ၊ ကျိုးကြောင်းဆီလျော်သော တွေးခေါ်ပုံများကို မိမိရလိုသည့် ရည်ရွယ်ချက်တို့သာ ထားရှိသင့်ပါသည်။

တစ်ဖက်က အဖြူဘက်၊ တစ်ဖက်က အနက်ဘက်မှာရှိနေကာ အယူအဆကွဲနေကြသော်လည်း ကိုယ့်ဘက်မှာ ကိုယ် အသေရပ်တည်နေမည်၊ ကိုယ့်ရပ်တည်ချက်မှာ ကိုယ်က သိပ်သေချာနေမည်ဆိုလျှင် အတိုးအလျှော့မရှိနိုင်သည့် ဆွေးနွေးပွဲမျိုး ဖြစ်သဖြင့် ထူးခြားချက်ရှိမည်မဟုတ်။ အကျိုးရှိမည် မဟုတ်။ ထို့ကြောင့် မဆွေးနွေးသင့်။ သေချာသည်မှာ ရန်ဖြစ်ဖို့၊ အမုန်းပွားဖို့ သာရှိသည်။

အဖြူဘက်က ကျိုးကြောင်းခိုင်လုံလျှင် အနက်သမားက မိမိအယူအဆကို စွန့်လွှတ်ပြီး ပြောင်းလဲလက်ခံလိုက်ရန် ၀န်မလေးသင့်၊ တစ်ခါတစ်ရံ ဆွေးနွေးရင်း ဆွေးနွေးရင်းနှင့် နှစ်ဖက်စလုံးမှားပြီး အမှန်က မီးခိုးရောင်ဖြစ်ကြောင်း အဖြေထွက်လာခြင်းမျိုးလည်း ရှိနိုင်သည်။ ထိုအမှန်တရား၌ နှစ်ဖက်စလုံး၏ ဆုံမှတ်တည်စေကာ အမြင်သဘောထား ညီညွတ်သွားကြရပါမည်။ သို့မှသာ အောင်မြင်သော ဆွေးနွေးပွဲတစ်ရပ်ဟု မှတ်ချက်ချ၍ ရပါလိမ့်မည်။

အခန်း ၃ – ခေါင်းစဉ်နှင့် ဆွေးနွေးခြင်း

ဆွေးနွေးသည့်အလုပ်ကို မိသားစုကြား၊ လမ်းဘေးလက်ဖက်ရည်ဆိုင်ဝိုင်းတို့မှသည် အဖွဲ့အစည်းအကြားနှင့် ပရိသတ်အများကြား ဆွေးနွေးပွဲကြီးများအထိ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လေ့ရှိပါသည်။ ယခု ကျွန်တော်ရေးနေသော အကြောင်းအရာ များသည် ဘာသာရေးနှင့် သက်ဆိုင်ပြီး လူအများပါဝင်တက်ရောက်သော ဆွေးနွေးပွဲများအတွက် ဦးတည်ပါသည်။

ဆွေးနွေးပွဲတစ်ခု၏အသက်မှာ ခေါင်းစဉ်ဖြစ်သည်။ ရောက်တတ်ရာရာ ခေါင်းစဉ်ပျောက် ဆွေးနွေးခြင်းမျိုးထက် အကြောင်းအရာတစ်ခုခု၊ ခေါင်းစဉ်တစ်ခုခု သတ်မှတ်ပြီး ဆွေးနွေးခြင်းက ပို၍ထိရောက်မှုရှိပါသည်။ ခေါင်းစဉ်ရွေးရာတွင်လည်း သတိပြုရမည့်အချက်များ ရှိနေပါသည်။

၁၊ ကျယ်လွန်းသော အကြောင်းအရာ မဖြစ်စေရ။
၂၊ သက်သေပြ၍မရနိုင်သော၊ သိနိုင်ခဲသော အကြောင်းအရာမျိုးမဖြစ်စေရ။
၃၊ အကျိုးမဲ့သောအကြောင်းအရာမျိုးမဖြစ်စေရ။

ယေဘုယျအားဖြင့် ဤအချက် ၃ ချက်ကို ဂရုပြုသင့်ပါသည်။

ခေါင်းစဉ်ကျယ်လွန်းလျှင် မဟာသမုဒ္ဒရာကို အလျားလိုက် လက်ပစ်ကူးရသလို ခရီးမပေါက် လိုရင်းမရောက်ဖြစ်တတ်ပါသည်။ သာဓကဆောင်ရလျှင် “အစ္စလာမ်”၊ “အစ္စလာမ့်သမိုင်း”၊ “ကျမ်းမြတ်ကုရ်အာန်” စသည့် ခေါင်းစဉ်မျိုးသည် ကျယ်လွန်းသည်။ ပြော၍ မကုန်နိုင်။ ထိုအခါ ထိထိမိမိရှိမည်မဟုတ်။ ပြောသူကလည်း ကဏ္ဍတစ်ခုကို နယ်ပြတ်အောင် မပြောနိုင်။ ဟိုစပ်စပ် သည်စပ်စပ်နှင့် အပေါ်ယံလျှပ်ပြေး ပြောသွားမည်။ နားထောင်သူများကလည်း မြင်းစီးရင်း ပန်းခင်းကြည့်ရသလို ဘယ်တစ်ချက်ကိုမှ ထိထိမိမိသိရှိကာ သေသေချာချာခံစားမှတ်ယူနိုင်မည်မဟုတ်။

သို့ဖြစ်၍ ခေါင်းစဉ်ကို ပြင်မကျယ်ဘဲ ဇောက်နက်သည့် ခေါင်းစဉ်မျိုးသာ ရွေးချယ်သင့်သည်။ “ကုရ်အာန်”ဟု အမည်တပ်ဆွေးနွေးမည့်အစား “ကုရ်အာန်ဟူသော ဝေါဟာရ”၊ “ကုရ်အာန်က ပြောသော လူ့သဘာဝ”၊ “ကုရ်အာန်ထဲက ဆင်တူအာယသ်များ”၊ “ကုရ်အာန်ကပြောသော ကုရ်အာန်”၊ “ကုရ်အာန်ထဲက တင်စားမှုများ” စသဖြင့် ရွေးချယ်ဆွေးနွေးသင့်သည်။ သို့မှသာ ခေါင်းစဉ်အောက်က ထောင့်စေ့အောင်လေ့လာရှာဖွေဖြစ်မည်။ ခေါင်းစဉ်ပါ အကြောင်းအရာအပေါ် သုံးသပ်ချက်များ၊ တွေ့ရှိချက်များကလည်း နောက်လူတို့ ဤအကြောင်းအရာ၌ အမြဲငြင်းခုံနေစရာ မလိုတော့လောက်အောင် အထောက်အကူပြုနိုင်မည်။ ထိုသို့မဟုတ်ဘဲ အပေါ်ယံရှပ်ပြေး ဟိုတစ်စစွဲ၊ သည်တစ်စစွဲပြီး မိမိထင်မြင်ရာ ဆွဲယူဆွေးနွေးကြမည်ဆိုလျှင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ မုန့်လုံးစက္ကူကပ်ဖြစ်ကာ မပြတ်နိုင်အောင် တလည်လည်နှင့် ပြော၍ ဆွေးနွေး၍ ပြီးကြမည်မဟုတ်တော့ပေ။

ကျယ်လွန်းသောခေါင်းစဉ်မျိုးကို ကမ္ဘာ့သုတေသီများ၊ တက္ကသိုလ်ပညာရပ်နယ်ပယ်အသီးသီးရှိ စာတမ်းပြုစုသူ၊ ကျမ်းပြုစုသူပညာရှင်များလည်း အထူးရှောင်ကြဉ်ကြပါသည်။

တစ်ဖန် ခေါင်းစဉ်က သိနိုင်ခဲသော၊ အကြောင်းအရာမျိုးဖြစ်နေလျှင်လည်း ဆွေးနွေးမှုများကေ၀၀ါးနေပေမည်။ အပြီးသတ် အဖြေလည်း ရနိုင်စရာမရှိ။ ထင်ရာမြင်ရာတွေသာ ပြောဖြစ်ကြမည်။ ဘယ်သူမှန်ကြောင်း အဆုံးအဖြတ်ပေးလက်ခံရန်လည်း ခက်ပေမည်။ အထူးသဖြင့် “ဂိုက်ဗ်” (အကွယ်က) ကိစ္စများဖြစ်သည်။ သာဓကပြရသော် “ရှဟီဒီတို့ မည်သည့်အသွင်ဖြင့် ရှင်သန်နေကြသနည်း”ဟူသည့် ခေါင်းစဉ်မျိုးဖြစ်သည်။

ကုရ်အာန်(၂း၁၅၄)က ရှဟီဒီတို့အား သူသေများဟု မပြောနှင့်။ ရှင်သန်နေကြသည်။ သို့သော် အသင်တို့ မသိကြဟု ဆိုထားသည်။ အလ္လာဟ်က ကျွန်တော်တို့တစ်တွေ မသိကြကြောင်း မိန့်ဆိုထားပါလျက် ဇွတ်အတင်း သိသယောင်ဆွေးနွေးနေလျှင် အချိန်ကုန်ရုံသာ အဖတ်တင်ပါလိမ့်မည်။ ရေရေရာရာသိလာစရာ အကြောင်းမရှိ။ အချင်းများ၊ အငြင်းပွားရသည်သာ အဖတ်တင် ပေမည်။ ထင်ကြေးများဖြင့် ပြောဆိုချက်သည် မရေရာသောကိစ္စဖြစ်၍ အကြိတ်အနယ်ဆွေးနွေးဖို့ရာ မလိုအပ်ပေ။

ထို့အတူ ဆွေးနွေးသောခေါင်းစဉ်သည် အကျိုးမဲ့အချည်းအနှီးသော ခေါင်းစဉ်မျိုးဖြစ်လျှင်လည်း ဆွေးနွေးရန်မသင့်ပေ။ တစ်ခါတစ်ရံ အွမ္မသ်အတွက် အကျိုးမရှိသော အကြောင်းအရာများကို ခေါင်းစဉ်တပ်၍ တခုတ်တရဆွေးနွေးရာကတစ်ဆင့် အွမ္မသ်ပြိုကွဲမှုသာ အဖတ်တင်ကျန်သွားတတ်သည်။ ပြဿနာများဖြင့် အချိန်ကုန်လူပန်း ဖြစ်ကြရသည်။ နားလည်မှုလွဲနေသော၊ အမြင် ရှုထောင့်ကွဲနေသော ကိစ္စများ၊ မဖြစ်မနေ ကျင့်သုံးရမည်ဖြစ်သော်လည်း အများစုက ဇဝေဇ၀ါဖြစ်နေသော သို့မဟုတ် လွဲမှားစွာ လိုက်နာကျင့်သုံးနေသော ကိစ္စများကိုသာ အသင့်တင့်ဆုံး ခေါင်းစဉ်ရွေး၍ ဆွေးနွေးသင့်ပါသည်။ သို့မှသာ ဆွေးနွေးခြင်းမှသည် ညီညွတ်ရေးဆီသို့ ဦးတည်နိုင်ပါလိမ့်မည်။

ဖော်ပြပါ ဆွေးနွေးပွဲခေါင်းစဉ်ရွေးချယ်မှုဆိုင်ရာ အချက် ၃ ချက်သည် ဆွေးနွေးပွဲကို ပို၍ ထိရောက်အဓိပ္ပာယ်ရှိကာ ရလာဒ် ကောင်းစေလိုသော၊ အကျိုးဖြစ်ထွန်းစေလိုသော အကြောင်းတစ်ခုတည်းအတွက်သာ အကန့်အသတ်နှင့် အကြံပြုခြင်းဖြစ်ပါသည်။

အခန်း ၄ – ဆွေးနွေးကြစို့

ဆွေးနွေးပွဲ၏ အဓိပ္ပာယ်ကိုလည်း သိပြီ။ မဆွေးနွေးမီ ကြိုတင်ခံယူထားရမည့် အမှန်ရရှိရေး၊ အမှန်နှင့်နီးစပ်ရေး ပန်းတိုင်ကို လည်း လက်ကိုင်ပြုထားပြီ။ တိကျရေရာ၍ သင့်တင့်သော ခေါင်းစဉ်လည်း သတ်မှတ်ရွေးချယ်ပြီးပြီဆိုလျှင် ကျွန်တော်တို့ စတင်ဆွေးနွေးနိုင်ကြပါပြီ။

ဆွေးနွေးသည့်အခါ တစ်ဦးတစ်ယောက်က မိမိပြောချင်ရာများကို ပြောသွားပြီး မေးခွန်းများ မေးကြပါဟု လမ်းဖွင့်ပေး။ ပြီးနောက် မေးချင်ရာတွေ ၀ိုင်းမေးကြတာကို ဖြေချင်ရာတွေဖြေ။ ဤသည်မှာ ဆွေးနွေးပုံနည်းလမ်း မဟုတ်ပေ။

ဦးဆောင်ဆွေးနွေးသူက ခေါင်းစဉ်ကို ဖွင့်ဆိုသော၊ ခေါင်းစဉ်ကို ပံ့ပိုးသော၊ ခေါင်းစဉ်ဆီ ဦးတည်သော အကြောင်းအရာများ ကိုသာ ကိုးကားချက်များနှင့်တကွ တင်ပြရပါမည်။ ခေါင်းစဉ်မှ ဘေးထွက်၍ မပြောသင့်။ ပြီးလျှင် ဦးဆောင်ဆွေးနွေးသူ၏ ဆွေးနွေးတင်ပြချက်များအနက် မရှင်းလင်းသောအချက်များကို ပရိသတ်က မေးမြန်းနိုင်ပါသည်။ မေးရာတွင်-

“လူကြီးမင်းတင်ပြသွားတာ ဘယ်ကျမ်း၊ ဘယ်တရား၊ ဘယ်အဆိုနဲ့ ဘယ်လိုကွဲလွဲနေတယ်လို့ ယူဆပါတယ်။ လူကြီးမင်းကော ကွဲလွဲနေတယ်လို့ မယူဆဘူးလားခင်ဗျာ” ဆိုတာမျိုး။

“လူကြီးမင်းတင်ပြသွားတဲ့ ဘယ်အယူအဆနဲ့ပတ်သက်လို့တော့ ကျွန်တော့်အမြင်က ဒီလို ဒီလိုရှိပါတယ်။ အဲဒီလိုယူဆမယ်ဆိုရင်ကော လူကြီးမင်းလက်ခံသဘောတူပါသလား” ဆိုတာမျိုး။

“လူကြီးမင်းရဲ့ ဘယ်တင်ပြချက်ကတော့ အကိုးအကားပြသွားတာ မတွေ့ရပါဘူး။ ဘယ် အထောက်အထားနဲ့ အခုလိုပြောတာပါလဲ။ ဒါမှမဟုတ် လူကြီးမင်းရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ပဲလား သိချင်ပါတယ်”ဆိုတာမျိုး။

ထိုသို့သော မေးခွန်းများကို ပရိသတ်က ယဉ်ကျေးသိမ်မွေ့စွာ မေးနိုင်ပါသည်။ ဦးဆောင် ဆွေးနွေးသူကလည်း ပြုံးချိုစွာ ဖြေကြားရပါမည်။ ဒေါသ မထွက်ရ။ မေးခွန်းများကို ကြိုဆိုရမည်။

“လူကြီးမင်းရဲ့ မေးခွန်းက မေးသင့်တဲ့မေးခွန်းပါ”
“မေးခွန်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်လည်း ဒီလိုမေးခွန်းမျိုးကို ဖြေချင်ပါတယ်။”
“မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စသဖြင့် စကားခံပြီး အသိမ်မွေ့ဆုံး ဖြေပေးရပါလိမ့်မည်။
မသိသည့်အချက်ကို “ဒါကတော့ ကျွန်တော်မသိပါဘူး”၊ “ကျွန်တော် မလေ့လာရသေးပါဘူး”စသဖြင့် ရိုးသားစွာ ၀န်ခံရဲသော သတ္တိရှိရပါမည်။ မသိသည်ကို ရမ်းဖြီးလိုက်ခြင်းဖြင့် စကားကျွံကာ နှုတ်မရဖြစ်တတ်ပါသည်။ မသိရကောင်းလားဟု အထင်သေး မည်စိုးသဖြင့် သိက္ခာမကျအောင် ဝေ့လည်ကြောင်ပတ် ဖြီးဖြန်းဖြေလိုက်ကာမှ အမှန်တကယ်သိက္ခာကျသွားနိုင်ပါသည်။

မိမိက ခေါင်းစဉ်ကို နယ်ကျဉ်းကျဉ်းယူထားပြီး ခေါင်းစဉ်အောက်က ဘောင်မကျော်ဘဲ နယ်ပြတ်အောင်၊ တာလုံအောင် လေ့လာတင်ပြခဲ့သည်ဆိုလျှင် မေးခွန်းများသည် ရင်ခုန်စရာမရှိပေ။ မည်သို့မေးလာလျှင် မည်သို့ဖြေမည်ဆိုသည်ကိုပင် ကြိုတင်စဉ်းစားထားပြီးသား ဖြစ်နေရပါမည်။ အကယ်၍ မိမိမရှင်းနိုင်သော၊ ရှုပ်ထွေးသော ကဏ္ဍရှိပါက မိမိတင်ပြချက်၌ အစမထုတ်ခဲ့ရန် လိုပါသည်။ အစထုတ်ခဲ့မည်ဆိုလျှင် ဖြေရန်တာဝန်ရှိလာပါသည်။ အစမထုတ်ခဲ့လျှင် “ဒီကဏ္ဍက ကျွန်တော့် တင်ပြချက်ထဲမှာ မပါပါဘူး။ လူကြီးမင်းရဲ့မေးခွန်းက ခေါင်းစဉ်ရဲ့အပြင်ရောက်နေတဲ့အတွက် ကျေးဇူး ပြုပြီး ကျွန်တော့်တင်ပြချက် ထဲက အကြောင်းအရာကိုပဲ မေးပေးပါ”ဟု ပြန်ဖြေနိုင်ပါသည်။ ခေါင်းစဉ်နှင့် အံမ၀င်သော မေးခွန်းများကို မဖြေခြင်းသည် ဆွေးနွေးပွဲကို ပို၍ သန့်သွားစေပါသည်။

နောက်တစ်မျိုးလည်း ရှိသေးသည်။ ဦးဆောင်ဆွေးနွေးသူက “ဆွဗရ်” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးသည်ဆိုပါစို့။ ဆွဗရ်၏ ဖွင့်ဆိုချက်များကို ကဏ္ဍတစ်ရပ်အနေနှင့်လည်း ရှင်းပြခဲ့သည်။ သို့သော် ပရိသတ်ထဲက တစ်ဦးဦးက နောက်မှ ရောက်လာ၍ သော်လည်းကောင်း၊ တင်ပြချိန်တွင် ငိုက်နေ၊ ငေးနေ၊ အာရုံမရောက်ဖြစ်နေ၍သော်လည်းကောင်း တင်ပြပြီးချိန်ရောက်မှ “ဆွဗရ်ရဲ့အဓိပ္ပာယ်ကို သိပါရစေ”ဆိုသည့် မေးခွန်းမျိုးကို မေးချင်မေးလာတတ်ပါသည်။ ထိုအခါမျိုးတွင် “ကျွန်တော့် တင်ပြချက်မှာ အသေးစိတ်ပါသွားပြီးဖြစ်တဲ့အတွက် အချိန်ကိုငဲ့ပြီး ထပ်မပြောပါရစေနဲ့တော့”လို့ အားမနာတမ်း ငြင်းလိုက်ပါ။ ဤနည်းဖြင့် ပရိသတ်ကို အာရုံစိုက် နားထောင်တတ်သော အလေ့အကျင့်နှင့် တင်ပြချက်နှင့်ဘောင်ဝင်ပြီး ထိမိလိုရင်းရောက်သော မေးခွန်းများ မေးတတ်သော အလေ့အကျင့်ကို မွေးမြူပေးရပါလိမ့်မည်။ ဆွေးနွေးချိန်ကိုလည်း အကျိုးရှိရှိအသုံးချရာရောက်ပါသည်။

အမှန်တော့ ဆွေးနွေးပွဲဆိုသည်မှာ မေးခွန်းမေးရုံသက်သက်သာ မဟုတ်ပေ။ ထောက်ခံဆွေးနွေးသူ၊ ကန့်ကွက်ဆွေးနွေး သူများကိုလည်း ဖိတ်ခေါ်ရပါမည်။ သို့မှသာ ဆွေးနွေးပွဲမည်ပါသည်။ ထောက်ခံ ဆွေးနွေးသူက ဦးဆောင်ဆွေးနွေးသူ၏ အားသာချက် များကို ထုတ်ဖော်ချီးကျူးရင်း မိမိဘက်က အမြင်များ၊ အထောက်အထားများကို ထပ်လောင်းဖြည့်စွက်ပေးနိုင်ပါသည်။ သို့သော် ခေါင်းစဉ်နှင့် ဘောင်ဝင်ရပါမည်။ ဘေးထွက်လေရှည်ခြင်း မပြုအပ်။ ထို့အတူ ကန့်ကွက်ဆွေးနွေးသူကလည်း မိမိအယူအဆနှင့် မိမိသိရှိထားသော အချက်အလက်အကိုးအကားများကို တင်ပြနိုင်ပါသည်။ ဦးဆောင်ဆွေးနွေးသူ၏ ကောက်ချက်မှား၊ သုံးသပ်ချက်မှား၊ အကိုးအထောက်မှားတို့ကို ထောက်ပြပြီး အားနည်းချက်များကို သိမ်မွေ့ယဉ်ကျေးစွာ ထောက်ပြနိုင်ပါသည်။ ရန်တွေ့သလို အပြောအဆိုမျိုး မဖြစ်စေရ။ ဒေါသမပါရ။ တစ်ဖက်သားနာလုံးပေါ်သွားအောင် အားနည်းချက်ကိုဖိမပြောရ။ ပြင်ပြောလျှင် ပြော၍ ရအောင်၊ လက်ခံချင်အောင်၊ နောက်ဆုတ်သာအောင် လမ်းဟပေးထားရမည်။ ချောင်ပိတ်ပြီး ဖိပြောလျှင် သို့မဟုတ် ပုဂ္ဂိုလ်ရေးထိပါး စေသော စကားလုံးများပါသွားလျှင် အပြုသဘော မဆောင်တော့ပေ။ တစ်ဖက်သားကို ဒေါသဖြစ်အောင်ဆွပေးသလိုဖြစ်ကာ ပြဿနာပွဲဖြစ်သွားနိုင်ပါသည်။ အယူအဆမတူသူကို လူပုံအလယ်မှာ အရှက်ခွဲပြီး မိမိကိုယ်မိမိ လူတော်လူတတ်ကြီးဟု ဂုဏ်ယူမည့် အစား မိမိတင်ပြချက်ဘက်သို့ တိမ်းယိမ်းလာအောင် စည်းရုံးပြောဆိုနိုင်ခြင်းသည်သာ လူတော်လူကောင်းတို့၏ အရည်အချင်းဖြစ် ပါသည်။

ဆန့်ကျင်ဆွေးနွေးခြင်းကို “လွတ်လပ်စွာသဘောထားကွဲလွဲခွင့်”မူအရ လက်ခံပေးနိုင်ရပါမည်။ ဆန့်ကျင်လာသူရှိမှသာလျှင် ပွဲ၏ အနှစ်သာရပိုင်းရောက်ပြီဟု ယူဆနိုင်ပါသည်။ ထောက်ခံဆွေးနွေးကြခြင်းသည် အမှန်တကယ်ကောင်းမွန်ပြည့်စုံသောကြောင့် ဖြစ်နိုင်သကဲ့သို့ ရေလိုက်ငါးလိုက်သဘော၊ မြှောက်ပင့်ပြောသည့်သဘောမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ချီးကျူးတတ်သူထက် အပြစ်ရှာ ဝေဖန်တတ်သူကို မိတ်ဆွေကောင်းအဖြစ် သဘောထားသင့်ပါသည်။ ဆန့်ကျင်ဆွေးနွေးကာမှ “အချိန် မရှိတော့လို့ ဆွေးနွေးပွဲကို ဒီမှာတင်ရပ်နားလိုက်ပါပြီ”ဟု ပရိယာယ်သုံး ပထုတ်ခြင်းမျိုးသည် ဦးဆောင်ဆွေးနွေးသူ၏ အရည်အချင်းလျော့နည်းမှုကို ဖော်ထုတ်ပြသလိုက်ရာရောက်ပါသည်။ အစကတည်းက အချိန်အလုံအလောက်မပေးနိုင်လျှင် သို့မဟုတ် မိမိကတော့ ပြောချင်ရာပြောမည်။ မည်သူမှ အမှားမထောက်နှင့်၊ မဝေဖန်နှင့်၊ ကန့်ကွက်မဆွေးနွေးနှင့်ဟူသော သဘောထားမျိုး ထားရှိလျှင် ဆွေးနွေးပွဲဟု ခေါင်းစဉ်မတပ်ခြင်းက ပို၍ကောင်းပါလိမ့်မည်။

သန်းမင်းထိုက်(မြန်မာစာ)

Leave a Reply