12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၁၊ ၂၀၁၄
M-Media
စုစည်းတင်ဆက်သူ- ကိုလေး

Umar_al-Khayyam_1

အူမာရ် အလ်-ခေယမ်(Umar Al-Khayyam) ဟာ အစ္စလာမ် သိပ္ပံပညာ သမိုင်း၏ အကြီးကျယ်ဆုံးသော သင်္ချာနှင့် နက္ခတ္တဗေဒ ပညာရှင်များထဲမှ တစ်ဦးဖြစ်ပါတယ်။ ထို့ပြင် ကဗျာအရေးကောင်းသူတစ်ဦဖြစ်ပြီး ကျော်ကြားတဲ့ အတွေးအခေါ်နဲ့ ပက်သက်တဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ လေးကြောင်းတစ်ပိုဒ် ရူဘိုင်ယတ် (Rubaiyat) ကဗျာကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။ ခေယမ်ဟာ သင်္ချာ နယ်ပယ်ကိုလည်း အကျိုးပြုခဲ့သူဖြစ်ပြီး သူရေးသားခဲ့ အလ်ဂျီဘရာကျမ်းတွေနဲ့ ဖြေရှင်းချက်တွေမှာ ကုဗတုံးနဲ့ ပက်သက်တဲ့ ရှင်းလင်းတဲ့ ညီမျှခြင်းတွေ၊ သက်သေပြချက်တွေလည်း ပါဝင်ပါတယ်။ ခေယမ်ဟာ အတွေးအခေါ်ပညာရှင်၊ သင်္ချာပညာရှင်နှင့် ကဗျာဆရာတစ်ဦးဖြစ်ပြီး မက္ကင်းနစ်၊ ပထ၀ီ၊ တွင်းထွက်ဓာတ်သတ္တု၊ ဂီတနှင့် အစ္စလာမ့် အတွေးအခေါ်ပိုင်းဆိုင်ရာ ကျမ်းပေါင်းများစွာကိုလည်း ပြုစုခဲ့သူဖြစ်ပါသေးတယ်။

ပါရှန်းလူမျိုးတစ်ဦးဖြစ်တဲ့ အလ် ခေယမ်ကို ၁၀၄၈ခုနှစ် မေလမှာ နီရှာဘူရ်းမြို့(ယခု အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း) ရှိ လက်မှုပညာသည် မိသားစုမှ မွေးဖွားခဲ့တာပါ။ ‘အလ်ခေယမ်’ ဆိုသည်မှာ ‘တဲဆောက်သူ’ လို့ အမည်ရပါတယ်။ ခေယမ်ဟာ မူလတန်းပညာကို နီရှာဘူးရ်နှင့် ဘော့ခ်မြို့တို့တွင် သင်ယူခဲ့ပြီး အစ္စဖာဟန် (ယခုအီရန်တောင်ပိုင်း) နှင် စမာကန် (ယခုဥဇဘက်ကစ္စတန် အရှေ့ပိုင်း) တို့တွင် အလုပ် လုပ်ခဲ့ပါတယ်။ စမာကန်တွင် ရှိစဉ်အခါက ထိုဒေသ၏ အမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ အဘူတာဟီရ် (Abū Tāhir) က ခေယမ်အား ၎င်းလက်အောက်တွင်ခေါ်ကာ အမှုထမ်းခိုင်းခဲ့ပါတယ်။

ခေယမ်ကို ဂုဏ်ပြုသောအားဖြင့် ၁၈၉၂ ခုနှစ်မှာတော့ ခေယမ်၏ နာမည်ဖြင့် စင်တာတစ်ခုကို လန်ဒန်တွင် တည်ထောင်ခဲ့ပြီး၊ လပေါ်မှ ချိုင့်ခွက် တစ်ခုကိုလည်း ၁၉၇၀ တွင် ခေယမ်ဟု အမည်ပေးခဲ့ပါတယ်။ ထို့ပြင် ၁၉၈၀ ခုနှစ်က သင်္ချာနယ်ပယ်တွင် တီထွင်နိုင်ခဲ့သည့် cone တစ်ခုကိုလည်း ခေယမ်၏ နာမည်မှည့်ပေးခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် နီရှာဘူးရ်ရှိ ၎င်း၏ ဂူဗိမာန်တွင် ၎င်းရဲ့ ပုံတူရုပ်ထုတစ်ခုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

ခေယမ်၏ ကဗျာစာပေဆိုင်ရာ ထူးချွန်မှုမှာ အရှေ့တိုင်းတွင် ပြောစမှတ်ပြုကြသော်လည်း၊ ဥရောပတိုင်းပြည်များမှာ သူရဲ့ကျော်ကြားမှုဟာ သိပ်မကြာသေးခင်က စခဲ့တာပါ။ အနောက်နိုင်ငံများမှာတော့ ခေယမ်ကို အရှေ့တိုင်း ကဗျာဆရာနှင့် ပညာရှင်အဖြစ်လူသိများပါတယ်။ ၁၈၉၅ ခုနှစ်မှာ အင်္ဂလိပ် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ အက်ဒ၀ပ် ဖစ်ဇ်ဂျရဲလ်(Edward Fitzgerald) က ခေယမ်၏ လေကြောင်း တစ်ပိုဒ်ကဗျာရှည်မှ ၇၅ ပိုဒ်ကို ဘာသာပြန်ဖော်ပြခဲ့ပြီး ယခုတိုင် လူကြိုက်များ လျက်ရှိပါတယ်။

442px-Khayyam-paper-1stpage

Cubic equation and intersection of conic sections” the first page of two-chaptered manuscript kept in Tehran University

၁၈၉၅ ခုနှစ်မတိုင်ခင် နှစ်အနည်းငယ်ကလည်း ခေယမ်၏ အလ်ဂျီဘရာတွေ့ရှိချက်များကို ဂျာမန်လူမျိုး သင်္ချာပညာရှင် ဖရန့်ဖ် ၀ပ်ကီ(Woepcke) က ပြန်လည်ဖော်ထုတ်ကာ အနောက်တိုင်း ပညာရှင်များထံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ထို့ပြင် ခေယမ်၏ အခြား ကဗျာ မြောက်များစွာကိုလည်း ဥရောပရှိ ဘာသာစကားမျိုးစုံဖြင့် ပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေခဲ့ကြပါသေးတယ်။

ခေယမ်၏ ကျော်ကြားသော ကဗျာကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ ရသပိုင်းကို ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ရူဘိုင်ယတ် ကဗျာဖြစ်ပြီး၊ ထိုကဗျာထဲတွင် လွတ်လပ်တဲ့ အတွေးအခေါ်များ၊ လူသားဝါဒ၊ ပြင်းပြသော တရားမျှတမှု၊ ကံကြမ္မာ၏  လှည့်ကွက်နှင့် အယုံအကြည်ကင်းဝါဒတို့ကိုလည်း ထည့်သွင်းရေးထားပါတယ်။

ခေယမ်၏ အားထုတ်မှုမှာာ အရှေ့တိုင်းနှင့် အနောက်တိုင်းရှိ ပညာရှင်များအပေါ် ကြီးမားသော လွှမ်းမိုးမှုများလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် သင်္ချာ ပညာရပ်တွင် ခေယမ်၏ အားထုတ်မှုများမှာ အစ္စလာမ် သင်္ချာလောက ရှာရက်ဖ် အလ်-ဒင် အလ်-တူစီ (Sharaf al-Din al-Tusi) မပေါ်ခင် ၁၂၁၃ ခုနှစ်အထိနှင့် အနောက်တိုင်း သင်္ချာလောကတွင် ဒက်စ်ကာတီ (Descarte) မပေါ်ခင် ၁၆၅၀ ခုနှစ်အထိ ကျော်ဖြတ်နိုင်သူမရှိခဲ့ပါဘူး။

ခေယမ်မှာ ဆေးဆရာတစ်ဦးလည်းဖြစ်ပြီး ဘုရင်မာလစ်ရှား၏ သားများဖြစ်သည့် ဘာ့က်ယာရူက်၊(Berkyaruk) မိုဟာမက် (Muhammad)နှင့် ဆန်ဂျာ(Sanjar) တို့ကို ဆေးကုသပေးခဲ့ပါတယ်။ စွယ်စုံရ သိပ္ပံပညာရှင် အစ်ဗနေ့ ဆီနာ၏ အတွေးများကို ဆက်ခံသူဖြစ်ပြီး ရူပဗေဒနှင့် ဆေးပညာတို့ကို လေ့လာခဲ့ကာ ဂီတဘက်တွင်လည်း ခေယမ်ဟာ အကျိုးပြုခဲ့ပါသေးတယ်။

၁၀၇၀ ခုနှစ်လောက်မှာ ခေယမ်ဟာ စမာကန်ကို ရောက်လာပါတယ်။ အဲဒီဒေသရဲ့ အုပ်ချုပ်သူဖြစ်တဲ့ တရားသူကြီးအဘူတာဟီရ် (Abū Tāhir) ၏ ထောက်ပံ့မှုကိုရခဲ့သည့် ခေယမ်မှာ နှစ်များစွာအရင်ကတည်းက စီစဉ်ထားသည့် ကုဗတုံး ညီမျှခြင်းနှင့် ပက်သက်သည့် ဂဏန်းသင်္ချာဆိုင်ရာ ကျမ်းတစ်စောင် ရီစာလာ (Risala) ကို ပြုစုခဲ့ပါတယ်။ ထိုကျမ်း၏ နောက်ဆက်တွဲကိုလည်း ခေယမ်ဟာ ဘူခါရာမြို့၏ ဘုရင် ရှမ်အလ်မူလူက်(Shams al-Muluk) ရဲ့ နန်းတော်မှာ ဆက်လက်ပြုစုခဲ့ပါတယ်။

၁၀၇၄-၇၅ ခုနှစ်များမှာတော့ ဆဲလ်ဂျုက် ဆူလ်တန် ဂျလာလ် အလ် ဒေါင်လာ မာလစ်က်ရှား (Jalāl al-Dawla Malik-shāh) ရဲ့ ဖိတ်ကြားမှုကြောင့် အစ္စဖာဟန်၏ မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး နက္ခတဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုကို ဦးဆောင် စီမံခန့်ခွဲရပါတယ်။ ပါရှန်းတွေရဲ့ နေပြက္ခဒိန် ကို ပြင်ဆင်ခဲ့ရပြီး ၁၀၇၉ ခု မတ်လ ၁၆ ရက် (ဟစ်ဂျရီ သက္ကရာဇ် ၄၇၁ ခု ရမ်ဇာန် ၁၀ ရက်) နေ့မှာ အပြီးသတ်ခဲ့ ပါတယ်။ ခေယမ်ပြင်ဆင်ခဲ့တဲ့ ပြက္ခဒိန် သစ်ဟာ နှစ်ပါင်း ၃၃ နှစ်အတွင်း ရက်ထပ်နှစ် ၈ နှစ် ပါဝင်ပြီး ယခု သုံးနေတဲ့ ဂရီဂိုရီယန် ပြက္ခဒိန်ထက်လည်း ပိုမိုတိကျပါတယ်။ ဂရီဂိုရီယန် ပြက္ခဒိန်ဟာ နှစ် ပေါင်း ၃၃၃၀ ရောက်တဲ့အခါ ၁ ရက်ပိုပေမယ့်၊ ခေယမ်ပြင်ဆင်ခဲ့တဲ့ ပါရှန်းတို့ရဲ့ နေပြက္ခဒိန် ကတော့ နှစ်ပေါင်း ၅၀၀၀ ကျော်မှ တစ်ရက်သာ ပိုတာပါ။

ခေယမ်ဟာ အစ္စဖာဟန်မြို့မှာ ၁၈ နှစ်ကြာနေထိုင်ခဲ့ပြီး ထိုနှစ်များကတော့ ၎င်းရဲ့ သိပ္ပံဆိုင်ရာ အသီးအပွင့်တွေ ဝေဆာခဲ့တဲ့နှစ်တွေပါပဲ။  အစ္စဖာဟန်မြို့မှာရှိတဲ့ သိပ္ပံဆိုင်ရာ သုသေသနစင်တာကို ထိုခေတ်အခါက အတော်ဆုံး နက္ခတဗေဒ ပညာရှင်တွေ စုရုံးရောက်ရှိခဲ့ပြီး ခေယမ်က ၎င်းတို့အားလုံးကို စီမံခန့်ခွဲပေးရကာ၊ ၎င်းတို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ‘မာလစ်ရှား နက္ခတဗေဒ ဇယား’ ကို တီထွင်နိုင်ခဲ့ပါတယ်။

မာလစ်က်ရှား ကွယ်လွန်ခဲ့ပြီး သူ့ရဲ့အရာရှိ နစ်ဇမ် အလ်-မွလ်က် အသတ်ခံခဲ့ရတဲ့ ၁၀၉၂ ခုနှစ်နောက်ပိုင်းမှာတော့ ခေယမ်ရဲ့ အခြေအနေဟာ အဆိုးဘက်ရောက်ခဲ့ပြီး မာလစ်က်ရှား လက်ထက်က ရရှိခဲ့တဲ့ သုသေသနဆိုင်ရာ ထောက်ပံ့မှုတွေ အားလုံး ဆုံးရှုံးခဲ့ရပါတယ်။ မာလစ်က်ရှားရဲ့သား ဆန်ဂျာနန်းတက်တဲ့ ၁၁၁၈ ခုနှစ်မှာတော့ ခေယမ်ဟာ အစ္စဖာဟန်မြို့ကို စွန့်ခွာခဲ့ပြီး ခူရာဆန်မြို့ကို ပြန်လာခဲ့ကာ ကျန်ရှိတဲ့ ဘ၀သက်တမ်းကို မော်ရ်နဲ့ နီရှာပူးရ်မြို့မှာ ကုန်ဆုံးခဲ့ပြီး ၁၁၃၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခေယာမ်ရဲ့ ရုပ်အလောင်းကို နီရှာပူးရ်မြို့မှာရှိတဲ့ သိပ္ပံနယ်ပယ်မှာ ခေယမ်ရဲ့ အထောက်အကူပြုမှုတွေကတော့ သင်္ချာ၊ နက္ခတဗေဒတို့နဲ့ ဆက်စပ်နေပြီး အက်ဘ်ဒဲလ်-ရဟ်မာန် အလ်-ခါဇီနီ (Abd al-Rahmān al- Khāzinī) ရေးတဲ့ ကီသာဗ့် မီဇာန် အလ်-ဟစ်ကမာ (Kitāb Mīzān alhikma) စာအုပ်ရဲ့ သက္ကရာဇ် ၅၁၅ မှ ၁၁၂၁ အထိကာလအတွင်း မှတ်တမ်းများမှာ ခေယမ်ရဲ့ ကြိုးပမ်းမှုတွေကို မကြာခဏ ဖော်ပြညွှန်းဆိုထားပါတယ်။

အလ်ခေယမ်ရဲ့ ကြိုးပမ်းချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရူဘိုင်ယတ် (Rubaiyat)။ ။ လေးကြောင်းတစ်ပိုဒ်ကဗျာဖြစ်ပြီး ရသနဲ့၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ကာ ခေယမ်ရဲ့ လက်ရာတွေထဲက အလွန်ကျော်ကြားတဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ၁၈၅၉ ခုနှစ်က အင်္ဂလိပ်ကဗျာဆရာ အက်ဒ၀ပ် ဖစ်ဇ်ဂျရဲလ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး၊ ဂန္တ၀င်စာပေတွေထဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

၂။ ရီစာလာ ဖီ တက်ဆင်မ် ရုဘ် အလ်-ဒါအီရာ (Risala fi taksim rub al-daira)။ ။ စက်ဝိုင်းစိတ်တစ်ခုအား ပိုင်းခြားခြင်းကျမ်း လို့ အမည်ရပြီး မျဉ်းဖြောင့်၊ စက်ဝိုင်းစိတ်၊ ကုဗတုံး ညီမျှခြင်းတွေကို အပြည့်စုံဆုံး အရှင်းအလင်းဆုံး ဖော်ပြထားတဲ့ ကျမ်းဖြစ်ပါတယ်။ ညီမျှခြင်းများကို ကိန်းဂဏန်းတွေနဲ့ ဖြေရှင်းပြထားတဲ့ ဒီကျမ်းကို ကမ္ဘာ့ဘာသာ စကားပေါင်း များစွာကို ပြန်ဆိုထားပြီး ဖြစ်ပါတယ်။ ထို့ပြင် သင်္ချာ၊ ပထ၀ီဝင်နဲ့ ပက်သက်တဲ့ အခြားကျမ်း သုံးကျမ်းကိုလည်း ပြုစုခဲ့ပါတယ်။ ရီစာလာ ဖီလ် ဘာရာဟင် အာလာ မာစာအီလ် အလ်-ဂျဘာရ် ၀ါလ်မူကာဘာလာ (Risala fil-barahin ala masail al-jabar wal-muqabala) ဆိုတဲ့ အလ်ဂျီဘရာကျမ်းကတော့ ခေတ်သစ် အလ်ဂျီဘရာ ပညာရပ်တွေ မပေါ်လာမီက သင်္ချာပညာနယ်ပယ်မှာ အရေးပါဆုံးဖြစ်ခဲ့ပါတယ်။

၃။ နောင်ရူဇ် နာမ (Nawruz-nama)။ ။ ပါရှန်းလူမျိုးများရဲ့ နှစ်သစ်ကျမ်းဖြစ်ပြီး အီရန်တို့ရဲ့ ပြက္ခဒိန်ကို ပြင်ဆင်ဖွဲ့စည်းထားတဲ့ ကျမ်းဖြစ်ကာ အစ္စဖာဟန်မြို့မှာရှိတဲ့ ခေယမ်ရဲ့ နက္ခတဗေဒ သုသေသနစင်တာ ဖြိုဖျက်ခံခဲ့ရပြီးတဲ့နောက် ရေးသားခဲ့တာပါ။

ဒါ့အပြင် မက်ကန်းနစ်၊ ပထ၀ီနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျမ်းပေါင်း ၉ ကျမ်းကို ရေးသားပြုစုခဲ့ပါသေးတယ်။ ထူးခြားတာကတော့ အလ်ခေယမ်ဟာ ဂီတနဲ့ ပက်သက်တဲ့ စာအုပ်နှစ်အုပ်ကိုလည်း ပြုစုခဲ့တာပါပဲ……

—————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
ဆက်သွယ်ရန် [email protected]

Leave a Reply