5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်

1392924232400
“ အတိတ်ကာလတုန်းကလိုရော အနာဂတ်မှာပါ အိန္ဒိယပြည်သူတွေက မြန်မာပြည်သူတွေနဲ့ ယှဉ်တွဲရပ်တည်သွားမှာပါ။ ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ကြုံလာခဲ့ရင်လည်း ကျွန်တော်တို့ အတူတစ်ကွ ခံယူသွားပါမယ် ”

၁၉၄၈ ခုနှစ်၊ ဗြိတိသျှထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောနေ့တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟာလလ် နေရူးက ဤစကားရပ်များကို ပြောကြားခဲ့သည်။ ထိုကာလနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ရင်းနှီးမှု၊ လျစ်လျူရှုခြင်း နှင့် သူစိမ်းဆန်ခြင်းတို့အကြား လူးလာခေါက်တုန့်ဖြစ်နေခဲ့၏။

သို့သော် အိန္ဒိယ၏ ကမ္ဘာ့စင်မြင့်ပေါ် တက်ရောက်လာနိုင်ခဲ့မှု နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတို့က ဒေသတွင်း ပထ၀ီနိုင်ငံရေးပေါ် မူတည်လျက် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးကို နှစ်ဖက်အစိုးရအား ပြန်လည်သုံးသပ်စေလိုက်သည်။

ထွန်းပေါ်လာသော မြန်မာ့နိုင်ငံရေး အသွင်ပြောင်းမှုအား နယူးဒေလီအတွက် တရုတ် လွှမ်းမိုးမှုလျှော့ချနိုင်သော အခွင့်အလမ်း ဖြစ်စေသလို အိန္ဒိယ၏ ဗျူဟာ လက်တံကိုလည်း ဆန့်ထုတ်နိုင်စေသည်ဟု အိန္ဒိယမှ အမြင်ရှိနေသည်။ မြန်မာနိုင်ငံအပေါ်ရှိသည့် တရုတ်သြဇာကို အနီးကပ် သို့မဟုတ်bအလယ်အလတ်အားဖြင့် ပြိုင်ဆိုင်ရန် မျှော်လင့်ချက်မရှိသော် ၎င်းဆက်ဆံရေးအတွက် ထိခိုက်စရာဖြစ်သွားနိုင်သည်။ မြန်မာနိုင်ငံဖက်ကလည်း အိန္ဒိယနှင့် ခိုင်မာသောဆက်ဆံရေး ထူထောင်နိုင်အောင် ဦးတည်နေသည်။ ထိုရောအခါ အိန္ဒိယ-မြန်မာဆက်ဆံရေး ခိုင်မာအားကောင်းလာသည်နှင့်အမျှ မဟာဗျူဟာခြိမ်းခြောက်မှုဖြစ်လာမည်ဟု တရုတ်တို့က မြင်ပြန်သည်။

၁၉၅၀ ခုနှစ်များတစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ်တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသား များစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။

အိန္ဒိယသည် ဒီမိုကရေစီကို အကျယ်ပြန့်ဆုံး ကျင့်သုံးသော နိုင်ငံအဖြစ်လည်းကောင်း၊ ဘက်မလိုက် လှုပ်ရှားမှု၏ ဦးဆောင်နိုင်ငံ တစ်ခုအဖြစ် လည်းကောင်း ဂုဏ်ယူလာခဲ့သည့် အချိန်မှာ ကြာညောင်းနေပြီဖြစ်သည်။ ၎င်းတို့၏ ခေတ်သစ်သမိုင်းရှိ အစောပိုင်းကာလ၌ ထိုဂုဏ်ယူဖွယ် အချက်နှစ်ရပ်လုံးက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို အကြီးအကျယ် အရောင်ဆိုးခဲ့သည်။ ၁၉၅၀ ခုနှစ်များ တစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ် တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသားများစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။

စစ်အေးကာလ တစ်လျှောက်လုံးတွင်လည်း အိန္ဒိယသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လုံးလုံးလျားလျား စိတ်မ၀င်စားသော ကြားနေ၀ါဒကို ကျင့်သုံးခဲ့၏။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင်တော့ အာရှတိုက်၏ ဒီမိုကရေစီမီးရှူးတန်ဆောင်ဖြစ်လာရန် နယူးဒေလီမှ အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူများ အခန်းကဏ္ဍကို ဖွင့်လှစ်အားပေးခဲ့သည်။

သူစိမ်းဆန်သော မူဝါဒထံ ယင်းကဲ့သို့ အကောင်းမြင် ချဉ်းကပ်မှုမှာ ဗျူဟာမြောက် အကျိုးအမြတ်များကို မဖြစ်ထွန်းစေနိုင်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒီမိုကရေစီကြိုးပမ်းမှုကို ကူညီရာ မရောက်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းရှိ ဖိနှိပ်မှု ဗီဇကိုသာ ပို၍ဆိုးဝါးသွားစေကြောင်း နယူးဒေလီမှ များမကြာမီ သိနားလည်သွားခဲ့ပါသည်။ အိန္ဒိယအပေါ် မလိုမုန်းတီးမှုကြီးထွားလာရာတွင် တရုတ်သည် စစ်အာဏာရှင်တို့၏ အရင်းနှီးဆုံး မဟာမိတ် ဖြစ်လာပါတော့သည်။ သို့နှင့် အိန္ဒိယသည် ၁၉၉၅ ခုနှစ်တွင် ကျင့်သုံးနေသော သရုပ်မှန်ဝါဒကို ဖြည်းဖြည်းချင်း ရုပ်သိမ်းကာ မြန်မာအစိုးရအား ချဉ်းကပ်၏။

အာဏာရှင်အုပ်ချုပ်ရေး သက်ဆိုးရှည်ဦးမည်ကို နယူးဒေလီမှ လက်ခံနားလည်သွား၍ဖြစ်သည်။ ထို့နောက်ဝယ် အိန္ဒိယသည် ရန်ကုန်သို့ လက်နက်ရောင်းချသည့် အစိုးရအဖွဲ့ ရှစ်ဖွဲ့အနက် အပါအ၀င် ဖြစ်လာသည်။ လွတ်လပ်ရေးရပြီးကတည်းက မတည်ငြိမ်ခဲ့သော အပြန်အလှန် ဆက်ဆံရေးကို အထူးအလေးပေးလာသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်း ပြုလုပ်မည်ဟုဆိုပြီးသည့်နောက် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့သည်။ ဤတွင် အိန္ဒိယအစိုးရနှင့် ၄င်း၏အပေါင်းအပါတစ်ချို့က အိန္ဒိယတိုက်နယ် အစွန်အဖျားဖြစ်သော မြန်မာနိုင်ငံအား လွှမ်းမိုးနိုင်မည့် မဟာဗျူဟာ အခွင့်အလမ်းကို တွေ့မြင်လာကြသည်။

ONGC Videsh ၊ Jubilant ရေနံနှင့်သဘာဝဓာတ်ငွေ့၊ Century Ply-Star ဘိလပ်မြေလုပ်ငန်း စသည့် အိန္ဒိယလုပ်ငန်းအုပ်စုတို့သည် မြန်မာသို့ ၀င်ရောက်လာကြသည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှု ဒေါ်လာ သန်း ၃၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ အတွင်း နိုင်ငံတကာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI မှာ ဒေါ်လာ သန်းပေါင်း ၄၃၀၀ အထိ ရောက်နေရကား ၎င်းမှာ မဆိုစလောက်သော ပမာဏမျှသာ ဖြစ်နေသေး၏။ ၎င်းအပြင် FDI အများစုသည် တရုတ်ပြည်မှဖြစ်နေသည်။ နေပြည်တော် အစိုးရသည် တရုတ်(နှင့် ရုရှ)အပေါ် စစ်ရေးအရမှီခိုမှုမှ ဖယ်ခွာရန်ကြိုးစားသော ၂၀၁၂ ခုနှစ်မှစတင်ကာ တရုတ်ပြည် ရင်းနှီးမြှုပ်နှံမှု ထိုးကျသွားခဲ့သည်။ ဤကဏ္ဍတွင် အိန္ဒိယသည် ပြိုင်ဖက် မဟုတ်သည့်အပြင် နှစ်ပေါင်းများစွာ လက်ဝင်မလျှိုခဲ့။

အိန္ဒိယအနေဖြင့် ကုန်သွယ်ရေးနှင့်မြှုပ်နှံမှု၌ သြဇာညောင်းအောင် မစွမ်းဆောင်နိုင်ခဲ့သော အကြောင်းအချက်များစွာ ရှိ၏။ အိန္ဒိယ၏ ဖွံ့ဖြိုးမှုနိမ့်ကျသည့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦလည်း အပါအ၀င်ဖြစ်သည်။ ထိုအချက်က မြန်မာ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အိန္ဒိယသို့ သယ်ယူဖြန့်ချိနိုင်ရေး၌ နယူးဒေလီ အဖို့ အဟန့်အတားဖြစ်ရသည်။ တရုတ်-မြန်မာနယ်စပ်နှင့် နှိုင်းယှဉ်ပါက နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာ ဖွံ့ဖြိုးမှုနိမ့်ကျနေသည်မှာလည်း မငြင်းနိုင်။ ဗဟိုဦးစီးချုပ်ကိုင်မှု နှင့် ကြိုးနီစနစ်ကလည်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို နှောင့်နှေးသွားစေခဲ့သည်။

ယခုအခါ အိန္ဒိယသည် မြန်မာနိုင်ငံအား နွေးထွေးကြိုဆိုလိုသည့် သဘောထားရှိနေပါသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မျက်နှာစာတွင် တတ်နိုင်သမျှ ပါဝင်ဖော်ဆောင်ချင်နေသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းသည် အခြားဒေသများနှင့်နှိုင်းစာပါက ထီးတည်းတည်ရှိနေရာ နယူးဒေလီမှ ၎င်းအားမြှင့်တင်လိုသောကြောင့် မြန်မာနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ခိုင်မာနက်ရှိုင်းသော ဆက်ဆံရေးဖြစ်ရန်အတွက် အိန္ဒိယ အာဏာပိုင်တို့အား စေ့ဆော်လျက် ရှိနေပေသည်။ သို့သော် နှစ်ဖက် နယ်စပ်လုံခြုံရေး အခြေအနေများ လိပ်ခဲတည်းလည်းဖြစ်နေခြင်းက အိန္ဒိယအာဏာပိုင်များ အတွက် အဓိကခေါင်းခဲစရာ ဖြစ်စေသည်။ ဥပမာ – မြန်မာမွတ်စ်လင်မ်တို့ အပေါ် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်ဖြစ်စဉ်များက ဒေသတွင်းရှိ မွတ်စ်လင်မ် အချို့ကို အစွန်းရောက်အောင် တွန်းပို့သလိုဖြစ်နေသည်။ ထိုအချက်သည် အိန္ဒိယအတွင်း၌ သာမက တောင်အာရှ၊ အရှေ့တောင်အာရှအစွန်အဖျားရှိ အချို့ဒေသများအထိ ဗုဒ္ဓဘာသာဝင်နှင့် သက်ဆိုင်ရာ သာသနိကအ ဆောက်အဦးများကို လက်စားချေ တုန့်ပြန်သော တိုက်ခိုက်မှုများ ဖြစ်လာမည့် အန္တရာယ်ရှိနေသည်။ နှစ်ဖက် နယ်စပ်တွင် ခွနေနေကြသော နာဂ လူ့အစုအဝေးအပေါ် အစိုးရနှစ်ဖက်လုံးမှ အာရုံစိုက်နေရဆဲ။ အကြောင်းမှာ နာဂပြည်ဟူသော အကြောင်းတရားက နှစ်နိုင်ငံလုံး၏ ပိုင်နက်အတွင်း၌ ရောက်နေသောကြောင့် အန္တရာယ်ဖြစ်လာနိုင်ပေသည်။

အိန္ဒိယနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးထူထောင်ပါက မိမိ နယ်စပ်ဖက်ရှိ အခြေမကျသေးသောဖွံ့ဖြိုးမှုကိုလည်းကောင်း၊ ဒေသတွင်း အရေးပါသူများနှင့် တကွ တရုတ်ပြည်၏ မိတ်ဖက် ချိန်ခွင်လျှာကိုလည်းကောင်း ထိခိုက် နစ်နာစေနိုင်သည်ဟု နေပြည်တော်မှ ရှုမြင်ထားသည်။ ဘေဂျင်း အပေါ်  မြန်မာ၏ စီးပွားရေးနှင့် နိုင်ငံရေး မှီခိုနေမှု အရ နေပြည်တော်အစိုးရမှာ သတိပြု၍ ရှေ့ဆက်တိုးဖွယ် ရှိနေသည်။ အကယ်၌ မြန်မာ-တရုတ်ဆက်ဆံရေး၌ အတွင်းကျကျပြောင်းလဲမှု မရှိလျှင်ပင် အိန္ဒိယနှင့် အမေရိကန်၊ ဂျပန် စသည့် အခြားနိုင်ငံများက မြန်မာနိုင်ငံအဖို့ ရွေးချယ်စရာ များစွာရှိကြောင်း သိမြင်စေပြီး ဘေဂျင်းကို ဆန့်ကျင်ရန် အရှိန်မြှင့် တွန်းအားပေးကြမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးဆက်ဆံမှု တဖြည်းဖြည်း တိုးတက်လာခြင်းသည် ဘေဂျင်း-မြန်မာ အထူးဆက်ဆံရေးအပေါ် ခြိမ်းခြောက်ချက်ဟူ၍ တရုတ်အာဏာပိုင်များ၌ အမြင်ရှိနေသည်။

မြန်မာအစိုးရသည် အိန္ဒိယ နှင့် တရုတ် နှစ်နိုင်ငံစလုံး၏ တန်ဖိုးကို နားလည်ထား၏။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအနေအထား (နှင့်) ရေနံ/သဘာဝ ဓာတ်ငွေ့အရင်းအမြစ်အသစ်များအပေါ် စိတ်ဝင်စားမှုသည် မြင်သာလှသော အနာဂတ်အတွက် မြန်မာနိုင်ငံအတွက်ပါ အကျိုးတူ ရည်မှန်းချက်များကို  ပေါက်မြောက်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် မြန်မာကို အသုံးချပြီး ဘင်္ဂလားပင်လယ်အော်အထိ တရုတ်၏ခြေလှမ်း ကျဲလာမှု၊ မြန်မာနိုင်ငံတောင်ဖက် ကုန်းတွင်းပိုင်းရှိ စွမ်းအင် ရရှိမှုအပေါ် လုံခြုံရေးစသည်တို့က ဘေဂျင်းအတွက် မြန်မာကို မဟာဗျူဟာမြောက် အဓိကလက်တွဲဖော်အဖြစ် ဖန်တီးနေဦး မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းကို အောင်မြင်အောင်ဖော်ဆောင်နိုင်သည်ဖြစ်စေ၊ အတိတ်တစ်ချိန်က ဖယ်ကြဉ်ခံ ဘ၀သို့ နောက်ပြန်လှည့် သည်ဖြစ်စေ မဟာဗျူဟာကျသည့်အနေအထားတွင် ရှိနေကြောင်း ထင်ရှားပေသည်။ ထို့ပြင် သဘာဝ သယံဇာတများကလည်း တရုတ်နှင့်အိန္ဒိယ၏ အကျိုးစီးပွား ရောယှက်နေသောဒေသတွင်းရှိ ပါဝါအားပြိုင်မှု ချိန်ခွင်လျှာအား ဆက်လက် အရိပ်မိုးနေပေဦးမည်။ တရုတ်နှင့်အိန္ဒိယတို့၏ လက်များက မြန်မာနိုင်ငံထဲတွင် အမှန်တကယ် ယှဉ်တွဲတည်ရှိသွားနိုင်ပါသည်။ သို့စေကာမူ တရုတ်နိုင်ငံသည် ၎င်း၏ လက်ရှိ သမိုင်းမျက်နှာစာ၊ စစ်ရေး အထောက်အပံ့၊ နေပြည်တော်အကျိုးကို ရေရှည်လိုက်လျောမှုတို့အားဖြင့် ထင်ထင်ရှားရှား ခြေလှမ်းသာလွန် အမြတ်ထုတ်နေဦးမည်သာတည်း။

Ref : International Policy Digest & Huffington Post
Original Post : Can China and India Coexist in Myanmar ? (By Daniel Wagner and Giorgio Cafiero )
Translation : Myint Mo Maung Maung

—————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
ဆက်သွယ်ရန် [email protected]

Leave a Reply