4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၃ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
Self-motivation
နေ့စဉ်ဘဝမှာ ကြုံတွေ့ဆက်ဆံသူတွေကို အသေအချာ အကဲခတ် ဆင်ခြင်ကြည့်မယ်ဆိုရင်ပေါ့။ သူများစိတ်နှင့် ကိုယ့်ကိုယ် လှုပ်ရှားကျင်လည်နေသူတွေ အများကြီးမှ အများကြီးပဲဆိုတာ တွေ့နိုင်မှာပါ။ ကိစ္စတစ်ခုခု ကြုံလာရင် ချီတုံချတုံနှင့် ဘာဆုံးဖြတ်ရမယ်မှန်း မသိဘဲ သူများပြောသမျှ အမှန်ပဲလို့ချည်း ယူဆတတ်ကြတယ်။ တကယ်တမ်းပြောရရင် ကိုယ့်မှာအခက်အခဲ တစ်စုံတစ်ရာကြုံလို့ နားလည်တတ်ကျွမ်းသူတွေဆီက အကြံဥာဏ်ယူပြီး ကိုင်တွယ် ဖြေရှင်းတာမျိုးကို မဆိုလိုပါဘူး။

အရာရာတိုင်းမှာ ကိုယ်ပိုင်ဥာဏ်နှင့် ချင့်တွေးလေ့မရှိဘဲ သူများတကာကိုချည်း အားကိုးမယ်၊ သူတို့ပြောသမျှဆိုသမျှ တစ်စက်ကလေးမှ မဆင်ခြင်ဘဲ လိုက်လုပ်တာမျိုး ရှိသေးတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်မှု မရှိခြင်းဟာ ဘဝမှာ အမှားအများကြီး ကြုံရတတ်တယ်လို့ ပညာရှင်တွေက ဆိုမိန့်ကြတယ်။ တကယ်တမ်းပြောရရင် အတန်းပညာပြည့်စုံသူတွေမှသာ ကိုယ့်စိတ်ကိုနိုင်နင်းပြီး လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ပြောမရပါဘူး။ အရာရာမှာ ဆင်ခြင်ဥာဏ်ရှိရှိနှင့် ခေါင်းအေးအေးထားပြီး လုပ်တတ်ကိုင်တတ်ဖို့က အရေးကြီးဆုံး။ သူများပြောတိုင်း ဟုတ်နိုးနိုးထင်ပြီး ဆောင်ရွက်တတ်တာဟာ ကိုယ်ပိုင် အရည်အသွေးတွေ လျော့သည်ထက်လျော့လာဖို့ ဦးတည်နေတယ်။ လူတစ်ယောက်ဟာ သူရဲ့စိတ်ထားနှင့် စရိုက်သဘာဝကို သူများပြောမှ၊ သူများဝေဖန်ထောက်ပြမှ သိရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်သာအသိဆုံးပါ။ ဒါကြောင့် ကိုယ့်ဆန္ဒနှင့် စိတ်ရင်းအမှန်ကိုသိအောင်လုပ်ဖို့က အရေးကြီးဆုံး။ ကိုယ်ဟာ စိတ်ဓာတ်ပျော့ညံ့သူလား၊ သူများပြောတိုင်း ယုံလိုက်သူလား၊ စိတ်ဓာတ်ဖွံ့ဖြိုးသူလားဆိုတာ သိပြီးမှ ပြုပြင်ပြောင်းလဲယူနိုင်မှာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲချင် စိတ် ပြင်းထန်ရင်တော့ ပြောင်းယူလို့ ရနိုင်ပါတယ်။ ကိုယ့်ဘဝရဲ့ အနာဂတ်ကို ကိုယ်တိုင်ပြုပြင် ဖန်တီးတည်ဆောက်ချင်ရင်ပေါ့။

တချို့တွေဟာ သူများသြဇာလွှမ်းမှန်းမသိ လွှမ်းတာကို ခံနေရတယ်။ ကိုယ်မလုပ်ချင်တာ မလုပ်သင့်တာတွေကို သိသိကြီးနှင့်ပဲ လုပ်ကိုင်နေရတယ်။ ဒါပေမယ့် “ဟင့်အင်း” လို့တော့ မငြင်းဖြစ်သလို ငြင်းလဲ မငြင်းရဲဘူးလေ။ အဲဒီလို လူစားမျိုးဟာ သူငယ်ငယ်က ကြီးပြင်းခဲ့ရတဲ့ မိသားစုအခြေအနေအပေါ် အများကြီးမူတည်တယ်။ တစ်နည်းပြောရရင် ကလေးဘဝကတည်းက မိဘတွေရဲ့  ထိန်းချုပ်မှု ပြင်းပြင်းထန်ထန်အောက်မှာ ကြီးပြင်းလာခဲ့တာ။ အသက်ရလာတာနှင့်အမျှ အားနည်းချက်တွေက ပိုမိုများလာတယ်။ မိဘတွေကိုကြောက်ရွံ့စိတ် ကြီးလွန်းတာဟာ အသက်ကြီးတဲ့အထိ အရိပ်လိုလွှမ်းမိုးနေတယ်။ ဒီတော့ လူတောမတိုးရဲသလို စိတ်ဓာတ်ခွန်အား ဖွံ့ဖြိုးမှုအား နည်းပါးပြီး အထီးကျန်ဆန်တဲ့အပြင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်းမရှိပါဘူး။ အခါခပ်သိမ်းဆိုသလို သူများတကာရဲ့ အကူအညီအထောက်အပံ့ကို မျှော်လင့်နေမိတယ်။

စိတ်ဓာတ်ဖွံ့ဖြိုးမှု မရှိတာနှင့်အမျှ မိဘနှင့်အသိုင်းအဝိုင်းရဲ့ ပုံသွင်းခဲ့တဲ့အတိုင်း ဘဝမှာ ကျင်လည်နေတဲ့အခါ တစ်ခုခုဆောင်ရွက် မယ်ကြံတိုင်း အများကဘယ်လိုထင်သွားမလဲ။ ကိုယ်လုပ်တာ မှန်မှမှန်ပါမလားဆိုတဲ့ အတွေးက ရှေ့ကဆီးကာနေတယ်။ ဘဝအတွက် အောင်မြင်ရာအောင်မြင်ကြောင်း နည်းလမ်းတွေနှင့် ဝေးနေတဲ့သဘောပါပဲ။ ဘာပဲလုပ်လုပ် အောင်မြင်ပါ့မလားဆိုတဲ့ အတွေးက ဦးဆုံးရောက်လာတာမို့ မလုပ်ရဲမကိုင်ရဲ ဖြစ်တာလည်း မဆန်းပါဘူး။ အထူးသဖြင့် အသက်မွေးမှုအတွက် စိုးရိမ်စိတ်လွန်ကဲတာဟာ အဓိကအားနည်းချက်တစ်ခု ဖြစ်နေတယ်။ တကယ်ဆို မအောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုခုကို  (မှန်မယ်ထင်လို့) လုပ်မိပြီပဲထား မှားသွားရင်ပြန်ပြင်ဖို့ ထပ်ပြီးနောက်တစ်ကြိမ် ကြိုးစားဖို့ဆိုတာ လူတိုင်းမှာ အခွင့်အရေးရှိနေတာပဲ။ ဒါကိုမေ့ထားလို့မှမဖြစ်တာ။ စိုးရိမ်စိတ်တွေ မရေရာတဲ့အတွေးတွေဟာ စိတ်ဓာတ်ဖွံ့ဖြိုးမှုအားနည်းနေသူကို ဝန်ပိနေတာတော့အမှန်ပါပဲ။ လူငယ်ဖြစ်သည့်တိုင် သဘာဝအလျောက် လွတ်လပ်ပေါ့ပါးတဲ့ ဟန်ပန်အမူအရာမျိုးတွေပျောက်ဆုံးနေခြင်းဟာ ဆုံးရှုံးမှုတစ်ခုပဲပေါ့။ အထူးသဖြင့်တော့ သွက်လက်ဖျက်လက်တဲ့ လူငယ်စရိုက်နှင့် အပြုအမူလှုပ်ရှားမှုတွေဟာ လောကကြီးကို စိန်ခေါ်ဝံ့အောင် ရှေ့ရှုနေတဲ့ တွန်းအားတွေပဲလေ။

အမှားလုပ်မိတယ် အမှားမကင်းဘူးဆိုတာ လူ့သဘာဝမို့ အထူးပြောဖို့မလိပါဘူး။ တစ်စုံတစ်ခုဆောင်ရွက်ရာမှာ လုပ်မှားကိုင်မှားဖြစ်ခဲ့လို့ ဆုံးရှုံးခဲ့တယ်ဆိုရင် ၊ ဒါမှမဟုတ် စိတ်ဒုက္ခခံစားရမယ်ဆိုရင် အဲဒီအခက်အခဲကနေ ရှောင်ပြေးတာ နည်းလမ်းမကျလှပါဘူး။ နောက်ပြီး စိတ်ပျက်အားငယ်ရင်း အဖိုးတန်အချိန်တွေကို ကုန်ဆုံးဖို့လည်း မလိုအပ်လှပါဘူး။ အမှားဆိုတာ ကိုယ့်ဘဝအတွက် သင်ခန်းစာတွေအများကြီး ပေးနေတာလို့ လက်ခံထားဖို့လိုပါတယ်။ လူတစ်ယောက်ဟာ လူမှုရေးတာဝန်ဝတ္တရားတွေကို ဆောင်ရွက်ဖို့ ဝန်လေးချင်လေးနိုင်တယ်။ တာဝန်ကြောက်ပြီး ရှောင်တဲ့သဘောမျိုးပေါ့။ လူအများနှင့်ပြောဖို့ဆိုဖို့ ကြောက်စိတ်ကလွှမ်းမိုးနေတာလည်း တစ်ကြောင်းလို့ဆိုနိုင်တယ်။ အဲဒီလိုအပြုအမှုမျိုး စိတ်ထားမျိုး ကိုယ့်မှာရှိနေတာသေချာရင် လုပ်နိုင်တဲ့တစ်နည်းက စိတ်ဓာတ်ဖွံဖြိုးအောင် လေ့ကျင့်ယူဖို့ပါပဲ။ ဒါဆိုရင် ကိုယ့်ရဲ့အတွေးဟောင်းတွေ အမြင်တွေ ကိုတော့ပြောင်းမှ ဖြစ် လိမ့်မယ်။ လောကကြီးက မတရားဘူး။ မျက်နှာသာမပေးဘူး၊ ကံကြမ္မာက ဆိုးလွန်းတယ်လို့ ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေတာထက် ဘဝဆိုတာရှိရင် မျှော်လင့်ချက်အမှန်ရှိနေတယ်ဆိုတဲ့ အသိစိတ်ကိုမွေးသင့်တယ်။

ဒီတော့နေ့စဉ်ဘဝမှာ ကြုံလာသမျှအသေးအဖွဲ့အခက်အခဲလေးတွေကအစ ကြီးကြီးမားမားထိရင်ဆိုင်ဖြေရှင်းရတဲ့ စိတ်မျိုးရှိရမယ်။ အောင်မြင်မယ်လို့ တစ်ထစ်ချမပြောနိုင်ဘူးပဲထားဦး ထပ်ပြီးကြိုးစားဖို့အခွင့်အရေးတွေက ကိုယ့်လက်ထဲမှာ ရှိနှင့်ပြီးသားလေ။ အဲဒီအခါ အကြံဥာဏ်ကောင်းတွေ အခွင့်အလမ်းကောင်းတွေ ကြုံလာမှာတော့ စိတ်ချ။ ကြိုးစား အားထုတ်နေသူတိုင်းအတွက် အခွင့်အလမ်းဆိုတာပေါ်လာစမြဲပါပဲ။

အရေးကြီးတာက ကိုယ့်ရဲ့စိတ်ဓာတ်ကို သူများတကာလို့ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားယူဖို့နှင့် ပြင်းပြတဲ့ဆန္ဒမျှော်လင့်ချက်တွေ ရှိနေရမယ်။ ဒါဆိုရင် လူတစ်ယောက်ဖြစ်ရတဲ့ဘဝမှာ မလွဲမသွေကြုံလာရမဲ့အခက်အခဲ အကြပ်အတည်းတွေကို ကြိုပြီးပူပန် စိုးရိမ်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် အသင့်ပြင်ကြိုးစားထားတာက ကိုယ်တိုင်ပဲဖြစ်နေတာကိုး။ စိတ်ဆန္ဒတစ်ခုကို ပြည့်ဝအောင်၊ အကောင်အထည်ဖော်ဖို့ကတော့ သူများမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ဆိုတာ သဘောပေါက်ထားသင့်တယ်ဆိုတာတော့။

နှင်းဆီခင်

Tags:

Leave a Reply