9 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅ ၊ ၂၀၁၅
M-Media
.ကျော်ဇေယျာဝင်းရေးသည်။
11949546_1748344955393225_1365009777307196351_n
မြန်မာနိုင်ငံမှာ ကောက်ယူခဲ့တဲ့ Asian Barometer Survey ရဲ့ အပိုင်း(C)Political Identity: Role of Religions ဆိုတဲ့အပိုင်းမှာ “ဥပဒေတွေပြုတဲ့အခါ ဘာသာရေးခေါင်းဆောင်တွေကို တိုင်ပင်သင့်တယ်၊ သူတို့ဆီက အကြံပြုချက် တွေ တောင်းခံသင့်တယ်”ဆိုတဲ့ အချက်ကို ထောက်ခံသူပေါင်း ၆၉% ရှိပြီး၊ ဒါကို လက်မခံဘူးဆိုသူ ၁၄% ပဲ ရှိပါတယ်။ နောက်တစ်ချက်က “လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊ အယူဝါဒပေါင်းစုံပါဝင်တဲ့ ဗဟုလူ့အဖွဲ့အစည်း(Pluralistic Society)ကို လက်မခံဘူး”လို့ ဖြေဆိုသူဟာ ၉၅% တောင်ရှိနေပါတယ်။ လက်တွေ့မှာ မြန်မာပြည်က မတူကွဲပြားတဲ့ လူမျိုးစုံ၊ အယူဝါဒစုံနေထိုင်နေတဲ့ တိုင်းပြည်တစ်ခုဖြစ်နေတာကြောင့် ဒီအဖြေဟာ တော်တော်လေး စိုးရိမ်စရာ ကောင်းပါတယ်။ ဒါ့အပြင် `Citizenship and Religion´ဆိုတဲ့အပိုင်းမှာ ဗုဒ္ဓဘာသာဝင် ၈၄% က “မြန်မာနိုင်ငံသား ဖြစ်မှုကို သတ်မှတ်ရာမှာ ကိုးကွယ်တဲ့ဘာသာကို အခြေခံရမယ်”လို့ ဖြေကြတယ်။ ခုလို မြန်မာနိုင်ငံသားဖြစ်မှုကို ဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့ ချိတ်ဆက်စဉ်းစားပုံကိုကြည့်ရင် နိုင်ငံသားသတ်မှတ်မှုပြဿနာတွေမှာ အစိုးရနဲ့ပြည်သူ တသဘောတည်းပဲလို့ ယူဆစရာရှိနေတယ်။ တနည်းအားဖြင့် ဒီအချက်အလက်တွေက မြန်မာပြည်မှာ religious nationalism အားကောင်းနေမှုကို ဖေါ်ညွှန်းနေတယ်လို့ ကျနော်မြင်တယ်။ တခါ `မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် ရှိ၊မရှိ´ဆိုတဲ့ မေးခွန်းနဲ့ပက်သက်ပြီး ဗုဒ္ဓဘာသာဝင် ၈၈% က ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ရှိကြောင်း ဖြေဆိုကြပြီး၊ ဗုဒ္ဓဘာသာဝင် ၆၆% က `ဘာသာတရားအသီးသီးကို တန်းတူညီမျှ ဆက်ဆံခံရတယ်´လို့ ဖြေဆိုတာတွေ့ရတယ်။ ဒါပေမယ့် အခြားဘာသာဝင် ၅၆%က အဲဒီအချက်ကို သဘောမတူ ကြပါဘူး။ ဒါကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်အများစုက တခြားလူနည်းစုဘာသာဝင်တွေရဲ့ အခက်အခဲ၊ ခံစားချက်တွေကို နားလည်ခံစားပေးဖို့ နေနေသာသာ၊ သိတောင် မသိကြဘူးဆိုတာ ပေါ်လွင်နေတယ်။ ဒါကြောင့်လဲ အစိုးရက ဘာသာရေး၊ လူမျိုးရေးနဲ့ ပက်သက်တဲ့ မူဝါဒတွေချမှတ်ရာမှာ ကြီးကြီးမားမား အဟန့်အတားမရှိတာလို့ ယူဆမိတယ်။

မြင်သာအောင် ဥပမာတစ်ခုလောက်ပြောရရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေက စစ်အစိုးရတွေရဲ့ မတရားမှုဥပဒေတွေနဲ့ ပတ်သက်လို့ ဘယ်လိုအချက်တွေကို ဝေဖန်ကြသလဲဆိုတာ လေ့လာကြည့်ရင် ပုဒ်မ(၁၈)တို့၊ ၅၀၅(ခ)တို့က စလို့ ၅၉(စ)နဲ့(၄၃၆)အဆုံး အားလုံးပါဝင်ပေမယ့်၊ (၁၉၈၂)နိုင်ငံသားဥပဒေရဲ့ အားနည်းချက်တွေ ကိုတော့ အလေးအနက်ထား ထောက်ပြဝေဖန်တာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ အဲဒီအစား (၁၉၈၂) နိုင်ငံသားဥပဒေက မြန်မာပြည်ရဲ့တံတိုင်းသဖွယ်ပါလို့ လက်သီးလက်မောင်းတန်း အော်နေတဲ့ `ဒီမို´ဆိုသူတွေရယ်၊ `အဲဒီဥပဒေမှာ ပြင်စရာဆိုလို့ ငွေဒဏ်ကို ခေတ်နဲ့အညီ တိုးမြှင့်သတ်မှတ်ဖို့ပဲရှိတယ်´လို့ပြောတဲ့ လွှတ်တော်အမတ် မျိုးပဲ တွေ့ဖူးတယ်။ ဒါလည်း စဉ်းစားသင့်တဲ့ အချက်တစ်ချက်ပါ။

ဒီထက်ပို မြင်သာတဲ့အချက်က ဒီရက်ပိုင်း ကရင်ပြည်နယ်မှာ ခရစ်ယာန် ချာ့ခ်ျကျောင်းတစ်ခုနားမှာ မြိုင်ကြီးငူဘုန်းကြီး အိပ်မက်အရဆိုပြီး စေတီတစ်ဆူ သွားတည်တယ်။ အဲဒီချာ့ခ်ျကျောင်းတော့ သိပ်မကြာခင် ပျောက်သွားလိမ့်မယ်လို့ ယုံကြည်ရတယ်။ အရင်ကလည်း ဗလီအောက်မှာ ဘုရားဆင်းတုတော်ရှိတယ်လို့ အဲဒီဘုန်းကြီးက အိပ်မက်မက်တယ်ဆိုပြီး ဗလီတွေကို ဖျက်ဆီးပစ် ခဲ့တဲ့ဖြစ်ရပ်တွေ ရှိဖူးတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရမည်းသင်းက နှစ်ပေါင်း ၃၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းဗလီ တစ်လုံးနားမှာ ခုလိုပဲ စေတီတစ်ဆူလာတည်ပြီး သိပ်မကြာပါဘူး၊ စေတီဝင်းထဲမှာ ဗလီခိုးဆောက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှေးဟောင်း အမွေအနှစ်တစ်ခုကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ပက်သက်ပြီး ဘယ်နိုင်ငံရေး သမား၊ ဘယ်မီဒီယာ၊ ဘယ် majority ဆီကမှ ကန့်ကွက်သံ မကြားမိခဲ့ဘူး။ ဒါဟာ အပေါ်မှာပြောခဲ့တဲ့ စစ်တမ်းရဲ့ အဖြေကို ထင်ဟပ်စေတယ်။

အခုဆိုခဲ့တဲ့ စစ်တမ်း ရလဒ်တွေအရ မြန်မာ့လူ့အဖွဲ့အစည်းက အလွန်ရှေးရိုးဆန်ပြီး အတွေးအခေါ် အယူအဆတွေမှာ ဘာသာရေး ကဲလွန်းတယ်ဆိုတဲ့ တွေ့ရှိချက်ဟာ နိုင်ငံရေးသမားတွေအနေနဲ့ လူထုကို မဲဆွယ်စည်းရုံးတဲ့အခါ အသုံးပြုသင့်တဲ့ နည်းဗျူဟာတွေကို တနည်းတဖုံ အကြံပြုနေသလိုပဲ။ ပိုပြီးတိတိကျကျဆိုရရင် မြန်မာအစိုးရနဲ့ လွှတ်တော်က တကယ်ဖြေရှင်းသင့်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အပ ထားပြီး မျိုးစောင့်ဥပဒေ ပြဌါန်းလိုက်တာတွေ၊ သမ္မတ ကိုယ်တိုင်က ရေဘေး ဒုက္ခသည်တွေကို ရေ၊အစားအစာ လှုရမယ့်အစား ဘုရား ဆင်းတုတော်တွေ လှုဒါန်းတာ(ဒါက ပြည်သူ့ ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တာ)၊ သမ္မတအကြံပေးဟောင်း လက်ရှိ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဦးနေဇင်လတ်လို ပုဂ္ဂိုလ်တွေ၊ ဗိုလ်မှူးဇော်ဌေး (မှူးဇော်) တို့လို သမ္မတရုံးက၀န်ထမ်းတွေရဲ့ ဘာသာရေး၊လူမျိုးရေးအခြေခံ မုန်းတီးရေးဝါဒကို လက်နက်တစ်ခုအနေနဲ့ ကိုင်စွဲထားတာ၊ နေမျိုးဝေတို့လို fake party တွေ ထောင်ခိုင်းပြီး လူထုအာရုံမှောက်မှားသွားအောင် တရစပ် ဟောင်ခိုင်းနေတာ… စတဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဘာသာရေးကို အသုံးချတဲ့ လုပ်ရပ်တွေနဲ့ပက်သက်ပြီး အဖြေပေးနေတာလို့ မြင်တယ်။ ဒါဟာ မတော်တဆ တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်ဘူး။ စနစ်တကျစီစဉ်ထားတဲ့ ကာလရှည်စီမံကိန်းတွေရဲ့ အသီးအပွင့်တွေပါပဲ။

တကယ်တမ်း မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်ကြည့်ရင် ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်မှု အားကောင်း လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်လာရာက ဖဆပလခေတ်၊ အာဏာရှင်ခေတ်စတဲ့ ခေတ်တိုင်းမှာ အစိုးရ အဆက်ဆက်ဟာ သူတို့ကို လူထုကြည်ညိုလာစေဖို့၊ သူတို့အာဏာ ဆက်လက်တည်မြဲစေဖို့ဆိုတဲ့ ရည်ရွယ်ချက် တွေကို အခြေခံပြီး ဘာသာရေးကို နည်းလမ်းမျိုးစုံနဲ့ အသုံးချခဲ့ကြတယ်။ ဒီထဲမှာ ပညာရေးစနစ်ကို အသုံးချခဲ့တာ ကတော့ အဆိုးဆုံးပဲ။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ ဆိုရင် ပြည်သူလူထုအများစုက ဖြစ်ရပ်တိုင်းကို ကျိုးကြောင်း ဆင်ခြင်မှုရှိရှိ တွေးတောရမယ့်အစား ဘာသာရေးအခြေခံ ဘောင်ထဲကနေ တန်ဖိုးဖြတ်လာကြတယ်။ အဲဒီလိုမျိုး နိုင်ငံတစ်နိုင်ငံဟာ ဘာသာရေးအတွေးအခေါ်ရဲ့ လွမ်းမိုးမှုအောက် လုံးလုံးလျားလျား ရောက်နေခြင်းဟာ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ(Religious Nationalism) အချိန်မရွေးခေါင်းထောင် လာစေဖို့ရာ အခြေအနေ တွေ ဖန်တီးပေးပြီးသား ဖြစ်နေတယ်။ ဒီအကြောင်းကိုပြောဖို့ဆိုရင် မြန်မာပြည်မှာ အမျိုးသားရေးဝါဒ (Nationalism) သူငယ်နာမစင်သေးတဲ့ အကြောင်းကနေ စပြောဖို့လိုမယ်။

လူမျိုး(Nation)ဆိုတဲ့ အယူအဆနဲ့ပက်သက်ပြီး ယေဘုယျချဉ်းကပ်ပုံ နှစ်မျိုးရှိတယ်။ တစ်မျိုးက Nation ဆိုတာ လူသားတွေ ရွေးချယ်ခွင့်မရှိဘဲ မွေးရာပါ သတ်မှတ်ပြဌာန်းပြီးသား(primordial)ဆိုတဲ့ ရှုထောင့်ကနေချဉ်းကပ်ပြီး လူမျိုးစု(ethnic)တွေကို အခြေခံတဲ့ Ethno-Cultural groups တွေအဖြစ် သတ်မှတ်တဲ့ပုံစံဖြစ်တယ်။ (မြန်မာပြည်မှာ ဒီအယူအဆကနေ ချဉ်းကပ်တယ်)။ နောက် တစ်မျိုးက Nation ဆိုတာ လူမှုဘောင်ထဲက တည်ဆောက်ထားတာ (social construction)ဆိုတဲ့ ရှုထောင့်ကနေချဉ်းကပ်ပြီး State သို့မဟုတ် political membership ဖြစ်ခြင်းကို အခြေခံတဲ့ Politico-Cultural entity အဖြစ် သတ်မှတ်တဲ့ပုံစံဖြစ်တယ် (ဥပမာ- US)။ လူမျိုး(Nation)နဲ့ ပက်သက်ပြီး ဒီလိုမတူညီတဲ့ ရှုမြင်ပုံတွေပေါ်အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အမျိုးသားရေးဝါဒ (Nationalism)ဟာလည်း သဏ္ဍာန် အမျိုးမျိုး ကွဲပြားပါတယ်။ မြန်မာ့သမိုင်းကို လေ့လာကြည့်ရင် အမျိုးသားရေးဝါဒဟာ အောက်ပါ အတိုင်း ပုံစံအမျိုးမျိုးနဲ့ ရှင်သန်ခဲ့ကြောင်း တွေ့ရတယ်။

(၁) ကိုလိုနီစနစ်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒ (Anti-Colonial nationalism)
———————————————
လွတ်လပ်ရေးမရခင်က မြန်မာလူမျိုးက တခြားလူမျိုးစုတွေထက် ပိုပြီး အောက်ကျနောက်ကျတဲ့ လူမျိုး (ethnic underclass) ဖြစ်ခဲ့တယ်။ ကိုလိုနီအစိုးရရဲ့ စစ်တပ်နဲ့ တခြားအုပ်ချုပ်ရေးဝန်ထမ်းတွေမှာ များသောအားဖြင့် ကချင်တွေ၊ ကရင်တွေ နေရာပိုရတယ်။ မြန်မာတွေက ကျွန်ဘာသာစကားဆိုပြီး အင်္ဂလိပ်စကားကို အားမပေးဘူး။ ဒီတော့ အင်္ဂလိပ်စကား(language of power)တတ်တဲ့ တခြားလူမျိုးတွေက ရှေ့ရောက်သွားတယ်။ ဒီလိုဖြစ်လာတဲ့ အခါကျတော့ မြန်မာတွေရဲ့အမြင်မှာ တခြားတိုင်းရင်းသားတွေက ကိုလိုနီအစိုးရနဲ့ပူးပေါင်းသူ (colonial collaborators)လို့ သတ်မှတ်ပြီး အမြင်မကြည်ကြဘူး။ အင်္ဂလိပ်ရဲ့ စနစ်တကျသွေးခွဲမှု လို့လည်း ပြောလို့ရပါတယ်။ အဲဒီလို မြန်မာတွေက ငါတို့လူမျိုးတွေ ဖိနှိပ်ခံနေပါလားဆိုတဲ့ လူမျိုးရေးအသိ(Ethnic Consciousness)တွေက တဆင့် Anti-Colonial nationalism ကို မွေးဖွားလာစေပါတယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုက မြန်မာတွေက အင်္ဂလိပ်ကိုမောင်းထုတ်ပြီး ကိုလိုနီမတိုင်ခင်ရှိခဲ့တဲ့ အခြေအနေကို ပြန်သွားချင်ကြတာပါ။ အဲဒါကြောင့်လည်း မင်းလောင်းမျှော် စိတ်ခံစားချက်တွေနဲ့ လူတချို့ စုစည်းခဲ့ကြတယ်။ ဆရာစံတောင်မှ အင်္ဂလိပ်ကို တိုက်လို့ အောင်မြင်ရင် အရင်ကရှိခဲ့တဲ့ သက်ဦးဆံပိုင် အာဏာရှင်တွေလိုမျိုး သူကိုယ်တိုင် ဘုရင်တက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိခဲ့တာပဲ။ အင်္ဂလိပ် ကျွန်ဘ၀က လွတ်မြောက်ပြီး ဗမာကျွန်ပြန်ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ အတွေးအခေါ်ထက် မပိုပါဘူး။

(၂) ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒ (Religious Nationalism)
—————————————————–
နောက်တစ်ခုက Anti-Colonial nationalism အားကောင်းလာစေတဲ့ အချက်တွေထဲမှာ Religious Nationalism လည်းပါတယ်။ Religious Nationalism မှာ ထူးခြားတာက လူမျိုးဖြစ်မှုကို ကိုးကွယ်မှုနဲ့ တွဲပြီးစဉ်းစားတာဖြစ်တယ်။ ဥပမာ – ဗုဒ္ဓဘာသာ မြန်မာလူမျိုး´ဆိုတဲ့ အယူအဆမျိုးပေါ့။ အဲဒီလို လူမျိုးနဲ့ဘာသာကိုတွဲပြီး အခြေခံ တည်ဆောက်တဲ့အတွက် ကိုလိုနီနယ်ချဲ့တွေကို ဆန့်ကျင်ရာမှာ ကိုယ့်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ထားသူတွေဆိုတဲ့ ရှုထောင့်အပြင် `မိမိတို့ ဘာသာသာသနာကို ဖျက်ဆီးနေတဲ့လူတွေ´ဆိုတဲ့ အမြင်ပါ တွဲပါလာတယ်။ အဲဒီလို ဘာသာရေးကို ရှေ့တန်းတင်လှုံ့ဆော်တဲ့အတွက် ကိုလိုနီဆန့်ကျင်ရေး စိတ်ဓါတ်က ပိုပြီးအားကောင်းလာသလို၊ လူထုရင်ထဲ လွယ်လွယ်ကူကူ ၀င်ရောက်သွားစေတယ်။ YMBA ကစလို့ ဒီနေ့ခေတ် မဘသ နဲ့ ၉၆၉ လှုပ်ရှားမှုတွေထိ အားလုံးက ကမ္ဘာကျော် Muslim Brotherhood တို့ Taliban တို့လို Religious Nationalism ရဲ့ ပြယုဂ်တွေပဲ ဖြစ်ပါတယ်။ ကိုလိုနီ ဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ အချိန်အခါတုန်းကတော့ ဒါတွေက အကျိုးရှိနိုင်ပေမဲ့ ဒီလို အတွေးအခေါ်တွေကို ယနေ့ခေတ်ထိ လက်ဆင့်ကမ်း ကိုင်စွဲလာတဲ့ အတွက် ရေရှည်မှာ ပြဿနာတွေမီးမွှေးပေးသလို ဖြစ်စေတယ်။ အစိုးရအဆက်ဆက်ကလည်း သူတို့ အုပ်ချုပ်မှုနဲ့ပက်သက်ပြီး တရား မျှတမှုရှိကြောင်းပြဖို့ရာ လူထုကို ဘာသာတရားနဲ့နွယ်တဲ့ အယူအဆတွေ သွပ်သွင်းပြီး Religious Nationalism ကို လက်ဆင့်ကမ်း ပျိုးထောင်လာခဲ့တယ်။ ဒါထက် ပိုဆိုးတာက မြန်မာဘုရင်တွေက စလို့ အာဏာရှင် အဆက်ဆက်က သူတို့ကိုယ်သူတို့ စကြ၀တေးမင်း၊ ဘိုးတော်ဘုရား၊ အလောင်းဘုရား စတဲ့ Embryo Buddha ဖြစ်လေဟန် ရာဇ၀င်တွေ ဖန်တီးတာမျိုး၊ ဒါမှမဟုတ် လူအများစု ကိုးကွယ်ဆည်းကပ်ရာ ဘုရားရှင်နဲ့ သွေးသားတော်စပ်လေဟန် ဇါတ်လမ်းတွေဖန်တီးပြီး ၀ါဒဖြန့်ချိတာမျိုး၊ သာသနာပြုမင်းဖြစ်သယောင် ရွှေတိဂုံထီးတော် တင်တာပြတာမျိုး၊ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ အစိုးရဖြစ်လေဟန် မျိုးစောင့်ဥပပဒေတွေ ပြဌါန်းတာမျိုး စတဲ့လုပ်ရပ်များဖြင့် လူထုရဲ့ legitimacy ရဖို့ လူပြိန်းကြိုက်ဖြတ်လမ်းနည်းနဲ့ ကြံဆောင်ခဲ့တယ်။ ခုနောက်ဆုံးတွေ့ရတဲ့ သတင်းအရဆိုရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အာဏာရခဲ့တာနဲ့ ပတ်သက်ပြီးတောင် ဘုရားဗျာဒိတ်တော် ရှိခဲ့တယ်ဆိုပဲ။ တတ်လည်းတတ်နိုင်တဲ့ လူတွေ။

(၃) လူမျိုးရေးအခြေခံ အမျိုးသားရေးဝါဒ (Ethnic Nationalism)
——————————————————-
ဘာသာစကား တူရမယ်.. ကိုးကွယ်ရာဘာသာတရား တူရမယ်.. ဆင်းသက်လာတဲ့မျိုးဆက်သွေး တူရမယ်.. ဆိုတဲ့ သတ်မှတ်ချက်တွေကို အခြေခံပြီး ကိုယ်နဲ့မတူတဲ့တန်ဖိုးစံတွေကို ဖယ်ထုတ်လေ့ရှိတဲ့ အမျိုးသားရေးဝါဒကတော့ လူမျိုးစုအခြေခံ အမျိုးသားရေးဝါဒ(Ethnic Nationalism) ဖြစ်တယ်။ သူတို့အယူအဆအရ နိုင်ငံသားအဖြစ် သတ်မှတ်မှုမှာတောင်မှ ယုတ္တိမတန်တဲ့ သွေးသတ်မှတ်ချက်ကို အခြေခံတယ်။ လူတိုင်းဟာ တူညီတဲ့ မျိုးရိုးစဉ်ဆက် ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားတဲ့အတွက် လူမျိုး(Nation)ဆိုတာဟာ သမိုင်းရဲ့ ထုတ်ကုန် တစ်ခုလို့ ယူဆတယ်။ ဒါကြောင့် Nation ဆိုတာ သဘာဝဆိုင်ရာ ကြိုတင်ပေးအပ်ခံထားရတဲ့ ကံကြမ္မာကို ပိုင်ဆိုင် ထားကြသူတွေသာ ဖြစ်ပြီး၊ နိုင်ငံသားဖြစ်ဖို့ဆိုတာကလည်း ဒီမြေ၊ဒီရေပေါ်မှာ မွေးဖွားမှု၊ မျိုးဆက်သွေးတူညီမှု ဆိုတာတွေကနေ ဆုံးဖြတ်ခံရတယ်။ ဒါဟာ သမိုင်းအစဉ်ဆက်ကတည်းက ဒီမြေ၊ဒီရေပေါ်မှာ နေထိုင်လာခဲ့တယ်လို့ အသိအမှတ်ပြုခံရတဲ့ လူတစ်စုတစ်ဖွဲ့ကလွဲရင် ကျန်တဲ့လူတွေအားလုံးကို နိုင်ငံသား (political membership) အဖြစ်လက်မခံဘဲ ဖယ်ထုတ်ပစ်တဲ့ဝါဒ ဖြစ်တယ်။ ဒီလိုလူမျိုးတစ်မျိုးတည်းကို အခြေခံတဲ့ အမျိုးသားရေးဝါဒ အစွန်းရောက်သွားတဲ့အခါ `ဖက်ဆစ်ဇင်´ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးခဲ့တဲ့ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒဆိုတာ Ethnic Nationalism ကနေဖြစ်လာတာပါ။

နိုင်ငံသားဖြစ်၊မဖြစ် သွေးဖြင့် ဆုံးဖြတ်တဲ့နိုင်ငံတွေ ကမ္ဘာပေါ်မှာ မရှိမဟုတ်၊ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ (jus sanguinis) ဆိုတဲ့ သွေးဖြင့် ဆုံးဖြတ်တဲ့ ပုံစံဟာ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ပုံစံနဲ့ လုံးဝမတူပါဘူး။ နိုင်ငံတကာမှာ သွေးအရ ဆုံးဖြတ်တယ်ဆိုတာ `နိုင်ငံသားသွေး´ကို ပြောတာပါ။ နိုင်ငံသားဖြစ်နေတဲ့ မိဘကမွေးဖွားလာတဲ့ သားသမီးတွေ (နိုင်ငံသားရဲ့သွေး)ကလည်း နိုင်ငံသားဖြစ်တယ်လို့ ဆိုလိုပါတယ်။ မြန်မာပြည်မှာ လက်ရှိကျင့်သုံး နေတာကတော့ ဘယ်သူတွေက ဘယ်လိုအချက်တွေပေါ် အခြေခံပြီး သတ်မှတ်ထားတယ်ဆိုတာ မသိရတဲ့၊ ရေရာသေချာမှုမရှိတဲ့ `တိုင်းရင်းသား´ဆိုတဲ့ သတ်မှတ်ချက်အရ သွေး၊ ဗုဒ္ဓဘာသာဝင်သွေး … ဒါတွေပေါ်မှာအခြေခံပြီး ဆုံးဖြတ်တာပါ။ ဒီအကြောင်းတွေကတော့ လူတိုင်းသိပြီးဖြစ်တဲ့အတွက် အရှည် မရေး တော့ဘူး။

(၄) အစွန်းရောက် အမျိုးသားရေးဝါဒ (Aggressive Nationalism)
——————————————–
Religious and Ethnic Nationalism တို့ကနေ ပိုပြီးအစွန်းရောက်သွားတဲ့အခါ Aggressive Nationalism အဖြစ် သတ်မှတ်ပါတယ်။ ကိုယ့်လူမျိုးသီးသန့် ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်နည်းလမ်းကို မဆိုသုံးမယ်၊ ရန်လိုမယ်၊ သိမ်းပိုက်မယ်၊ နယ်မြေတွေ ကျယ်ပြန့်အောင် ချဲ့ထွင်ခြင်းဟာ တရားတယ်ဆိုတဲ့ အစွန်းရောက်အတွေးအခေါ်ပေါ် အခြေခံထားတဲ့ ၀ါဒတစ်မျိုးပါ (ဥပမာ- နာဇီဝါဒ၊ ဇီယွန်ဝါဒ)။ ဒီဝါဒရဲ့ ထူးခြားချက်က သူတို့ရဲ့တန်းဖိုးစံတွေနဲ့ မတူကွဲပြားတဲ့ တခြားသောတန်ဖိုးစံတွေကို တုန့်ပြန်တိုက်ခိုက်ခြင်းပဲဖြစ်တယ်။ သူတို့ဆီမှာ အဓိကတွေ့ရမှာက သူတို့လူမျိုး(Nation) နဲ့ သူတို့ ယဉ်ကျေးမှုတန်ဖိုးတွေရဲ့ လုံခြုံမှု၊ ရှင်သန်မှုအတွက် ကြီးကြီးမားမား စိုးရိမ်သောကတွေ ရှိနေကြောင်း ထုတ်ဖေါ်ပြီး အခြားသောအရာတွေကို တုန့်ပြန်နိုင်ဖို့၊ စည်းရုံးလှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ကြတယ်။ ဒီလိုစိုးရိမ်သောကတွေ ဖေါ်ထုတ်ပြခြင်းဟာ တခြားသောအရာတွေကို တန်ပြန်တိုက်ခိုက်ဖို့ အတွက် တရားမျှတကြောင်း ရှာဖွေမှုသာလျှင်ဖြစ်တယ်။ မြန်မာပြည်က မဘသတွေနဲ့ သူတို့နောက်လိုက်တွေရဲ့ လုပ်ဆောင်ချက် မှန်သမျှကို ပြန်ကြည့်ရင်လည်း နာဇီဖက်ဆစ် အတွေးအခေါ်တွေနဲ့ မခြားတာတွေ့ရတယ်။

ဂျာမန် နာဇီတွေရဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒဆိုးကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးတဲ့ `အဲလ်ဘတ် အိုင်းစတိုင်း´ က “Nationalism (အမျိုးသားရေးဝါဒ) ဆိုတာ သူငယ်နာမစင်တဲ့ ရောဂါ တစ်မျိုးပဲ.. ကြီးမှ ၀က်သက်ပေါက်သလို မျိုးပေါ့..” လို့ ဆိုခဲ့တယ်။

မြန်မာပြည်မှာ အာဏာရှင်တွေက ဘာကြောင့် အမျိုးသားရေးဝါဒကို အားကောင်းအောင် မီးမွှေးပေးနေတာလဲလို့ မေးလာရင် (ဖြေစရာရှုထောင့်တွေ အများကြီးရှိတဲ့ထဲက) `Nation-State´ပေါ်လစီကလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ ကျနော်ဖြေချင်တယ်။ Nation-State Policies ဆိုတာကို “Crafting State Nation”ဆိုတဲ့ စာအုပ်ထဲက အတိုင်းပြောရရင် “တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေး နယ်နိမိတ်နှင့် လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု နယ်နိမိတ်တွေ လိုက်ဖက်ညီအောင် နိုင်ငံရေး အင်စတီကျူးရှင်းနည်းလမ်းတွေနဲ့ လုပ်ဆောင်ခြင်း”ကို ဆိုလိုတယ်။ တိုင်းပြည်တခုမှာ လူမျိုးတမျိုးတည်းက ထင်ရှားလွှမ်းမိုးထားပြီး တိုင်းပြည်နဲ့လူမျိုးက တထပ်တည်း ဖြစ်သွားအောင် လုပ်တာပါ။ တနည်းအားဖြင့် တိုင်းပြည်မှာ နဂိုမူလကတည်းက ရှိနေတဲ့ ကွဲပြားစုံလင်သော ယဉ်ကျေးမှု အထိမ်းအမှတ် လက္ခဏာတွေကို မှေးမှိန်အောင်လုပ်ပြီး လူမျိုးတစ်မျိုးတည်းရဲ့ အမှတ်လက္ခဏာ(socio-cultural identity)တွေကိုပဲ အထူးအခွင့်အရေးပေးကာ နိုင်ငံတော်ရဲ့ အမျိုးသားရေး အမှတ်လက္ခဏာအဖြစ် ပုံဖေါ်ဖန်တီးခြင်း ဖြစ်တယ်။ မြန်မာပြည် မှာပြောလေ့ရှိကြတဲ့ Burmanization ဆိုတာ Nation-State policies ကို ဆိုလိုတာ။ အဲဒီလို လူမျိုးတစ်မျိုးတည်းကို အခြေပြုတည်ထောင်တဲ့ Nation-State ဆိုင်ရာမူဝါဒတချို့ကို ဖေါ်ပြရမယ်ဆိုရင် –

(၁) နိုင်ငံတွင်းမှာရှိနေတဲ့ လူမျိုးစုအားလုံးကို အထူးသစ္စာခံမှု ပုံစံတစ်မျိုးမျိုးနဲ့ ဘုံယဉ်ကျေးမှု အမှတ်လက္ခဏာ တစ်မျိုးမျိုး ပေါ်ပေါက်လာအောင် ဖန်တီးခြင်း၊
(၂) အဲဒီလို ဖန်တီးလိုက်တဲ့ ယဉ်ကျေးမှု အမှတ်လက္ခဏာကို အစပိုင်းမှာ မထောက်ခံသူတွေအနေနဲ့ နောက်ပိုင်းမှာ Nation-state ရဲ့ အမှတ်လက္ခဏာကို မိမိတို့ ဆန္ဒအလျောက် ပူးပေါင်းပါဝင်လာအောင် တွန်းအားပေးခြင်း၊
(၃) ထိုသို့ဖြစ်လာအောင်လည်း လူမှုရေးအရ လူမှုရေးအရ ဖိအားတွေပေးခြင်း၊ အကျပ်ကိုင်ခြင်း (Social Pressures and Coercion) နည်းလမ်းပေါင်းစုံကျင့်သုံးပြီး အခြား ယဉ်ကျေးမှုအမှတ်လက္ခဏာများ မပေါ်ပေါက်စေရန် ထိန်းချုပ်တားမြစ်ခြင်း (သို့မဟုတ်) ရှိနေသော ယဉ်ကျေးမှုတန်ဖိုးစံများကို ပျောက်ကွယ်သွားအောင်ပြုခြင်း၊
(၄) တချို့ဖြစ်ရပ်တွေမှာတော့ အတင်းအကျပ် ဖိအားပေးရာကနေ လူမျိုးသုဉ်း သုတ်သင်မှုပုံစံ(Ethnic Cleansing) အထိ အင်အားသုံးကျူးလွန်ခြင်းတို့အထိ ပါဝင်ပါတယ်။

သမိုင်းမှာ Nation-State ပေါ်လစီတွေလုပ်ဆောင်ခဲ့တဲ့ ဥပမာအနေနဲ့ ပြင်သစ်ပြည်ကို ကြည့်လို့ရတယ်။ (၁၉)ရာစုအချိန်ထိ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ (၇)မိုင်ဝန်းကျင်လောက်ထိသာ ပြင်သစ်စကားပြောသူများရှိကြပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် များပြားလှတဲ့ ဘာသာစကား၊ စုံလင်တဲ့ယဉ်ကျေးမှု၊ ကွဲပြားတဲ့ကိုးကွယ်မှုများ ရှိခဲ့တယ်။ သို့သော် စစ်ဘုရင်နပိုလီယံ လက်ထက်လောက်ကစလို့ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရပါ အမှတ်လက္ခဏာတခုတည်းရှိစေဖို့ မူဝါဒတွေချမှတ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ တခြားသော ဘာသာစကား၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေ အားလုံးကို ဖိအားပေးပိတ်ပင်ခဲ့တယ်။ ပြင်သစ်ဘာသာစကား တခုတည်းကိုပဲ အားလုံးက တဖြည်းဖြည်းနဲ့ လက်ခံလာအောင် မက်လုံးတွေနဲ့ရော၊ ဖိအားပေးမှုဖြင့်ပါ လုပ်ဆောင်ခဲ့တယ်။ ပြင်သစ်နိုင်ငံ တ၀ှမ်းလုံးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတစ်မျိုးတည်းကိုပဲ သင်ကြားစေတယ်။

အစိုးရပေါ်လစီ တွေကို ပိုမိုထိရောက်စေဖို့အတွက် ဆရာတွေအားလုံးကို ပညာရေးဝန်ကြီးဌာနကနေ လေ့ကျင့်သင်ကြားပေးပြီး အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ပေါင်းစည်းပျော်ဝင်ပြီး ပြင်သစ်အမျိုးသားရေး အမှတ်လက္ခဏာ တခုတည်းဖြစ်လာစေဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းခဲ့တယ်။ ဖက်ဒရယ် စနစ်ကိုဖေါ်ဆောင်ပေးဖို့ တောင်းဆိုတာမျိုးကို သေဒဏ် ထိပေးနိုင်တဲ့ နိုင်ငံတော်ပြစ်မှုကြီး အဖြစ် သတ်မှတ် ခဲ့တယ်။ တချို့နေရာတွေမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို Nation-State ပေါ်လစီတွေ ချမှတ်ပြီး ပြင်သစ် ဘာသာစကားနဲ့ ယဉ်ကျေးမှုသရုပ်သကန်တွေကို အတင်းအကျပ် သွပ်သွင်းခဲ့တဲ့အတွက် ဒီနေ့ခေတ်ပြင်သစ်နိုင်ငံ ဆိုတာ ပြင်သစ်လူမျိုး ဆိုတဲ့ အမျိုးသားရေး အမှတ်လက္ခဏာ တစ်မျိုး တည်းကိုသာ ကိုယ်စားပြုဖေါ်ကျူးနေတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒါကို French Style Nation Building model လို့ ခေါ်ပါတယ်။ Nation-State တည်ဆောက်ရာမှာ အဟန့်အတားဖြစ်စေတယ်လို့ယူဆပြီး လူမျိုးစုငယ်တွေရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊ ရိုးရာထုံးတမ်းအစဉ်အလာတွေကို နှိပ်ကွပ်ဖျောက်ဖျက်တာဟာ ကိုယ်ထိလက်ရောက် သဘောဆောင်တဲ့ ရုပ်ပိုင်းဆိုင်ရာမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ရင်တောင် ယဉ်ကျေးမှုအရ စိတ်ပိုင်းဆိုင်ရာ မျိုးသုဉ်းသတ်ဖြတ်မှု သဘောပဲလို့ ဆိုနိုင်တယ်။ ပညာရှင်တွေကတော့ ယနေ့ခေတ်(၂၁)ရာစုမှာ French Style Nation Building  ပုံစံမျိုး အတင်းအဓမ္မ Unitary Nation-State တည်ဆောက်ရင် အောင်မြင်နိုင်ချေမရှိဘူးလို့ တညီတညွှတ်တည်း ဆိုထားကြပါတယ်။ ဥပမာ-စပိန်နိုင်ငံလို သမိုင်းကြောင်းကြီးပြီး အတွေ့အကြုံ ရင့်ကျက်ပြည့်ဝ ပြီးသား နိုင်ငံမျိုးမှာတောင် အောင်မြင်ဖို့မလွယ်တာ တွေ့ရတာပဲ။
မြန်မာနိုင်ငံမှာဆိုရင်လည်း French Style Nation Building model လိုမျိုး မဟာဗမာလူမျိုးကြီးဝါဒ သွတ်သွင်းခြင်း (Burmanization)ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)လုံးလုံး ပုန်းလျှိုးကွယ်လျှိုးတခါ၊ ဗြောင်ကျကျတစ်မျိုးနဲ့ နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ (Modus operandi) အဖြစ် ရှိနေခဲ့တယ်။ ဒါပေမယ့် ပြင်သစ်လိုမျိုး Nation-State ဖြစ်လာရမယ့်အစား တကယ့် ရလဒ်ကတော့ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီးတွေပဲ ဖြစ်တယ်။ အစိုးရက သူတို့ကို Burmanize လုပ်နေတယ်လို့ခံစားရတဲ့ တိုင်းရင်းသား လူမျိုးစုတွေကလည်း ကိုယ့် identity ကို ကိုယ်ကာကွယ်ဖို့ အတွက် ကြိုးစားရင်း အပြန်အလှန်အားဖြင့် တိုင်းပြည်တွင်းမှာရှိတဲ့ မြန်မာ အပါအ၀င် လူမျိုးစုတိုင်းမှာ Nationalism အားကောင်းမောင်းသန် ဖြစ်လာကြတယ်။ တနည်းအားဖြင့် လူတစ်ဦးချင်းစီနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ငဲ့ကွက်စရာ မလိုဘူးဆိုတဲ့ အတွင်းစိတ် သဏ္ဍာန်တွေ ကိန်းအောင်လာစေတယ်။ ဒါကလည်း ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်လာဖို့ အတွက်ဆို ကြီးမားတဲ့ အဟန့်အတားပါပဲ။

ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့အတွက် ကြိုးပမ်းစဉ် အချိန်အခါမှာတော့ `အမျိုးသားရေးဝါဒ´ ဆိုတာ အသုံးတည့်ကောင်းတည့်နိုင်ပေမဲ့ ရေရှည် တိုင်းပြည်တည်ဆောက်ရာမှာတော့ ဒီမိုကရက်တစ်တန်ဖိုးစံတွေကို အခြေခံထားတဲ့ နိုင်ငံသားဖြစ်မှု၊ တသီးပုဂ္ဂလ လွတ်လပ်မှု၊ ညီမျှမှု နဲ့ မတူကွဲပြားမှုတွေအပေါ် နားလည်လက်ခံနိုင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အလုပ်လုပ်တတ်တဲ့ အလေ့အကျင့် ထွန်းကားမှု စတဲ့ ရေခံမြေခံကောင်းတွေမရှိဘူး ဆိုလျှင်တော့ `အမျိုးသားရေးဝါဒ´ ဆိုတာ သင့်တော်ကောင်းမွန်တဲ့ အိုင်ဒီယိုလော်ဂျီ တစ်ရပ် ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့်မို့ သေချာရေရာမှုမရှိတဲ့ အနေအထားဆီကို ဦးတည်နေတဲ့ လက်ရှိ အချိန်အခါမျိုးမှာ နိုင်ငံရေးပါတီတွေကလည်း နိုင်ငံရေးအိုင်ဒီယိုလော်ဂျီ ကင်းမဲ့နေတဲ့အတွက် အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်လာတာ ဖြစ်တယ်။ ဒါဟာ ရေသာခိုအချောင်လိုက်ဖို့ အခွင့်ကောင်း ချောင်းနေသူတွေ အတွက် နိုင်ငံရေး စင်မြှင့်ပေါ်တက်နိုင်မယ့် လှေကားထစ်တွေ ဖြစ်နေတယ်။ နိဂုံးချုပ်ရရင်တော့ မြန်မာပြည်မှာ ကိုလိုနီခေတ်တည်းကရှိခဲ့တဲ့ `အမျိုးသားရေးဝါဒ´ဟာ လက်ရှိ(၂၀၁၅)ခုနှစ်ရောက်တဲ့ထိ အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ အတွက် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်တွေ၊ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေး အခြေခံ အကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်လည်း လုံးပါးပါးနေပြီး၊ ပြည်သူတွေ လိုလားတောင့်တနေတဲ့ `ဒီမိုကရေစနစ်´ တည်ဆောက်ရေး အိပ်မက်တွေလည်း သန္ဓေသားဘ၀မှာတင် အကြိမ်ကြိမ် သားလျှောကာ တိုင်းပြည်အနာဂတ်ေ၀၀ါးလျက်သာ ရှိနေပါသေးတယ်။ ။

ကျော်ဇေယျာဝင်း
(၅- ၉- ၂၀၁၅)

ကိုးကား-
(1) 2015 Asian Barometer Survey – Myanmar Political Aspirations
(2) Alfred Stepan, Juan J. Linz and Yogandra Yadaw: Crafting State-Nation
(3) Andrew Heywood: Political Ideologies – An Introduction
(4) From Nation-Building To The Construction Of Europe: The Lessons And Limitations Of The French Example (Brain Jenkins: University of Portsmouth)
(5) Renan, E., 1882, “What is Nation?” in Nation and Narration, H. Bhabha (ed.) London: Rotledge; reprinted in Nationalism, J Hutchinson and A. Smith (ed.), Oxford: Oxford University Press.

Leave a Reply