1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၃ ၊ ၂၀၁၆
M-Media
ရေးသားသူ-ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

rule of law
မြေကွက်တစ်ကွက်အတွင်းမှာ(က)နှင့်(ခ)ဆိုတဲ့ သီးခြားစီအဆောက်အဦး ၂ခု ရှိပါတယ်။ အဆောက် အဦးနံပါတ်မတူပါ။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေရဲ့ပိုင်ရှင်တွေက A ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီအဆောက်အဦးတွေကို လက်ရှိထားစီမံခန့်ခွဲနေသူတွေကတော့ B ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေကဖြစ်ပေါ်လာတဲ့ အကျိုးအမြတ်အသီးအပွင့်တွေကိုလည်း A နှင့် B ပုဂ္ဂိုလ်များက ခံစားရယူနေကြသည်ဆိုပါစို့။

ဒီအဆောက်အဦး(က)ဟာ အများပြည်သူဝင်ထွက်အသုံးပြုရာ နေရာတစ်ခုဖြစ်ပြီး A နှင့် B အုပ်စုက ပုဂ္ဂိုလ်များလက်ရှိထား စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲ လျှက်ရှိပါတယ်။ အဆောက်အဦး(ခ)ကတော့ ကျောင်း အိပ် ကျောင်းစား၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ A နှင့် B အုပ်စုကပုဂ္ဂိုလ်တွေကပဲ လက်ရှိထား စီမံခန့်ခွဲအုပ်ချုပ် လျှက်ရှိပါတယ်။ ဒီမြေကွက်နဲ့အဆောက်အဦး ၂ခုမှာရှိတဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေကလည်း A နှင့် B အုပ်စုက ပုဂ္ဂိုလ်များပိုင်ဆိုင်ခြင်း၊ လက်ရှိထားခြင်း၊စီမံခန့်ခွဲအသုံးပြုခြင်း ပြုလုပ်လျှက်ရှိပါတယ်။

ဒီအဆောက်အဦး(ခ)မှာ ကျောင်းတက်တဲ့ကျောင်းသားတွေနဲ့ ပြင်ပကပုဂ္ဂိုလ်တွေဟာ အဆောက်အဦး (က)မှာ A နှင့် B တို့ရဲ့ခွင့်ပြုချက်နဲ့ အတူဝင်ထွက်သွားလာ အသုံးပြုကြပါတယ်။ အဆောက်အဦး(ခ) မှာတော့ ကျောင်းသားများနေထိုင်၊ စာသင်ကြားကြ ပါတယ်။ ကျောင်းပိတ်တဲ့ ကာလမှာ ကျောင်းသားတွေဟာ ကိုယ့်မိဘရပ်ထံပြန်ကြပါတယ်။ စာသင်ဆရာတွေကလည်း တာဝန်ပြီးဆုံး လို့ ပြန်ကြပါတယ်။ စာသင်ဆရာတွေကိုတော့ တစ်နှစ်တစ်ကြိမ်ကျောင်းပြန်ဖွင့်ရင် အလုပ်ပြန်လျှောက်ထားချက်အရ ခန့်တဲ့
စနစ်ကိုကျင့်သုံးပါတယ်။ ကျောင်းပိတ်တဲ့ကာလမှာ လုပ်ခ၊ လစာ ခံစားခွင့်မရရှိကြတော့ပါဘူး။

ကျောင်းပိတ်တဲ့ကာလမှာသာမန်အားဖြင့် နှစ်စဉ်ဝါတွင်းကာလဖြစ်ပါတယ်။ ၀ါတွင်းကာလ ကုန်ဆုံးရင်ကျောင်းပြန်ဖွင့်ပြီး၊ ကျောင်းပြန် အပ်ကြရပါတယ်။ စာသင်ဆရာတွေလည်း အလုပ်ပြန်ဝင်ကြရပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B တို့က တာဝန်ခွဲဝေ သတ်မှတ်ပေးပါတယ်။ ယခုကျောင်းပိတ်ရက်က တော့ ပုံမှန်ကျောင်းပိတ်ရက်မဟုတ်ဘဲ အရေးပေါ် အခြေအနေ တစ်ခုကြောင့် ကျောင်းပိတ် ထားခြင်းဖြစ်ပြီး၊ ကာလသတ်မှတ်ချက်မရှိပါဘူး၊ တာဝန်ရှိသူတွေက ဆက်သွယ် အကြောင်းကြားမှ ကျောင်းပြန်တက်ကြရမှာ ဖြစ်ပါတယ်။

ကျောင်းပြန်ဖွင့်မယ်လို့သတင်းရပြီး  တဆင့်စကားတဆင့်ကြားသိရှိကြတဲ့ကျောင်းသား အချို့ကျောင်းကို ရောက်လာကြ ပါတယ်။ ကျောင်းသားကြီးအချို့ကအဆောက်အဦး(က)မှာ ကျောင်းသားငယ်အချို့ကို ယာယီနေရာချထားပေး ပါတယ်။ ကျောင်း အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကျောင်းမဖွင့်သေးလို့ ကြိုတင်ရောက်နေတဲ့ ကျောင်းသားတွေကို အဆောက်အဦး(က)မှာ သင့်သလို အဆင်ပြေရန် ခေတ္တယာယီနေထိုင်ဖို့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ စာသင်ဆရာတွေကတော့ မရောက်ရှိကြသေးသလို အလုပ်တာဝန်ခန့်အပ်ခြင်း၊ တာဝန်ပေးထားခြင်းလည်း မရှိသေးပါဘူး။ ကြိုတင်ရောက်နေတဲ့ ကျောင်းသား အချို့ရဲ့နေထိုင်စားသောက်ရေးကို ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B ပုဂ္ဂိုလ်များကစီစဉ်ပေးပါတယ်။ ကျောင်းလဲ မဖွင့်ရသေး။ စာလည်းမသင်ရသေးပါဘူး။

ကျောင်းသားအချို့ရောက်ပြီး ၂ရက်၊ ၃ရက်လောက်အကြာ၊ ညသန်းခေါင်ကျော် နောက်တစ်နေ့အကူးလောက်မှာ အဆောက်အဦး(က)ရဲ့မီးအားမြှင့်စက်ထားတဲ့အခန်းကစပြီး မီးလောင်မှုဖြစ်ပါတယ်။ ကံအကြောင်းမလှလို့အဆောက်အဦး(က)မှာ ယာယီညအိပ်တဲ့ကျောင်းသားငယ်တွေထဲက ဆယ်ယောက်ကျော်မီးလောင်မှုကြောင့် အသက်သေဆုံးခဲ့ကြရပါတယ်။ အချိန်ကာလကတော့လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအကြမ်းဖက်မှုတွေဖြစ်နေတဲ့ကာလလို့ဘဲဆိုကြပါစို့။ ယခုလိုဧပြီလ နွေရာသီကာလဆိုပါစို့။

တာဝန်ရှိသူတွေက မီးအားမြှင့်စက်အပူရှိန်လွန်ကဲရာမှမီးလောင်မှုဖြစ်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ မီးလောင်မှုနဲ့လူသေမှုအရ အမှုဖွင့်လှစ်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရမီးလောင်တဲ့ညက ညအိပ်ရောက်ရှိနေတဲ့ဆရာ C နဲ့ D ကိုဖမ်းဆီး အရေးယူတရားစွဲခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး၊ သေဆုံးသူ ကျောင်းသားများရဲ့မိဘများက ကံအကြောင်းမလှလို့ သူတို့ရဲ့ကလေးတွေသေရခြင်းဖြစ်ပြီး စွပ်စွဲခံရတဲ့ဆရာ C နဲ့ D ရဲ့ပြုလုပ်မှုကြောင့်မဟုတ်၍ တရားနှင့်ဖြေခွင့်လွှတ်ပြီး ဆရာတွေအပေါ် အပြစ်ပေးအရေးယူခြင်း မပြုစေလိုသဖြင့် အမှုကြေအေးလွှာများ လက်မှတ်ရေးထိုးတင်ပြခဲ့ပါတယ်။ သက်သေခံဝင်ထားပါတယ်။

အမှုမှာတရားလိုဘက်မှတရားလိုပြသက်သေအယောက်(၄၀)ကျော် အစစ်ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေတွေထဲမှာ ရဲအရာရှိတွေ၊ မီးသတ်အရာရှိတွေ၊ လျှပ်စစ်ဌာနမှတာဝန်ရှိသူတွေ၊ မီးလောင်တဲ့အဆောက်အဦးက တာဝန်ရှိအုပ်ချုပ်သူတွေနဲ့ ၀န်ထမ်းဟောင်းအချို့၊ မီးလောင်စဉ်ကရှိနေတဲ့ကျောင်းသား အချို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတွေ၊ လမ်းလုံခြုံရေးတွေ၊ ကြက်ခြေနီနဲ့ရှာဖွေပုံစံသက်သေတွေပါဝင်ပါတယ်။ တရားလိုဘက်သက်သေများ အစစ်ခံထွက်ဆိုချက်များ အရ အောက်ပါ အချက်အလက် များပေါ်ပေါက်ပါတယ်။

– အပူရှိန်မြင့်တက်ရာမှ မီးစတင်လောင်ကျွမ်းပါတယ်ဆိုတဲ့ မီးအားမြှင့်စက်ကိုစွပ်စွဲခံရသူ C နဲ့ D ကပိုင်ဆိုင် ခြင်း၊ လက်ရှိထားခြင်း၊ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်းဖြစ်ကြောင်း သက်သေခံချက်မရှိဘဲ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူ A နှင့် B ပုဂ္ဂိုလ်များကပိုင်ဆိုင်၊ လက်ရှိထား၊ အသုံးပြုခြင်းဖြစ်ကြောင်း

– အခင်းဖြစ်ချိန်ကကျောင်းပြန်မဖွင့်သေးဘဲ၊ ကျောင်းသားအချို့ ကြိုတင်ရောက်နေပြီး စွပ်စွဲခံရသူဆရာ(၂)ဦး C နဲ့ D မှာအခင်းဖြစ်ညကအဆောက်အဦး(က)သို့လာရာမှ တပည့်များဝိုင်းဝန်းတောင်းဆိုမေတ္တာရပ်ခံချက်အရ၊ ဆရာ C ကမီးလောင်တဲ့ အဆောက်အဦး(က)ရဲ့ အောက်ထပ်မှာကျောင်းသားငယ်အချို့နှင့် ညအိပ်ခဲ့ပြီး၊ ဆရာ D ကတော့မီးမလောင်တဲ့ သီးခြားအဆောက်အဦး(ခ)အပေါ်ထပ်မှာ ကျောင်းသားကြီးအချို့နှင့်ညအိပ်ခဲ့ကြောင်း

– ဆရာ C နဲ့ D တို့သည်အခင်းဖြစ်ချိန်က ကျောင်းမဖွင့်သေး၍ ဆရာအဖြစ်ပြန်လည်လျှောက်ထားခြင်း၊ ဆရာအဖြစ်ခန့်ထား ခံရခြင်းမရှိသေးသဖြင့် တာဝန်မရှိသေးကြောင်း၊ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ဟာအချင်းဖြစ်ကာလကတာဝန်ရှိ လစာစားဝန်ထမ်းများမဟုတ်ကြောင်း ကျောင်းအုပ်ချုပ်ရေးအကြီးအကဲရဲ့ထွက်ဆိုချက်ရှိကြောင်း

– ဆရာ C နဲ့ D တို့အခင်းဖြစ်ချိန်က ကြီးကြပ်သူဆရာများအဖြစ်တာဝန်ရှိကြောင်း တရားဝင်ခန့်အပ်ပြီးသောဝန်ထမ်းဖြစ်ကြောင်း သက်သေခံချက်တစ်စုံတစ်ရာ တင်ပြထားနိုင်ခြင်းမရှိကြောင်း

– မီးစတင်လောင်သည့်အဆောက်အဦးမှာ သီးခြားအဆောက်အဦး(က)ဖြစ်ပြီး၊ ကျောင်းဆောင်(ခ)မှာမီးလုံးဝလောင်ခြင်းမရှိသည့် သီးခြားအဆောက်အဦးဖြစ်ကြောင်း

– အခင်းဖြစ်ကာလက အဆောက်အဦး(က) နှင့် (ခ) မှာအုပ်ချုပ်သူများဖြစ်ကြသည့် A နှင့် B ပုဂ္ဂိုလ်များ လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်လျှက်ရှိကြောင်း

– အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ထားရာ အခန်းတွင်ဒီဇယ်ဆီပုံးတွေ့ရှိသည်ဆိုရာတွင် ဒီဇယ်ဆီပုံးကို စွပ်စွဲခံရသူဆရာ C နဲ့ D က၀ယ်ယူထားရှိခြင်းဖြစ်ကြောင်း၊ ထိုသို့ထားရှိသည်ကိုသိကြောင်းလည်း လုံးဝသက်သေခံချက် မပေါ်ပေါက်ကြောင်း

– အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ကို အခင်းဖြစ်ညကစွပ်စွဲခံရသူဆရာ C နဲ့ D တို့ကကိုင်တွယ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သက်သေခံချက်များလုံးဝမပေါ်ပေါက်ကြောင်း

– စွပ်စွဲခံရသူ (C) နဲ့ (D) တို့၏ မဆင်မခြင်ပေါ့ဆစွာပြုလုပ်မှုကြောင့် မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

– စာသင်သားကလေးများသေဆုံးရခြင်းမှာ စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပြုလုပ်မှုကြောင့်၊ မဆင်မခြင်ပေါ့ဆမှုကြောင့် မီးလောင်သေဆုံးရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

– စွပ်စွဲအရေးယူခြင်းခံရသည့်ဆရာ (၂)ဦးအနက်ဆရာ (C) ညအိပ်သည့်အဆောက်အဦး(က)သာ မီးလောင်ခြင်းဖြစ်ပြီး ဆရာ (D)ညအိပ်သည့် သီးခြားကျောင်းဆောင်(ခ) မှာလုံးဝမီးမလောင်ကြောင်း

– မီးလောင်သည့်အဆောက်အဦး(က)နှင့် မီးမလောင်သည့်ကျောင်းဆောင်(ခ)တို့မှာ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်ကြီးကြပ်နေသော ပစ္စည်းလည်းမဟုတ်ကြောင်း

– မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဆိုသော်လည်း အမှန်တကယ်မည်သည့်နေရာက မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တိကျသေချာသည့် မျက်မြင်သက်သေအထောက်အထားလည်းမရှိ၊ မီးလောင်ကျွမ်းပြီးမှ သိမ်းဆည်းထားသောသက်သေခံမီးအားမြှင့်စက်မှာလည်း မီးအားမြင့်တက်ခဲ့ကြောင်း တိကျခိုင်လုံသည့် သိပ္ပံနည်းကျသက်သေခံချက်လည်းမရှိဘဲ ထင်မြင်ယူဆချက်သာရှိကြောင်း

– အခင်းဖြစ်မီးလောင်မှုတွင် စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပေါ့ဆစွာမဆင်မခြင်ပြုလုပ်မှုကြောင့်ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးမျှမရှိကြောင်း၊ ကွင်းဆက်ပြတ်နေသောထင်မြင်ယူဆချက်သာရှိကြောင်း

– သေဆုံးသူစာသင်သားကျောင်းသားများကို စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့ကစီမံခန့်ခွဲနေရာချထားပေးပြီး တာဝန်ယူကြီးကြပ်လျှက် ရှိစဉ် သေဆုံးရခြင်းဖြစ်သည်ဟု တရားဝင်တာဝန်ရှိကြောင်း၊ အထောက်အထားသက်သေ ခံချက်မရှိကြောင်း

– စွပ်စွဲခံရသူဆရာ (D) ညအိပ်သည့်သီးခြားကျောင်းဆောင်အဆောက်အဦး(ခ)မှာ မီးမလောင်သည့်အပြင် ကျောင်းသား တစ်ဦးမျှသေဆုံးခြင်းမရှိကြောင်း

– စွပ်စွဲခံရသူဆရာ(၂)ဦးသည် မီးငြိမ်းသတ်ရေးနှင့် ကျောင်းသားများလွတ်မြောက်ရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း

– အထက်ပါသက်သေခံချက်များပေါ်ပေါက်နေပါလျှက် ဆရာ(C)နှင့်(D)တို့သည် ဆရာဟောင်းမဖြစ်ကြ၍ မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးထားရှိသည်ကို မသိနိုင်စရာအကြောင်းမရှိကြောင်းနှင့် မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးကိုစစ်ဆေးရန်ပျက်ကွက်ကြောင်း သုံးသပ်ပြီး အပြစ်ပေးထားကြောင်း

အကယ်၍သင်သာတရားသူကြီးဖြစ်သည်ဆိုလျှင် ဤအချက်များပေါ်ပေါက်နေပါက စွဲချက်တင်မည်လား?

စွပ်စွဲခံရသူဆရာ(၂)ဦးစလုံးကိုပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပိုဒ်)နှင့် ပုဒ်မ-၃၀၄(က)တို့အရ  စွဲချက်တင်ခဲ့သည်ဆိုပါစို့။ ဆရာ(၂)ဦးက အပြစ်မရှိကြောင်းငြင်းဆိုပြီး သက်သေအဖြစ် အစစ်ခံခဲ့ကာ တရားခံပြသက်သေများတင်ပြခဲ့ပါတယ်။ တရားခံပြသက်သေများက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ် ထောက် ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေ အများစုရဲ့ထွက်ချက်နဲ့လည်း ထပ်တူဖြစ်နေတာရှိပါတယ်

ဒီအချက်တွေကိုတရားခံတွေရဲ့ ရှေ့နေကအသေးစိတ်ထောက်ပြပြီးဥပဒေပြဌာန်းချက်၊ စီရင်ထုံးတွေနဲ့ အညီ အပြစ် မပေးထိုက်ကြောင်းလျှောက်လဲ တင်ပြခဲ့တယ်လို့ ဆိုပါစို့။

တရားရုံးက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)အရအလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ၊ ပုဒ်မ-၃၀၄(က)အရအလုပ်နှင့်ထောင်ဒဏ်(၆)နှစ်စီကို သီးခြားစီကျခံစေရန် အမိန့် ချမှတ်ခဲ့လို့ ဆရာ(၂)ဦး ဟာ ပြစ်ဒဏ်(၈)နှစ်စီကျခံနေရသည်ဆိုပါစို့။

ဆရာ(၂)ဟာအထက်တရားရုံးအဆင့်ဆင့်သို့ အယူခံနှင့်ပြင်ဆင်မှုတွေ ၀င်ရောက်ရာမှာလည်းပယ်ခြင်း၊ ပလပ်ခြင်းခံရပြီး ယခုအထူးခုံရုံး(စုံညီ) ၀င်ရောက်ခွင့်သာ ကျန်ရှိတော့သည်ဆိုပါစို့။

ကဲ……ဒီလိုဆို

– ဒီအဆာက်အဦး(က) မီးလောင်မှုမှာအဆောက်အဦး(၂)ခု၌ တာဝန်မရှိဘဲ သီးခြားစီညအိပ်ခဲ့မိတဲ့ဆရာ (၂)ဦးမှာတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

– မီးမလောင်၊ လူမသေတဲ့သီးခြားအဆောက်အဦး(ခ)မှာ တာဝန်မရှိသေးဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(D)မှာ ရောတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

– ဆရာ(၂)ဦးမှာအပြစ်မရှိဘူးလို့ယူဆရင် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ? (မဖြေဘဲနေနိုင်ပါသည်။)

– မီးလောင်၊ လူသေတဲ့အဆောက်အဦး(က) မှာတာဝန်မရှိဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(C)မှာရော တာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

– ဒီဆရာ(၂)ဦးဟာမီးစတင်လောင်သည်ဆိုသည့် မီးအားမြှင့်စက်ကိုပေါ့ဆစွာမဆင်မခြင်အသုံးပြုခဲ့ကြ တယ်။ မီးမြှင့်စက်နဲ့ ဒီဇယ်ပုံးကိုစစ်ဆေးရန်ပျက်ကွက်ခဲ့ကြတယ်လို့စွပ်စွဲ၊ သုံးသပ်ချက်ဟာအထက်ပါ ပေါ်ပေါက်ချက်များအရ ခိုင်လုံပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

– မိဘတွေကကျေအေးလွှာတင်ထားပါလျှက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဘာကြောင့်လို့ထင်ပါလဲ?

– တစ်ဆက်တည်းဖြစ်တဲ့ဖြစ်ရပ်(၂)ခုအတွက် ပြစ်ဒဏ်ကိုသီးခြားစီကျခံခိုင်းတာရော၊ တရားပါသလား?  မှန်ပါသလား?

– ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)မှာ မီးကြောင့်လူ့အသက်အန္တရာယ်ဖြစ်စေလျှက် ပြစ်ဒဏ်ပေး ရန်သတ်မှတ် ထားခြင်းဖြစ်ကြောင်း ထင်ရှားနေရာယခုဖြစ်ရပ်မှာလည်း မီးလောင်မှုကြောင့်အသက်ဆုံးရှုံး ရသည့် တစ်ဆက်တည်းဖြစ်ရပ်ဖြစ်ခြင်းကြောင့် ယင်းပုဒ်မဖြင့်သာစီရင်နိုင်ပါလျှက် ပုဒ်မ-၃၀၄(က) လူ သေမှုဖြင့် သီးခြားပြစ်ဒဏ်ထပ်ပေးသင့်ပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

– ပုဒ်မ-၃၀၄(က)မှာ မီးကြောင့်လူသေစေမှုမဟုတ်ဘဲယင်းပုဒ်မပါ အရမ်း သို့မဟုတ် မဆင်မခြင်ပေါ့လျှော့ သောပြုလုပ်မှုဆိုသည့် စကားရပ်သည် ပုဒ်မ-၂၈၅တွင်ပါဝင်ပြီးဖြစ်ရာ မီးကြောင့်လူသေရခြင်းသည်  ပုဒ်မ-၂၅၈(ဒုတိယပိုဒ်) အပြင်ပုဒ်မ-၃၀၄(က) တွင်ပါအကြုံးဝင်နေပါသလား?

– စွပ်စွဲခံရသူတွေပြုလုပ်မှုကြောင့်၊ ပေါ့ဆမှုကြောင့်၊ မဆင်မခြင်ပြုလုပ်မှုကြောင့်၊ တရားဝင်တာဝန်ရှိမှု  ကြောင့်မီးလောင်မှု၊ လူသေရမှုဖြစ်ကြောင်းတိုက်ရိုက်မျက်မြင်သက်သေခံချက်မရှိဘဲ ထင်မြင်ချက်၊ ယူဆချက်ဖြင့် ကွင်းဆက်ပြတ်နေသော သက်သေခံချက်ကို ထင်ကြေးဖြင့်ပြစ်ဒဏ်ချမှတ်လျှင် ဥပဒေနဲ့ညီညွှတ်ပါသလား? မှန်ပါသလား? ဘာသာရေးကိုနိုင်ငံရေး အတွက်အလွဲသုံးစားပြုခြင်း ဖြစ်ပါသလား?

အကယ်၍စာဖတ်သူလူကြီးမင်းသာ ဒီအမှုကိုတရားစီရင်ရမယ်ဆိုရင်ဘ…….

– လူကိုကြည့်ပြီး၊ စီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီးဆုံးဖြတ်မှာလား? အပြစ်ဒဏ်ချမှတ်မှာလား။?

– လူကြီးမင်းသာရှေ့နေဆိုရင်ရော ဘာဆက်လုပ်မလဲ။? ဒီပုစ္ဆာကိုဖြေပါ။

* ထည့်သွင်းလေ့လာသုံးသပ်ရမည့် ဥပဒေပြဌာန်းချက်ကတော့
ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)
ပုဒ်မ-၂၈၅(ဒုတိယပိုဒ်)
(၁) တရားခံသည်မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကို လက်ရှိဖြစ်ခြင်း
(၂) မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကြောင့် လူ့အသက်အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် လုံလောက်အောင် နေရာတကျမထားဘဲပျက်ကွက်ခြင်း
(၃) ယင်းပျက်ကွက်မှုသည် သိလျက်နှင့်သော်လည်းကောင်း၊ ပေါ့ဆ၍သော်လည်းကောင်းဖြစ်ခြင်း

စီရက်ထုံးများ
(၁) “အခင်းဖြစ်နေရာမှစတင်၍မီးလောင်မှုဖြစ်ပွားသည့် အကြောင်းကြောင့်တရားခံသည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်ဟု ယူဆရန်မဟုတ်ကြောင်း”

အစိုးရနှင့် မအုန်း၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၁၃၄အမှု။
အစိုးရနှင့် မောင်စိန်၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၅၆၉အမှု။

(၂) “တရားခံက အရမ်းပြုမူ၊ ပေါ့လျော့မှု သို့မဟုတ် ပြုသင့်သည်ကိုမပြုဘဲ ပျက်ကွက်မှုကြောင့်ဖြစ်သည် ဟု တရားလိုဘက်မှ သက်သေအထင်အရှားတင်ပြရန်လိုသည်။”
အစိုးရနှင့်မောင်ဏ(၁၉၀၂-၀၃)၊ အတွဲ-၁၊ အထက်မြန်မာပြည်စီရင်ထုံး၊ ၇ (ပြစ်မှု)။
မတင်ရွှေနှင့်ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၆၅၀

ပုဒ်မ-၃၀၄(က)
“မည်သူမဆိုပြစ်မှုပြစ်ဒဏ်ထိုက်သောလူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော်လည်း၊ အပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သောအရမ်းပြုလုပ်မှုကိုသို့တည်းမဟုတ် ပေါ့လျော့သောပြုလုပ်မှု ကိုပြု၍ လူကိုသေစေလျှင်ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။”

စီရင်ထုံးများ
————–
(၃) “လူသေသည့်အမှုတိုင်းတွင် တရားခံ၏အရမ်းပြုလုပ်မှုကြောင့်ဖြစ်ရသည် ဟုတထစ်ချ ယူဆရန်မဟုတ်ကြောင်း၊ တရားခံ၏အရမ်း သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုကြောင့်သေဆုံးရကြောင်း သက်သေအခိုင်အလုံတင်ပြရန်လိုကြောင်း၊ ထို့အပြင်အခြားလူ တစ်ဦး၏ပေါ့လျော့မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ တရားခံ၏ပြုလုပ်မှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းပြသရန်လိုသည်။”
မောင်ဘိုကေနှင့် ပြည်ထောင်စု၊ ၁၉၅၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၀၁(လွှတ်တော်)

* အရမ်း သို့မဟုတ် ပေါ့လျော့သောပြုလုပ်မှုအဓိပ္ပါယ်
“အရမ်းသို့မဟုတ်ပေါ့လျော့သော ပြုလုပ်မှုဆိုသည်မှာ ဆင်ခြင်တုံတရားရှိသည့် သာမန်အသိဥာဏ်ရှိသောသူတစ်ဦး၏ ပြုလုပ်မှုမျိုးကို မပြုလုပ်ဘဲပျက်ကွက်ခြင်း သို့မဟုတ် တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌
ထိုကဲ့သို့သောသူမျိုး ပြုလုပ်လိမ့်မည်မဟုတ်သည့် ပြုမူမှုများကိုပြုလုပ်ခြင်းကို ဆိုလိုသည်။” မောင်ဘိုကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၇၊ မြည်မာပြည်စီရင်ထုံး၊ စာ-၅၆၅

စီရင်ထုံးများ
————–
(၁) “ပြစ်မှုမြောက်စေမည့်အကြောင်းအင်္ဂါရပ်များစုံလင်အောင် တင်ပြသက်သေထူရန် မူလရုံးတရားလိုဘက်၌ တာဝန်ရှိသည်။ ကွင်းဆက်ပြတ်နေပါက ထိုကွင်းဆက်ကိုထင်ကြေးဖြင့် မဆက်နိုင်ပေ”
မောင်ဟန်စိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၈၀၊ မတစ၊ ၆(အထူး)

(၂) “တရားခံသည်၊ တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေမရှိဘဲ သံသယကြောင်းဖြင့် ၎င်းအားပြစ်ဒဏ် စီရင်ခြင်းမပြုနိုင်…”
အော်ဒရော်ဖမန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ ၅၃၈

(၃) “လျှောက်ထားသူများသည် အမှန်တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေအထောက် အထားမရှိဘဲ သံသယနှင့်အပြစ်ဒဏ်စီရင်မည့်အစား တရားလိုဘက်မှ တရားခံအပြစ်ရှိကြောင်း သက်သေ
ထူရန်ပျက်ကွက်သည် ဟု သုံးသပ်၍ တရားခံသက်သာစေမည့် ကောက်ချက်ကို လက်ခံခြင်းဖြင့်ပို၍ တရား မျှတ ရာရောက်မည်။”
အမ်အေအာ ရာဇ်နှင့် နိုင်ငံတော် (၁၉၇၀၊ အထူးအယူခံအဖွဲ့၊ ၁၆)

* ၁၉၇၃-ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ-၂၂

“ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအ ရပြစ်မှုမြောက်လျှင် ပြစ်မှု ကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရ”

ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

Leave a Reply