5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၆၊ ၂၀၁၆
M-Media

– နိုင်ငံတော်တော်များများအတွက် သူတို့ရဲ့ နိုင်ငံတော်အလံကို သတ်မှတ်တဲ့အချိန်ဟာ အရေးပါပြီး၊ တစ်ချို့တွေအတွက်တော့ အငြင်းပွားဖွယ် ဖြစ်တတ်ပါတယ်။ ဒီဇိုင်းတွေ အမျိုးမျိုးပြောင်းလဲတာကြောင့် နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံတော်အလံ စတင်သတ်မှတ်ခဲ့တဲ့ နေ့ရက်အတိ အကျ၊ ခုနှစ်အတိအကျကို မသိရှိနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီဇိုင်းမပြောင်းလဲဘဲ ယနေ့အထိ သက်တမ်းအရှည်ကြာဆုံး ဆက်တိုက် အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံ ၅ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ စကော့တလန်အလံ (၈၃၂)

f 1

စကော့တလန်အလံဟာ အမှောင်ခေတ်ကာလ တိုက်ပွဲတွေဖြစ်နေတဲ့ အေဒီ ၈၃၂ မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဥရောပရဲ့ သက်တမ်းအရင့်ဆုံးအလံဖြစ်ပြီး တစ်ခါတစ်ရံမှာ ဒီအလံကို The Scotland Saltire၊ Saltire၊ ဒါမှမဟုတ် St Andrew’s Cross လို့လည်း ခေါ်ပါတယ်။ စကော့တလန်အလံရဲ့ နောက်ခံအရောင်ကို မိုးပြာရောင်သုံးထားပြီး သာမန်အပြာရောင်နဲ့ အရောင်ထပ်တင်ကာ အဖြူရောင် ထောင့်ဖြတ် ကြက်ခြေခတ်ကို ထည့်သွင်းထားပါတယ်။

ဒီအလံဟာ အင်္ဂလိပ်အက္ခရာ X ပုံသဏ္ဍာန် လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်သူတော်စဉ် စိန့်အန်ဒရူးကို ကိုယ်စားပြုတာဖြစ်တယ်လို့ သိရပါတယ်။ စကော့တလန်နိုင်ငံမှာ စိန့်အန်ဒရူးနေ့ရောက်ပြီဆိုရင် လူတွေဟာ အဲဒီလက်ဝါးကပ်တိုင် တံဆိပ်တွေကို ဦးထုပ်တွေမှာ တပ်ဆင်လေ့ရှိကြပါတယ်။

၂။ သြစတြီးယားအလံ (၁၂၃၀)

f 2

သြစတြီးယားအလံရဲ့ ဒီဇိုင်းကတော့ အကွာအဝေးတူညီတဲ့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ် အစင်း ၃ စင်းဖြစ်ပြီး သမိုင်းကြောင်းအရတော့ ဘာဘန်ဘာ့ဂ်မင်းဆက် (Babenberg) က အသုံးပြုခဲ့တဲ့ အမှတ်အသားဖြစ်တယ်လို့ သိရပါတယ်။ အစပိုင်းကတော့ လိမ္မော်-အဖြူ-အပြာစင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ လိမ္မော်နဲ့ အပြာရောင်တွေကို အနီရောင် ပြောင်းခဲ့ကြပါတယ်။

ဒဏ္ဍာရီပြောစကားတွေအရ ဒီအလံကို သြစတြီးယားမြို့စား လီယိုပို ၅ (Leopold V) က တီထွင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ‘အေခရီ စီးနင်းတိုက်ခိုက်မှု’ (၁၁၈၉-၁၁၉၁) နောက်ပိုင်း ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ရဲ့ အပေါ်ရုံဝတ်စုံဟာ သွေးတွေနဲ့ နီရဲသွားခဲ့ပါတယ်။ သူ့ရဲ့ခါးပတ်ကို ချွတ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အောက်ခံအ၀တ်အစားဟာ အဖြူရောင်ဖြစ်နေပြီး အနီ-အဖြူ-အနီ အစင်းကြားပုံစံမျိုး ဖြစ်နေပါတော့တယ်။ အဲဒီ မြင်ကွင်းကို ကြည့်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ဟာ သြစတြီးယားအလံကို ဒီအရောင်တွေနဲ့ ဒီဇိုင်းထွင်ခဲ့တာပါ။

ဒီအလံကို ၁၁၀၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပေမယ့် ၁၂၃၀ ခုနှစ်ရောက်မှသာ နိုင်ငံတော်အလံအဖြစ် တရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

၃။ လတ်ဗီးယားအလံ (၁၂၈၀)

f 3

ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး အလံတွေထဲမှာ လတ်ဗီးယားအလံလည်း ပါဝင်ပါတယ်။အလယ်ခေတ် ရာဇ၀င်တစ်ခုဖြစ်တဲ့ Rhymed Chronicle of Livonia မှာတော့ ဒီအလံကို ၁၂၈၀ လောက်မှာ အသုံးပြုတယ်လို့ ဖော်ပြထားပြီး လတ်ဗီယားမျိုးနွယ်တွေဟာ အနီကို မူလအရောင်ထားကာ အဖြူအစင်းကြားတစ်ခုနဲ့ တွဲဖက်သုံးစွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

LatvianHistory.com မှာတော့ ‘လတ်ဗီးယား ဆာမီဂါလီယန်မျိုးနွယ်’ (Latvian Semigallian) ခေါင်းဆောင်ဟာ ကျူတိုးနစ် ခရစ်ယာန်သာသနာပြု စစ်တပ် (ခရူးဆိတ်စစ်တပ်) က ထိန်းချုပ်ထားတဲ့ ရီဂါ၊ လတ်ဂါလီယန်တို့ကို တိုက်ခိုက်တဲ့အခါမှာ စီဇစ် (Cesis) ဒေသက စစ်သားတွေဟာ ခရစ်ယာန် သာသနာပြုစစ်သားတွေဖက်က ကူညီကြပြီး၊ လတ်ဂါလီယန်မြို့သားတွေကတော့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ်အစင်းပါတဲ့ အလံတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ရာဇ၀င်ဆရာတွေကတော့ ဒီအလံကို ‘လတ်လူမျိုးများ၏ အလံ’ လို့ သတ်မှတ်ခဲ့ကြပြီး လတ်ဗီးယားအလံ စတင်ပေါ်ပေါက်လာတယ်လို့ မှတ်ယူခဲ့ကြပါတယ်။

အခြား ဒဏ္ဍာရီတစ်ခုမှာတော့ လတ်ဗီးယားမျိုးနွယ်က အကြီးအကဲဟာ စစ်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပိတ်အဖြူနဲ့ ထုတ်ထားခဲ့ရပြီး သူလဲလျောင်းနေတဲ့နေရာက အဖြူရောင် ကျန်ရစ်ခဲ့ပေမယ့် အစွန်းနှစ်ဖက်ကတော့ သွေးတွေစွန်းကာ အနီရောင် ပြောင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်စစ်ပွဲတစ်ခုမှာတော့ ဒီသွေးပေနေတဲ့ ပိတ်စကို အလံအဖြစ် လတ်ဗီးယားမျိုးနွယ်တွေက အသုံးပြုခဲ့တာပါ။ အဲဒီဒဏ္ဍာရီအရ ဒီအလံကို အသုံးပြုခဲ့တဲ့ စစ်ပွဲမှာ လတ်ဗီးယားတွေက အနိုင်ရပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၎။ ဒိန်းမတ်အလံ (၁၃၀၇ သို့မဟုတ် ထိုထက်အစောပိုင်း)

f 4

ဒိန်းမတ်နိုင်ငံမှာတော့ သူတို့ရဲ့ နိုင်ငံတော်အလံကို ‘Dannebrog’ ဒါမှမဟုတ် ‘Danish cloth’ လို့ ခေါ်တွင်ပါတယ်။ အနီရောင်နောက်ခံမှာ အဖြူရောင် စကင်ဒီနေဗီယံလက်ဝါးကပ်တိုင်နဲ့ လက်ရှိဒီဇိုင်းကိုတော့ ၁၃၀၇ ဒါမှမဟုတ် အဲဒီအချိန်ကာလထက် အရင် တရားဝင် နိုင်ငံတော်အလံအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အလံဟာ ‘တစ်ဆက်တည်း မပြောင်းမလဲအသုံးပြုခဲ့တဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံ’ အဖြစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း (Guinness World Record) မှာ မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။

ဒဏ္ဍာရီအရတော့ ဒီအလံဟာ ၁၂၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘လင်ဒါနစ်စီတိုက်ပွဲ’ (Battle of Lyndnisse) မှာ ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒိန်းမတ်လူမျိုးတွေဟာ အက်စတိုးနီးယား သာသနာပြုစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး နောက်ပိုင်း ဘုရားသခင်ထံမှာ ဆုတောင်းပြီးတဲ့အခါ ဒီအလံဟာ ကောင်းကင်ပေါ်ကနေ ကျလာတယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။ ဒီအဖြစ်အပျက်အပြီးမှာဒိန်းမတ်ဘုရင် ဗာလ်ဒီမာရ် ၂ (Valdemar II) ဟာ အက်စတိုးနီးယားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအလံအသုံးပြုမှုကို ဒီစစ်ပွဲအပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀ လောက်ကြာပြီးမှ တွေ့ခဲ့ရတာပါ။ ဒီ ဒဏ္ဍာရီဟာ သမိုင်းမှတ်တမ်း၊ ခိုင်လုံတဲ့မှတ်တမ်းမျိုး မဟုတ်ပေမယ့် အများစုကတော့ ဒီအဖြစ်အပျက်ကို အမှန်လို့ ယုံကြည်လက်ခံထားကြပါတယ်။

သမိုင်းရင်းမြစ်တစ်ချို့အရတော့ ရောမအင်ပါယာဟာ သူ့လက်အောက်မှာရှိတဲ့ ဒေသတွေကို ကိုယ်စားပြုဖို့အတွက် ဒီအလံဒီဇိုင်းမျိုးကို အသုံးပြုခဲ့တယ်လို့ သိရပေမယ့် ဒိန်းမတ်ကတော့ ရောမလက်အောက် မရောက်ခဲ့ပါဘူး။ အလံက အဖြူရောင် လက်ဝါးကပ်တိုင်ကတော့ ခရစ်ယာန်သာသနာကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီလက်ဝါးကပ်တိုင်ဒီဇိုင်းကို အခြား နော်ဒစ်တိုင်းပြည်တွေဖြစ်တဲ့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်နဲ့ အိုက်စလန်တို့က မွေးစား အသုံးပြုခဲ့ကြပါတယ်။

၅။ အလ်ဘေးနီးယား (၁၄၄၃)

f 5

အလ်ဘေးနီးယားအလံဒီဇိုင်းက အနီရောင်နောက်ခံမှာ ခေါင်းနှစ်လုံးပါဝင်တဲ့ သိမ်းငှက်ပုံကို အလယ်တည့်တည့်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေတဲ့ အော်တိုမန်အင်ပါယာကို ဆန့်ကျင်တဲ့အနေနဲ့ အလ်ဘေးနီးယားရဲ့ အမျိုးသားခေါင်းဆောင်ကြီး စကန်ဒါဘာ့ဂ် (ဂျော့ဂ်ျ ကက်စ်ထရီယိုတီ) ဟာ ‘ကရူဂျီခံတပ်’ ကနေ ၁၄၄၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင် လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ခေါင်းနှစ်လုံးပါတဲ့ သိမ်းငှက်ပုံစံက ဘိုင်ဇန်တိုင်းအင်ပါယာက အမှတ်အသားကို ဆွဲယူအသုံးပြုထားတာပါ။

အဲဒီ သိမ်းငှက်ပုံကို ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းမှာ အလ်ဘေးနီးယား အမျိုးသားရေးဝါဒီတွေက အော်တိုမန်လက်အောက်က လွတ်လပ်ရေးရဖို့ လှုပ်ရှားရာမှာ သူတို့ရဲ့ အမှတ်အသားအဖြစ် ပြန်လည် အသုံးပြုခဲ့ကြပါတယ်။ ၁၉၁၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အလ်ဘေးနီးယားဟာ လွတ်လပ်ရေးရခဲ့ပြီး ဒီအလံကိုပဲ နိုင်ငံတော်အလံအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

Ref : patriotwood.com

Leave a Reply