4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅ ၊ ၂၀၁၆
M-Media
သဲတပွင့် ရေးသည်။

1383881_3438480897530_682888451_n

Credit- လဂွန်းအိမ်

အဲဒီ မြို့လေးက ဗလီဝတ်ကျောင်းတော်ရဲ့ အိမာမ်ရှေ့ဆောင် ဆရာကြီး ကို မွတ်စလင်မ်တွေထဲက မော်လဝီဆပ်ကြီး ရယ်လို့ ခေါ်သူက ခေါ်ကြတယ်။

အများစုသော မွတ်စလင်မ်တွေနဲ့ ကျန်ဘာသာဝင်များက တညီတညွတ်ထဲ ခေါ်ကြတာကတော့ “ဆရာကြီး”တဲ့။ (ကွယ်ရာမှာတော့ ဘယ်ဆရာကြီးကို ဆိုလိုတယ်ဆိုတာ ကွဲပြားဖို့လိုတဲ့ အခါမျိုးကျရင်တော့ ကုလားဆရာကြီး … ဗလီဆရာကြီး စသည်ဖြင့် ညွှန်းဆိုမှာပေါ့လေ။)

ဆရာကြီးက ပါကစ္စတန် ဇာတိပါ။ မုတ်ဆိတ်ဖားဖားနဲ့ … အိမ်မှာနေရင် စွပ်ကျယ် လက်စက ဝတ်ပြီး အပြင်သွားရင် ကုရ်တာ အင်္ကျီရှည် ဝတ်တတ်သူပေါ့။

မနက်စောစော ဆရာကြီး လမ်းလျှောက်ထွက်ရင် လမ်းသွားလမ်းလာ ဗုဒ္ဓဘာသာဝင်တွေက (ရဟန်း သံဃာများလိုပဲ) အရိပ်မနင်းမိအောင် လမ်းဘေးကပ် ရှောင်ကွင်းတတ်ကြပါတယ်။

သစ်သီးဝလံ တစ်ခုခု ပေါ်ဦးပေါ်ဖျား အချိန်ရောက်ရင် သူတို့က ဆွမ်းတော်ကပ်၊ ဘုန်းကြီးကျောင်းလှူရင်းနဲ့ တစ်ဆက်တည်း ဆရာကြီးစားဖို့ဆိုကာ လက်ဆောင် လာပေးကြပါတယ်။

ဆရာကြီးများ ခရီးသွားပြီဆို ကားပေါ်မှာ၊ သင်္ဘောပေါ်မှာ “သံဃာတော်များသာ” ဆိုတဲ့ နေရာမှာ ရဟန်းသံဃာတော်တွေနဲ့အတူ စကားလက်ဆုံကျရင်း အတူ ထိုင်ရပါတယ်တဲ့။

ဒီလိုတွေပြောလို့ ဒဏ္ဍာရီ ယုံတမ်းစကားတွေ … လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ဇာတ်လမ်းကောင်း Utopia လို့ ထင်သူက ထင်မယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ဖဆပလခေတ်က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ ညောင်တုန်းမြို့ရဲ့ ဖြစ်ရပ်မှန်ပါ။ တခြားလည်း အလားတူဖြစ်ရပ်တွေ အများကြီး ရှိနိုင်ပါတယ်။

ဘာသာခြားတွေက ဒီလို သဘောထားတယ်ဆိုတော့ အံ့သြကောင်း အံ့သြမယ်။ ကျွန်တော်တောင် ဒီအကြောင်း စကြားရတော့ မယုံချင့်ယုံချင်။

ဒါပေမယ့် ဆရာကြီးကရော ပတ်ဝန်းကျင်ကို ဘယ်လိုသဘောထားလဲဆိုတာ သိရတော့ ဒါက ထူးဆန်းအံ့ဖွယ် မဟုတ်တော့တာ။

ဆရာကြီးကို ဒီလို ကြည်ညိုကြတာရဲ့ အကြောင်ရင်းတွေထဲမှာ မိုးဆုပန်ခြင်းက အရေးကြီးတဲ့ တစ်ချက်ပေါ့။ မိုးရွာသင့်တဲ့ကာလ မိုးခေါင်နေတယ်ဆို ဆရာကြီးက ဦးဆောင်ပြီး သောကြာနေ့ ဗလီမှာ ဆွလားသ် ဝတ်ပြုအပြီးမှာ မြို့ရဲ့ မြစ်ဆိပ် ကွင်းပြင်ကျယ်ကို အားလုံးအတူသွားပြီး မိုးဆုပန် ဆွလားသ် ဝတ်ပြုဆောက်တည်ကြတယ်တဲ့။ ဆွလားသ်အပြီး အိမ်ပြန်မရောက်ခင် မိုးသားတက်လာပြီး မကြာခင် မိုးရွာတာက အားလုံး ပြောစမှတ် ပြုကြရတယ်ဆိုပဲ။ (မန္တလေးမှာလည်း မင်းတုန်းမင်းလက်ထက်က မင်းချီးမြှောက်ခံမော်လဝီဆပ်ကြီးတစ်ပါးဆိုလည်း မိုးဆုပန် ဆရာကြီးရယ်လို့တောင် အမည်တွင်ခဲ့ပါတယ်။)

နောက်အချက်ကတော့ ဆရာကြီးတာဝန်ယူတဲ့ ဗလီနဲ့ တွဲရက်ရှိတဲ့ ကျောင်းအတွက်ကြောင့်ပါ။ အဲဒီကျောင်းက ကျောင်းအမည်ကိုက Muslim School ပါတဲ့။ ဒါပေမယ့် ပြည်သူပိုင်တွေ မသိမ်းခင် ပညာရေး လွတ်လပ်တဲ့ကာလဖြစ်လို့ ဒီကျောင်းလေးဟာ ဘာသာရေး စာသင်ကျောင်းသက်သက်မဟုတ်ဘဲ လူမျိုးဘာသာမရွေး မည်သူမဆို တက်ရောက်လို့ရတဲ့ အတန်းကျောင်း (သို့မဟုတ်) ခေတ်ပညာသင်ကျောင်းအဖြစ် တစ်နေကုန် ဖွင့်ပြီး ညနေဘက်ကျမှ မွတ်စလင်မ်တို့အတွက် သီးသန့် ဘာသာရေး ဒီနီယာသ် သင်ခန်းစာတွေ သင်တဲ့ကျောင်းလေးပါ။ ဆိုတော့ကာ နိစ္စဓူဝ ကျောင်းကို လာသွားနေကြတဲ့ ဘာသာခြား မိဘတွေ ကျောင်းသားတွေနဲ့ တရင်းတနှီး ရှိလေသပေါ့။ ဆရာကြီးကလည်း တသီးတခြား ခပ်တည်တည် မနေဘဲ အားလုံးကို ဖော်ဖော်ရွေရွေ ပြုံးရွှင်ချိုသာစွာ တလေးတစားနဲ့ ဧည့်ဝတ်ပြုတတ်တော့ ဆရာကြီးကိုလည်း အများက လေးစားကြတာပေါ့။

တစ်ခါကများဆို နေ့ဘက် သိပ္ပံသင်တဲ့ဆရာက ဝက်အကြောင်း သင်ခန်းစာသင်ထားပြီး သင်ပုန်းပေါ်မှာ ဝက်ပုံကြီးဆွဲထား … စာတွေရေးထား … ညနေရောက်တော့ ဆရာကြီးက သူ့ရဲ့ မွတ်စလင်မ်ကျောင်းသားတွေကို ဘာသာရေးသင်ခန်းစာသင်ဖို့ စာသင်ခန်းထဲဝင်တဲ့အထိ အဲဒါတွေက မဖျက်ရသေးတော့ ဟက်ဟက်ပက်ပက် ရယ်ပါသတဲ့။ တစ်ဆက်တည်းမှာပဲ ဝက်သားကို အစ္စလာမ်က ဘာကြောင့် မစားခိုင်းတယ် ထင်သလဲဆိုတဲ့အကြောင်း ကျောင်းသားတွေနဲ့ ဆွေးနွေးပါတယ်တဲ့။

ဆရာကြီးက လူကြီးလူငယ် ဘယ်သူနဲ့မဆို ဖော်ဖော်ရွေရွေ လေးစားသမှုနဲ့ “ခင်ဗျား … ကျွန်တော်” နဲ့ပဲ ပြောပါတယ်။ သူ့ရဲ့ကျောင်းသား မွတ်စလင်မ်လူငယ်တွေကို ခင်ဗျားတို့က ဗမာနိုင်ငံသား … ကျွန်တော်နဲ့ မတူဘူး … ဒီတော့ ဗမာစာ ဗမာစကား ကောင်းကောင်းတတ်အောင် သင်ကြပါ။ ဒီမြေကို ချစ်ကြပါလို့ သွန်သင်တတ်သူ။

အဲဒီခေတ်က ခုနစ်တန်းအောင်ရင် ဆရာဖြစ်သင်တန်းတက်ပြီး ကျောင်းဆရာ ဆရာမအဖြစ် အလုပ်လုပ်နိုင်တဲ့ခေတ်ပါ။ ဆရာကြီးက သူ့ကျောင်းသားတွေကို တက္ကသိုလ်ထိ ဆက်တက်ကြဖို့ ကြိုးစားကြဖို့ အမြဲ တိုက်တွန်းတတ်ပါတယ်။ ဒါ့အပြင် ငွေကြေးအရ အခက်ခဲရှိသူတွေကိုလည်း တတ်နိုင်သူတို့ထံ အပ်နှံပြီး ကျောင်းဆက်တက်နိုင်ဖို့ ကူညီ ပံ့ပိုးပေးတတ်ပါတယ်။

ကျွန်တော့်ဖခင်နဲ့ အဒေါ်တွေဟာ ဆရာကြီးရဲ့ တိုက်တွန်းမှု၊ သွန်သင်မှုကြောင့် ဘွဲ့ရကြတာပါ။

နောက်တစ်ချက်က နွေရာသီ အားလပ်ရက်တွေမှာ ဗလီကနေ ကြေညာပြီး လုပ်အားပေး အစီအစဉ် ဆွဲတတ်ပါတယ်တဲ့။ မိုးရာသီရောက်ရင် ရေစီးရေလာ ကောင်းစေဖို့ ဗလီဝန်းကျင် ပတ်ပတ်လည် လမ်းတွေကို (မှတ်ချက် … ဗလီရှေ့တည့်တည့် တစ်ကွက်စာ မဟုတ်ပါ။) မြောင်းတွေ ပြန်လည် တူးဖော်ဖို့ သူ့ရဲ့ မွတ်စလင်မ် ကျောင်းသားကြီးတွေနဲ့ စီစဉ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ပတ်ဝန်းကျင် လူမျိုးဘာသာမရွေးကလည်း အတူတကွ လုပ်အားကုသိုလ် ယူကြပါတယ်တဲ့။

ဘာသာရေးဆောက်တည်မှုအရ ကျင့်ရန်ကျဉ်ရန်တွေ ဆောင်ရန် ရှောင်ရန်တွေ သင်ကြားပေးရင်းနဲ့ “ပြုံးရွှင်ချိုသာစွာ ဆက်ဆံတယ်ဆိုတာ ဆွဒကဟ် အလှူဒါန ပြုရာရောက်ကြောင်း၊ လမ်းပေါ်က ဆူးညှောင့်ခလုတ် ဖယ်တယ်ဆိုတာက အီမာန် – သာသနာ့ယုံကြည်မှုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း” ဒါတွေကိုလည်း တဖွဖွ သွန်သင်တတ်ပါတယ်တဲ့။
တစ်ဦးမေတ္တာ တစ်ဦးမှာပါ။ လေးစားအတုယူကြစရာပါ။

Once upon a time တစ်ခါတုန်းကပေါ့လေ။ ခေတ်တွေလည်း ပြောင်းခဲ့ပြီကိုး။

Comments are closed.