5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၊ ၂၀၁၆
M-Media

zaw-htay

သမ္မရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး

– ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာပြဿနာမှာ ပြည်တွင်းရေးမဟုတ်ဘဲ နိုင်ငံတကာပြဿနာတစ်ခု ဖြစ်နေသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီး မြန်မာသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က အကြမ်းဖက်သမားများကို ဦးတည်ပြုလုပ်နေသည့် စစ်ဆင်ရေးအတွင်း မွတ်စလင်အရပ်သားများ၏ အိမ်များကို မီးရှို့ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ အစုအပြုံလိုက် သတ်ဖြတ်ခြင်းတို့ ရှိနေသည်ဟု စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း မလေးရှားရှိ အန်ဂျီအိုအဖွဲ့များက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်ကာ ထိုလုပ်ရပ်များအတွက် ရှုတ်ချခဲ့သည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင် ထိုကဲ့သို့ ချီတက်ဆန္ဒပြမှု ပြုလုပ်ရန် ရှိနေပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်လည်း ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မလေးရှားကက်ဘိနတ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးခဲ့ကြပြီး ‘အပြစ်မဲ့သူများ အသက်ဆုံးရှုံးခြင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းတို့ ဖြစ်စေသည့်’ အကြမ်းဖက်မှု မြင့်တက်လာခြင်းကို ရှုတ်ချသည်ဟု ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်ကလည်း မလေးရှားမှာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး ထိုကိစ္စအတွက် သတိပေးခဲ့သည်။

ဦးဇော်ဌေးကမူ မလေးရှားအနေဖြင့် ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုရဆိုသည့် အာဆီယံအဖွဲ့၏ စည်းမျဉ်းစည်းကမ်းကို လေးစားရမည်ဟု The Myanamr Times သို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

ယမန်နေ့ကထုတ်ပြန်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် မိမိတို့အနေဖြင့် ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအတွက် စိုးရိမ်မိပြီး၊ မြန်မာနိုင်ငံမှာ မလေးရှား၏ အိမ်နီးခြင်းဖြစ်သောကြောင့် ထိုပြဿနာက မိမိတို့၏ လုံခြုံရေး၊ ဘေးကင်းရေးနှင့် ရပ်တည်ချက်ကို ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့်ပင် မလေးရှားအနေဖြင့် ထိုကိစ္စအတွက် ချီတက်ဆန္ဒပြမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ပြဿနာ ထပ်ပြီးမဆိုးရွားအောင် တားဆီးရေးအတွက် အာဆီယံမိတ်ဖက်နိုင်ငံက လုပ်သင့်တာကို လုပ်ဆောင်လာရေးဟာ အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်ယူတတ်တဲ့ နိုင်ငံဖြစ်တဲ့ မလေးရှားရဲ့တာဝန် ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားက ဒီအသင်းကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းသိပါတယ်” ဟု အဆိုပါ ကြေငြာချက်က ဆိုသည်။

ထို့ပြင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် အာဆီယံပဋိဉာဏ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် လူ့အခွင့်အရေးအား မြှင့်တင်ကာကွယ်ပေးရန်အတွက် တာဝန်ရှိနေကြောင်း၊ မလေးရှား၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော ရိုဟင်ဂျာပြဿနာကို အလုံးစုံ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းနှင့်အညီ ထိထိရောက်ရောက်တုန့်ပြန်ရန်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူထားကြောင်းလည်း ဖော်ပြခဲ့သည်။

“မလေးရှားမှာ UNHCR ခေါင်းစဉ်အောက်က ရိုဟင်ဂျာအရေအတွက် မြင့်တက်လာမှု (ခန့်မှန်းခြေ ၅၆၀၀၀ ခန့်)၊ အိမ်နီးချင်းနိုင်ငံတွေမှာ သိန်းနဲ့ချီ ရှိနေမှုက ဒီပြဿနာဟာ ပြည်တွင်းရေးမဟုတ်ဘဲ နိုင်ငံတကာအရေး ဖြစ်လာစေတာပါပဲ။ လူမျိုးစုတစ်စုတည်းကို သီးသန့်မောင်းထုတ်နေတာက လူမျိုးစုလိုက်သုတ်သင်ရေးလို့ အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်” ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မလေးရှားတွင်ပြုလုပ်မည့် ချီတက်ဆန္ဒပြမှုမှာ ပြည်သူလူထုထောက်ခံမှု ရရှိရေးအတွက် နိုင်ငံရေးအရ အကွက်ချ လုပ်ဆောင်မှုသာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မပတ်သက်ကြောင်း၊ မိမိတို့အနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာနိုင်ငံသားများအနေဖြင့် သတိဝိရိယထားရှိရန် တိုက်တွန်းပါကြောင်း ဦးဇော်ဌေးက The Myanmar Times သို့ ပြောကြားခဲ့သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အရှေ့တောင်အာရှအတွင်း တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုရရှိရန်အတွက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိစ္စရပ်များကို ချက်ခြင်း ရပ်တန့်ရမည်ဖြစ်ကာ၊ မိမိတို့၏ ထိုရပ်တည်ချက်မှာ ဘာသာရေးအရမဟုတ်ဘဲ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအရ ဖြစ်သည်ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

Ref: The Star

Comments are closed.