1 day ago
ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ
3 days ago
ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ
4 days ago
ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ
1 week ago
ဘာသာရေးကို ခုတုံးလုပ် အမုန်းတရားဟောပြောမှုများအား မန္တလေးမြို့ ဘာသာပေါင်းစုံ အဖွဲ့ ရှုတ်ချ
1 week ago
ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်
1 week ago
သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး
1 week ago
Genius Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများ ရွှေအပါအဝင် ဆုတံဆိပ် ၉ ခု ဆွတ်ခူး
2 weeks ago
မင်္ဂလာတောင်ညွှန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း ၂ ပါးကို တရားခံပြေးအဖြစ် အမိန့်ချ
2 weeks ago
မိထ္ထီလာတွင် မွတ်စလင်မ်ဥပုသ်လ ဝတ်ပြုခွင့်ရဖို့ တိုင်းအစိုးရကို တရားဝင် တင်ပြထားသော်လည်း အကြောင်းမထူးသေး
3 weeks ago
လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို

ဇန်နဝါရီ ၂၃ ၊၂၀၁၇
ဆောင်းပါးရှင်- မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

မြန်မာစာ၊ မြန်မာစကားကိုတန်ဖိုးထားပြီး မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး အလေးထား လေးစားတဲ့ သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရဲ့မွေးနေ့ ရာပြည့်တိုင်ခဲ့ပါပြီ။ ဆရာကြီး သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ ပြည်ထောင်စုသား၊ နိုင်ငံသား၊ တိုင်းရင်းသား မြန်မာမွတ်စလင်မ်တို့ အတွက် အစ္စလာမ်သာသနာရဲ့တရားဒေသနာ အနှစ်အသားတွေအတိုင်း တတ်သိနားလည် ကျင့်သုံး နေထိုင် ဘ၀တည်ဆောက်နိုင်ရေးအတွက် မြန်မာမွတ်စလင်မ်လူအဖွဲ့အစည်းကို အစ္စလာမ့်စာပေတွေတို့အား မြန်မာ ဘာသာသို့ပြန်ဆိုပြီး မိတ်ဆက်ပေးခဲ့သူပါ။ မြန်မာစာပေသာ တတ်တဲ့ ပြည်ထောင်စု သား မြန်မာမွတ်စလင်မ် အများစု တို့ဟာ အရင်တချိန်က တဆင့်စကားနဲ့သာ ပြောသမျှ နာကြားခဲ့ကြရပြီး၊ ပြောဆိုဟောပြောသူရဲ့ ပညာအရည်အချင်း၊ စာရိတ္တ အရည်အချင်း၊ သမာဓိအရည်အချင်းတို့ကိုသာလိုက်ပြီး လိုက်နာကျင့်သုံးဆောက်တည်ခဲ့ကြရသလို၊ ပြောဟောသူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတို့ပါ စိမ့်ဝင်ခဲ့ကြရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေဖတ်ရှုသိနားလည်နိုင်ဖို့အတွက် ကလည်း မြန်မာ မွတ်စလင်မ်တွေ အနေနဲ့ မြန်မာစာသာတတ်တဲ့အတွက် အစ္စလာမ်သာသနာရဲ့တရားဒေသနာတွေကို လေ့လာဖို့ အခက်အခဲရှိနေချိန်မှာ ဆရာကြီး သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ဟာ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအတွက် မီးရှုးတန်ဆောင်အလင်းရောင် ဖြစ်ခဲ့ပါတယ်။

ဆရာကြီး သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရဲ့စေတနာ ကျေးဇူးတွေကြောင့် မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေ ဖတ်ရှု နားလည်ရတဲ့အတွက် ကိုယ်တိုင်ကျိုးကြောင်းဆင်ခြင်နိုင်ပြီး၊ အစ္စလာမ်သာသနာကပေးတဲ့ အမြိုက်အရသာနဲ့ အကျိုးထူးကိုခံစားနိုင်ခဲ့ပြီး၊ အစ္စလာမ်လူမှုဘ၀တည်ဆောက်မှုနဲ့အညီ ဘ၀တည်ဆောက်နိုင်ခဲ့ကြပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ နိုင်ငံသားတို့အကျိုး သယ်ပိုးနိုင်ခဲ့ကြပါတယ်။

ဆရာကြီး သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရဲ့မွေးနေ့ရာပြည့်ကို အလေးအမြတ် လေးစားဂုဏ်ပြုလိုတဲ့ဆန္ဒနဲ့ ဆရာကြီးရဲ့ အထ္ထုပ္ပတ္တိလို့မဆိုသာပေမယ့် ဆရာကြီးရဲ့ကိုယ်ရေးရာဇ၀င်အကျဉ်းမျှကို ရေးသားတင်ပြလိုက်ရပါတယ်။

ဆရာကြီး သီရိပျံချီ ဃာဇီ မုဟမ္မဒ် ဟာရှင်ဟာ ကျနော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံဂုဏ်ဆောင်တစ်ဦးဖြစ်သလို၊ အရှေ့တောင် အာရှရဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဘာသာပြန်ဆိုသူတွေထဲမှာ မြန်မာနိုင်ငံက ထူးချွန်ထက်မြက်တဲ့ ကျမ်းတော်မြတ်ကုရ်အာန် ဘာသာပြန်ဆိုသူတစ်ဦးဖြစ်ပါတယ်။ ဆရာကြီးရဲ့ဘွဲ့ထူးဂုဏ်ထူးတွေကတော့ “သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စီရုလ်ကုရ်အာန် အလ္လာမဟ် ဃာဇီ မုဟမ္မဒ်ဟာရှင်မ်” ဖြစ်ပါတယ်။

ဆရာကြီးကို (၁-၁-၁၉၁၇)ရက်နေ့မှာ အဖ ဦးပေါ်သိန်း၊ အမိ ဒေါ်ပန်းပုံတို့မှ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ လွှဲပေါက်ကုန်းကျေးရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဆရာကြီးရဲ့ မွေးချင်း(၁၁)ယောက်ရှိတဲ့အနက် ပဉ္စမမြောက်သား ဖြစ်ပါတယ်။ ဆရာကြီးရဲ့ဖခင် ဦးပေါ်သိန်းဟာ ပျော်ဘွယ်မြို့နယ်၊ လွှဲပေါက်ကုန်းအနွယ်ကဖြစ်ပြီး လှည်းထောက်လုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကာ မိခင်ဖြစ်သူဒေါ်ပန်းပုံကတော့ ရမည်းသင်းသူဖြစ်ပါတယ်။ အမိဘက်မှ အဘိုးတစ်ဦးဖြစ်သူ ဦးဘိုးကြွယ်ဟာ ပျဉ်းမနား-ကျောက်ပန်းတောင်း မီးရထားလမ်းဖွင့်စဉ်က ကန်ထရိုက်အဖြစ်တာဝန်ယူဖောက်လုပ်ပေးရသူ တစ်ဦးဖြစ်ပါတယ်။ မျိုးရိုးစဉ်လာအရ တောင်သူလယ်သမားတွေဖြစ်ကြပြီး လယ်ဝေးဒေသမှာ ဦးစွာချမ်းသာကြွယ်ဝခဲ့ကြတဲ့ မြေယာ ပိုင်ရှင်တွေ ဖြစ်ခဲ့ပြီး နှစ်ဘက်မိဘတွေရဲ့ဘိုးဘေးတွေဟာ ရှေးမြန်မာကြီးတွေဖြစ်ကြောင်း၊ ထို့ပြင် မိဘတို့မှာ အစ္စလာမ် ဘာသာဝင်များ သာမက၊ ဗုဒ္ဓဘာသာဝင်မြန်မာတွေနဲ့ အင်မတန်ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ခဲ့ကြသူများဖြစ်ကြတယ်လို့ ရှေးမီသူတို့ရဲ့ ပြောပြချက်ကို မှတ်သားခဲ့ရဖူးပါတယ်။ ဆရာကြီးရဲ့မိဘတွေဟာ ဆရာကြီးကိုမွေးဖွားပြီးတဲ့နောက် လွှဲပေါက်ကုန်းကျေးရွာမှ လယ်ဝေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဆရာကြီးဟာ ငယ်စဉ်က လယ်ဝေးမြို့ အစိုးရအထောက်အပံ့ခံ အစ္စလာမီယာမုဟမ္မဒ္ဒီယဟ်ကျောင်းမှာ ရှေးဦးစွာ ပညာသင်ခဲ့ပြီး၊ လက်ဦးဆရာမှာ ရှမ်းအမျိုးသားကျောင်းဆရာ ဟာဖိဇ်ဦးတင်ဆိုသူဖြစ်ပါတယ်။ အဲဒီကျောင်းမှာ ပညာသင်နေစဉ် ထူးချွန်ထက်မြက်သူတစ်ဦးအနေနဲ့ ဆရာတွေရဲ့ချီးကျူးခြင်းကိုခံရရုံမက၊ ဝေလမင်းသား မြန်မာပြည်သို့ အလည်အပတ် လာစဉ် ကျောင်းတိုင်းက အတော်ဆုံးကျောင်းသားတွေကိုဆုပေးတဲ့အခါ ဆရာကြီးဟာ ဝေလမင်းသားငွေတံဆိပ်ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးဟာ လယ်ဝေးမှာ ဘာသာရေးစာပေနဲ့တွဲဖက်ပြီး မြန်မာစာခုနစ်တန်းအထိသင်ယူခဲ့ပါတယ်။ မိဘတွေက မူလက ဥစ္စာပစ္စည်းကုံလုံကြွယ်ဝသူတွေဖြစ်ကြပေမယ့် မွတ်စလင်မ်တွေနဲ့ ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေက အကူအညီတောင်းခံ လာတဲ့အခါတိုင်း အဲဒီသူတွေရဲ့အကြွေးတွေနဲ့ပတ်သက်ပြီး ချစ်တီးတွေကို လွယ်လွယ်ကူကူအာမခံပေးရပြန်များပြီး အဲဒီအာမခံ ကြွေးတွေကြောင့်ပဲ ဆင်းရဲခြင်းဘဝသို့ရောက်ခဲ့ရပါတယ်။ အဲဒီအချိန်က ဆရာကြီးရဲ့ အသက်မှာ (၁၂)နှစ်ခန့်သာ ရှိသေးပါတယ်။ ဆင်းရဲသွားကြတဲ့မိဘတို့ရဲ့အကူအညီနဲ့ ပညာဆက်လက်သင်ဖို့မဖြစ်နိုင်တော့တာကြောင့် ဆရာကြီးဟာ ပညာဆက်လက် ဆည်းပူးသင်ယူနိုင်ဖို့ မိတ်ဆွေတချို့ရဲ့အကူအညီရယူပြီး ရန်ကုန်ကို တိတ်တဆိတ် ထွက်ပြေးလာခဲ့ပါတော့တယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ စူရတီဗလီရဲ့မုဖ်သီချုပ်ဖြစ်တဲ့ မောင်လာနာ မုဟမ္မဒ် အိစ်မားအီးလ် ဗိစ်မိလ္လာဟ်နဲ့တွေ့ပြီး မုဖ်သီချုပ်က ဆရာကြီးကို ဟံသာဝတီခရိုင်၊ ဒေးဒနောမြို့မှာရှိတဲ့ ဒါရွလ်အိုလူမ်ကျောင်းကို ပို့ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာကြီးနဲ့ရင်းနှီးတဲ့ ကျောင်းနေ ဘက် သူငယ်ချင်းတွေက

၁။         မောင်လာနာဟာဖိဇ်မုဟမ္မဒ်ဆွာလေ့ဟ် (သဗ်လီဂ်အမီရ်ချုပ်)

၂။         မောင်လာနာနူရ်မုဟမ္မဒ် (ကမ္ဘာ့အလင်း၊ အယ်ဒီတာ)

၃။         မောင်လာနာဂျမာလွဒ္ဒီးန် (မန္တလေး)

၎။         မောင်လာနာအဗ်ဒွလ်ဟကီးမ် (ကျောက်ဆည်ခရိုင်၊ လက်ပံရွာ)

၅။         မောင်လာနာကာရီမုဟမ္မဒ်အလီ (ရန်ကုန်)နဲ့

၆။         မောင်လာနာမုဟမ္မဒ်ရှဖီကွဒ္ဒီးန် (ဒေးဒနော)တို့ဖြစ်ကြပါတယ်။

 

ဆရာကြီးဟာ  ငယ်စဉ်ကတည်းက အသိပညာကို မက်မောမှုရှိတယ်။ အမှန်တရားကို ချစ်မြတ်နိုးတယ်။ မဟုတ်ရင် မခံတတ်တဲ့ စိတ်ဓာတ်ရှိတယ်။ သာသနာကို မိမိအသက်နဲ့ ထပ်တူထပ်မျှချစ်တယ်။ ဒီစိတ်ဓာတ်၊ ဒီသဘောထားတွေကပဲ ဆရာကြီးရဲ့ဘဝကိုပြောင်းလဲစေ ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ ဒေးဒနောလို ကျေးလက်ဒေသမှာနေထိုင်လို့ ဘယ်လိုမှတိုးတက်မှု မရနိုင်လို့ အတွေးပေါက်ပြီး ကျောင်းကို ရန်ကုန်မြို့သို့ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ မိမိတစ်ယောက်တည်း ပြောင်းတာထက် တစ်ကျောင်းလုံးပြောင်းတာက ပိုကောင်းမယ်လို့သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ဆရာကြီးဟာ သူနဲ့ဆန္ဒတူတဲ့ စာသင်သား မိတ်ဆွေသူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး ဒီကျောင်းကို ဒေးဒနောရွာသူရွာသားတွေက မနှစ်သက်ကြသယောင်၊ ကျောင်းကို ဆက်လက်ထားရင် သက်ဆိုင်သူတွေရဲ့ အန္တရာယ်ဖြစ်နိုင်သယောင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းပို့စေခဲ့တယ်။

ဒီလိုနဲ့ အဲဒီကျောင်းမှာ (၂)နှစ်လောက်နေပြီးချိန်မှာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကျောင်းကို ရန်ကုန်မြို့၊သမိုင်းကို ကတိုက်ကရိုက်ပြောင်းရွှေ့ပေးခဲ့တယ်။ သမိုင်းကကျောင်းမှာ ဆက်လက်ပညာသင်ကြားနေစဉ်အတွင်း ကျောင်းကြီးကို အုပ်ချုပ် နေတဲ့ မြန်မာပြည် ဂျာမီအသွလ်အိုလမာအဖွဲ့ကွဲသွားလို့ အဲဒီကျောင်းမှာရှိတဲ့ မြန်မာမွတ်စလင်မ်ဆရာနှစ်ပါး အလုပ်က အဖြုတ်ခံ ခဲ့ရတယ်။ (အဲဒီအချိန်က အိန္ဒိယသားမော်လဝီတွေသြဇာလွှမ်းမိုးနေချိန်ဖြစ်တယ်။ အိန္ဒိယမွတ်စလင်မ်တို့က မြန်မာတိုင်းရင်းသား မွတ်စလင်မ်တွေကို အိန္ဒိယယဉ်ကျေးမှုအား ဘာသာရေးအဆုံးအမအဖြစ် ပြုလုပ်ကာ သွတ်သွင်းနေတဲ့အချိန်လည်းဖြစ်တယ်။)

မြန်မာမွတ်စလင်မ်ကျောင်းသားတွေခွဲခြားဆက်ဆံခံရတာကို မခံမရပ်နိုင်တဲ့အတွက် ဆရာကြီးက ကျောင်းသားအားလုံး ကို ဦးဆောင်ပြီး ကျောင်းကိုသပိတ်မှောက်ခဲ့ကြတယ်။

သပိတ်မှောက်ရတဲ့အကြောင်းက ကျောင်းအုပ်ချုပ်ရေးပိုင်းပုဂ္ဂိုလ်တို့က ခေါင်းပုံဖြတ်ခြင်းနဲ့ ကျောင်းမှာစည်းကမ်းမကောင်းခြင်းတို့လည်း ပါဝင်ပါတယ်။ ဆရာကြီးခေါင်းဆောင်ပြီး ဂျမီအသ်အဖွဲ့ရဲ့ အတွင်းရေးမှူးဆီကို တောင်းဆိုချက်တွေ ရေးသားတင်ပြခဲ့ပေမယ့် အတွင်းရေးမှူးက လာရောက်တွေ့သူတွေကို မော့၍ပင် မကြည့်၊ အရေးဆိုတဲ့စာကိုဖတ်ပြီး ထွက်သွားကြဖို့ ကြိမ်းမောင်းပြောဆိုတယ်။ ဆရာကြီးက ‘ဒီရုံးဟာ ဒို့ရုံး၊ မင်းတို့မဆိုင်၊ ဘာမှတ်သလဲ၊ ဇေရ်ဘာဒီသွေး နီသကွ၊ အေးအေးဆေးဆေးတောင်းတာကို ရိုင်းပျစွာလုပ်ရင်သိမယ်’ လို့ ပြန်ပြီးကြိမ်းမောင်း လိုက်တဲ့အခါ ကျန်တဲ့သပိတ်မှောက်ကျောင်းသားတွေကလည်း ဒေါသဖြင့် ကုလားထိုင်တွေဆွဲကာ ရိုက်ရန်ပြင်ကြတော့တယ်။ အဲဒီအခါကျမှ အတွင်းရေးမှူးလုပ်သူက လန့်ဖြန့်၊မော့ကြည့်ပြီး နဖူးပေါ်လက်တင်တောင်းပန်ကာ စာကိုအဖွဲ့သို့တင်ပြပေးပါမယ် လို့ ကတိပြုလိုက်တယ်။

နောက်ဆုံးမှာတော့ မုဖ်သီမဟ်မူဒ်ဒါဝူးဒ်ယူစွဖ် (နောင်တွင်အိုလမာအဖွဲ့ချုပ်ဥက္ကဋ္ဌ)ရဲ့ဖခင်ဖြစ်သူ ဟာဂျီ ဒါဝူးဒ် ဟာရှင်မ် ယူစွဖ်က ခေါင်းဆောင်ပြီး ကျောင်းသားတွေကို မသိမသာကူညီအားပေးခဲ့တယ်။ သပိတ်မှောက်ကျောင်းသားတွေကို လက်ညှိုး ထိုးပြီး ကျောင်းနဲ့သက်ဆိုင်တဲ့မွတ်စလင်မ်မြို့မိမြို့ဖတွေကို မိမိဘက်သို့ပါအောင် ဆွဲဆောင်ခဲ့တယ်။ နောက်ဆုံး ကျောင်းသား တွေရဲ့ဆန္ဒ အရ သမိုင်းမှာရှိတဲ့ကျောင်းကို လုံးဝသပိတ်မှောက်လိုက်ကြပြီး၊ လက်ရှိ တာမွေဒါရွလ်အိုလူမ်ကျောင်း စတင် ပေါ်ပေါက်လာ ရတာဖြစ်ပါတယ်။ တာမွေဒါရွလ်အိုလူမ်ကျောင်းရဲ့ ကျောင်းသားတွေစာရင်းမှာတော့ ဆရာကြီး ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရဲ့ အမည်ဟာ  ထိပ်ဆုံးကဖြစ်ခဲ့ပါတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ ဒေးဒနောကျောင်းမှာ အရဗီ၊ အုရ်ဒူ၊ ဖာရစီဘာသာရပ်တွေကို သင်ယူခဲ့ပြီး မြန်မာစာနဲ့ ပါဠိ ဘာသာကို အစ္စလာမ့်ပေါင်းချုပ်ကျမ်းကိုပြုစုခဲ့တဲ့ ဆရာကြီး ဦးထွန်းကြွယ် (ကွယ်လွန်)ဆီမှာ သင်ယူခဲ့ ပါတယ်။ ဆရာကြီးရဲ့စိတ်ရင်းမှာ ဘာသာရေး ပညာတင်မက အင်္ဂလိပ်စာနဲ့လက်မှုပညာကိုလည်း သင်ယူလိုတဲ့ဆန္ဒ ပြင်းပြလျှက် ရှိခဲ့တယ်။

သမိုင်းကျောင်းမှာ ပညာသင်ကြားနေစဉ်အတွင်း အုရ်ဒူဘာသာဖြင့် ကုရ်အာန်ကျမ်းမြတ်အကျယ်ပြန်၊ မိရှ်ကာသ်ကျမ်းနဲ့ အခြားကျမ်းစာများကိုလည်း သင်ကြားပြီးမြောက်ခဲ့ပါတယ်။

၁၉၃၅-ခုနှစ်မှာ ဟာဂျီဒါဝူဒ် ဟာရှင်မ်ယူစွဖ်က ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်အပါအ၀င် ကျောင်းသား (၆)ဦးကို အိန္ဒိယနိုင်ငံ၊ စဟာရန်ပူရ်မြို့ပေါ်ရှိ မဇွာဟိရွလ်အိုလူမ်အရဗီတက္ကသိုလ်ကို စေလွှတ်ပြီး သာသနာ့ပညာတွေ ဆက်လက်ဆည်းပူး စေခဲ့ပါတယ်။ မဇွာဟိရွလ်အိုလူမ် အရဗီတက္ကသိုလ်မှာ (၄)နှစ်မျှ သာသနာ့ပညာ သင်ကြားတတ်မြောက်ပြီး အောင်လက်မှတ်ရရှိ ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကိုပြန် မလာမီ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ အိန္ဒိယနိုင်ငံမှာ သက္ကဋဘာသာ၊ ပါဠိဘာသာ၊ ဟင်ဒီ ဘာသာတို့ကိုလည်း ဗာရာဏသီမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်ယူဆည်းပူးခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံ၊ စဟာရန်ပူရ်မှာနေစဉ်ကလည်း ‘ဘဂဝတ်’ဂီတကျမ်းကို ဟင်ဒီ ဘာသာဖြင့် သင်ယူခဲ့ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အတွက် ၁၉၃၉-ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာပြည်၊ ရန်ကုန်မြို့ကို ပြန်လာခဲ့ပါတော့တယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ မူလက အိုလမာအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ အစ္စလာမ်သာသနာရေးရာ ကောင်စီရဲ့ အတွင်းရေးမှူးချုပ်တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့တယ်။ ၁၉၅၈-ခုနှစ်မှာ အစ္စလာမ်သာသနာရေးရာကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်လာတယ်။ မိတ္ထီလာမှာပြုလုပ်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီရဲ့ညီလာခံမှာ ဆရာကြီးနဲ့ အိုလမာအဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တို့ သဘောထားအမြင်ကွဲလွဲခဲ့ကြတယ်။ ကွဲလွဲခဲ့ရတဲ့အကြောင်းကတော့ အိုလမာအဖွဲ့ဝင်တချို့ပုဂ္ဂိုလ်တွေက “နိုင်ငံတော်အလံ အလေးမပြုရ၊ သမ္မတရဲ့သဝဏ်လွှာနားထောင်စဉ် မတ်တပ်မရပ်ရ၊ အမျိုးသမီးတွေဟာ အစ္စလာမ်သာသနာ ရေးရာကောင်စီရဲ့ အမှုဆောင်အဖွဲ့မှာ မပါဝင်ရ”လို့ အပြင်းအထန်တောင်းဆိုလာတဲ့အခါ ဆရာကြီးက နားလည်အောင် ပြောပြီး အခြေအနေကို ထိန်းသိမ်းကာ နှစ်သိမ့်ပေးခဲ့ရပါတယ်။

နိုင်ငံတော်အစိုးရက စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ရန် စီစဉ်လာတဲ့အခါမှာလည်း ဆရာကြီးနဲ့အိုလမာအဖွဲ့ဝင်တချို့ သဘောထားအမြင် မတူညီကွဲလွဲခဲ့ကြပြန်တယ်။ အိုလမာအဖွဲ့မှပုဂ္ဂိုလ်တချို့က “စစ်မှုထမ်းဥပဒေမှာ တာဝန်ခံမော်လဝီဆပ် တွေနဲ့ အိမ်တွင်းပုန်း မွတ်စလင်မ်အမျိုးသမီးတွေ မပါဝင်ရ”လို့ဆိုကြတယ်။ ဆရာကြီးက “တိုင်းပြည်အရေးဖြစ်လို့ မော်လဝီဆပ်နဲ့ ဗလီဆရာတွေဟာ စစ်တပ်မှာရှေ့ဆုံးကပါဝင်ရမယ်။ အိမ်တွင်းပုန်း မွတ်စ်လင်မ်အမျိုးသမီးတွေ စစ်ပညာသင်ကြားပေးမှုအတွက် သီးသန့်အစီအစဉ်နဲ့ ပြုလုပ်ပေးရမယ်” လို့ဆိုပါတယ်။

ဒီလိုနဲ့ မြန်မာမဆန်ချင်ကြတဲ့ အိုလမာအဖွဲ့နဲ့ သဘောထားအမြင် တဖြေးဖြေးကွဲလွဲလာလိုက်တာ ပညတ်တော် (၁၀)ပါး ခေါ် အမေရိကန်ရုပ်ရှင်ကားနဲ့စပ်လျဉ်းပြီး ဝိဝါဒကွဲကြရင်းက လမ်းဆုံးသို့ရောက်ခဲ့ပါတော့တယ်။ ဆက်လက်ပြီး လက်တွဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘဲ၊ အိုလမာအဖွဲ့တွင်းမှ မြန်မာဆန်တဲ့ အမှုဆောင်လူကြီးတချို့တို့ဟာလည်း ဆရာကြီး ဃာဇီနဲ့ အတူ (၂၁-၂-၁၉၅၉) နေ့ကစပြီး အိုလမာကနေ အပြီးတိုင် လမ်းခွဲနှုတ်ထွက်ခဲ့ကြပါတော့တယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ သာသနာ့ပညာရေးကို အထူးစိတ်ဝင်စားပြီး မိမိရဲ့ ဘ၀တစ်သက်တာလုပ်ငန်း တစ်ခုလို့ သတ်မှတ်ထားသူဖြစ်သလို၊၁၉၅၀-ခုနှစ်မှာ (Islamic Society of Burma)ကို မစ္စတာ အဟ်မဒ်အီဗရာဟင်မ် (ဥက္ကဋ္ဌ) MA. ရရှီးဒ်က (အတွင်းရေးမှူး)အဖြစ် ဦးဆောင်ဖွဲ့စည်းပြီး ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ကို တာဝန်ခံ စာပေဘာသာပြန်မှူး အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ် ဦးဆောင်ပြီး ၁၉၅၀-ခု၊ နိုဝင်ဘာလ (၁)ရက်နေ့က စပြီး ကျမ်းတော်မြတ်ကုရ်အာန်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို ဦးဆောင်ဘာသာပြန်ဆိုခဲ့ရာ အစောင် (၁) မှ (၁၀)ထိ ပထမတွဲ။ အစောင် (၁၁) မှ (၂၀)ထိ ဒုတိယတွဲ နဲ့ အစောင် (၂၁) မှ (၃၀)ထိ တတိယတွဲတို့ကို မောင်လာနာ ကာရီ မပ်က်ဆူဒ် အဟ်မဒ်ခန်းနဲ့ တွဲဖက်ပြန်ဆိုခဲ့ပြီး၊ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အလင်းပြကျမ်း (သိဗ်ယာနုလ်ကုရ်အာန်) အစောင် (၁) မှ (၃၀)ထိ သဖ်စီရ် စ-ဆုံးကို ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်တစ်ဦးတည်း ရေးသားခဲ့တာကို အကြောင်းပြုပြီး  ဆရာကြီးအား “မုဖတ်စီရုလ်ကုရ်အာန်”လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။

နိုင်ငံတကာ အစည်းအဝေးတခုတွင် မလေးရှားဝန်ကြီးချူပ် မဟာသီမှ နှုတ်ဆက်နေစဉ်

နောက်ပိုင်းမှာ ဆရာကြီးဟာ “ဗုခါရီကျမ်း” “မိရှ်ကာသ်ကျမ်း”တို့မှ အစ၊ လူငယ်လူရွယ်တို့အတွက် သင်ခန်းစာများ ရေးသားပြုစုထုတ်ဝေခဲ့ပါတယ်။ ဆရာကြီးရေးသားပြုစုခဲ့တဲ့ ကျမ်းပေါင်း (၅၈)အုပ်ကျော်ရှိပြီး၊ ဟောပြောပွဲနဲ့ သင်တန်းတွေလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မရေမတွက်နိုင်အောင်  ကျင်းပပြုလုပ်ပြီး ဟောပြောပို့ချခဲ့ပါသေးတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ် ရေးသားပြုစုထုတ်ဝေခဲ့တဲ့ စာအုပ်အချို့ကို ခုနှစ်သက္ကရာဇ်နှင့်တကွ ဖော်ပြရမယ် ဆိုရင် ကမ္ဘာကျော် အာလင်မ်ကြီးတစ်ပါးဖြစ်တဲ့ “မောင်လာနာ ရှိဗ်လီနုအ်မာနီ” ရဲ့ “စီရတွန်နဗီ”ကျမ်းကြီးကို အတွဲ (၄)တွဲ ခွဲပြီး ဘာသာပြန်ဆိုကာ “တမန်တော်မြတ်”လို့ အမည်ပေး ရေးသားထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ (၂၆၃)မျက်နှာပါဝင်တဲ့ “တမန်တော်မြတ်”ပထမတွဲ ကို ၁၉၆၂-ခုနှစ်တွင် ပြန်ဆိုခဲ့တယ်။ ၁၉၆၄-ခုနှစ်ထုတ် “မြန်မာ့စွယ်စုံကျမ်းအတွဲ (၉)တွင် စာမျက်နှာ (၁၃၂)မှ (၁၃၅)ထိ တမန်တော်မြတ်အကြောင်းကို ဖော်ပြထားပါတယ်။ ရေးသားသူမှာ ဆရာကြီး ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ပဲဖြစ်ပါတယ်။ စာသင်သားလူငယ်တွေအတွက်လည်း “တမန်တော်မုဟမ္မဒ်”ဆိုတဲ့အမည်နဲ့ စာအုပ်ငယ်တစ်အုပ် (၁၉၆၇)ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ(၂၂၄)မျက်နှာပါတဲ့ “တမန်တော်မြတ်” ဒုတိယတွဲကို (၁၉၇၂)ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး၊ စာမျက်နှာ(၂၅၁)မျက်နှာပါတဲ့ “တမန်တော်မြတ်” တတိယတွဲကို (၁၉၇၈)ခုနှစ်၊ စာမျက်နှာ (၂၇၈)မျက်နှာပါတဲ့ “တမန်တော်မြတ်” စတုတ္ထတွဲကို (၁၉၈၈)ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာကြီး ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ပြန်ဆိုပြီး မထုတ်ဝေဖြစ်ခဲ့တဲ့ စာမျက်နှာ (၂၃၃၃)မျက်နှာပါရှိတဲ့ “တမန်တော်မြတ်” ပဉ္စမတွဲကို အစ္စလာမ်သာသနာရေးရာကောင်စီ ဋ္ဌာနချုပ်က တာဝန်ယူပြီး ၂၀၀၉-ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ တဖန် ဗုခါရီကျမ်းမြတ်(ဘာသာပြန်)ကို ၁၉၈၈-ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင် ထုတ်ဝေခဲ့ပြီးနောက် ဗုခါရီကျမ်းဘာသာပြန်ဒုတိယတွဲကိုထုတ်ဝေခဲ့ပါတယ်။ ဗုခါရီကျမ်းဘာသာပြန် တတိယတွဲ ကိုတော့ ၁၉၉၂-ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့ပါတယ်။ “အစ္စလာမ့်ကြေးမုံ” အရဗီသင်ခန်းစာ၊ အစ္စလာမ့်သင်ခန်းစာ စတဲ့စာအုပ်များစွာကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့ပါတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ရဲ့ခံယူချက်နဲ့အတွေးအခေါ်မှာ အစ္စလာမ်သာသနာဟာ ကမ္ဘာ့သာသနာတစ်ခု ဖြစ်တယ်။ ဒါ့ကြောင့် အစ္စလာမ်သာသနာရဲ့ အဆုံးအမများတွေဟာလည်း ကမ္ဘာ့လူသားတိုင်းအတွက်၊ ကမ္ဘာ့လူမျိုးရှိရာ ဒေသတိုင်းနဲ့ သဟဇာတဖြစ်တဲ့ အဆုံးအမတွေသာဖြစ်တယ်။ ဒါကြောင့် နေရာဒေသတိုင်းမှာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးနိုင်ရမယ်။ ဆရာကြီးရဲ့အတွေးအခေါ်နှင့်ပတ်သက်ပြီး အောက်မှာဥပမာအနေနဲ့ ဖော်ပြထားတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် ရှင်းလင်းစွာ သိနိုင်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ စဟာရန်ပူရ်ကျောင်းမှာ သာသနာပညာရပ်တွေ သင်ယူနေစဉ်အခါက အိန္ဒိယနိုင်ငံရဲ့ တချို့ယဉ်ကျေးမှုနဲ့ အယူအဆတွေဟာ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ရဲ့အတွေးအခေါ်နဲ့ အတော်များများ ဆန့်ကျင်ပဋိပက္ခဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာကြီးနဲ့သူငယ်ချင်းတစ်သိုက်ဟာ ကျန်းမာရေးလိုက်စားသူတွေဖြစ်ကြတဲ့အလျောက် ဘောလုံးကစားခြင်း၊ ခြင်းခတ်ခြင်းတွေမှာ ဝါသနာထုံကြပါတယ်။ ဒါပေမယ့် ကျောင်းဥပဒေက ဒူးမပေါ်ရ ဆိုတဲ့ဥပဒေတွေရှိတဲ့အတွက် အခက်အခဲနဲ့ ကြုံတွေ့ကြရ ပါတယ်။ နောက်ဆုံးမှာ ဆရာကြီးတို့က ဘောင်းဘီရှည်ဝတ်ပြီး ကစားခဲ့ကြရတယ်လို့သိရပါတယ်။ ဆရာကြီး ပါဝင်တဲ့ စဟာရန်ပူရ်မြို့က ဘောလုံးအသင်းဟာ ဒေလီမြို့ထိ တက်ရောက်ကန်ကာ အောင်ပန်းဆွတ်ခူးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ကျောင်းက ဘောလုံးကစားတာကို ခွင့်မပြုပေမယ့် ဆရာကြီးတို့သူငယ်ချင်း တစ်သိုက်ဟာ ကျောင်းတွင်းမှာ ကျောင်း ဥပဒေကို လိုက်နာပြီး ကျောင်းပြင်ပမှာဆိုရင် မိမိမှန်တယ်လို့ ထင်တာကို လွတ်လွတ်လပ်လပ်ကျင့်သုံးတတ်သူဖြစ်တယ်။ ဒါကလည်းပဲ ဆရာကြီးရဲ့အတွေးအခေါ် ပုံရိပ်၊ ခံယူချက်တစ်ခုဖြစ်ပါတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ရဲ့ဘာသာရေးအပေါ်ထားရှိတဲ့အတွေးအခေါ်နဲ့စပ်လျဉ်းပြီး တင်ပြရမယ်ဆိုရင် ဘာသာရေးမှာ အယူသီးမှု၊ အစွန်းရောက်မှုတွေကိုလက်မခံသလို၊ အသေးအဖွဲအဆုံးအမတွေ မလိုက်နာမှုကြောင့် ကြီးမားတဲ့ ကွဲလွဲမှုတွေ၊ ကွဲပြဲမှုတွေဖြစ်ပေါ်တာကိုလည်း မနှစ်သက်သူဖြစ်ပါတယ်။ ဥပမာအနေနဲ့တင်ပြရရင်….

တမန်တော်မြတ်ရဲ့လမ်းစဉ်ကိုလိုက်နာရမယ်ဆိုတဲ့ဆောင်ပုဒ်ကိုအသုံးပြုပြီး အသိပညာအားနည်းလို့ဖြစ်ဖြစ်၊ သိလျှက်နဲ့ ဖြစ်ဖြစ် တချို့ပုဂ္ဂိုလ်တွေက ဆွလာသ်ဝတ်ပြုရင် အင်္ကျီကိုလုံချည်ရဲ့အပြင်ထုတ်ထားရမယ်လို့ ဇွတ်အတင်းပြောလေ့ရှိကြတယ်။ အဲဒီလိုမဟုတ်ရင် ဆွလာသ်ဝတ်ပြုမှု မပိုင်လို့ ထိုသူတို့ပြောဆိုလေ့ရှိကြတယ်။ သူတို့ရဲ့အကြောင်းပြချက်က အင်္ကျီအပြင်ထုတ် ၀တ်တာကို စွန္နသ်ဖြစ်တယ် လို့ဆိုကြတယ် ။ အဲဒီလိုပဲ မျက်စိမှာ စူရ်မာဆွဲတာကိုလည်း စွန္နသ်လို့ဆိုကြတယ်။ စူရ်မာဆွဲတဲ့သူ ဆွဲတာကို မပြောလိုပေမယ့် မဆွဲတဲ့သူတွေကို အပြစ်ရှိသယောင်၊ အပြစ်ဖြစ်သယောင် ပြောဆိုနေကြတာတွေကိုတော့ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်က မလိုလားခဲ့ပါဘူး။ လုံချည်ဝတ်တာ၊ ဘောင်းဘီဝတ်တာနဲ့ပတ်သက်ရင်လည်း ဆရာကြီးက အဓိက ပြဿနာမဟုတ်ဘူးလို့ ခံယူတယ်။ တမန်တော်မြတ်က လုံချည်ကွင်းဝတ်လေ့ရှိပေမယ့် ဘောင်းဘီကို လာပြတဲ့အခါမှာလည်း ဘောင်းဘီ လည်းကောင်းပါတယ်လို့ ပြောခဲ့ဖူးကြောင်း ဆရာကြီးက အထောက်အထားပြပြောခဲ့ပါတယ်။

အဲဒီလို သာသနာအတွက် တိုက်ရိုက်အရေးမကြီးဘဲ အသေးအဖွဲကိစ္စတွေကို အရေးတကြီးပြုလုပ်ပြီး အငြင်းအခုံမပြုလုပ်ကြဖို့နဲ့ အသေးအဖွဲတွေ အငြင်းအခုံ လုပ်ကြရင်း အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားမှာကို မလိုလား သလို၊  သာသနာရဲ့အရေးကြီးတဲ့ အဆုံးအမတွေ တဖြည်းဖြည်းတိမ်မြုပ်လာပြီး မွတ်စလင်မ်တို့ အရှုံးနဲ့ ရင်ဆိုင်ကြရမှာကိုလည်း အစိုးရိမ်ကြီး၊ သောကကြီး လွန်းသူဖြစ်တယ်။ အဲဒီလိုအသေးအဖွဲကိစ္စလေးတွေမှာ ဝိဝါဒ မတူညီမှုကြောင့် အချင်းချင်းစိတ်ဝမ်း ကွဲမှုတွေ ဖြစ်ပေါ်လာမှာကိုလည်း ဆရာကြီးဟာ လုံးဝမလိုလားသူဖြစ်ပါတယ်။ အခုလို သာသနာအတွက်အကျိုးယုတ်မှုတွေ ဖြစ်ပေါ်လာရတာဟာ အသိပညာနည်းခြင်း၊ အတွေးအခေါ်မမှန်ကန်ခြင်းတို့ကြောင့် ဖြစ်ကြရတယ်ဆိုတာကို အယူသည်း အစွန်းရောက်သူတွေ သိနိုင်စွမ်း၊ မြင်နိုင်စွမ်းမရှိလို့သာဖြစ်ရတာလို့ ဆရာကြီးက ယူဆထားသူဖြစ်တယ်။ (စာရှည်မည်စိုးလို့သာ ဆရာကြီးရဲ့ အတွေးအခေါ်နဲ့ စပ်လျဉ်းတဲ့ တစ်စိတ်တစ်ဒေသကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။)

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ  အိန္ဒိယနိုင်ငံမှ ၁၉၃၉-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရင်းတော်ရွာကြီးမှာ မဒီနသွလ်အိုလူမ်အမည်ရှိတဲ့  ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး ဂျပန်ခေတ်ကုန်ဆုံးသည်အထိ ကျောင်းသား(၅၀)ကျော်တို့ကို သာသနာရေး ပညာရပ် တွေ သင်ကြားပို့ချပေးခဲ့ပါတယ်။ B.I.A ခေတ်မှာ ရမည်းသင်းခရိုင် B.I.A အတွက် လှည့်လည်တရားဟောပေးခဲ့ရာ ဂျပန်တပ်တွေ ဆုတ်ခွာချိန်မှာတော့ ဂျပန်တွေက ဆရာကြီးကို မသင်္ကာဖြစ်ပြီး (၉)ရက်တိုင်တိုင် အစာရေစာမဲ့ ချုပ်နှောင်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးမှာ သတ်ဖို့ လာသူတွေကို လှည့်ဖြား၍ လွတ်မြောက်ခဲ့ရပါတယ်။

၁၉၄၅-ခုနှစ်မှာ ပျဉ်းမနားမြို့မှာ စတင်တည်ထောင်တဲ့ “ဗမာမွတ်စ်လင်မ်ကွန်ဂရက်” (ဗ.မ.က)အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့မှာ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ကို သာသနာရေးရာ တာဝန်ခံအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ တစ်ဖန် ၁၉၄၆-ခုနှစ်မှာ “ဗမာမွတ်စ်လင်မ် ကွန်ဂရက်”(ဗ.မ.က)အဖွဲ့ကကြီးမှူးပြီး “ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်အိုလမာ အဖွဲ့ချုပ်” ကို ဖွဲ့စည်းတဲ့အခါမှာတော့ ဆရာကြီးဟာ အဲဒီအဖွဲ့မှာ ပထမဆုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

နောက်ပိုင်း စစ်ပြီးခေတ်မှာ မန္တလေးမြို့က မြို့မိမြို့ဖတွေရဲ့ ဖိတ်ခေါ်ချက်အရ မောင်လာနာ ဂိုလာမ် အလီရှာဟ် စစ်တန်း မော်လဝီဆပ်ကြီးရဲ့ “မဒ်ရဆာ မုဟမ္မဒီယဟ်” အရဗီသိပ္ပံကျောင်းမှာ ကျောင်းအုပ်အဖြစ် (၄)နှစ်လောက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသေးတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ  အစ္စလာမ်သာသနာရေးရာကောင်စီမှာ ပထမ အတွင်းရေးမှူးချုပ်၊ နောက် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ပြီး (၁၉၆၀)ခုနှစ်မှာ အစ္စလာမ်သာသနာရေးရာကောင်စီရဲ့ဥက္ကဋ္ဌကြီးအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ အဲဒီခေတ်ကာလက အစ္စလာမ် သာသနာရေးရာကောင်စီရဲ့ လုပ်ငန်းတွေမှာ အခက်အခဲပေါင်း မြောက်များစွာနဲ့ ကြုံဆုံခဲ့ရပေမယ့် ဆရာကြီးက အဲဒီအခက်အခဲတွေကို သီးခံခြင်း၊ စိတ်ရှည်ခြင်း၊ ဇွဲလုံ့လတို့နဲ့ ကျော်လွှားနိုင်ဖို့ အစ္စလာမ်သာသနာရေးရာကောင်စီကို ကျွမ်းကျင်လိမ္မာ ပါးနပ်စွာ ပဲ့ကိုင်ထိန်းသိမ်းလာခဲ့တဲ့ ဥက္ကဋ္ဌကြီးလည်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ခဲ့ခြင်းကလည်း ဆရာကြီးက မိမိကိုယ်မိမိ ဥက္ကဋ္ဌလို့ ခွဲခြားစိတ်သဘောမထားဘဲ ဆောင်ရွက်ဖွယ်ရာကိစ္စ မှန်သမျှ တို့ကို အမှုဆောင်အဖွဲ့ဝင်အားလုံးတို့နဲ့ပူးပေါင်းပြီး၊ စည်းစည်းလုံးလုံး ညီညီညာညာ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါဟာ ဆရာကြီးရဲ့ပေးဆပ်မှု တစ်စိတ် တစ်ဒေသပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ကလည်း ဆရာကြီးကို ဂုဏ်ပေးလေးစား တန်ဖိုးထားဆက်ဆံမှုတွေရှိခဲ့ပါတယ်။ ဆရာကြီးအပေါ်ထားရှိတဲ့ သဘောထား အမြင်ကိုတင်ပြရရင် ၁၉၆၂-ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)မှာ ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ကို နိုင်ငံတော် သမ္မတရဲ့အတွင်းဝန်- ဦးသာထက် ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး “သီရိပျံချီ”ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ နိုင်ငံအကျိုး၊ နိုင်ငံသားတို့အကျိုး၊ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအကျိုးတို့ကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်ရင်း ၁၉၉၃-ခုနှစ်၊ဧပြီလ(၁၄)ရက်၊ တနင်္လာနေ့မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွား ခဲ့ရာ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသား နိုင်ငံသား တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် မြန်မာ မွတ်စလင်မ်တို့အဖို့ ဖော် မပြနိုင်တဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ရပါကြောင်း၊ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအတွက် မီးရှုးတန်ဆောင် အလင်းရောင် ကွယ်ပျောက်ခဲ့ ရသလို ခံစားရပါကြောင်း ကြေကွဲဝမ်းနည်းခြင်းများစွာဖြင့် ဆရာကြီး “သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စီရုလ် ကုရ်အာန် အလ္လာမဟ် ဃာဇီ မုဟမ္မဒ်ဟာရှင်မ်” ရဲ့ ရာပြည့်အမှတ်တရအောက်မေ့ဖွယ်အဖြစ် ဂုဏ်ပြုတင်ပြလိုက်ရပါတယ်။

အလ္လာဟ်အရှင်မြတ်ထံတော်မှ “သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စီရုလ် ကုရ်အာန် အလ္လာမဟ် ဃာဇီ မုဟမ္မဒ်ဟာရှင်မ်”အား ဂျန္နသ်သုခဘုံမှာ မြင့်မားတဲ့အဆင့်အတန်းချီးမြှင့်ပါစေကြောင်း အကြိမ်ကြိမ်အခါခါ တောင်းဆုဒုအာပြုရင်း ဆရာကြီးလို ကိုယ်ကျိုးမဖက် နောက်ဆုံးထွက်သက်တိုင် နိုင်ငံအကျိုး၊ နိုင်ငံသားတို့အကျိုး၊ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအကျိုးတို့ကို သယ်ပိုးသွားခဲ့တဲ့ခေါင်းဆောင်မျိုးကို နောင်လာနောက်သားမျိုးဆက်သစ်လူငယ်များ အတုယူအားကျပြီး၊ လူသားအကျိုးပြု ပုဂ္ဂိုလ်မွန်တွေ ပေါ်ထွန်းနိုင်ပါစေကြောင်းမျှော်လင့်လျှက်…….

 

ကိုးကား။

– “တမန်တော်မြတ်” ပထမအတွဲ ဗိုလ်မှူးဘရှင်၏ နိဒါန်းပါ အချက်အလက်များ။

–  မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့အခမ်းအနားကျင်းပရေးကော်မတီမှ ထုတ်ဝေသော(၇၅)နှစ်မြောက် စိန်ရတုမဂ္ဂဇင်း။

– ယခုဆောင်းပါးအတွက် အစစအရာရာကူညီပေးခဲ့သော ဆရာမောင်သစ္စာ(ဒဿန)အား အထူးကျေးဇူးတင်ရှိပါကြောင်း

မှတ်တမ်းတင်အပ်ပါသည်။

Photo Thida Htay (Faridah)

မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|



Comments are closed.