2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၅၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– အစ်ဗနေ့ ခါလ်ဒွန် (Ibn Khaldun) ဟာ အလယ်ခေတ် မွတ်စလင်လူ့အဖွဲ့အစည်းမှာ နောက်ဆုံး ပေါ်ထွန်းခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူရဲ့စာအုပ်တွေ၊ မိသားစုအကြောင်း ဒိုင်ယာရီတွေ၊ သူ့ဘ၀အကြောင်းတွေမှာ အလယ်ခေတ် မွတ်စလင်လူ့အဖွဲ့အစည်း တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပြီး နောက်ဆုံးမှာ ပျက်ဆီးသွားတဲ့ အခြေအနေတွေကို တွေ့မြင်ရပါတယ်။ အလယ်ခေတ် အစ္စလာမ့်လူ့အဖွဲ့အစည်း ဘာ့ကြောင့် ကျဆင်းသွားလဲဆိုတာကို ရှင်းပြခဲ့တဲ့ ခါလ်ဒွန်ဟာ သက္ကရာဇ် ၁၃၃၂ ခုနှစ် တူနစ်မှာ မွေးဖွားခဲ့ပြီး ၁၄၀၆ ခုနှစ် ကိုင်ရိုမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခါလ်ဒွန်ဟာ တိုးတက်တဲ့ အလယ်ခေတ်အစ္စလာမ့်လူ့အဖွဲ့အစည်းကို ပျက်သုဉ်းစေတဲ့ ကျူးကျော်သူတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူပါ။ သူရဲ့အဖိုးအဖွားတွေဟာ ဒီ ကျူးကျော်သူတွေရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ စပိန်ကခရစ်ယာန်တွေက သူတို့ရဲ့ ဘိုးဘေးပိုင် ဒေသတွေကို ပြန်လည်သိမ်းပိုက်တဲ့ ၁၂၄၈ ခုနှစ်အထိ သူတို့တွေဟာ ဆီးဗီးလ်မြို့မှာ နေထိုင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ခါလ်ဒွန်ရဲ့ အဖိုးအဖွားတွေဟာ နေအိမ်ဆုံးရှုံးခဲ့ရကာ မြောက်အာဖရိကကို ထွက်ပြေးခဲ့ရပါတယ်။ ခါလ်ဒွန်ရဲ့ မိဘတွေဟာ မြောက်အာဖရိကမှာ ပလိပ်ရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။

အစ်ဗနေ့ခါလ်ဒွန်ဟာ မွေးရပ်တူနီးရှားကနေ အီဂျစ်ကို ၁၃၈၂ ခုနှစ်မှာ မိသားစုဝင်တွေနဲ့အတူ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်မှာလည်း သူတို့ဟာ မတည်ငြိမ်မှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ပြီး မိသားစုဝင်တွေဟာ သတ်ဖြတ်ခံရတာ၊ ဖမ်ဆီးခံရတာကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ခါလ်ဒွန်ဟာ ဒီမိသားစုဝင်တွေကို ပြန်မတွေ့တော့ဘဲ သူတို့အကြောင်းလည်း နောက်ပိုင်းမှာ လုံးဝ မပြောတော့ပါဘူး။

အစ်ဗနေ့ ခါလ်ဒွန်ရဲ့ ဘ၀နိဂုံးပိုင်းနှစ်တွေဟာ တစ်ချိန်ကတောက်ပခဲ့တဲ့ မွတ်စလင်လူ့အဖွဲ့အစည်း၊ မွတ်စလင်တွေရဲ့ ပညာအဆင့်အတန်း ကျဆင်းသွားတဲ့ ခုနှစ်တွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၅ ရာစု အစောပိုင်းမှာ စပိန်နဲ့ စစ္စလီကို မွတ်စလင်တွေ လက်လွှတ်လိုက်ရပြီး ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်သည်တွေ၊ မွန်ဂိုတွေရဲ့ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ တာမာလိန်းလို့ နာမည်ကြီးတဲ့ ‘တီမူးရ် သည် လိမ်း’ (Timur the Lame) ကလည်း ဒီကာလမှာ မွတ်စလင်အုပ်စိုးတဲ့ ဒေသတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဒီဒဏ်ကို အစ်ဗနေ့ခါလ်ဒွန်လည်း တစ်စိတ်တစ်ပိုင်း ခံစားခဲ့ရပါတယ်။

တရားသူကြီးတစ်ဦး၊ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ရတဲ့ ခါလ်ဒွန်ဟာ အလုပ်တာဝန်တွေနဲ့ မအားလပ်ပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနတွေကို လုပ်ဆောင်ခဲ့ပြီး Book of the Lessons and Archive of Early and Subsequent History (ခေတ်အဆက်ဆက်၏ သမိုင်းမှတ်တမ်းများနှင့် ၎င်းတို့ကပေးသော သင်ခန်းစာများ) လို့ခေါ်တဲ့ ကမ္ဘာ့သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အလ်-မူကဒ်ဒီမာဟ် (Al-Muqaddimah) လို့လည်း ခေါ်တွင်ပါတယ်။

အလ်-မူကဒ်ဒီမာဟ်ကျမ်းကြီးဟာ ကမ္ဘာလုံးဆိုင်ရာ သမိုင်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ထုတ်ထားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ အစ်ဗနေ့ ခါလ်ဒွန်က သမိုင်းကို ပြုစုတယ်ဆိုတာ မှန်ကန်တဲ့အချက်တွေကို စုဆောင်းတာသာ မဟုတ်ဘဲ ဒီအချက်အလက်တွေကို ဘယ်သူက ပြောဆိုတယ်၊ အဲဒီသူတွေက ဘယ်ဒေသကနေ၊ ဘယ်တုန်းကလာတယ် ဆိုတာတွေနဲ့ သူတို့ရဲ့ သမာသမတ်အပေါ်မှာလည်း မှီတည်တဲ့ဆိုတဲ့ အယူအဆတစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းပြုစုမှုနယ်ပယ်မှာ တော်လှန်ပြောင်းလဲခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဒီနေ့အချိန်အထိ သမိုင်းပညာရှင်တွေ အသုံးပြုနေကြတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ခါလ်ဒွန်က ဘက်လိုက်မှုနဲ့ စီစစ်မှု မရှိတဲ့ အချက်အလက်တွေကို သမိုင်းဆိုင်ရာမှာ ထည့်သွင်းတာမျိုး လက်မခံပါဘူး။ ဒီလိုနည်းနဲ့ သူဟာ ပညာရပ်ဆိုင်ရာနဲ့ လူမှုသိပ္ပံဆိုင်ရာနယ်ပယ်မှာ မူသစ်တစ်ခုကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။

မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ခါလ်ဒွန်

သူ့ရဲ့ နာမည်ကျော် လေ့လာမှုတစ်ခုက လူ့အဖွဲ့အစည်းတစ်ခု တိုးတက်လာမှု၊ ဆုတ်ယုတ်သွားမှုနဲ့ ဆက်စပ်နေပြီး ဒီလေ့လာမှုကပဲ လူအဖွဲ့အစည်းတစ်ခုနဲ့ လူမှုဗေဒတစ်ခုကို လေ့လာတဲ့ လူမှုသိပ္ပံပညာရပ်အတွက် အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ပါတယ်။ ခါလ်ဒွန်က လူ့လောကမှာ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် သဘာဝကြောင့် လူ့အဖွဲ့အစည်းတစ်ခုဟာ ဆုတ်ယုတ်မှုကို သူတို့ကိုယ်တိုင် ဖန်တီးဖြစ်ပေါ်စေတဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုဟာ ဘုံလိုအပ်ချက်နဲ့ လွှမ်းမိုးလိုမှုအတွက် ပူးပေါင်းဆောင်ရွက်မှုကြောင့် တိုးတက်လာခဲ့ပြီး လူမှုဆက်နွယ်မှု အခိုင်ခံ့ဆုံးအချိန်မှာ တိုးတက်မှု အထွတ်အထိပ်ကို ရောက်သွားကြောင်း၊ ဒီလို သာယာဝပြောနေတဲ့အချိန်မျိုးမှာ စေတနာမမှန်တဲ့ ယှဉ်ပြိုင်မှုတွေ၊ အကျင့်ပျက်မှုတွေကြောင့် ဒီဆက်နွယ်မှုတွေဟာ လျော့လျဲလာပြီး နောက်ဆုံးမှာ တိုးတက်မှု ဆုတ်ယုတ်လာကာ ကျရှုံးသွားတဲ့ အနေအထားကို ရောက်သွားကြောင်း ခါလ်ဒွန်က တင်ပြခဲ့ပါတယ်။

နိုင်ငံတိုင်းမှာရှိနေတဲ့ အဖျက်စွမ်းအားတွေကို ဆန့်ကျင်တွန်းလှန်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ဘာသာတရားဖြစ်တယ်လို့ အစ်ဗနေ့ ခါလ်ဒွန်က ကောက်ချက်ချခဲ့ပါတယ်။ အစ္စလာမ်ဟာ လူ့အဖွဲ့စည်းအတွက် နာမ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုပေးပြီး ဒါက ဘ၀မှာတွေ့ကြုံရမယ့် ပြဿနာအားလုံးအတွက် အဖြေဖြစ်တယ်လို့ သူက ဆိုပါတယ်။

စီးပွားရေးပိုင်းမှာလည်း ခါလ်ဒွန်ဟာ အရှေ့ရောက်ခဲ့ပြီး စီးပွားရေးပညာရှင်ကြီး အဒမ်စမစ် မတိုင်ခင် နှစ်ပေါင်း ၄၀၀ အရင်ကတည်းက လုပ်အားဟာ သာယာဝပြောရေးအတွက် ရင်းမြစ်တစ်ခုဖြစ်တယ်လို့ ခါလ်ဒွန်က ဖော်ထုတ်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ စက်မှုလက်မှုနဲ့ ကုန်စည်ကူးသန်းရေးတို့က တိုက်ရိုက် ၀င်ငွေနဲ့ ပြည်သူ့ဝန်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်းတွေရဲ့ သွယ်ဝိုက်ဝင်ငွေတွေကိုလည်း သူက ခွဲပြခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ဒီအချက်တွေက သိပ်ပြီး အရေးမပါတော့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ နီးနီးလောက်က ဒါတွေဟာ ဆန်းသစ်တဲ့ အယူအဆတွေဖြစ်ခဲ့ပြီး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှု၊ ၀ယ်လိုအား၊ ရောင်းလိုအားနဲ့ ဖြန့်ဖြူးမှုတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေး စည်းကမ်း နည်းလမ်းတွေကို လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ်ဗနေ့ ခါလ်ဒွန်

ခါလ်ဒွန်ရေးသားခဲ့သည့် Introduction to a History of the World (ကမ္ဘာ့သမိုင်းမိတ်ဆက်) ကျမ်း

အစ်ဗနေ့ ခါလ်ဒွန်ဟာ တရားသူကြီး၊ တက္ကသိုလ်ဆရာ၊ သံတမန် စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လူမှုဗေဒ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သမိုင်း၊ ဒဿန၊ နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ စတဲ့နယ်ပယ်တွေမှာ အထင်ကရကျမ်းတွေ ရေးသားခဲ့သူဖြစ်ပါတယ်။

အကျော်ကြားဆုံးကတော့ အလ်-မူကဒ်ဒီမာဟ်လို့ခေါ်တဲ့ Introduction to a History of the World (ကမ္ဘာ့သမိုင်းမိတ်ဆက်) ဆိုတဲ့ ကျမ်းကြီးဖြစ်ပြီး မွေးရပ်မြေကနေ ထွက်ပြေးရပြီး အလ်ဂျီးရီးယားမှာ ခိုလှုံရ၊ အဲဒီမှာ နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ထွက်ပြေးရ စတဲ့ ဒုက္ခသုက္ခတွေထဲမှာ ရေးသားခဲ့တဲ့ ကျမ်းလည်း ဖြစ်ပါတယ်။

ပထမတွဲမှာ အဲဒီခေတ်က အစ္စလာမ့်လူ့အဖွဲ့အစည်းအကြောင်းကို အသေးစိတ် လေ့လာဆန်းစစ် ဖော်ထုတ်ထားပြီး အခြားလူ့အဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ခါလ်ဒွန်ဟာ လူမှုသိပ္ပံဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်မြင့်မားမှု၊ ကျရှုံးမှုတွေကိုလည်း လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.