5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၈၊ ၂၀၁၇
M-Media

ရခိုင်ပြည်နယ်မတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ

– ယနေ့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်ထက် အမှောင်ကျပြီးနောက်ပိုင်း ဘယ်လိုအချိန်မျိုးနဲ့မှ မတူတဲ့ စိုးရိမ်စရာ အနေအထားတစ်ခုကို ဖော်ပြနေပါတယ်။ ကမ္ဘာကြီးကလည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဒုက္ခသည်ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ထောင်သောင်းချီတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့
ကလေးငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာပြဿနာအပေါ် အဓိကထား အာရုံစိုက်နေကြပါတယ်။

ဒါပေမယ့် အဆိုးဆုံးကို မကျော်ဖြတ်နိုင်သေးပါဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်သလောက် မဖြည့်ဆည်းပေးနိုင်သေးသလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကိစ္စတွေကိုလည်း မဆွေးနွေးနိုင်သေးပါဘူး။

အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေနဲ့ ဒီကိစ္စကို တုန့်ပြန်မယ့် အနေအထားလည်း ရှိနေပါတယ်။ တရားဝင်ပိတ်ဆို့မှုတွေ မလုပ်သေးပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ ခရီးသွားတွေ သိသိသာသာ ကျဆင်းသွားတယ်ဆိုတာ သံသယဖြစ်စရာမလိုတဲ့ ကိစ္စပါ။ အခုအချိန်ဟာ ပြည်တွင်းစီးပွားရေး အားနည်းပြီး ဘဏ်တွေ
လည်း မတည်ငြိမ်တဲ့အချိန်ပါ။ အာရှက အဆင်းရဲဆုံး သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ လမ်းပျောက်တဲ့ အနာဂတ်မျိုးကို မကြာခင်မှာ ကြုံလာရနိုင်ပါတယ်။

စီးပွားရေးကျဆင်းမှုဟာ ယိုင်နဲ့နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုက်ရိုက် ခြိမ်းခြောက်လာမှာပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ လောက်ရှိပြီး အင်အား ၂ သောင်းလောက်ရှိတဲ့အဖွဲ့ကနေ ရာဂဏန်းရှိတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထိုင်းနဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၅ သိန်းနီးပါးလောက် ရှိနေပါတယ်။ စီးပွားရေးတိုးတက်မှုတစ်ခုတည်းက ငြိမ်းချမ်းရေးကို ဦးဆောင်နိုင်မှာ မဟုတ်ပေမယ့် လက်ဝါးကြီးမအုပ်ဘဲ အလျင်အမြန်တိုးတက်နေတဲ့ စီးပွားရေးမျိုး ဖြစ်လာအောင် မဆောင်ရွက်ဘဲနဲ့ ငြိမ်းချမ်းရေးက ရှေ့ရောက်မှာ မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ လတ်တလော အကြမ်းဖက်မှုကို ဦးတည်စေခဲ့တဲ့ သြဂုတ်လတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ ARSA အဖွဲ့ဟာ တိုက်ခိုက်မှုကို စနစ်တကျ ထပ်လုပ်လာနိုင်ပါတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နေတဲ့ ပြည်မက မြို့တွေကို နိုင်ငံတကာ ဂျီဟတ်အုပ်စုတွေ၊ သူတို့ရဲ့ သွေးထိုးမှု ခံထားရသူတွေက ပစ်မှတ်ထားလာနိုင်တဲ့ ပိုဆိုးတဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အကြမ်းဖက်ဝါဒကို တင်သွင်းခံလာရရင် လူမျိုးရေးပဋိပက္ခဟာ လွယ်လွယ်ကူကူဖြစ်ပွားလာနိုင်ပြီး နောက်ဆက်တွဲရလဒ်တွေကလည်း ဆိုးဆိုးဝါးဝါး ဖြစ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ ဦးတည်ချက်မဲ့ စစ်အာဏာရှင်တို့အကြား ဆယ်စုနှစ်များစွာ လွန်ဆွဲနေရတဲ့ အပစ်ပယ်ခံ နိုင်ငံအဖြစ် အနောက်တိုင်းက လူတော်တော်များများက ရှုမြင်ပါတယ်။ မြန်မာနိုင်ငံက စိန်ခေါ်မှုတွေရဲ့ နက်နဲရှုပ်ထွေးမှုတွေကို နားလည်ချင်သူတွေ၊ ရှေ့
ဆက်သွားဖို့ လက်တွေ့ကျတဲ့နည်းလမ်း ရှာဖွေရေးကို ကူညီချင်တဲ့သူတွေကတော့ နည်းနည်းလောက်သာ ရှိပါတယ်။ ပေါ်လစီရေးရာ ကျရှုံးမှုတွေဟာ နိုင်ငံရေးအရ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

ချမ်းသာတဲ့၊ သိပ်မကြာသေးခင်အချိန်ကတောင် ရွှေခေတ်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေကြောင့် ပျက်ဆီးသွားတယ်၊ လမ်းမှားသွားတယ်ဆိုတဲ့ အယူအတစ်ခုဟာ မြန်မာနိုင်ငံအတွင်းမှာ ရှိနေပါတယ်။ ဒီအယူအဆရဲ့ နောက်ဆက်တွဲ ကောက်ချက်က ဒီမိုကရေစီအစိုးရဆိုတဲ့ အပြောင်းအလဲတစ်ခုဟာ အလားအလာတွေကို လမ်းဖွင့်ပေးမှာဖြစ်ပြီး တစ်ချိန်က ဒေသတွင်း သာယာဝပြောဆုံး နိုင်ငံတစ်ခုဆိုတဲ့ နေရာမှန်ကို ပြန်ရောက်စေမယ်လို့ ယုံကြည်နေကြပါတယ်။ လက်တွေ့မှာတော့ ခေတ်မီတဲ့နိုင်ငံတစ်ခုဖြစ်လာရေး အခြေခံမူဘောင်ကိုတောင် မတွေ့ရသေးပါဘူး။

ဒီလိုမျှော်လင့်ချက်မျိုးဟာ နှစ် ၂၀ လောက်ရှိခဲ့တဲ့ နိုင်ငံတကာက ပိတ်ဆို့မှု၊ နှစ် ၃၀ လောက်ရှိခဲ့တဲ့ တံခါးပိတ်ဝါဒ၊ နှစ် ၅၀ ကြာခဲ့တဲ့ အာဏာရှင်စနစ်ဆိုး၊ နှစ် ၇၀ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်၊ နှစ် ၁၀၀ ကျော်တဲ့ ကိုလိုနီဝါဒတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လစ်လျူရှုထားရာ ရောက်ပါတယ်။

ကျန်းမာရေး၊ ပညာရေးအတွက် ပြည်သူ့ဘဏ္ဍာကို မျိုးဆက်များစွာ သုံးစွဲမှုမရှိတဲ့ အကျိုးဆက်ကိုလည်း နေရာတိုင်းမှာ တွေ့မြင်ရမှာပါ။ နိုင်ငံရေးအမြင်တွေမှာလည်း လူမျိုးခြားကြောက်ရောဂါ အမြစ်တွယ်နေပါတယ်။ အစိုးရ ယန္တရားတွေဟာ လျော့တိလျော့ရဲဖြစ်နေပြီး နိုင်ငံရဲ့ ဒေသတော်တော်များများမှာ အလုပ်မဖြစ်သေ
လာက်ကို ဖြစ်နေပါတယ်။ နိုင်ငံရေးသဘောဆန္ဒ အမြင့်ဆုံးရှိနေရင်တောင် ရှေ့ရောက်ဖို့ မလွယ်ပါဘူး။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုးတက်လာတာ တစ်ချို့ရှိပြီး ရာစုနှစ်ဝက်အတွင်း နိုင်ငံရေးနယ်ပယ် ပိုပြီး လွတ်လပ်လာတာ၊ အနည်းဆုံး စစ်အာဏာရှင်စနစ်ကနေ အရပ်သားတစ်ပိုင်းပါတဲ့ အစိုးရအဖြစ် စမ်းသပ် အသွင်ကူးပြောင်းနိုင်တာတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ပစ်ပယ်ခံနိုင်ငံအဖြစ် ဘယ်သူမှ ပြန်မသွားချင်ကြပါဘူး။

ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ တော်တော်လေးကြီးမားပြီး ရှေ့ဆက် အပြုသဘောဆောင်တဲ့ အခြေအနေမျိုး တွေ့ရဖို့ မလွယ်ပါဘူး။ ဒါဟာ ငြိမ်းချမ်းလုပ်ငန်းစဉ်၊ စီးပွားရေးနဲ့ ရိုဟင်ဂျာပြဿနာတင် မဟုတ်ပါဘူး။

ပြောင်းရွှေ့အခြေချမှု၊ မြို့ပြတည်ထောင်မှု၊ ရာသီဥတုပြောင်းလဲမှု၊ တယ်လီဖုန်းဆက်သွယ်ရေး တော်လှန်ပြောင်းလဲမှုကနေ ပေါ်ထွက်လာတဲ့ ခံစားချက်၊ လုပ်ဆောင်ချက်အသစ်တွေ စတာတွေက လူ့အဖွဲ့အစည်း အနေအထားကို ပြန်လည် ပုံဖော်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားကို ပြောင်းလဲသွားစေမယ့် အခြေခံအဆောက်အဦးသစ် စီမံကိန်းကြီးတွေ ဖြစ်လာနိုင်ချေနဲ့အတူ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အချို့အကွေ့တစ်ခုကို ရောက်နေပါတယ်။

အဲဒီလိုအချိန်မျိုးမှာ မျက်စိတစ်ဆုံးကို ကြည့်ပြီး စဉ်းစားတဲ့လူ မရှိသလောက်ပါပဲ။ ရခိုင်မြောက်ပိုင်းကိစ္စကိုပဲကြည့်ပါ – ဒီနေ့ အကြမ်းဖက်မှုဖြစ်ပြီး မနက်ဖြန် ဒုက္ခသည်တွေပြန်လာမယ့်နေရာဟာ နောက်ထပ် ၁၀ နှစ် ၁၅ နှစ်ကြာရင် ဘာဖြစ်မလဲ။ တရုတ်နဲ့ အိန္ဒိယအကြား အမြန်ရထားလမ်းသစ်ရဲ့ ဖြတ်သွားရာနေရာဖြစ်မလား။ ဒါမှမဟုတ် ရာသီဥတုဖောက်ပြန်မှုကြောင့် ရေထဲပဲ မြုပ်သွားမလား။

နည်းပညာပိုင်းအသိ သာလွန်ပြီး အတွေ့အကြုံကြွယ်တဲ့ အစိုးရတစ်ရပ်ဆိုရင်တောင် မြန်မာနိုင်ငံမှာ စီမံရမယ့်၊ အနာဂတ်အတွက် စီမံကိန်းချမှတ်ရမယ့် ကိစ္စတွေမှာ စီမံခန့်ခွဲဖို့ ရုန်းကန်ရပါလိမ့်မယ်။

လတ်တလော အကြပ်အတည်းကို ပြင်ပကမ္ဘာက အဓိကထားတာ လုံးဝ မှန်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို လစ်လျူရှုဖို့၊ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ကျရှုံးလုနီးနီး နိုင်ငံတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတ်ာဖြစ်လို့ အသိအမှတ်ပြုဖို့၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးတို့မှာ
ရင်းနှီးမြှုပ်နှံကာ နိုင်ငံရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးဖို့၊ အရေးကြီးဆုံးက အားလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အနာဂတ်တစ်ခု ရှိတယ်ဆိုတဲ့ အတွေးသစ်အမြစ်သစ် သွတ်သွင်းနိုင်ရေး ကူညီဖို့ဟာလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။

အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လက်ရှိ ပြဿနာဟာ နောက်ထပ်ပြဿနာတွေရဲ့ အစ ဖြစ်သွားပါလိမ့်မယ်။

Ref: Financial Times

(Financial Times တွင် ဦးသန့်မြင့်ဦး ရေးသားထားသည့် It is time to jettison the Myanmar fairytale ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ပါဝင်သောအကြောင်းအရာများမှာ ဆောင်းပါးရှင်၏ ရေးသားမှုများသာဖြစ်ပြီး M-Media ၏ အာဘော် မဟုတ်ပါ။)

Comments are closed.