5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၁ ၊ ၂၀၁၇
မောင်ရဲဝင်း (တောင်ကြီး)

‘အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မယ်’ ဆိုတာဟာ တကယ့်လက်တွေ့မှာ စီးပွားရေးအရ လက်တွဲဖြုတ်တယ်၊ ဒဏ်ခပ်တယ် ဆိုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လမ်းနိုင်ရေးအတွက် ဝန်းရံပေးတာဖြစ်တယ်လို့ အမေရိကန်အမတ်တွေက ယူဆကြပါတယ်။ စီးပွားရေးအမြင်နဲ့ အပေါ်ယံကြည့်မယ်ဆိုရင် ဒီသတင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်သွားနိုင်စရာရှိပြီး အခြားစီးပွားရေးစီမံကိန်းတွေကိုပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေကတော့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်အလက်တွေ အဓိက ပါရှိတာကိုတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ်အကြား ချမှတ်ခဲ့တဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ စစ်အာဏာရှင်ကို တိုက်ရိုက်ဆန့်ကျင်တာဖြစ်တဲ့ အတွက် ရှင်းတယ်။ အနောက်တိုင်းနိုင်ငံအများစုနဲ့ အတိုက်အခံအင်အားစု၊ တော်လှန်ရေးအင်အားစုတွေကလည်း အင်တိုက်အားတိုက် ထောက်ခံခဲ့ကြတယ်။ အခုက ပြည်သူတွေ လိုလားပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေတ်ကိုရောက်နေပြီ။ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ သတင်းနဲ့အတူ ထောက်ခံတယ်၊ မထောက်ခံဘူး၊ နည်းနည်းလျော့လုပ်၊ ခပ်နာနာထောင်း အစရှိသဖြင့် အသံပေါင်းစုံ ထွက်လာတယ်။ သဘောထား ကွဲလွဲတာတွေ ရှိလာတယ်။

ဒါပေမယ့် “စီးပွားရေးပိတ်ဆို့တယ်” ဆိုတဲ့ ဝေါဟာရကြီးတခုကိုကြည့်ပြီး ‘ထောက်ခံတယ်’၊ ‘ကန့်ကွက်တယ်’ လို့ အလွယ်တကူ ကောက်ချက်ချလို့တော့မရပြန်ဘူး။ စီးပွားရေးပိတ်ဆို့တယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဥပဒေအပိုင်းအစတခုဖြစ်တယ်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင် အားလုံးကို ခြုံကြည့်ဖို့လိုတယ်။ သက်ဆိုင်တဲ့ ဥပဒေ တရပ်လုံးကို လေ့လာဖို့လိုတယ်။

သမ္မတ အိုးဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲဟာ သူ့ရဲ့ သံတမန်ရေးရာအောင်ပွဲတရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး သူ့ရဲ့ သက်တမ်းမကုန်ခင်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျန်ရှိနေတဲ့ စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ခဲ့တယ်။ သမ္မတ အိုဘားမားရဲ့ လုပ်ရပ်ဟာ ခြေလမ်းကျဲလွန်းတယ်လို့ အမေရီကန်နိုင်ငံရေးသမား တချို့ကဆန့်ကျင်ခဲ့ကြပေမယ့် ‘မြန်မာနိုင်ငံဘက်က နောက်ကြောင်းပြန်လှည့်ရင်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ပေါ်လစီကလည်း အချိန်မရွေး နောက်ကြောင်းပြန်လှည့်မယ်’လို့ တုန့်ပြန်ခဲ့တယ်။

မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီး (၁) နှစ်မပြည့်ခင်မှာပဲ စီးပွားရေး ပိတ်ဆို့ဖို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ ဆွေးနွေးမှုတွေ စတင်လာခဲ့ပြန်တယ်။ အစပိုင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို သဘောထားတွေ၊ လမ်းညွန်မှုတွေ ပေးပို့ခဲ့ကြတယ်။

အထက်လွတ်တော်က စက်တင်ဘာလ (၇) ရက်နေ့ နေ့စွဲ့နဲ့ ဆုံးဖြတ်ချက်အမှတ် S.RES.250၊ အောက်လွှတ်တော်က စက်တင်ဘာ (၁၄) ရက်နေ့ နေ့စွဲနဲ့ ဆုံးဖြတ်ချက်အမှတ် H.RES. 528 တွေချမှတ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း အမေရိကန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တွေ မကြာခဏ ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို လမ်းညွန်ချက်တွေ ပေးလေ့ရှိတယ်။

စက်တင်ဘာလအတွင်းမှာ လွှတ်တော်နှစ်ရပ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စကို အဓိကဦးတည်တယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ ရပ်တည်ချက်တွေကလည်း တူတယ်။ ARSA အဖွဲ့ကို ရှုတ်ချတယ်၊ မြန်မာစစ်တပ်ကို ရှုတ်ချတယ်၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်၊ UN စုံစမ်းစစ်ဆေးရေးကို ခွင့်ပြုပေးဖို့ တောင်းဆိုတယ်၊ ဒေါ်စုကိုလည်း ငြိမ်ချမ်းရေးနိုဘလ်ဆုရစဉ်က ပြောခဲ့တဲ့စကားအတိုင်း အပြောနဲ့အလုပ် ညီဖို့တိုက်တွန်းတယ်။

အခြေအနေ တိုးတက်ပြောင်းလဲမှုမရှိလာတဲ့အတွက် နိုဝင်ဘာ (၇) ၇က်နေ့မှာ လွှတ်တော်နှစ်ရပ်ပူးတွဲ ဆုံးဖြတ်ချက်အမှတ် H. Con. Res. 90 ကိုထပ်တင်တယ်။ ဒီတခါ ထပ်တိုးလာတာက တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်တပ်ပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ရှုတ်ချတယ်၊ ဒုက္ခသည်တွေအပေါ်လူသားချင်စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့တိုက်တွန်းတယ်၊ ဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူ နေရာချထားရေး စီစဉ်ဖို့ တိုက်တွန်းတယ်၊ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းတယ်။

တကယ်တန်း စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍကတော့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အတည်ပြုပေးရမယ့် အက်ဥပဒေတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီကိစ္စကို နိုဝင်ဘာလ (၂) ရက်နေ့မှာ လွှတ်တော်နှစ်ရပ်လုံးက ဥပဒေမူကြမ်းတင်သွင်းထားပြီးပြီဖြစ်တယ်။ အထက်လွှတ်တော် က အပိုဒ်ခွဲ (၁၃) ပိုဒ်ပါတဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အက်ဥပဒေ’ အဖြစ် S.2060. Burma Human Rights and Freedom Act of 2017၊ အောက်လွှတ်တော်က အပိုဒ်ခွဲ (၁၂) ပိုဒ် ပါတဲ့ ‘မြန်မာနိုင်ငံ အက်ဥပဒေ’ H.R. 4223 Burma Act of 2017 တို့ပဲဖြစ်တယ်။

လွှတ်တော်နှစ်ရပ်မှာတင်ထားတဲ့ မူကြမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတွေဦးဆောင် တင်သွင်းထားတာဖြစ်တယ်။ ပါတီနှစ်ရပ်လုံးကလည်း သဘောထား တိုက်ဆိုင်နေတယ်။ အခုအချိန်မှာ ထောက်ခံတဲ့ အမတ်ဦးရေ နည်းနေသေးပေမယ့် အတည်ပြုနိုင်တဲ့ အလားအလာ လွှတ်တော် နှစ်ရပ်လုံးမှာရှိနေတယ်။ လွှတ်တော်နှစ်ရပ်အတွင်းမှာ တင်ထားတဲ့ မူကြမ်းနှစ်ခုအကြား မတူညီတဲ့ အချက်အလက် အနည်းငယ်ရှိပေမယ့် အခြေခံအချက်အလက်တွေကတော့ တူတယ်။ ဒါကြောင့် ဒီလွှတ်တော် နှစ်ရပ်မှာ တင်ထားတဲ့ ဥပဒေမူကြမ်းနှစ်ခုပေါင်းပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာနိုင်ဖွယ်ရာရှိတယ်။

စီးပွားရေး ပိတ်ဆို့မယ်ဆိုတာက ဒီဥပဒေက ပြဌာန်းပေးမှာဖြစ်တယ်။ ဒါဆိုရင် ဒီဥပဒေမူကြမ်းတွေမှာ ဘာတွေရေးထားလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ပိတ်ဆို့မှာလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားသလဲ။ ဒါတွေကို အရင် သုံးသပ်ကြည့်ကြဖို့လိုတယ်။ နိုင်ငံတနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတရပ် ပြဌာန်းမှာဖြစ်တဲ့အတွက် ဥပဒေမူကြမ်းဟာလည်း တနိုင်ငံလုံးသက်ဆိုင်တဲ့ အချက်အလက်တွေ ပါတယ်။

ဒါကြောင့် ဒီဥပဒေမူကြမ်းတွေမှာ ရခိုင်ပြည်နယ်အရေးကိစ္စအပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ ကချင်နဲ့ ရှမ်း ပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကိစ္စ၊ ကချင်းနဲ့ ရှမ်း ဒုက္ခသည်ကိစ္စ၊ လွှတ်တော်ထဲက စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေဥပဒေပြင်ဆင်ရေးကိစ္စ၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ ဝ ခေါင်းဆောင် Wei Hsueh Kang တို့ အမြတ်ထုတ်နေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကိစ္စ တွေလည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းထားတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံကို အာရုံစူးစိုက်မှုများလာတာမှန်ပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ခြုံကြည့်တဲ့အခါ စစ်အာဏာရှင် အကြွင်းအကျန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေးမှာ ချယ်လှယ်နေတဲ့ စစ်အရာရှိ တချို့ကို စီးပွားရေးပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့ ကဏ္ဍတွေထည့်သွင်းလာတာဖြစ်တယ်။

မြန်မာစစ်တပ်ကို စစ်ရေးအရ အကူအညီမပေးဘူး၊ အကာအကွယ်မပေးဘူး၊ ပူးတွဲစစ်လေးကျင့်မှုတွေ မပြုလုပ်ဘူးဆိုတဲ့ အချက်ရယ်၊ မြန်မာနိုင်ငံက ကျောက်စိမ်း နဲ့ ပတ္တမြား တင်သွင်းတာကို ပိတ်ပင်မယ်ဆိုတဲ့အချက်ရယ်၊ ဥပဒေအတည်ပြုပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မတီတရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စာရင်းပြုစုမယ်၊ စာရင်းထဲမှာ ပါလာတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်မယ်၊ စီးပွားရေး ပူးတွဲ လုပ်ဆောင်ခွင့်ပိတ်မယ်၊ ဘဏ္ဍာရေးအကူအညီတွေကို ဒီစာရင်းဝင်သူတွေနဲ့ ပူးတွဲမလုပ်ဆောင်ဘူး ဆိုတဲ့အချက်တွေဟာ ဒီဥပဒေမူကြမ်းထဲမှာပါတဲ့ စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍပဲဖြစ်ပါတယ်။ လက်ရှိ မူကြမ်းထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ခင်မောင်စိုး တို့ သုံးဦးကိုတော့ နာမည်စာရင်းနဲ့ တကွဖော်ပြထားပြီး အသေးစိတ်ကိုတော့ ဥပဒေ အတည်ပြုပြီးမှသာ စာရင်းပြုစုမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မြန်မာခရီးစဉ်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မဟုတ်ပဲ တဦးချင်းစီအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ ပြောသွားတာပါ။

စီးပွားရေးပိတ်ဆို့မယ်လို့ အပေါ်ယံသာ လူသိများတဲ့ ဒီဥပဒေမူကြမ်းတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိမြန်မာအစိုးရကို စီးပွားရေးအရ အကူအညီပေးမယ်ဆိုတဲ့ အချက်ပါပဲ။ မြန်မာ့စီးပွားရေး ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အရာရှိတွေနဲ့ ခရိုနီအသိုင်းအဝိုင်း တို့ကို ရင်ဘောင်တန်းနိုင်မယ့် အရပ်သား သာမာန် စီးပွားရေးသမားတွေကို မြေတောင်မြှောက်ပေးဖို့ စီးပွားရေး ပေါ်လစီရေးဆွဲရာမှာ အကူအညီပေးမယ်၊ နည်းပညာတွေကူညီမယ်၊ ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုတာလည်း ပါရှိပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်စားနေတဲ့ စစ်အရာရှိတွေရဲ့ အသိုင်းအဝိုင်းက အဓိက အထိနာမှာဖြစ်ပြီး ဒီဂယက်က အရပ်သား အစိုးရကို အတိုင်းအတာ တခုအထိပဲ ထိခိုက်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ သာမန်ပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကူအညီတွေ ရရှိပြီး ခရိုနီတွေနဲ့ ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဒေါ်စု ဦးဆောင်တဲ့ အစိုးရကို ထိခိုက်နစ်နာစေမယ့် မူဝါဒတွေကို ရှောင်ကြဉ်ကြဖို့ မားမားမတ်မတ်ရပ်တည်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ရှိနေလိုပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးက ရီပါပလစ်ကန် ပါတီ ခေါင်းဆောင် မခ်ျမက္ကောနီ (Mitch McConnell) ပါပဲ။

သူရဲ့ ရပ်တည်ချက်က ရှင်းတယ်။ ဒေါ်စုကို ဆွဲချရင်၊ ဒေါ်စုဂုဏ်ကျရင်၊ သိက္ခာကျရင်၊ အာဏာမဲ့ရင်၊ လူထုထောက်ခံမှုကျရင် စစ်တပ်ကို ယှဉ်နှိုင်မှာမဟုတ်တော့ဘူး လို့ သူက အခိုင်အမာယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်စု အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ အကျပ်အတည်းထဲ ထပ်ထိုးထည့်ပေးတဲ့ မူဝါဒမှန်သမျှကို ဆန့်ကျင်ကန်ကွက်မယ်လို့ အတည့်အလင်းကြေညာထားပါတယ်။ ဒေါ်စုမှာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့ အတားအဆီးတွေရှိနေရင် ဝိုင်းဖယ်ရှားပေးရမယ်၊ ဒေါ်စုဟာ စစ်တပ်ထက် ခြေတလှမ်းသာနေဖို့လိုတယ် လို့ သူယုံကြည်တယ်။ ကူညီဖို့ အမြဲအဆင်သင့်ရှိတဲ့သူဖြစ်တယ်။ သူဟာ ဝါရင့်နိုင်ငံရေးသမား၊ ရီပါပလစ်ကန် အမတ်ခေါင်းဆောင် ဖြစ်တဲ့အတွက် တခြားအမတ်တွေကိုလည်း လွှမ်းမိုးနိုင်တယ်၊ စည်းရုံးနိုင်တယ်။ သူလို့ ဒေါ်စုကို အထိမခံတဲ့ အမတ်တွေလည်း အမေရိကန် လွှတ်တော်ထဲမှာ အထိုက်အသင့်ရှိတယ်။

သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးတဲ့ မာကိုရုဘီယို၊ ဘာနီဆန်ဒါ၊ ဂျွန်မကိန်း တို့ကလည်း မခ်ျမက္ကောနီ လောက် ဒေါ်စုကို စွဲစွဲလန်းလန်းမဟုတ်ပေမယ့်၊ စီးပွားရေးပိတ်ဆို့တဲ့အထဲ ဒေါ်စုကို ဆွဲထည့်ဖို့မလိုဘူးလို့ လက်ခံထားကြတယ်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားကို မဲရှုံးခဲ့တဲ့ ရီပါပလစ်ကန် ဝါရင့်အမတ် ဂျွန်မတ်ကိန်း ကိုယ်နှိုက် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေကို စီးပွားပိတ်ဆို့မယ်၊ ဒေါ်စုအစိုးရကိုကူညီမယ် ဆိုတဲ့ မူကို အခြေခံထားတာဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးပိတ်ဆို့တယ်ဆိုတဲ့ ကဏ္ဍတခုတည်းကို ကွက်ကွင်းကြည့်မနေပဲ တခုလုံးကိုခြုံကြည့်တဲ့အခါ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ မူဝါဒတွေအပေါ် အခြေခံထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ကိစ္စတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးကို အားပေးတဲ့ မူဝါဒကို အခြေခံတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

Comments are closed.