1 month ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 months ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 months ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
8 months ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
9 months ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
9 months ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
9 months ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
9 months ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
9 months ago
ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ

ဧပြီ ၁၃၊ ၂၀၁၈
M-Media

– မြန်မာနိုင်ငံမှာ အဓမ္မကျင့်ခံရသူတွေကို အပြစ်တင်ကြတာဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုရဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ‘လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တယ်’ ဆိုတဲ့ စကားပုံက ဒီအချက်ကို ထင်ဟပ်နေပါတယ်။

အမျိုးသမီးတွေအပေါ် လိင်စော်ကားမှု ဒါမှမဟုတ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုတွေနဲ့ တရားမျှတမှု ထိပ်တိုက်တွေ့တဲ့ အခါမျိုးမှာ အမျိုးသမီးတွေအပေါ် ခွဲခြားမှုဟာ တော်တာ့်ကို ဆိုးဝါးပါတယ်။ လူဦးရေ ၂၈၆,၆၂၇ ဦးရှိကာ နိုင်ငံအတွင်း လူဦးရေ အနည်းဆုံးနဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ကယားပြည်နယ်မှာ ဒါဟာ အာရုံစိုက်ခံရတဲ့၊ အလေးထားခံရတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

အဓမ္မမှု၊ အိမ်ထောင်ဖက်ကို အကြမ်းဖက်မှုနဲ့ အခြားရာဇ၀တ်မှု ကိစ္စတွေမှာ ကျေးရွာအကြီးအကဲတွေ၊ ရပ်မိရပ်ဖတွေရဲ့ မီးရိုးဖလာနည်းကျ ဖြေရှင်းမှုတွေကို ကယားပြည်နယ်က အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက မကျေနပ်ကြပါဘူး။ ဒီလို မိရိုးဖလာ ဆုံးဖြတ်ဖြေရှင်းပေးမှုဟာ တစ်ခါတစ်လေမှာ ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေကို အပြစ်ပေးနေသလိုမျိုး ဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်။

“(ချမှတ်ခဲ့တဲ့ စီရင်ချက်) အများစုမှာ ပိုက်ဆံရှိသူတွေက တရားသူကြီးတွေအပေါ် လွှမ်းမိုးမှုတွေ ပါနေတယ်။ ကယားပြည်နယ်က အမျိုးသမီးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနေပါတယ်” လို့ ပြည်နယ်မြို့တော် လွိုင်ကော်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် နော်ပီကာလ်က ပြောကြားခဲ့ပါတယ်။

သူမဟာ အမည်မဖော်လိုတဲ့ ဒေသတွင်း အဖွဲ့အစည်းတစ်ခုက အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

လိင်အစော်ကားခံရတဲ့၊ ဒါမှမဟုတ် ခင်ပွန်းရဲ့ အနိုင်ကျင့်မှုကိုခံရတဲ့ အမျိုးသမီးတွေဟာ အမှုပြီးသွားပြီးပေမယ့် သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိတာကြောင့် မူရင်းဒေသတွေမှာ ဆက်လက်နေထိုင်ဖို့ ခက်ခဲလာတယ်လို့လည်း ပီကာလ်က ပြောပါတယ်။

ကရင်နီတိုင်းရင်းသား အမျိုးသမီးရေးရာအဖွဲ့ (KNWO) ဟာ ကယားပြည်နယ်အတွင်းနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးအခွင့်အရေး ပိုမိုရရှိဖို့ ဦးဆောင်လုပ်ကိုင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းမှာ ၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ဟာ ကယားပြည်နယ်နဲ့ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရရှိရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကာကွယ်ပေးရေး၊ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရေး စတာတွေကို ၂၀၁၄ ခုနှစ်တကည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်စလုံးမှာလည်း အဖွဲ့ခွဲတွေ ရှိနေပါတယ်။

KNWO က သူတို့ဟာ ကယားပြည်နယ်အတွင်း တစ်နှစ်ကို အဓမ္မကျင့်မှု၊ ကလေးများ အဓမ္မကျင့်ခံရမှုနဲ့ အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှု ကိစ္စ ၅၀ လောက်ကို ကိုင်တွယ်ဖြေရှင်းပေးရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုကနေ လွတ်မြောက်လာကြသူတွေအတွက် ခိုလှုံရာဂေဟာတစ်ခုကို ၂၀၁၄ ခုနှစ်ကစပြီး လွိုင်ကော်မှာ KNWO က ဖွင့်လှစ်စီမံနေသလို၊ ၀ါရှင်တန်အခြေစိုက် INGO တစ်ခုဖြစ်တဲ့ Pact ရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ဘောလခဲမြို့မှာလည်း မကြာခင် ဒီလိုဂေဟာတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ Pact ဟာ မြန်မာနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကတည်းက လုပ်ငန်းတွေ ဆောင်ရွက်လာတာဖြစ်ပြီး အထူးသဖြင့် ဆင်းရဲမွဲတေတဲ့၊ ခွဲခြားဆက်ဆံခံရတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အဓိကထား လုပ်ဆောင်တာ ဖြစ်ပါတယ်။

“အမျိုးသားတွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အခြားစော်ကားမှုတွေကြောင့် အမျိုးသမီးတွေဟာ တော်တော်လေးကို ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကျွန်မတို့ ကူညီဖို့ လိုပါတယ်” လို့ KNWO ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောပါတယ်။

ဖေဖော်ဝါရီမှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီက သူတို့အနေနဲ့ မြန်မာနိုင်ငံတောင်ပိုင်းက ၅ နှစ်တာစီမံကိန်းအတွက် ကန်ဒေါ်လာ ၄၈ သန်း ထောက်ပံ့ပေးသွားမယ်လို့ ကြေငြာခဲ့ပြီး ကယားပြည်နယ်က ပထမဆုံး အကျိုးကျေးဇူး ခံစားရဖို့ ရှိနေပါတယ်။

‘မြန်မာနိုင်ငံတောင်ပိုင်း လူ့အဖွဲ့အစည်းစွမ်းဆောင်ရည်မြှင့်တင်မှု တိုးတက်ရေး’ (ACESM) စီမံကိန်းလို့ အမည်ပေးထားပြီး Save the Children၊ Mercy Corps၊ Community Partners International နဲ့ Pact တို့ ပူးပေါင်းကာ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ်ပြီးရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်း မြောက်ပိုင်းတွေမှာ ဒီစီမံကိန်းကို တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ACESM စီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိအောင်၊ ကျန်းမာရေး၊ ပညာရေး၊ ရေနဲ့ သန့်ရှင်းရေးစနစ်တွေ ပိုမိုရတိုးတက်လာအောင်၊ လိင်အခြေပြု အကြမ်းဖက်မှုတွေကို တားဆီးနိုင်အောင် ဆောင်ရွက်မှုတွေကနေတစ်ဆင့် ဒေသတွင်း လူ့အဖွဲ့အစည်း အားကောင်းစေဖို့ ရည်ရွယ်တာဖြစ်ပြီး ရွာပေါင်း ၁၃၀၀ ကျော်ကို ပစ်မှတ်ထားဆောင်ရွက်နေပါတယ်။

ဆယ်စုနှစ်ချီ ပဋိပက္ခဒဏ် ခံစားရမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းကို ရွေးချယ်ရတာဖြစ်တယ်လို့ ACESM ရဲ့ ဒုတိယအကြီးအကဲ ဒေါက်တာ အိသဉ္ဇာမင်းမင်းဦးက ပြောကြားခဲ့ပါတယ်။ သူမဟာ Pact Myanmar ရဲ့ အကြီးတန်း ညှိနှိုင်းဆွေးနွေးရေးမှူးတစ်ယောက်လည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ စလုပ်ခဲ့ပြီး နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ဒေသက လူပေါင်း ၁.၃ သန်းကျော်လောက် အကျိုးကျေးဇူး ခံစားခဲ့ရတဲ့ ‘ရှေ့သို့’ စီမံကိန်းမှာ အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေကို ဒီစီမံကိန်းမှာ အတုယူဆောင်ရွက်သွားမယ်လို့ Pact က ပြောပါတယ်။

ဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် KNWO၊ ကရင်နီရွှေ့ရှား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ၊ ကယန်းလူငယ်မျိုးဆက်သစ်အဖွဲ့ (KNGY)၊ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့် စိုက်ပျိုးရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး (DEAR Myanmar) တို့ဟာ ACESM နဲ့ ကနဦး သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

KNWO က ကျေးရွာခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး လိင်အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေး အသိပညာပေးတာ၊ အစိုးရအာဏာပိုင်တွေ၊ အစိုးရမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ရှေ့ဆက်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

KNGY ကတော့ လူငယ်ခေါင်းဆောင်တွေကို ပျိုးထောင်ပေးရေး၊ ကယားလူမျိုးတို့ရဲ့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစာပေကို မြှင့်တင်ပေးရေး အာရုံစိုက်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဒီအဖွဲ့ရဲ့ ပညာရေးဆိုင်ရာ တာဝန်ရှိသူ ကိုဝေလင်းဦးက ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ချို့တဲ့တဲ့ဒေသတွေမှာ ရှိတဲ့ စာသင်ကျောင်း ၈၀ မှာ အလုပ်လုပ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ၁၀၀ ကို လေ့ကျင့်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

DEAR Myanmar ကတော့ ကောက်ပဲသီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ အထွက်တိုးရေး၊ တည်ငြိမ်တဲ့ဈေးကွက်ကို ရရှိကာ အသက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်ရေး၊ အဟာရပြည့်ဝရေးတို့အတွက် လယ်သမား အဖွဲ့အစည်းတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အဖွဲ့ရဲ့ မန်နေဂျာ စောနေသာက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ စီမံကိန်းဟာ ကယားပြည်နယ် ရွာ ၃၀ မှာရှိတဲ့ အိမ်ထောင်စု ၁၃၀၀၊ လူ ၇၈၀၀ လောက်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်”

ကယားပြည်နယ်ဟာ နိုင်ငံအတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်တာကြောင့် ဒေသတွင်း လူ့အဖွဲ့အစည်းတွေ – အထူးသဖြင့် အမျိုးသမီးထုဟာ NGO တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုကို လိုအပ်တယ်လို့ ပီကာလ်က ပြောပါတယ်။

ကယားပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကိစ္စကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတော်တော်များများဟာ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်ခံသဘောတူထားတဲ့ ‘အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံအားလုံး ပပျောက်ရေး သဘောတူညီချက်’ ကိစ္စအကြောင်း ပြောကြပေမယ့် အောက်ခြေလူ့အဖွဲ့အစည်းက အပြောထက်၊ လက်တွေ့အကူအညီကိုသာ ပိုမိုလိုလားတယ်လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ ဥပဒေရဲ့အကာအကွယ်ကို ဘယ်လိုရနိုင်မလဲ၊ ဘယ်သူတွေက ကျွန်မတို့ကို ကူညီမလဲဆိုတာကိုပဲ သိချင်ပါတယ်”

Ref: Frontier

(Frontier သတင်းဌာနတွင် ဖော်ပြထားသည့် Tackling sexual violence in Kayah ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)



Comments are closed.