10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၉၊ ၂၀၁၈
M-Media

Photo Credit – Frontier Myanmar

– နိုင်ငံလူဦးရေးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းနေရာတွေမှာ ကိုယ်စားပြုဆောင်ရွက်ခွင့် အလွန်အမင်း နည်းပါသလို ခွဲခြားဆက်ဆံမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အဓမ္မကျင့်မှု အဖြစ်အပျက်တွေ သိသိသာသာ မြင့်တက်လာတာကြောင့် နိုင်ငံအတွင်း အမျိုးသမီးတွေကို ကာကွယ်ပေးရေး အထူးဥပဒေတစ်ခု ပြဌာပေးဖို့ တောင်းဆိုမှုလည်း ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်က ကုလရဲ ‘အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး သဘောတူညီချက်’ ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးအများစုဟာ သူတို့နဲ့ သက်ဆိုင်နေတဲ့ ဥပဒေတွေကို နားလည်မှု အလွန်အားနည်းတဲ့အတွက် စိုးရိမ်မိတယ်လို့ ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရန်ကုန်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မမေဇင်ဟာ အပြင်မှာ မကြာခဏ အမျိုးသားတွေရဲ့ နှောက်ယှက်မှုကို ခံနေရပေမယ့် ဒါကိုတုန့်ပြန်လိုက်ရင် မိန်းကလေးတွေ ဗိုင်းကောင်းကျောက်ဖိနေထိုင်ဖို့ လိုလားတဲ့ လူ့အဖွဲ့အစည်းက လက်မခံမှာကို စိုးရိမ်တဲ့အတွက် ဘယ်တုန်းကမှ ပြန်လည်တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။

“သူတို့က ယောက်ျားလေး၊ ကျွန်မက မိန်းကလေးဆိုတော့ ပြန်ပြီး တုန့်ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ သူမက Frontier သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေနဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေတွေအကြောင်း မသိဘူးလို့ မေဇင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရန်ကုန်မှာ School of Law, Gender & Politics ကျောင်းကို တည်ထောင်ခဲ့သူ ဒေါ်ညိုညိုသင်းက အမျိုးသမီးတွေနဲ့ ပတ်သက်နေတဲ့ ဥပဒေအများစုကို ပြင်ဆင်တာ၊ ဒါမှမဟုတ် အသစ်ပြန်ရေးတာမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုကို အရေးယူနိုင်မယ့်အချက်တွေ ဥပဒေမှာ မပါဝင်မှုက အရင်နဲ့ လက်ရှိအစိုးရတွေရဲ့ အားနည်းချက် ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဒေါ်ညိုညိုသင်းဟာ အရင်က ရန်ကုန်တိုင်းဒေသကြီးရဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်လောင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သက်နေတဲ့ ဥပဒေတွေအတွက် စိုးရိမ်မှု ရှိတယ်လို့ ဒေါ်ညိုညိုသင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

တရားရုံးမှာ သက်သေမထွက်ချင်တဲ့အတွက် အမျိုးသမီးအများစုဟာ အဓမ္မကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေကို တိုင်ကြားဖို့ တွန့်ဆုတ်နေတယ်လို့လည်း သူမက ပြောပါတယ်။

၁၈၇၂ ခုနှစ်က ပြဌာန်းထားတဲ့ သက်သေဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြင်ဆင်ချက်အရ သက်သေဟာ တရားရုံးခွင့်ပြုချက်ကို ယူပြီး ဗီဒီယို မှတ်တမ်းနဲ့ ထွက်ဆိုတာ၊ လေလှိုင်းက တိုက်ရိုက်ရုပ်သံနဲ့ ထွက်ဆိုတာတွေကို ခွင့်ပြုထားပါတယ်။ ဗီဒီယိုမှတ်တမ်းနဲ့ သက်သေထွက်ဆိုခွင့် ပြုထားတဲ့အချက်တွေထဲမှာ သက်သေက အသက် ၁၆ နှစ်အောက် ဖြစ်ရင်၊ တရားမျှတမှုအတွက် အထောက်အကူဖြစ်မယ်လို့ တရားရုံးက ယုံကြည်ရင် လက်ခံနိုင်တယ်လို့လည်း ပါဝင်ပါတယ်။

ဒေါ်ညိုညိုသင်းက ဒီပြင်ဆင်ချက်တွေဟာ တိုးတက်မှုတစ်ခု ဖြစ်ပေမယ့် လုံးဝ မပြည့်စုံသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အခြား အတားအဆီး တစ်ခုက ရှေ့နေငှားဖို့ ကုန်ကျစားရိတ်ဖြစ်ပါတယ်။

“အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးအများစုဟာ ဆင်းရဲကြတယ်ရှင့်။ ဒါ့ကြောင့် ရှေ့နေငှားဖို့ သူတို့ မတတ်နိုင်ကြဘူး”

ဒီလိုအခြေအနေတွေဟာ အဓမ္မကျင့်မှု မြင့်တက်လာဖို့ အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

“ဥပဒေက တရားမျှတမှုကို မဆောင်ကျဉ်းပေးနိုင်လို့ အမျိုးသမီးတွေအပေါ် စော်ကားမှု မြင့်တက်လာတာပါ”

အမျိုးသမီးတွေ အကူအညီရနိုင်မယ့် အခြေအနေကို မေးတဲ့အခါ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၄၀ အရွယ် ဒေါ်နီနီမြင့်က အမျိုးသမီးရေးရာအဖွဲ့ကို သိတယ်လို့ ပြောပါတယ်။ ၂၀၀၃ ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ အဲဒီအဖွဲ့ဟာ အမျိုးသမီးတွေ၊ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှုကနေ တားဆီးကာကွယ်ပေးဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသမီးရေးရာရဲ့ ဆောင်ရွက်ချက်တွေကို ဒေါ်နီနီမြင့်က ချီးကျူးခဲ့ပေမယ့်၊ အမျိုးသမီးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေ တစ်ခုမှ သူမ မသိဘူးလို့ ဆိုပါတယ်။

ကလေးငယ်တွေ ကျူးလွန်ခံရတာအပါအ၀င် အဓမ္မမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိတယ်လို့ ဒေါ်နီနီမြင့်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၇ ခုနှစ်မှာ အဓမ္မကျင့်မှုအတွက် တိုင်ကြားမှုပေါင်း ၁၄၀၅ ခု ရှိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီး
၈၉၇ ဦးက အသက် ၁၆ နှစ်အောက်တွေ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တိုင်ကြားမှုပေါင်း ၁၁၀၀ ရှိပြီး အသက် ၁၆ နှစ်အောက် ၆၇၁ ဦး ပါဝင်တာကြောင့် ၂၀၁၇ ခုနှစ်မှာ အရေအတွက်က မြင့်တက်လာတာ ဖြစ်ပါတယ်။

အခုနှစ် ဇန်န၀ါရီကနေ မေလအထိ အဓမ္မကျင့်တယ်လို့ တိုင်ကြားမှုပေါင်း ၆၈၂ မှု ရှိခဲ့ပြီး ကျူးလွန်ခံရသူ ၄၅၈ ဦးက အသက် ၁၆ နှစ်အောက် အမျိုးသမီးတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး အမျိုးသားလွှတ်တော်အမတ် နော်ဆူဆန်နာ လှလှစိုးက ပြောကြားခဲ့ပါတယ်။ သူမဟာ လွှတ်တော်က အမျိုးသမီးနှင့် ကလေးများအခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

“အဓမ္မကျင့်မှု လျော့ကျရေး အစိုးရက ထိထိရောက်ရောက် အရေးယူဖို့ ကျွန်မ မျှော်လင့်ပါတယ်” လို့ ဒေါ်နီနီမြင့်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်က လွှတ်တော်အမတ် ဒေါ်ကြည်ပြာက ‘အခြားတိုင်းပြည်တွေမှာလို’ အမျိုးသမီးတွေကို ကာကွယ်ပေးမယ့် အထူးဥပဒေတစ်ခု လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေဟာ လွန်လွန်ကျူးကျူး အရှက်တကွဲ ပြုခံနေရတယ်လို့ သူမက ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ပြောင်လှောင်စရာလို့ မြန်မာနိုင်ငံက လူတွေက ထင်နေကြတယ်ရှင့်” လို့ သူမက ပြောကြားခဲ့ပြီး အမျိုးသားအများစုဟာ ကျား၊ မ တန်းတူညီမျှရေးကို အလေးမထားဘူးလို့လည်း ဆိုပါတယ်။

ဥပဒေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းတာကြောင့်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ခံနေရတာကို အမျိုးသမီးတွေက မသိရှိကြဘူးလို့ ဒေါ်ကြည်ပြာက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တော်တော်များများ ရှိနေပေမယ့် အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး လေ့ကျင့်သင်ကြားပေးနေတဲ့ ပြည်သူ့ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပေးတဲ့ ဘက်ဂျက်ဟာ မလုံလောက်တဲ့အတွက် အစိုးရရဲ့ လုပ်နိုင်စွမ်းဟာ အကန့်အသတ်ရှိတယ်လို့လည်း သူမက ဆိုပါတယ်။

“ဥပဒေရေးရာ ကူအညီပေးတာ၊ အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ပေးထားမယ့် နေရာတွေ ထားရှိပေးတာ အပါအ၀င် အမျိုးသမီးတွေဟာ ကာကွယ်ပေးမှု ပိုလိုအပ်နေပါတယ်”

ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်ပြီး လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦခင်ဝင်းက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေအပါအ၀င် နိုင်ငံသားတွေဟာ ဥပဒေတော်တော်များများကို သိရှိမှု အားနည်းကြတယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို စုစည်းပြီး ဥပဒေတစ်ခုတည်းအဖြစ် ပြဌာန်းတာကို ပိုမို နှစ်သက်တယ်လို့လည်း ဦးခင်ဝင်းက ပြောကြားခဲ့ပါတယ်။

အမျိုးသား၊ အမျိုးသမီးတွေကို ဥပဒေအရ တန်းတူအခွင့်အရေး အာမခံပေးထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ လူကုန်ကူးမှု၊ မယားပြိုင်ထားမှု တွေနဲ့ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြဌာန်းချက်တွေကို အမျိုးသမီးအများစု ပိုမိုလေ့လာဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဥပဒေရှိတာနဲ့တင် မလုံလောက်ဘူးဗျ။ ဥပဒေစိုးမိုးဖို့လည်း လိုတယ်။ မြန်မာနိုင်ငံမှာ အားနည်းတာက အဲဒါပဲ”

အမျိုးသမီးတွေကို ဥပဒေဆိုင်ရာ အသိပညာပေးဖို့အတွက် ဇွန်လမှာ လက်စွဲစာအုပ်ငယ်တစ်အုပ်ကို ဖြန့်ချီခဲ့ပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရခဲ့တယ်လို့ လူငယ်တွေဦးဆောင်တဲ့ အရပ်ဖက်အဖွဲ့ Charity-Oriented Myanmar(COM) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်နွေးနွေးထွန်းက ပြောကြားခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်တာပါ။

စာမျက်နှာ ၆၈ မျက်နှာပါ ‘မြန်မာအမျိုးသမီးများအပေါ် သက်ရောက်နေသည့် အဓိက ဥပဒေများ’ ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဆန်ဖရန်စစ္စကို အခြေစိုက် နိုင်ငံတကာ အကျိုးအမြတ်မယူသည့် ဖွံ့ဖြိုးရေးအဖွဲ့ Asia Foundation နဲ့ COM တို့ ပူးပေါင်းကာ ထုတ်ဝေ ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။

ဒီလက်စွဲစာအုပ်ကို လွှတ်တော်အမတ်တွေ၊ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း လုပ်ဆောင်နေသူတွေ၊ လေ့ကျင့်သင်ကြားပေးသူတွေက ချီးကျူးခဲ့ကြတယ်လို့ ဒေါ်နွေးနွေးထွန်းက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေ၊ သူတို့နဲ့သက်ဆိုင်တဲ့ ဥပဒေတွေအကြောင်း အဓိကထား ဖော်ပြထားတဲ့စာအုပ်တွေ မရှိတာကြောင့် ဒီစာအုပ်ကို သူတို့တွေက နှစ်သက်ကြတယ်လို့လည်း ဒေါ်နွေးနွေးထွန်းက ပြောပါတယ်။

လက်ရှိမှာ လက်စွဲစာအုပ် အုပ်ရေတစ်သောင်း ရိုက်နှိပ်ဖြန့်ချီထားပြီး အမျိုးသမီးတွေနဲ့ သူတို့ရဲ့အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အားကောင်းလာစေရေး ဒီစာအုပ်က တွန်းအားပေးနိုင်လိမ့်မယ်လို့ သူမက မျှော်လင့်နေပါတယ်။

Ref : Frontier Myanmar

(Frontier Myanmar တွင် ဖော်ပြထားသည့် Surge in sex crimes prompts calls for women’s rights law ဆောင်းပါးကို လေးမောင်က ဆီလျော်အာင် ဘာသာပြန်ဆိုသည်။)

Comments are closed.