5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၉၊ ၂၀၁၈
M-Media

– လက်တင်အမေရိကရဲ့ လူဦးရေအများဆုံး ဘရာဇီးလ်နိုင်ငံမှာ အောက်တိုဘာလတုန်းက စစ်ခေါင်းဆောင်ဟောင်း ဂျာအီရန် ဘိုလ်ဆိုနာရို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။ သူဟာ သေနတ်ကိုင်ခွင့်နဲ့ ညှင်းပမ်းတဲ့နည်းလမ်းကို သဘောကြတဲ့ လက်ယာစွန်း လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ဘရာဇီးလ်ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ သူက “ရွေးကောက်ပွဲတွေက ဒီတိုင်းပြည်ကို နည်းနည်းလေးမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ်က ရုန်းထွက်ပြီး စစ်အစိုးရကမလုပ်တဲ့ လူ ၃ သောင်းလောက်ကို သတ်ပစ်လိုက်မှ တိုင်းပြည်းပြောင်းလဲမှာ။ အပြစ်မဲ့သူတွေသေလည်း မတတ်နိုင်ဘူးလေ။ စစ်ပွဲတိုင်းမှာ အပြစ်မဲ့သူတွေ သေကြတာပဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။

ကမ္ဘာ့အခြားနေရာတွေက ဒေါ်နယ်ထရမ့်၊ ရှီကျင့်ဖျင်၊ ဗလာဒီမီရ်ပူတင်၊ အာဒိုရန်၊ ဗစ်တာ အောရ်ဘန်နဲ့ ရော်ဒရီဂို ဒူတာတေးတို့လို ခေါင်းဆောင်မျိုးတွေဟာ အာဏာရှင်လမ်းကြောင်းကို ချီတက်နေသူတွေဖြစ်တယ်လို့ သတင်းခေါင်းကြီးပိုင်းတွေမှာ တွေ့မြင်နေရပါတယ်။ ဇန်န၀ါရီလက Economist Intelligence Unit ၀ဘ်ဆိုက်ရဲ့ ‘၂၀၁၈ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်း’ ဆောင်းပါးမှာ ကမ္ဘာကြီးမှာ ဒီမိုကရေစီဟာ စိုးရိမ်ဖွယ် နောက်ပြန်ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ TIME မဂ္ဂဇင်းကလည်း ‘ကမ္ဘာကြီးမှာ ခေါင်းဆောင်အမျိုးအစားတစ်ခု ပေါ်ထွက်လာပြီး အာဏာရှင်ခေတ်ကို ချဉ်းနင်းဝင်ရောက်ခဲ့ပြီ’ လို့ မကြာသေးခင်ကပဲ ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်တွေဟာ ဘရာဇီးလ်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ တူရကီနဲ့ ဖိလစ်ပိုင်လို နိုင်ငံတွေအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် မလေးကျွန်းဆွယ်မှာတော့ ဒီအယူအဆဟာ မှားနေပါတယ်။

မေလက မလေးရှားနိုင်ငံရေးမှာ မကြံစဖူးပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အတိုက်အခံတွေက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမှု၊ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုတွေဟာ နောက်ဆုံးမှာ လက်လှမ်းမီတဲ့ဆင့်အထိကို ရောက်လာပါတယ်။

အနောက်နိုင်ငံက ဝေဖန်သူတွေက အစ္စလာမ်ဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေမှုမရှိဘူးလို့ စွပ်စွဲမြဲ စွပ်စွဲနေကြပေမယ့် အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ဒီစွပ်စွဲချက်မှားယွင်းကြောင်းကို သက်သေပြနေပါတယ်။ အင်ဒိုဟာ အရှေ့တောင်အာရှမှာ ဒီမိုကရေစီစနစ် အခိုင်မာဆုံးတိုင်းပြည်ဖြစ်ပြီး၊ မလေးရှားဟာလည်း တစ်ဖြည်းဖြည်းနဲ့ ဒီလမ်းကြောင်းကို လိုက်လာပါတယ်။

ရီဖော်မာစီ

မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ‘ရီဖော်မာစီ’ ဆိုတဲ့ စကားလုံးဟာ ပြုပြင်ပြောင်းလဲရေးကိုရည်ညွှန်းပြီး အထူးသဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ရီဖော်မာစီလုပ်ခဲ့ပြီး၊ မလေးရှားရဲ့ မေလရွေးကောက်ပွဲဟာလည်း ရီဖော်မာစီ ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုဟာ နှစ်စ်ပေါင်း ၃၀ လောက် တိုင်းပြည်ကို ချယ်လှယ်အုပ်စိုးခဲ့တဲ့ အာဏာရှင် ဆူဟာတိုကို ပြုတ်ကျသွားစေခဲ့ပါတယ်။ အဲဒီတော်လှန်ရေးမှာ ကျောင်းသားတွေ၊ မွတ်စလင်အဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ စသဖြင့် အလွှာစုံက လူတန်းစားတွေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း မီဒီယာတွေအားကောင်းလာသလို သမဂ္ဂအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေလို အရင်ကမရှိခဲ့ဖူးတဲ့ နိုင်ငံရေးအင်အားစုတွေ ပေါ်ပေါ်လာခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်တွေ ပြန်ပေါ်လာခဲ့ပါတယ်။ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအဖွဲ့တွေလို အဖွဲ့အစည်းတွေလည်း အလျှိုအလျှို ထွက်ပေါ်လာပါတယ်။

‘ဂျိုကိုဝီ’ လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး လူထုထောက်ခံမှုလည်း ရထားတဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုဟာ အာဏာရှင်လမ်းကြောင်းကို သွားနေတယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားမှာ အစ္စလာမ့်ဥပဒေပြန်ဌာန်းဖို့ လှုံ့ဆော်နေတဲ့ Hizbut Tahir အဖွဲ့ကို ၂၀၁၇ ခုနှစ်ဇူလိုင်လမှာ ဥပဒေကဲ့သို့ အာဏာတည်သော သမ္မတအမိန့်နဲ့ တရားမ၀င်အဖွဲ့အဖြစ် ကြေငြာပြီးနောက်ပိုင်း ဒီလို စွပ်စွဲချက် ထွက်ပေါ်လာတာပါ။

ဒါပေမယ့် ဒေသတွင်းက အခြားခေါင်းဆောင်တွေနဲ့ယှဉ်ကြည့်ရင် ၀ီဒိုဒိုဟာ မီဒီယာကို နှိပ်ကွပ်တာ၊ အကူအညီပေးရေးအဖွဲ့တွေကို ခြိမ်းခြောက်တာမျိုး သိပ်မရှိဘဲ၊ ကျေးလက်ဒေသတွေမှာ အခြေခံအဆောက်အဦးတွေ ပိုမိုဆောက်လုပ်ပေးတာ၊ ဌာနေတိုင်းရင်းသားတွေကို လယ်မြေပိုင်ဆိုင်ခွင့်ပေးတာတွေနဲ့ လူထုထောက်ခံမှုကို ခိုင်မာအောင် ဆောင်ရွက်ထားပါတယ်။ ၀ီဒိုဒိုဟာ ခပ်မိုက်မိုက်ဂျာကင်တွေကို ကြိုက်သလို၊ ကလေးတွေကို စက်ဘီးဝယ်ပေးရတာကိုလည်း နှစ်သက်ပါတယ်။

အင်ဒိုနီးရှားထက်ပိုသေးပြီး ပိုချမ်းသာတဲ့ မလေးရှားနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ဖြည်းဖြည်းချင်းသွားနေတာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ် မေလမှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်တစ်ယောက် ရွေးကောက်ပွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ မဲဆန္ဒနယ်တွေကို အပြောင်းအလဲလုပ်ပြီး မလှိမ့်တစ်ပတ်နဲ့ မဲပိုရအောင် ဆောင်ရွက်ခဲ့တဲ့ နာဂျစ်ရဲ့ ကျရှုံးမှုဟာ နိုင်ငံပိုင်လုပ်ငန်း 1MDB က ဒေါ်လာသန်းချီ ခိုးယူတယ်လို့ စွပ်စွဲခံရတာတွေကြောင့် ဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ကို နေရာဖယ်ပေးလိုက်ရပါတယ်။

၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ အုပ်စိုးမှုအတွင်း မဟာသီဟာ သူ့ကိုဝေဖန်သူတွေအပေါ် သည်းမခံခဲ့ဘဲ အာဏာရှင်တစ်ယောက်လို ပြုမူခဲ့တယ်ဆိုတာကိုလည်း သူက ၀န်ခံခဲ့ပါတယ်။ သူနဲ့ အစ္စလာမ်ကိုဝေဖန်တဲ့ အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးမှုအပေါ် အာဏာရပြီးပြီးချင်းမှာပဲ သူက Facebook ပေါ်တက်ပြီး ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော့်ကိုဝေဖန်တဲ့သူတွေအပေါ် အရေးယူတာမျိုးကို ကျွန်တော် မကြိုက်ပါဘူး” လို့ ရေးသားခဲ့တာပါ။

လူ့အခွင့်အရေး စိုးရိမ်မှုများ

ဒီမိုကရေစီစနစ်ဟာ လိုတရစနစ်မျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီဟာ အာဏာကို မျှမျှတတခွဲဝေမှု၊ လူ့အခွင့်အရေးကို ကာကွယ်မှုလို့ ပုံမှန်အားဖြင့် နားလည်ထားကြပါတယ်။ အရှေ့တောင်အာရှက အခြားနိုင်ငံတွေလိုဘဲ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းဟာ အကောင်းအဆိုး ရောပြွမ်းနေပါတယ်။ ဒီနှစ်နိုင်ငံစလုံးက ဥပဒေစနစ်တွေနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာလည်း ခြစားမှုနဲ့ မကင်းသလို၊ လုံးဝလွတ်လပ်တဲ့အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။

၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမှာ လက်ဝဲ၀ါဒီ ၁ သန်းလောက် အသတ်ခံရပြီး ၂၀ ရာစုက အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကျူးလွန်ခဲ့သူတွေကို အခုထက်ထိ အရေးမယူနိုင်သေးပါဘူး။ မလေးရှားကတော့ သူ့နိုင်ငံက လူမျိုးစုတွေကို အခြေတည်ကာ နိုင်ငံကိုဖွဲ့စည်းထားပါတယ်။ မလေးလူမျိုးတွေကို အခွင့်အရေးပိုပေးထားပြီး ကမ္ဘာ့တစ်ခြားနေရာတွေမှာ ဒါကို လူမျိုးရေးခွဲခြားဆက်ဆံမှုလို့ ပြောကြမှာပါ။ LGBT ကို ဆန့်ကျင်တဲ့သဘောထားတွေကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံစလုံးမှာ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကစတင်ပြီး ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးရတဲ့ကိစ္စမှာတော့ ဒီနှစ်နိုင်ငံစလုံးဟာ အချိန်နဲ့တစ်ပြေးညီ ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားက အရပ်ဖက်အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတော်တော်များများမှာ အစိုးရကို ဝေဖန်တာ၊ ဆန္ဒပြတာတွေကို မပြတ်တမ်း လုပ်လာကြပါတယ်။ မလေးရှားမှာလည်း နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လျင်လျင်မြန်မြန်ပဲ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ အစိုးရက သူတို့အနေနဲ့ သေဒဏ်ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်နေပြီး အချိန်တစ်ခုရောက်ရင် ပယ်ဖျက်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ အမျိုးသမီးသုံးပစ္စည်းတွေအပေါ် ကောက်ခံနေတဲ့ ‘pink tax’ ကိုလည်း ပယ်ဖျက်ပေးတော့မယ်လို့ ဆိုပါတယ်။

ပိုပြီးအရေးပါတာက မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ အနှောင်အဖွဲ့ကင်းကင်းနဲ့ အလုပ်လုပ်နိုင်လာတာ ဖြစ်ပါတယ်။ ကော်မရှင်အာဏာပိုင်တွေဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့အိမ်တွေကို ၀င်ရောက်စီးနင်းပြီး ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ လက်ဝတ်ရတနာတွေ၊ ဇိမ်ခံလက်ကိုင်အိတ်တွေကို သိမ်းဆည်းခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ နာဂျစ်တစ်ယောက် အာဏာအလွဲသုံးစားလုပ်မှုနဲ့ အဖမ်းခံရပြီး သူဇနီး ရိုစ်မာ မန်ဆူရ်လည်း ငွေကြေးခ၀ါချမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့လမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

နိုင်ငံရေးခြိမ်းခြောက်မှုတွေ ရှိပေမယ့် အင်ဒိုနီးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် KPK ဟာ ဒီမိုကရေစီသက်တမ်းတစ်လျှောက်လုံး လွတ်လပ်ပြီး၊ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ အခုနှစ် ဧပြီလမှာပဲ အင်ဒိုနီးရှားဟာ လွှတ်တော်ဥက္ကဌ ဆတ်ယာ နိုဗန်တိုကို ဖြုတ်ချကာ ခြစားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေးလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးသမားတွေကို ပြင်းထန်တဲ့ သတင်းစကားတစ်ခု ပေးလိုက်တာလည်း ဖြစ်ပါတယ်။

“အစ္စလာမ်မှာ သွေးစွန်းတဲ့အနားသတ်တွေ ရှိနေတယ်” လို့ ၁၉၉၃ ခုနှစ်မှာ နိုင်ငံရေးသုတေသီ ဆင်မြူယဲလ် ဟန်တင်တန်က ပြောခဲ့ပေမယ့် ၁၉၆၀ ပြည့်နှစ်တွေက Bornean Confrontation တော်လှန်ရေးနောက်ပိုင်း မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ နိုင်ငံတကာစစ်ပွဲတွေမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။ Bornean Confrontation တော်လှန်ရေးဟာ မလေးရှားနိုင်ငံဖွဲ့စည်းဖို့ ကိုလိုနီတွေရဲ့အကြံကို ဆန့်ကျင်တဲ့အနေနဲ့ အင်ဒိုနီးရှားက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်ဒိုနီးရှားတွေကို နှိမ်နှင်းဖို့အတွက် စစ်တပ်တွေလွှတ်ခဲ့တဲ့ အိမ်နီးချင်း သြစတေးလျနိုင်ငံဟာ ဗီယက်နမ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ၊ အာဖဂန်စစ်ပွဲနဲ့
အီရတ်စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သလို၊ အရှေ့အလယ်ပိုင်းက IS အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။

အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံမှာ ဆယ်စုနှစ်တွေနဲ့ချီ ငြိမ်းချမ်းခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေကစလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်တာခိုက်တာတွေ မရှိတော့ပါဘူး။ စင်ကာပူ Lee Kuan Yew School က ကထိကဖြစ်ပြီး သံတမန်ဟောင်းလည်းဖြစ်တဲ့ ကီရှိုး မဟ်ဘူဘာနီက အာဆီယံအဖွဲ့ဟာ နိုဘယ်ဆုနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆီယံက မွတ်စလင်ဒီမိုကရေစီများ

အစ္စလာမ်သာသနာဟာ ဒီမိုကရေစီနဲ့ သဟဇာတမဖြစ်ဘူးလို့ အနောက်နိုင်ငံတွေရဲ့ ရှေးရိုးစွဲ ဝေဖန်ဆန်းစစ်သူတွေက ပြောကြားကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက လွတ်လပ်ပြီး မျှတမှုရှိတယ်လို့ သုံးသပ်ကြတဲ့ ရွေးကောက်ပွဲတွေကို အင်ဒိုနီးရှားဟာ ၂၀၀၄ ခုနှစ်ကနေစပြီး အကြိမ်ကြိမ်ကျင်းပလာနိုင်ခဲ့ပါတယ်။

“၁၉၉၀ ပြည့်နှစ်တွေက အရှေ့တောင်အာရှမှာ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးအသွင်ပြောင်းတဲ့ ဆယ်စုနှစ်တွေ ရှိခဲ့ရင် ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ် ၂ ခုဖြစ်ပြီး စိတ်ပျက်ဖွယ် သဘောထားကွဲလွဲမှုတွေကို မြင်ရမှာ ဖြစ်ပါတယ်” လို့ Far Eastern Economic Review ရဲ့ အယ်ဒီတာဟောင်းဖြစ်သူ မီခေးလ် ဗာတီကီယိုတစ်က ၂၀၁၇ ခုနှစ်ကထွက်ရှိတဲ့ သူ့ရဲ့ Blood and Silk စာအုပ်မှာ ရေးသားထားပါတယ်။ မဲခေါင်ဒေသမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတော်တော်များများဟာ တရုတ်ရဲ့ အရင်းရှင် သက်ဦးဆံပိုင်ဝါဒကို မွေးစား ကျင့်သုံးလာကြပါတယ်။

ဒါပေမယ့် အရှေ့တောင်အာရှရဲ့ မလေးကျွန်းဆွယ်မှာတော့ တစ်ခြားပုံစံတစ်မျိုးကို မြင်နေရပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်တယ်လို့ မှတ်ယူရတဲ့ တရုတ်စီမံကိန်း တော်တော်များများကို မလေးရှားအစိုးရက ဖျက်သိမ်းခဲ့ပြီး အင်ဒိုနီးရှား အတိုက်အခံတွေကလည်း ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သူတို့သာနိုင်ရင် တရုတ်ရဲ့ Belt and Road အောက်က စီမံကိန်းတွေကို ပြန်သုံးသပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်နိုင်ငံစလုံးဟာ အနောက်နိုင်ငံနဲ့ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းက ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဂရုစိုက်နေကြပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများက ဒီမိုကရေစီအပေါ် သံသယတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အာရှပိစိဖိတ်ရဲ့ ဒီမိုကရေစီဘိုးအေကြီး သြစတေးလျမှာတောင် မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပြည်သူလူထုရဲ့ ၃ ပုံ ၁ ပုံဟာ အာဏာရှင်ဝါဒ၊ တစ်ဦးကောင်းအုပ်ချုပ်တဲ့ဝါဒကို ပိုကြိုက်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် မလေးမွတ်စလင်တွေရဲ့ကမ္ဘာမှာတော့ ဒီမိုကရေစီဟာ ဆက်လက်ရှင်သန်လျက် ရှိနေတုန်းပါ။

Ref: Aljazeera

(Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Malaysia and Indonesia are bucking the global trend on democracy ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.