2 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 year ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၂၊ ၂၀၁၈
M-Media

သင်တန်းတစ်ခုတွင် တွေ့ရသည့် ဆရာမ ဒေါ်သက်ထွေး

– ဟီဂျဘ် ခေါင်းဆောင်ပုဝါကို နေသားတကျဖြစ်အောင် ပြုလုပ်ပြီးတဲ့နောက် ဒေါက်တာ ဒေါ်သက်ထွေးဟာ သင်တန်းသားတွေဖက် လှည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

“လူတွေရဲ့ လိင်ပိုင်းဆိုင်ရာ သဘောသဘာဝအကြောင်း သိချင်တဲ့သူ ရှိပါသလား”

တစ်ချို့တွေက ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် အတန်းထဲကလူတိုင်း လက်ထောင်လာကြပါတယ်။

‘မိန်းမကိုယ်’ ကို ရည်ညွှန်းဖို့ သင့်လျော်တဲ့စကားလုံး ပေါ်လာရေးအတွက်တောင် ငြင်းကြခုံကြဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လိင်ကိစ္စ ပြောဆိုတာဟာ မလုပ်သင့်မလုပ်အပ်တဲ့ကိစ္စလို့ ယူဆနေကြတုန်းပါ။ ဒေါက်တာ ဒေါ်သက်ထွေးကတော့ ဒီအတားအဆီးတွေကနေ ဖောက်ထွက်နေပါတယ်။

အသက် ၃၅ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးဖြစ်တဲ့ သူမဟာ မြန်မာနိုင်ငံက လိင်အသိပညာပေးဆောင်ရွက်နေတဲ့ ထိပ်တန်းဆရာမတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဓမ္မတာအကြောင်းကနေ၊ လိင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေအထိ အမျိုးသမီးတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတစ်ဝှမ်းပတ်ကာ တစ်ရက်သင်တန်းကနေ၊ တစ်ပတ်အထိ ကြာမြင့်တဲ့သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

သူမဟာ Strong Flowers ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ ဒီအဖွဲ့မှာ လိင်အသိပညာပေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အရှေ့တောင်အာရှက အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ လိင်အသိပညာပေး သင်ကြားမှုတွေ မရှိပါဘူး။ ဒါ့ကြောင့် ဒေါက်တာဒေါ်သက်ထွေးက ဆယ်ကျော်သက်တွေကနေ အသက် ၆၀ ကျော်အရွယ်တွေအထိ အမျိုးသမီးတွေကို အသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက သူမကို ခေါ်ပြီး ၀န်ထမ်းတွေကို သင်တန်းပေးခိုင်းတာတွေလည်း ရှိပါတယ်။

“မိန်းကလေးတွေ တော်တော်များများက ဒီကိစ္စတွေကို အမေတွေ၊ အဒေါ်တွေဆီကနေ သိရှိကြတယ်။ ဒါပေမယ့် များသောအားဖြင့် မသင်ပေးကြဘူး။ သင်ပေးပြန်ရင်လည်း အမှားတွေ အများကြီးပါတတ်တယ်” လို့ သူမက ပြောပါတယ်။

လစ်လျူရှုခံရသည့် အခြေအနေ

သူမရဲ့သင်တန်းတွေမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုလို ကိစ္စတွေကို တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးသင်ကြားပေးနေပါတယ်။

ကုလရဲ့ Population Fund အဖွဲ့က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ‘လစ်လျူရှုခံရတဲ့ အရေးပေါ်အခြေအနေ’မျိုး ဖြစ်နေပြီး ဒီလို အကြမ်းဖက်တာတွေဟာ လုပ်ကောင်းတဲ့အရာတွေလို့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံထားတာ၊ ဥပဒေက အမျိုးသမီးတွေကို ထိထိရောက် ကာကွယ်မပေးနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“မိန်းမကို အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဆိုတဲ့ စကားပုံက လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံထားတယ်ဆိုတာ ဖော်ညွှန်းနေပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား လက်ထပ်ပြီးအမျိုးသမီးတွေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ ခင်ပွန်းသည်တွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ United Nations Population Fund တို့က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးကို မသိနားမလည်မှု၊ လူ့အဖွဲ့အစည်းက လက်မခံမှာကို ကြောက်ရွံ့ပြီး ထုတ်ဖော် မပြောမှုတွေကြောင့် အမှန်တကယ် အကြမ်းဖက်ခံရတဲ့ အရေအတွက်ဟာ များပြားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

“‘ငါတို့ခွင့်မပြုဘူးနော်’ လို့ ပြောလို့ရတယ်ဆိုတာကို ကျွန်မတို့နိုင်ငံက အမျိုးသမီးတော်တော်များများ မသိကြပါဘူး။ ကိုယ့်ယောက်ျားနဲ့မှ မဟုတ်ဘူး၊ မိသားစုမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ဒီလို ငြင်းလို့ရပါတယ်။ ဒီသင်တန်းကို တက်ရောက်တဲ့အတွက် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆန္ဒကို အလေးထားရမယ်ဆိုတဲ့အကြောင်း သိရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်လာပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် မဆုမေက ပြောကြားခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်မှာ ဒေါက်တာ ဒေါ်သက်ထွေးရဲ့သင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့သင်တန်းကို အမျိုးသမီးတွေအပြင် အခြားသူတွေလည်း လာတက်နေကြပြီလို့ ဒေါက်တာက ပြောပါတယ်။

“အမျိုးသမီးတွေ လာတက်ကြတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ လာတက်တဲ့အရေအတွက်ကလည်း မြင့်တက်လာပါတယ်”

အမြင်ဖွင့်သင်တန်း

အမျိုးသားအများစုဟာ အလုပ်ရှင်တွေက လာတက်ခိုင်းလို့ လာတက်ကြတာမျိုးဖြစ်ပေမယ့် ကိုယ့်သဘောဆန္ဒနဲ့ကိုယ် စာရင်းပေးပြီး လာတက်ကြတဲ့ လူငယ်တွေများလာတယ်ဆိုတာ သတိပြုမိတယ်လို့ ဒေါက်တာက ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ ဒီသင်တန်းက အမြင်တွေပွင့်စေပြီး အတွေ့အကြုံကောင်းတွေလည်း တော်တော်လေး ရပါတယ်။ လိင်စော်ကားမှု အကြောင်းကို သင်ရတော့ တော်တော်အံ့အားသင့်သွားတယ်။ ကျွန်တော်တို့ တစ်ခြားနေရာတွေကနေ သိထားတာတွေနဲ့ တစ်ခြားစီဖြစ်နေတာကိုး” လို့ အသက် ၁၇ နှစ်အရွယ် မင်းဂျော်က ပြောပါတယ်။

သင်တန်းပြီးဆုံးသွားတဲ့နောက် ဆရာမ ဒေါ်သက်ထွေးရဲ့ ပြောကြားမှုတွေကို ပြန်လည်ကြားယောင်နေမိတဲ့အတွက် အမျိုးသမီးတွေကို အရင်ကထက် ပိုပြီး လေးလေးစားစား ဆက်ဆံတတ်လာလို့လည်း သူက ပြောပါတယ်။

“အရင်ကဆို ကျွန်တော် ကောင်မလေးတွေကို လိုက်လိုက်စတယ်။ ဒါပေမယ့် သင်တန်းတက်ပြီးတဲ့နောက် ဒါမျိုးမဖြစ်အောင် သတိထား တတ်လာတယ်။ သေချာတာက ကျွန်တော့်ရဲ့ အမူအကျင့် ပြောင်းသွားပါပြီ”

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဒေါ်သက်ထွေးဟာ ဘာသာဝင်တွေအကြား နားလည်မှုတည်ဆောက်ပေးတဲ့ သံတမန်တစ်ဦးလည်း ဖြစ်လာပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေကို စစ်တပ်က လူမျိုးတုန်းသက်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ကုလက ပြောကြားထားပါတယ်။ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘာသာရေးစော်ကားမှု၊ ခွဲခြားဆက်ဆံမှုတွေကို မကြာခဏဆိုသလို ခံစားနေရပါတယ်။

အပြောင်းအလဲတစ်ခု

ခေါင်းဆောင်ပုဝါ၀တ်ဆင်ထားတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းက စာသင်ခန်းထဲမှာ စာတွေသင်ကြားတဲ့ဘ၀ကို ပျော်မွေ့နေရတာဖြစ်တယ်လို့ ဒေါက်တာဒေါ်သက်ထွေးက ၀န်ခံပါတယ်။

“လောကကြီးမှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိတာပေါ့။ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာလည်း စိန်ခေါ်မှုတွေ တော်တော်များများ ရှိနေပါတယ်။ မွတ်စလင်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် အဲဒီစိန်ခေါ်မှုဟာ ၂ ဆလောက်ရှိတယ်လို့ ပြောလို့ရတယ်”

“သင်တန်းသားတွေကို မေးခွန်းမေးချိန်ပေးတဲ့အခါ သူတို့က ‘ဆရာမဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု အငြင်းပွားစရာတွေ ပြောမယ်လို့ ထင်ထားတာ။ ဒါပေမယ့် သင်တန်းကာလတစ်ခုလုံးကိုကြည့်ရင် ဆရာမဟာလည်း ကျွန်မတို့လိုပါပဲ။ ကျွန်မတို့နဲ့ ဆရာမကြားမှာ ဘာမှ ကွဲပြားတာမရှိဘူး’ လို့ သူတို့ပြောကြတယ်”

လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲဖို့ဆိုတာ အချိန်ယူရမှာဖြစ်ပြီး သူမရဲ့သင်တန်းတွေက လူတွေအချင်းချင်းကြားမှာ နားလည်မှု တည်ဆောက်နိုင်အောင် ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။

“လူ ၂၀ လောက်ရှိတဲ့အတန်းမှာ တစ်ယောက်လောက်ပဲ ပြောင်းလဲမယ်၊ တစ်ခုခုရသွားတယ်လို့ ခံစားရမယ်ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတစ်ခုပါ။ ကျွန်မကတော့ သိထားတာတွေကို တတ်နိုင်သလောက်မျှဝေပြီး ကျွန်မတို့လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေမှာ တစ်နိုင်သမျှ ပါဝင်သွားမှာ ဖြစ်ပါတယ်။  ဒီလိုပဲ ကျွန်မ ဆုံးဖြတ်ထားပါတယ်”

Ref: Aljazeera

(Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် The Muslim woman lifting the veil on sex education in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.