4 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
8 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
8 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 year ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဖင်ဘာ ၁၁၊ ၂၀၁၈
M-Media

ကမ္ဘာကြီးက ရိုဟင်ဂျာပြဿနာကို အာရုံစိုက်နေကြတဲ့အချိန် မြန်မာစစ်တပ်ဟာ နောက်ထပ်လူမျိုးစုတစ်ခုကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကချင်ပြည်သူများ နေထိုင်ရသည့် စခန်းတစ်ခု

 

– ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ အမှတ် (၃၃) ခြေမြန်တပ်မဟာ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်မှာ ပြန်လည် တပ်စွဲထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနကနေ ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အဲဒီတပ်မဟာ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးအောင် လုပ်ဆောင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီတပ်မ စခန်းချရာ ဒေသတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တတ်တယ်လို့ ဒေသတွင်း အကူအညီပေးရေး လုပ်သားတွေက ဖွင့်ဟကြပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလနဲ့ အခုနှစ်သြဂုတ်လတွေမှာ ရခိုင်ပြည်နယ်က ရွာသားတွေကို တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးထောင်ချမှု၊ လိင်အကြမ်းဖက်မှု၊ ပစ်ခတ်သတ်ဖြတ်မှုနဲ့ မောင်းထုတ်မှုတွေကို ကျူးလွန်ခဲ့တာဟာလည်း ဒီတပ်မက စစ်သားတွေ ဖြစ်ပါတယ်။

“ဒီလိုလုပ်ရပ်တွေဟာ ကချင်ပြည်သူတွေနဲ့ မစိမ်းတော့ပါဘူး။ ဒီဒေသတွေက တပ်မ ၃၃ ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ သွေးညှီနံ့ကင်းတယ်ဆိုတာ မရှိပါဘူး” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ်ဘော့လ်က် ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီး ဧပြီလက ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တဲ့အချိန် ခြေမြန်တပ်မ (၃၃) လည်း ပါဝင်လာတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေကြောင့် အခုနှစ် ပထမ ၆ လအတွင်း ပြည်သူ ၁၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှာထုတ်ပြန်တဲ့ Myanmar Humanitarian Brief စာတမ်းမှာ ဖော်ပြထားပါတယ်။

ထွက်ပြေးရတဲ့ ရွာသားတွေထဲကတစ်ချို့ဟာ အခုလက်ရှိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားက ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ခိုလှုံနေရပါတယ်။

“တိုက်ခိုက်မှုတွေက ဧပြီလမှာ စတယ်။ စစ်တပ်က တိုက်လေယာဉ် ၄ စင်း ကျွန်မတို့အပေါ်ကို ဖြတ်ပြီး ပစ်ခတ်သွားတယ်။ မော်တာနဲ့ပစ်သံတွေလည်း ကျွန်မတို့ ကြားရပါတယ်။ ကျွန်မတို့ရွာက လူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။ လူ ၂၀၀၀ လောက်ရှိတဲ့ ကျွန်မတို့ရွာမှာ အားလုံးက အသိအကျွမ်းတွေချည်းပါပဲ” လို့ မဖြိုးစုလတ်က ပြောပါတယ်။

“ကျွန်မတို့ လယ်ထဲမှာ ၃ ရက်လောက် ပုန်းနေရပြီး သက်ကြီးရွယ်အိုတွေ၊ နေမကောင်းသူတွေနဲ့ ကလေးတွေကို ကူညီပေးခဲ့ရတယ်။ ၂ ရက် ၃ ရက်တစ်ခါလောက် တောထဲကို လှည့်ပတ်ပြေးရပြီး ၉ ကြိမ်လောက် အဲဒီလို ထွက်ပြေးရပါတယ်။ စစ်တပ်က အနောက်ကနေ လိုက်လာတာကြောင့် တောထဲမှာ စခန်းချပြီး နေရတယ်။ စစ်လေယာဉ်သံတွေ၊ သေနတ်သံတွေ၊ စက်သံတွေ၊ ဒရုန်းသံတွေကို တစ်နေ့လုံးတစ်ညလုံး ကြားနေရပါတယ်။ သူတို့များ ကျွန်မတို့ကို မိသွားမလား၊ မိန်းကလေးတွေကို အဓမ္မကျင့်မလား၊ အမျိုးသားတွေကို နှိပ်စက်သတ်ဖြတ်မလားဆိုပြီး ကြောက်နေရတာပါ”

ဒီလို ထွက်ပြေးရတဲ့အချိန်မှာ မွေးကင်းစကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးတို့ သေဆုံးခဲ့တယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။ ညွန့်စိန်မိုးဆိုတဲ့ အခြားရွာသားတစ်ယောက်က သူတို့တွေ တော်တော်ကံကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အနားကမြို့မှာ ကျွန်မတို့ မိတ်ဆွေတွေဟာ လူသားတံတိုင်းအဖြစ် အသုံးပြုခံရတာ၊ တပ်သားအဖြစ် အဓမ္မစုဆောင်းတာတွေကို ခံခဲ့ရပါတယ်။ စစ်တပ်က သူတို့ကို ခေါ်သွားပြီး မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့နေရာမျိုး ရောက်ရင် ယောက်ျားနှစ်ယောက်ကို အရှေ့ကနေ လျှောက်ခိုင်းပါတယ်။ တစ်ယောက်က မိုင်းနင်းမိပြီး ပေါက်ကွဲသွားပါတယ်”

ဖက်ဒရယ်စနစ်ကို ပိုရဖို့ ဒါမှမဟုတ် လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေပြီး အင်အား တစ်သောင်းလောက်ရှိတဲ့ KIA နဲ့ တိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မြန်မာ့တပ်မတော်တို့ဟာ ၁၉၆၂ ခုနှစ်ကတည်းကစပြီး ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

“ပြဿနာရဲ့ အဓိကရင်းမြစ်က လူ့အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုး ဖြစ်လာအောင်ဆောင်ရွက်ဖို့ ကချင်တွေရဲ့ တစ်စိုက်မတ်မတ် တောင်းဆိုမှုကို မြန်မာအစိုးရက လက်မခံတာဖြစ်ပါတယ်” လို့ ဘော့လ်က်က ပြောကြားခဲ့ပါတယ်။

“တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေမှာ သယံဇာတပေါကြွယ်ဝပြီး ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရှိတာကြောင့် မြန်မာအစိုးရက ဒီဒေသတွေကို ထိန်းချုပ်ပြီး တိုင်းပြည်ကို တည်ဆောက်ချင်တာပါ”

တပ်မတော်နဲ့ KIA နှစ်ဖွဲ့စလုံးဟာ သယံဇာတတွေကို မှီခိုရပ်တည်နေရတာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ၀င်ငွေအများစုကို ကျောက်စိမ်းကနေ ရရှိတာ ဖြစ်ပါတယ်။

“စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ဒေသဟာ တော်တော်လေးကို မဟာဗျူဟာကျတဲ့ဒေသတွေဖြစ်ပြီး ကျောက်စိမ်း၊ ပတ္တမြားနဲ့ ကျွန်းသစ်ထွက်တဲ့ဒေသတွေကို သူတို့က အဓိက အာရုံစိုက်တာ ဖြစ်ပါတယ်” လို့ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ယက်က သုတေသနပညာရှင် ဒေါ်ခွန်ဂျာက ပြောကြားခဲ့ပါတယ်။

“One Belt One Road စီမံကိန်းအပါအ၀င် ကားလမ်းနဲ့ ရထားလမ်း စီမံကိန်းတွေလို နိုင်ငံတော်အဆင့် စီမံကိန်းတွေ ရှိတဲ့ ဒေသတွေဆီကိုလည်း စစ်တပ်က သွားပါတယ်။ KIA က ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ခိုက်တာကြည့်ရင် စစ်တပ်ဟာ သယံဇာတကြွယ်ဝတဲ့ ဒါမှမဟုတ် စီးပွားရေး စီမံကိန်းတွေရှိတဲ့ နေရာတွေကို ကျူးကျော်ဝင်ရောက်နေတယ်ဆိုတာ တွေ့ရမှာပါ။ ပြည်သူတွေ ထွက်ပြေးရမလားဆိုတာကို စစ်တပ်က မကြည့်ပါဘူး။ တိုက်ဖို့ခိုက်ဖို့ပဲ သိပါတယ်”

“ရပေါက်ရလမ်း ကြီးတယ်လေ။ တရုတ်ရဲ့ One Belt One Road စီမံကိန်းက မြန်မာနိုင်ငံကို ဖြတ်သွားမယ့် စီးပွားရေး စင်္ကြန်လမ်းဖြစ်တယ်။ စီမံကိန်းမှာ အခြေခံအဆောက်အဦးတွေဆောက်လုပ်တာ၊ ကားလမ်း၊ ရထားလမ်းဖောက်ပြီး တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်တာတွေ ပါဝင်တယ်။ ဒီလို စီးပွားရေးစင်္ကြန်လမ်း ဖောက်ပြီးသွားရင် သူတို့ဆီကထွက်တဲ့ ကုန်ပစ္စည်းတွေကို ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ပြီး ပို့နိုင်ပါလိမ့်မယ်”

အိမ်မပြန်ချင်ဘူး

၁၇ နှစ်ကြာ အပစ်ရပ်ရေး ၂၀၁၁ ခုနှစ်မှာ ပျက်ပြယ်သွားပြီး နိုင်ငံရေးတိုးတက်မှုတွေ မမြင်ရပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ထောင်နဲ့ချီ တိုးလာပါတယ်။

“ဧပြီလမှာ စစ်တပ်ဟာ ထရပ်ကားတွေနဲ့ စစ်သား တစ်ထောင်လောက်ကို တင်ပြီး ထွက်သွားတယ်လို့ ကျွန်မတို့ကြားတယ်။ ကျွန်မတို့နားက နေရာတွေကိုလည်း တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တယ်။ စက်သေနတ်ပစ်သံတွေကိုလည်း ကျွန်မတို့ ကြားပါတယ်။ ကျွန်မတို့ကြောက်ပြီး နောက်ရွာတစ်ရွာကိုထွက်ပြေးကာ အဲဒီမှာ ပုန်းနေကြတယ်။ တစ်ချို့တွေကို မြန်မြန်ကယ်ထုတ်သွားပေမယ့် ပြဿနာဖြစ်နေတဲ့ နေရာနားက စစ်ဆေးရေးဂိတ်တစ်ခုမှာ လူတစ်ချို့ ကျန်ခဲ့ပြီး သူတို့အတွက် တစ်ပတ်စာ စားစရာတောင် မလောက်ပါဘူး” လို့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေရတဲ့ ဒေါ် သန်းခင်ခင်က ပြောကြားခဲ့ပါတယ်။

သူမရဲ့ သူငယ်ချင်းဖြစ်သူ သူရဇော်ဝင်းက “ကျွန်တော်တို့နား ရွာတွေက မိတ်ဆွေတွေ ထွက်မပြေးနိုင်ကြဘူး။ တိုက်ခိုက်မှုတွေ ဖြစ်နေပြီး သူတို့ခေါင်းပေါ်ကနေ ကျည်ဆန်တွေ ပျံဝဲနေတာတောင်မှ သူတို့ကို ထွက်ခွာခွင့် မပေးပါဘူး။ ရန်သူတွေ တိုက်ခိုက်လို့မရအောင် ရွာသားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုထားကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီဖွဲ့လို အသင်းအဖွဲ့တွေဟာ အဲဒီ ဒုက္ခသည်စခန်းတွေကိုသွားပြီး ကူညီတာ၊ တဲတွေကို ပြန်ဆောက်ပေးတာ၊ လျှပ်စစ်မီးနဲ့ သန့်ရှင်းတဲ့သောက်သုံးရေရမယ့် တဲအသစ်တွေ ဆောက်လုပ်ပေးတာတွေမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။

ဒုက္ခသည်စခန်းမှာ နေနေရတာတောင်မှာ ပြည်သူတွေက လုံခြုံမှု မရှိပါဘူး။

နိုင်ငံကတာအကူအညီတွေ နည်းတာကြောင့် “စိုးရိမ်မှုတွေ ရှိနေပယ့် တစ်ချို့ဟာ သူတို့ရွာကို သူတို့ပြန်သွားကြပြီး လာမယ့်ဘေး ပြေးတွေ့ကြတယ်” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“အိမ်ကနေထွက်ပြေးတဲ့အခါ အားလုံးထားခဲ့ရပြီး လက်ဗလာနဲ့ အိမ်ပြန်ရတာပါပဲ။ သူတို့တွေဟာ မိုင်းထိနိုင်တယ်။ တပ်မတော်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုလည်း ခံရနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေစပြီး ဒုက္ခသည်စခန်းတွေက လူ ၅ ဦးကို တပ်မတော်က ဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်။ အဲဒီထဲမှာ တစ်ယောက် အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး နောက်တစ်ယောက်က မသန်စွမ်းသူပါ”

ကိုထွန်းကြည်လွင်က “ကျွန်တော်တို့ အိမ်မပြန်ချင်ဘူးဗျ။ အန္တရာယ်မကင်းမှာကို ကျွန်တော်တို့ ကြောက်တယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ပြန်မလာခင်အရင် ပဋိပက္ခတွေ ဖြေရှင်းဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နောက်တစ်ဦးဖြစ်တဲ့ ကိုညွန့်စိန်မိုးက “အနားက ရွာသားတွေကို ပြန်လာဖို့ပြောကြတယ်။ သွားတာနဲ့ သူတို့ အပစ်ခံရတာပဲ။ အဆင်ပြေသွားမယ်လို့ လူတိုင်းက ပြောပေမယ့် တိုက်ပွဲမှာ ကြားညပ်ပြီး ပြန်ထွက်ပြေးလာရတာပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။

မြေယာသိမ်းမှု

ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး စခန်းတွေမှာ ပိတ်မိနေတဲ့အချိန် သူတို့ရဲ့မြေယာတွေမှာ တရုတ်ကုမ္ပဏီတွေက ငှက်ပျောသီးတွေ ၀င်ရောက်စိုက်ပျိုးပြီး တရုတ်နိုင်ငံကို ပြန်လည်တင်ပို့နေကြပါတယ်။

ကချင်လူ့အခွင့်အရေးအဖွဲ့တွေက ကချင်ပြည်နယ်အတွင်း အဲဒီလိုလုပ်နေတဲ့ ကုမ္ပဏီ ၂ ဒါဇင်လောက်နဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ထောင်ချီရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ သူတို့မြေတွေအပေါ် ဒီလိုလုပ်နေတာကို မသိကြသူတွေလည်း ရှိသလို၊ တရုတ်ကုမ္ပဏီတွေက စခန်းတွေကို အေးဂျင့်တွေလွှတ်ပြီး ပိုက်ဆံနည်းနည်းပေးပြီး မြေငှားရမ်းတာမျိုးတွေလည်း ရှိပါတယ်။

မျှော်လင့်ချက်မရှိတဲ့ လူတော်တော်များများက လက်ခံကြရပါတယ်။ လက်မခံတဲ့သူတွေကို အစိုးရက ဒီမြေတွေပေါ်မှာ စက်မှုဇုန်ဆောက်ကာ ကုမ္ပဏီတွေကို ငှားရမ်းမှာပဲလို့ ခြိမ်းခြောက်တာခံရကြောင်း ထိုင်းနိုင်ငံ ကချင်အမျိုးသမီးအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး San Htoi က ပြောပါတယ်။

ဒီမြေပေါ်မှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ပေမယ့် တရားဝင် စာရွက်စာတမ်းမရှိတာကြောင့် တရားတစ်ဘောင် ရင်ဆိုင်ရာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေက ရှုံးနိမ့်ကြရပါတယ်။ နောက်ဆုံးမှာတော့ ပြန်စရာအိမ် မရှိကြတော့တာ၊ အရဲစွန့် ပြန်ပြီး ကိုယ့်နေရာကိုယ် ကာကွယ်ရတာတွေ ဖြစ်လာပါတယ်။

“ကိုယ့်အိမ်ကိုယ့်ယာကပဲ တရားမ၀င်ဖြစ်လာတာမျိုးပေါ့။ ဧကထောင်နဲ့ချီတယ်။ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေကို ပြည်သူတွေက ပြန်သွားရင် တပ်မတော်က ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်း တော်တော်များများ ဖြစ်နေပါတယ်” လို့ ဒေါ်ခွန်ဂျာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Fortify Rights က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ငြင်းပယ်မှုကို လက်နက်တစ်ခုအဖြစ် အစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက အသုံးပြုနေတာကြောင့် ကချင်ပြည်နယ်မှာ အကူအညီ ၀င်ရောက်ခွင့်တွေ လျှော့ကျလာတယ်လို့ ဖော်ပြထားပါတယ်။

“နိုင်ငံတကာ အကူအညီတွေကို အစိုးရက ပိတ်ပင်နေတာကြောင့် စခန်းကလူတွေ အသက်ရှင်သန်ဖို့ ခက်ခဲလာပါတယ်။ ကချင်ပြည်နယ်က တစ်ချို့ စခန်းတွေမှာ ဘယ် NGO ရဲ့ ကူညီထောက်ပံ့မှုမှ မရဘူး။ ပြောင်းရွှေ့လာသူ တော်တော်များများက အဲဒီမှာ မနေချင်ကြတော့ဘူး။ သူတို့ရဲ့နေရပ်ကို သူတို့ ပြန်ချင်တယ်။ အန္တရာယ်ရှိပေမယ့် သူတို့မြေတွေ ဆုံးရှုံးမှာလည်း ကြောက်ကြတယ်လေ” လို့ San Htoi က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲလာလိမ့်မယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လူတော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူးရုံးရဲ့ မြန်မာနိုင်ငံရုံးက ပြည်သူ့ဆက်ဆံရေးနဲ့ အကြံပေးအရာရှိ ပီယာရီ ပီရွန်က ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရထိန်းချုပ်ထားတာမဟုတ်တဲ့ ဒေသတွေမှာ အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ရဖို့ ပိုမိုခက်ခဲလာတယ်လို့ ပြောကြားခဲ့ပါတယ်

“၂၀၁၅ မတိုင်ခင်တုန်းက အစိုးရထိန်းချုပ်ထားတာမဟုတ်တဲ့ ဒေသတွေက စခန်းတွေမှာ သွားရောက်အကူအညီပေးရေး ခွင့်ပြုချက် ရကောင်းရနိုင်ပေမယ့် အဲဒီနောက်ပိုင်း ဒီဒေသတွေနဲ့ လုံးဝနီးပါး အဆက်အသွယ်ပြတ်သွားပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ကချင်ပြည်နယ်က ပြည်သူတော်တော်များများရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ ဒါဟာ ၀မ်းနည်းစရာကောင်းတဲ့အချက်ပါ”

လူ့အခွင့်အရေး ကျွမ်းကျင်သူဖြစ်တဲ့ ဘော့လ်က်က အကူအညီပေးရေး ခွင့်မပြုတာဟာ ကချင်တွေအပေါ် မြန်မာစစ်တပ်က အရင်ကတည်းကလုပ်ခဲ့တဲ့ ကြိုတင်ကြံစည် လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

“တရားလက်လွတ်သတ်ဖြတ်တာ၊ လိင်အကြမ်းဖက်တာ၊ ညှင်းပမ်းတာ၊ လူသားတံတိုင်းအဖြစ် အသုံးချတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ အကူအညီတွေကို ပစ်မှတ်ထားပြီး ငြင်းပယ်တာလို လုပ်ရပ်မျိုးတွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပါတယ်။ ဒီလုပ်ရပ်ကျူးလွန်သူတွေကို အရေးမယူနိုင်သမျှ ကာလပတ်လုံး ဒီလုပ်ရပ်တွေက ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်”

Ref: Aljazeera

(အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် The Kachin IDP crisis: Myanmar’s other humanitarian disaster ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.