8 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
12 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
12 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉
M-Media

မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

– စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တစ်မြို့မှာ နိုင်ငံရဲ့ အကြီးဆုံး မဒ်ရာဆာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခု ရှင်သန်နေပြီး ဒီမဒ်ရာဆာဟာဆာ ဗုဒ္ဓဘာသာဝင်တစ်ဦး လှူဒါန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၁၈၈၅ ခုနှစ် မန္တလေးကိုသိမ်းပိုက်ခံရပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် လုံးလုံး မကျရောက်ခင် ရာစုနှစ်ချီအရင်ကတည်းက နိုင်ငံရပ်ခြား ကုန်သည်တွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတဲ့သမိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးက မြို့တစ်ခုမှာ အခုအထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ဧရာဝတီမြစ် အနောက်ဖက်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး အင်းဝနဲ့ အမရပူရလို့ အမည်တွင်ခဲ့တဲ့ စစ်ကိုင်းမြို့ဟာ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်တို့ကို ဆက်သွယ်ထားတဲ့ ရှေးခတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မန္တလေးအရင် ဘုရင့်နေပြည်တော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံရပ်ခြား စီးပွားရေးအသိုင်းအ၀ိုင်းမှာ မတူကွဲပြားမှုပေါင်းစုံ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အချိန်အတော်ကြာကတည်းက ဗမာ့လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သွားတဲ့ မွတ်စလင်တွေလည်း ပါဝင်ပြီး တိုင်းပြည်ရဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်အသုံးတော်ခံနေတဲ့ ဓမ္မသင်တန်းကျောင်းတစ်ခုကိုလည်း သူတို့က တည်ထောင် ဖွင့်လှစ်ထားပါတယ်။

‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ခေါ်တဲ့ အဲဒီ ဓမ္မသင်တန်းကျောင်းကို ၁၉၃၇ ခုနှစ်မှာ စစ်ကိုင်းမြို့ရဲ့ ဆားကုန်းရွာမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၀ ရောက်တဲ့အခါ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဦးအဘ်ဒူလ် ဟာဒီက ဒီကျောင်းဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အကြီးဆုံး အစ္စလာမ်ဓမ္မကျောင်းတော်ကြီးဖြစ်ပြီး ကျောင်းသား တစ်ထောင်လောက် ရှိတယ်လို့ ပြောပါတယ်။

ကျောင်းရဲ့ ထူးခြားချက်တစ်ခုက ကျောင်းအမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မဒ်ရာဆာအများစုဟာ အာရဘီကနေ ဆင်းသက်လာတဲ့ အမည်တွေ ပေးလေ့ရှိပေမယ့် အခုကျောင်းကတော့ ‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ မှည့်ခေါ်ထားပါတယ်။

ဂုဏ်သိက္ခာရှိသောကျောင်း

မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

ကျောင်းကို ပူတွဲတည်ထောင်သူဖြစ်ပြီး ပထမဆုံးကျောင်းအုပ်လည်းဖြစ်တဲ့ ဆရာကြီးဦးပုံကြောင့် ဒီကျောင်းကြီးဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေးစားမှု ခံရပါတယ်။ အာရဗီ၊ အူရဒူ၊ ဖာရစီနဲ့ ဗမာ ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ဆရာကြီးဦးပုံကို ကန့်ဘလူမြို့နယ်က ပေါက်တောရွာမှာ မွေးဖွားခဲ့ပြီး ဖခင်က ဗမာဘုရင် သီပေါမင်းရဲ့ သစ္စာတော်ခံ ဦးယိမ်း ဖြစ်ပါတယ်။

ဆရာကြီးပုံဟာ ဆရာကြီးလှ၊ ဆရာကြီးဇုံ၊ ဆရာကြီး ဦးဖီတို့နဲ့ ပူးပေါင်းကာ ဒီမဒ်ရာဆာကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၃၀ မှာ သူတို့တွေဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ ဆူရတ်မြို့ကိုသွားပြီး အဆင့်မြင့် အစ္စလာမ့်ဓမ္မပညာရပ်တွေကို ဆည်းပူးကာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး တစ်နှစ်အကြာ ၁၉၃၆ ခုနှစ်မှာ ဒီကျောင်းကြီးကို တည်ထောင်ခဲ့တာပါ။

ဗမာအမည် ဦးဆောင်ဆန်းလို့ခေါ်တဲ့ ဦးအဘ်ဒူလ်ဟာဒီက ဆရာကြီးပုံကို ကန့်ဘလူဒေသခံတွေက လေးစားကြည်ညိုကြတယ်လို့ ပြောကြားခဲ့ပါတယ်။

မွတ်စလင်တွေသ မကဘဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ မြေယာ၊ အမွေနဲ့ လင်ခန်းမယားခန်း ပြဿနာတွေကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးဖို့အတွက် တစ်ခါတစ်ရံမှာ အစိုးရကိုယ်တိုင် ဆရာကြီးပုံကို အကူအညီတောင်းတာတွေလည်း ရှိခဲ့ပါတယ်။

“တစ်ချို့အမှုတွေဆိုရင် အစိုးရအာဏာပိုင်တွေ ဆရာကြီးရုံးကို လွှဲပေးလိုက်တာ” လို့ ဦးအဘ်ဒူလ်ဟာဒီက Frontier Myanmar ကို ပြောပါတယ်။

ဒီလို အကူအညီတွေ ပေးခဲ့တဲ့အတွက်ကြောင့် ရထား၊ သင်္ဘောနဲ့ အခြားပို့ဆောင်ရေး ၀န်ဆောင်မှုတွေကို အခမဲ့ အသုံးပြုခွင့်အပါအ၀င် အစိုးရက ဆရာကြီးပုံကို အခွင့်ထူးတွေ ချီးမြှင့်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါ်ပေါက်လာပြီး လူမျိုးရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ကန့်ဘလူမြို့ကလည်း ဒီဒဏ်တွေကို ခံခဲ့ရပါတယ်။ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့အချိန် ဆရာကြီးပုံဟာ ဆားကုန်းရွာကနေထွက်ဖို့ စဉ်းစားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဆရာကြီးနဲ့ မိသားစုဟာ ၁၀ မိုင်ဝေးတဲ့ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပေမယ့် ကျောင်းရဲ့ အခြေအနေတွေကို ကြီးကြပ် ထိန်းသိမ်းဖို့အတွက် ဆားကုန်းကို ပုံမှန် ပြန်လာလေ့ ရှိပါတယ်။

ကျောင်းသားတွေ များလာတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ မဒ်ရာဆာ ဂေါပကအဖွဲ့က ကျောင်းနေရာပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆားကုန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ရှိခဲ့တဲ့ကျောင်းကို ကန့်ဘလူမြို့ပေါ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ကန့်ဘလူမှာ လူ ၂၅၀၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။

မူလကျောင်းအမည်ကို ဆက်ယူထားတဲ့ မဒ်ရာဆာအသစ်ကို ၁၉၆၀ ပြည့်နှစ် ၈ ဧကရှိတဲ့ ခြံဝိုင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကျောင်းအတွင်း ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဒေါ်မိက မြေနေရာလှူဒါန်းခဲ့တာဖြစ်ပြီး ဆရာကြီးပုံဟာ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်း ပြင်ပမှာပါ လေးစားအားထားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

“ဆရာကြီးပုံက နေရာသစ်တစ်ခုကို ရှာနေတယ်ဆိုတဲ့ သတင်းလည်းကြားရော ဒေါ်မိက ဆရာကြီးဆီးသွားပြီး ဗလီနဲ့ မဒ်ရာဆာအတွက် မြေနေရာလှူဒါန်းဖို့ ခွင့်တောင်းခဲ့ပါတယ်” လို့ အဘ်ဒူလ် ဟာဒီက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

ရှေ့ဆောင်အီမာမ်များကို လေ့ကျင့်ပေးရာနေရာ

မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

အစိုးရကျောင်းမှာ ၅ တန်းပြီးမြောက်တဲ့ ကျောင်းသားတွေကိုသာ မဒ်ရာဆာက လက်ခံပြီး ပထမတန်းကို တက်ရောက်ရပါတယ်။ ပထမ ၄ နှစ်မှာ အစ္စလာမ်သာသနာကို လက်တွေ့ဘ၀မှာ လိုက်နာကျင့်သုံးနိုင်မယ့် နည်းနာတွေကို မဒ်ရာဆာက အဓိကထား သင်ကြားပေးပါတယ်။

မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီးမှာ ၄ တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေဟာ ၁၀ တန်းအထိ ဆက်လက် ပညာဆည်းပူးနိုင်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ဦးဆောင်နိုင်မယ့် ရှေ့ဆောင်အီမာမ်တစ်ပါး ဖြစ်လာရေး အဆင့်မြင့်ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးနိုင်ပါတယ်။ မဒ်ရာဆာ တည်ထောင်ခဲ့ပြီးတဲ့နောက်ပိုင်း ၁၀ တန်းအောင်မြင်သူ ၂ ထောင်ကျော် ရှိခဲ့ပြီး ကုရ်အာန်ကျမ်းစာ တစ်အုပ်လုံး အာဂုံဆောင်နိုင်တဲ့ ကျောင်းသားတွေကို ဒီကျောင်းက ဘွဲ့လက်မှတ် ချီးမြှင့်ပါတယ်။

အူရဒူ ဒါမှမဟုတ် မြန်မာစာပေတွေနဲ့ သင်ကြားတဲ့ မြန်မာနိုင်ငံက အခြားမဒ်ရာဆာတွေနဲ့ မတူညီတာက မြန်မာ-အရ်ဗီ သိပ္ပံကျောင်းမှာ အာရဗီ ဘာသာစကားနဲ့ တိုက်ရိုက်သင်ကြားတာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာ၊ အဆင့်မြင့် မြန်မာစာနဲ့ အခြား လောကီဘာသာရပ်တွေကို သင်ကြားပေးခြင်းမရှိပေမယ့် အဘ်ဒူလ်ဟာဒီက သူ့ကျောင်းက ကျောင်းသားတွေရဲ့ ဗဟုသုတ၊ စွမ်းဆောင်နိုင်စွမ်းတွေကို သံသယမဖြစ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီက ကျောင်းသားတွေဟာ အစိုးရကျောင်းက ကျောင်းသားတွေကို ယှဉ်နိုင်စွမ်းရှိပါတယ်”

ကျောင်းသားအားလုံး ယောက်ျားလေးတွေဖြစ်ပေမယ့် မဒ်ရာဆာက အခြားဆရာတွေဟာ ကန့်ဘလူဗလီမှာ အမျိုးသမီးတွေအတွက် အတန်းတွေ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

မဒ်ရာဆာရဲ့ ဒုတိယကျောင်းအုပ်ဖြစ်ပြီး မြန်မာအမည် ဦးတင်မြင့်လို့ခေါ်တဲ့ ဦးအဘ်ဒူလ် ဟာကင်မ်က ကျောင်းသားတွေ ဘာဝတ်ရမယ်ဆိုပြီး ကန့်သတ်ထားတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“သူတို့ကြိုက်တာ ၀တ်နိုင်ပါတယ်။ ဒါပေမယ့် အတန်းတက်ဖို့ သင့်လျော်တဲ့အ၀တ်အစားမျိုးကို ဂရုတစ်စိုက်ဝတ်ဖို့ လိုအပ်ပါတယ်” လို့ ဦးတင်မြင့်က Frontier ကို ပြောကြားခဲ့ပါတယ်။

သူ ဒီလိုဖြေကြားနေစဉ်မှာပဲ ကျောင်းသားတစ်ချို့ ကျောင်းရဲ့ အားကစားကွင်းမှာ ခြင်းလုံး၊ ဘောလုံးတွေ ကစားနေကြပြီး တစ်ချို့ကျောင်းသားတွေဟာ အင်္ဂလိပ် ပရီးမီးလားလိဂ်က အသင်းအင်္ကျီတွေ ၀တ်ဆင်ထားကြပါတယ်။

ကျောင်းသားတွေရဲ့ ထက်ဝက်လောက်က ကျောင်းအိပ်ကျောင်းစား လာနေကြတာ ဖြစ်ပါတယ်။ မဒ်ရာဆာမှာ ၁၀ တန်းတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဝေဖြိုးအောင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဖြစ်ပါတယ်။ ဘာသာရေးအတန်းပညာ ၇ တန်းအောင်သွားပြီးတဲ့နောက် ဆက်လက်လေ့လာဖို့အတွက် မြစ်ကြီးနားမှာ မဒ်ရာဆာမရှိတော့တာကြောင့် သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

ကျောင်းပြီးသွားရင် ဘာသာရေးနဲ့ပတ်သက်တဲ့ အသိတွေကို ပြန်လည်မျှဝေပေးတာ၊ ကလေးတွေကို စာသင်ပေးတာတွေ လုပ်ချင်တယ်လို့ သူက ပြောပါတယ်။

“လမ်းချော်နေတဲ့သူတွေကို လမ်းကြောင်းမှန်ပေါ် ပြန်လည်တည့်မတ်ပေးတာမျိုးလည်း ကျွန်တော် လုပ်ဆောင်ပေးချင်ပါတယ်” လို့ ဝေဖြိုးအောင်က ပြောပါတယ်။

ကျောင်းအိပ်ကျောင်းစား အများစုက ဝေဖြိုးအောင်နဲ့မတူဘဲ စစ်ကိုင်းတိုင်းဒေသကြီးတစ်ဝိုက်က ဖြစ်ပါတယ်။

အစိုးရကျောင်းထက် ပိုပြီး စားရိတ်စက သက်သာတာကြောင့် မိဘတွေက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ပို့ဆောင်ကြတာ ဖြစ်ပါတယ်။ ကျောင်းလခက တစ်နှစ်ကို ၃၀၀၀ ကျပ်သာဖြစ်ပြီး ကျောင်းအိပ်ကျောင်းစားတွေအတွက် နေစရာ၊ စားစရာ အခမဲ့ပေးပါတယ်။

ကျောင်းရဲ့ ကုန်ကျစားရိတ်တွေအတွက် အလှူရှင်တွေအပေါ်မှာသာ လုံးဝမှီခိုနေရတာဖြစ်ပြီး အလှူရှင်အများစုဟာ မွတ်စလင်အသိုင်းအ၀ိုင်းကဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင် အလှူရှင်တွေလည်း ရှိနေပါတယ်။

ဗုဒ္ဓဘာသာဝင်အလှူရှင်တွေထဲမှာ ထင်ရှားသူတစ်ယောက်က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်အေးရဲ့ ညီဖြစ်သူ ဦးကျော်ညွန့်ဖြစ်ပြီး ကန့်ဘလူဇာတိ ဖြစ်ပါတယ်။

မဒ်ရာဆာဟာ နှစ်တော်တော်များများ ရုန်းကန်လာခဲ့ရပြီးတဲ့နောက် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကို တွေ့ရတဲ့အတွက် ‘ကျေနပ်အားရမိတယ်’ လို့ ဦးကျော်ညွန့်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ မဒ်ရာဆာရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

သံသယများ

မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

ဒီကျောင်းကြီးဟာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သံသယမျက်စိနဲ့ကြည့်တာကို ခံခဲ့ရပြီး အထူးသဖြင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကြောင့် လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဆန့်ကျင်ဖက်အင်အားစုတွေက ရန်ကုန်မှာရှိတဲ့ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတွေကို ဖိအားပေး ပိတ်ခိုင်းခဲ့ပါတယ်။ မဒ်ရာဆာတွေအနေနဲ့ မြန်မာဘာသာစကားကိုသာ အသုံးပြုသင်ကြားဖို့၊ ဘာသာရေးသင်တန်းတွေကို အစိုးရက ခွင့်ပြုထားတဲ့ နေရာတွေမှာပဲ လုပ်ဆောင်ဖို့ဆိုတဲ့ အမိန့်ကြေငြာချက်တစ်ခုကို ကန့်ဘလူမြို့ အပါအ၀င် မြိုနယ် အထွေထွေ အုပ်ချုပ်ရေးရုံးတွေက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့်ကို အစ္စလာမ့်အဖွဲ့အစည်းခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး ဘာသာတရား လွတ်လပ်စွာကျင့်သုံးခွင့်ကို ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေအနေနဲ့ ဒီအမိန့်ကို အတင်းလိုက်နာခိုင်းတာမျိုး လုပ်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

အစိုးရက အသိအမှတ်ပြုထားတဲ့ မဒ်ရာဆာအရေအတွက် အတိအကျစာရင်း လတ်တလော ထွက်ထားတာ မရှိသေးပါဘူး။ ၁၉၉၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ‘သာသနာ့အလင်း’ စာအုပ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း မဒ်ရာဆာပေါင်း ၇၅၉ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။ မွတ်စလင်ခေါင်းဆောင်တွေက အစိုးရဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဗလီအသစ်တွေ၊ မဒ်ရဆာအသစ်တွေဆောက်ဖို့ ခွင့်ပြုချက် မပေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ၁၉၆၀ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ မဒ်ရာဆာလေးတစ်ခုရဲ့ ဂေါပကအဖွဲ့ဝင် ခလီဖာ ဦးတင်မောင်ကျော်က သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ ဓမ္မရေးရာ လမ်းညွှန် သင်ကြားပေးနိုင်ဖို့ အဓိကထားကာ ရှေ့ဆောင်အီမာမ်တွေကို လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“(မဒ်ရာဆာတွေဟာ) ဘာသာရေးကို သင်ကြားပေးနေတာပါ။ အစွန်းရောက်ဝါဒကို သင်ကြားပေးနေတာ မဟုတ်ပါဘူး”

မဒ်ရာဆာတွေရဲ့ အဆင့်မြင့်အတန်းတွေမှာ သင်ယူနေတဲ့ မွတ်စလင်အများစုဟာ ကျေးလက်ဒေသ၊ လူမှုစီးပွား နိမ့်ပါးတဲ့ အသိုင်းအ၀ိုင်းတွေကဖြစ်တယ်လို့ ဦးတင်မောင်ကျော်က ပြောပါတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြဒေသတွေက မိဘတွေဟာ အစိုးရကျောင်းတွေကို ပိုလွှတ်ကြပြီး ဘာသာရေးအခြေခံတွေကို နားလည်ဖို့အတွက်လောက်သာ မဒ်ရာဆာတွေကို နှစ်အနည်းငယ်လောက် အချိန်ပိုင်း လွှတ်ကြပါတယ်။

သင်ကြားမှုနည်းစနစ်တွေ ပြောင်းရေးဆိုတဲ့ အဓိကအချက်အပါအ၀င် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် နိုင်ငံတစ်ဝှမ်း ဝေဖန်ငြင်းခုံနေမှုတွေဟာလည်း မဒ်ရာဆာတွေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။

ရှေးခေတ်အတိုင်းသင်နေတဲ့ မဒ်ရာဆာတွေမှာ ခေတ်သစ် သင်ကြားရေးနည်းလမ်းတွေ အသုံးပြုရေး ခေတ်အမြင်ရှိတဲ့ မွတ်စလင်တွေက ကြိုးစားမှုကြောင့် ဆွေးနွေးငြင်းခုံမှုတွေလည်း မြင့်တက်လာပါတယ်။

‘ခေတ်သစ် သင်ကြားမှုနည်းလမ်း’ ကို မဒ်ရာဆာတွေမှာ လက်ခံကျင့်သုံးရေးဟာ ပထမဦးစားပေးဖြစ်တယ်လို့ ဦးတင်မောင်ကျော်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ခေတ်သစ် သင်ကြားမှုနည်းလမ်းတွေနဲ့ သင်ကြားခဲ့ရသူတွေ၊ (ဗလီမှာဟောတဲ့) တရားတွေကနေသာ သိရှိနားလည်ကြသူတွေအကြား ကွာခြားချက်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဖောက်ထွက်တွေးခေါ်နိုင်ရေး သင်ယူဖို့ဟာ တကယ်ကို အရေးကြီးပါတယ်”

Ref: Frontier Myanmar

(Frontier Myanmar သတင်းဌာနမှ The madrassa of Kantbalu ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Comments are closed.