12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၇၊ ၂၀၁၉

M-Media

Photo Credit – Frontier Myanmar

– မြန်မာနိုင်ငံက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ၁၈ လသာ လိုတော့တဲ့အချိန် ရွေးကောက်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်မယ့် သူတွေကတော့ စတင်ပြင်ဆင်နေကြပါပြီ။ လာမယ့်ရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာနိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ဆိုရှယ်မီဒီယာနဲ့ အမျိုးသားရေးဝါဒကို ရောသမမွှေထားတဲ့ တို့မီးရှို့မီးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ Facebook နဲ့ Viber လို ဖုန်းမက်ဆေ့ခ်ျပို့တဲ့ ဆော့ဖ်ဝဲတွေကနေ သတင်းမှားတွေ၊ အမုန်းစကာတွေ ပြန့်နှံ့မှုဟာ နိုင်ငံရေးအခြေအနေကို မတည်မငြိမ် ဖြစ်လာစေနိုင်သလို၊ လာမယ့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာ အမှတ်သညာကိစ္စဟာ အားကောင်းကာ သဘောထားကွဲစေတဲ့ကိစ္စအဖြစ် ဆက်လက်ရှိနေပြီး၊ ဒါကို ဆိုရှယ်မီဒီယာမှာ လက်နက်အဖြစ် အသုံးချလိုက်တဲ့ အခါမှာတော့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်လာပါတော့တယ်။ ၂၀၁၄ ခုနှစ် မန္တလေးမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိုကြည့်ရင် ၉၆၉ လှုပ်ရှားမှုနဲ့ ဆက်နွယ်နေတဲ့ သဘောထားတင်းမာသူ ဘုန်းကြီးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးကို ဒီလိုပဋိပက္ခတွေက ပုံဖော်နေတာဖြစ်ပြီး ဒါမျိုး နောက်ထပ်ဖြစ်လာမယ်ဆိုရင် NLD အပေါ် လူကြိုက်များမှုကို ထိခိုက်လာနိုင်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့က နမူနာယူရမယ့် ဒေသတစ်ခုပါ။ ၂၀၁၃ ခုနှစ်မှာ လူမျိုးစု အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးလူ့အဖွဲ့အစည်းတွေအကြား အမြင်မကြည်မှု တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပြီး အဲဒီတင်းမာမှုကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အပေါ် လူကြိုက်များမှု မြင့်တက်လာကာ မိတ္ထီလာမြို့က အမတ်တစ်နေရာကို NLD ထံကနေ USDP က ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD မဲတွေကို ရရှိဖို့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာကို USDP က အသုံးချကာ မဲပေးသူတွေကို သွေးဆောင်တာမျိုး လုပ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာဆန်းစစ်သူတွေက သုံးသပ်ပါတယ်။

Myanmar Institute for Peace and Security အဖွဲ့က နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုအမရာသီဟက မြန်မာနိုင်ငံရဲ့ နိုင်သူစား ရွေးကောက်ပွဲစနစ်ကြောင့်  ပြိုင်ဘက်တွေ မဲမရဖို့နဲ့ ခရိုင်အဆင့်မှာ လူများများ ထောက်ခံမဲပေးဖို့ လိုအပ်တဲ့အတွက် ပါတီတွေဟာ မဲပေးပိုင်ခွင့်ရှိသူ အသစ်တွေကို စွဲဆောင်ပြီး နိုင်ငံရေးသြဇာ ချဲ့ထွင်တာမျိုးထက် သူတို့ကို ထောက်ခံသူတွေကို ဦးနှောက်ကျင်းတာမျိး လုပ်ကြတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲနေ့မှာ အမှန်အကန်မဲထည့်မယ့်သူတွေ ရရှိနိုင်မယ့် ဗျူဟာမျိုးကိုသာ ပိုမိုအာရုံစိုက်ကြပါတယ်။

အကယ်၍ အမျိုးသားရေးဝါဒကို အခြေခံတဲ့ စစ်တပ်ရဲ့ ၀ါဒအတိုင်း USDP က လိုက်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင်တွေအပေါ်မှာ သိပ်ကို ပ,စားပေးလွန်းတယ် ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူများစု ဗမာတွေကို လုံလုံလောက်လောက် ကာကွယ်မပေးဘူးဆိုတဲ့ ၀ါဒဖြန်မှုမျိုး လုပ်လာနိုင်ပါတယ်။

ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ဒါမှမဟုတ် တစ်ဖက်ပိတ်အမြင်တွေ ဖြစ်လာစေဖို့ သတင်းတုတွေကို လျင်လျင်မြန်မြန် ဖြန့်ဝေတာဟာ ရွေးကောက်ပွဲတစ်ခုမှာ ကြုံရတတတ်တဲ့ တင်းမာမှုမျိုးကို ပိုမို ဆိုးဝါးစေနိုင်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ပေးပြီး ဆိုရှယ်မီဒီယာကို စောင့်ကြည့်နေတဲ့ ရန်ကုန်အခြေစိုက် ‘အသံ’ အဖွဲ့ကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ကိုရဲဝေဖြိုးအောင်က ၂၀၁၈ ခုနှစ် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ ဆိုရှယ်မီဒီယာမှာ ပလူပျံခဲ့တယ်လို့ Frontier Myanmar သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာမီဒီယာတွေအပေါ် မယုံကြည်မှု တိုးလာတာ၊ နိုင်ငံရပ်ခြားက ၀င်ရောက်စွက်ဖက်မှုအပေါ် မနှစ်မြို့တာတွေကြောင့် မြန်မာနိုင်ငံဟာ သတင်းအချက်အလက် ပိတ်မိတဲ့ပုံစံ ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် အတွင်းမှာပဲ ပတ်ခွေနေကြပြီး ကြောက်ရွံ့မှု၊ အမျိုးသားရေးဝါဒတို့ အခြေခိုင်လာကာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေရဲ့ အမြတ်ထုတ်မှုကို အလွယ်တကူ ခံစားလာရပါတယ်။ ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ရေးလှုပ်ရှားမှုမှာ ကြောက်စရာကောင်းတဲ့ အကြောင်းအရင်းတစ်ချက် ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးနောက် မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်မှု မြင့်တက်လာတာဟာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဆက်သွယ်ရေး၊ နိုင်ငံရေးပါဝင်မှု သဘောသဘာဝနဲ့ အနေအထားကို သိသိသာသာ ပြောင်းလဲစေခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ ဆိုရှယ်မီဒီယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၆.၅ သန်းကနေ ၈ သန်းလောက်သာ ရှိရာကနေ လက်ရှိမှာ ၁၈ သန်းကနေ သန်း ၂၀ ကြားရှိတယ်လို့ Frontier Myanmar သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီလို မြင့်တက်လာတာကြောင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ သတင်းတုနဲ့ အမုန်းစကားပမာဏဟာ ပိုမို ကြီးထွားလာနိုင်ပါတယ်။

အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးသမားတွေရဲ့ Facebook စာမျက်နှာ၊ ဖုန်းမက်ဆေ့ခ်ျ ဆော့ဖ်ဝဲတွေကနေ သတင်းတုတွေနဲ့ အမုန်းစကားတွေဟာ အထက်ကနေ အောက်ကို ပြန့်နှံ့ပြီး၊ အဲဒီကနေဆင့် သူတို့ရဲ့ လက်ဝေခံတွေ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ပရိတ်သတ် အခိုင်အမာရရှိထားသူတွေကနေတဆင့် တောမီးလို ပြန့်နှံ့သွားတတ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထောက်လှမ်းရေးဌာနဟာ ရုရှားပုံစံ ၀ါဒဖြန့်လုပ်ငန်းတွေနဲ့ အကြမ်းဖက်မှုဖြစ်အောင် သတင်းမှားတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့မှာ အစ္စလာမ့်မစ်အစွန်းရောက်တွေဟာ တိုက်ခိုက်မှုတွေ လုပ်တော့မယ်ဆိုတဲ့ လုပ်ကြံသတင်းတွေကို ၂၀၁၇ ခုနှစ်တုန်းက အကောင့်တွေဖွင့်ပြီး ၀ါဖြန့်ကြတယ်လို့ Facebook က ထုတ်ပြန်ခဲ့ပါတယ်။ အမုန်းစကားတွေကို စောင့်ကြည့် သတိပေးနေတဲ့ အရပ်ဖက်အဖွဲ့တွေက အန္တရာယ်ရှိတဲ့အရေးအသားတွေ ဖြန့်ဝေနေတဲ့ အကောင့်တွေကို ဖြုတ်ချပေးဖို့ Facebook ကို
တိုက်တွန်းခဲ့ပြီး ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတဲ့အတွက် ဒီအဖွဲ့တွေက စိတ်ပျက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းအလွဲသုံးစားမှုတွေ ထုနဲ့ထည်နဲ့ မြင့်တက်လာမှုကို အလိုက်သင့်တုန့်ပြန်နိုင်ဖို့အတွက် Facebook က ရုန်းကန်နေရပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ဆိုကာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် တပ်မတော်နဲ့ သက်ဆိုင်တဲ့ အကောင့်တစ်ချို့ကို Facebook က ဖယ်ရှားခဲ့ပေမယ့် ခြုံငုံသုံးသပ်မယ်ဆိုရင် တုန့်ပြန်မှုတွေဟာ သိပ်ကိုအားနည်းပြီး၊ အရမ်း နောက်ကျနေပါသေးတယ်။

ဆိုရှယ်မီဒီယာ အထူးသဖြင့် Facebook ရဲ့ အမုန်းစကားစောင့်ကြည့်ဆန်းစစ်ရေးလုပ်ငန်းက ဒီကွက်လပ်ကို ဖြည့်ဖိုအတွက် အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်ကူညီပေးနေကြပါတယ်။ အဲဒီအထဲမှာ Myanmar Institute for Peace and Security အဖွဲ့လည်း ပါဝင်ပါတယ်။ ဒီအဖွဲ့က ကွန်ပျူတာကုဒ်ရေးသူ ၃ ဦးဟာ  Facebook မှာရေးသားတဲ့ မုန်းတီးရေးပို့စ်တွေ၊ အမုန်းစကားလုံးတွေကို သတ်မှတ်ချက် ၇၅ ခုကို အသုံးပြုကာ ရှာဖွေဖော်ထုတ်၊ အမျိုးအစားခွဲတဲ့ ဆိုရှယ်မီဒီယာ ဒေတာဘေ့စ်တစ်ခုကို ကိုင်တွယ် စီမံနေပါတယ်။

ဒီသတ်မှတ်ချက်တွေကို အသုံးပြုပြီး MIPS ဟာ အမုန်းစကားတွေရဲ့ အဓိကအချက်တွေနဲ့ ဒါတွေဟာ ဘယ်လောက်အထိ တာသွားလည်းဆိုတာကို ဆန်းစစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် အကောင့်တစ်ခုမှာ followers ဘယ်လောက်များများ ရှိနေလဲ၊ အမုန်းကားတွေကို ဘယ်လို ဖြန့်ဝေလဲ၊ ဘယ်သူက အကောင့်တစ်ခုထက်ပိုပြီး ရှိနေလဲဆိုတာတွေနဲ့  သူတို့တွေဟာ ဘယ်နေရာ၊ ဘယ်ဒေသကနေပြီး ဒီအကောင့်တွေ ကိုင်တွယ်အသုံးပြုလဲဆိုတာတွေကိုပါ ဒီအချက်အလက်တွေကိုကြည့်ပြီး သုံးသပ်နိုင်ပါတယ်။

ရန်ကုန်အခြေစိုက် နည်းပညာဆိုင်ရာအဖွဲ့ဖြစ်တဲ့ ‘ဖန်တီးရာ’ လို့ အဖွဲ့မျိုးတွေကလည်း ဒစ်ဂျစ်တယ်အခွင့်အရေးကို မြှင့်တင်တာမျိုး၊ အန္တရာယ်ကင်းတဲ့ အင်တာနက်အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာဖို့ ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို နည်းလမ်းမျှဝေပေးတာမျိုး လုပ်ဆောင်နေကြပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ ပေါင်းထားတဲ့ ‘ပန်းစကား’ အဖွဲ့ကလည်း အမုန်းစကား တိုက်ဖျက်ဖို့၊ လူ့အဖွဲ့အစည်းအကြား ပေါင်းကူးဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်။ ဒီအဖွဲ့ကို ဘလော့ဂါဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်နေတဲ့ ဦးနေဘုန်းလတ်က ၂၀၁၄ ခုနှစ်မှာ တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ အမုန်းစကားတိုက်ဖျက်ရေးအတွက် နည်းသစ်လမ်းသစ်တွေကို ရှာဖွေလုပ်ဆောင်နေပေမယ့် အမျိုးသားရေးဝါဒနဲ့ ဆိုရှယ်မီဒီယာကနေ ထွက်လာတဲ့ ကြီးမားတဲ့ အဆိပ်အတောက်ကို တုန့်ပြန်နိုင်လောက်တဲ့ စွမ်းအားမျိုး မရှိပါဘူး။ “လာမယ့်ရွေးကောက်ပွဲက တော်တော်လေးကို အတွန်းအတိုက်များပါလိမ့်မယ်။ နိုင်ငံရေးနွယ်တဲ့ အကြမ်းဖက်မှုတွေလည်း ပိုဖြစ်လာပါလိမ့်မယ်” လို့ Fortify Rights အဖွဲ့က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နစ်ကီဒိုင်းမွန်းက ပြောကြားခဲ့ပါတယ်။

ဟန်ဂေရီကနေ အမေရိကန်အထိ ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီ နိုင်ငံကြီးတွေက မဲဆွယ်ပွဲတွေမှာ လူပြိန်းကြိုက် နိုင်ငံရေးသမားတွေဟာ နိုင်ငံခြားသားကြောက်ရောဂါနဲ့ အမျိုးသားရေးသဘောထားတွေကို လှုံ့ဆော်ပေးတာ၊ လူနည်းစုတွေ မလုံခြုံတော့ဘူးဆိုတဲ့ အမြင်တွေ သွင်းပေးတာတွေနဲ့ အောင်မြင်မှုရခဲ့တာကို တွေ့ရပါတယ်။ USDP ကလည်း ခြောက်လုံး၊ လှန့်လုံးတွေနဲ့ ဒီနည်းလမ်းအတိုင်း လိုက်နေတယ်ဆိုတာ အများပြည်သူကို ထုတ်ပြန်ချက်တွေမှာ တွေ့ရပြီး၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုမှာ အမျိုး၊ ဘာသာ၊ သာသနာ အမှတ်သညာတွေက ဦးစားပေးအကြောင်းအရာတွေ ဖြစ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ “ပြည်သူတွေဟာ တည်ငြိမ်အေးချမ်းရေးနဲ့ အမျိုး၊ ဘာသာ၊ သာသနာ အမှတ်သညာတွေအတွက် စိုးရိမ်လာကြပါတယ်။ ဒါ့ကြောင့် USDP ဟာ ဒီပြဿနာကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နန္ဒာလှမြင့်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ပြောကြားခဲ့ဖူးပါတယ်။

ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ဆွပေးဖို့ တိုက်တွန်းမှုကို အခြားပါတီတွေက လက်ခံတာ၊ လက်မခံတာထက်၊ လူ့အဖွဲ့အစည်းအတွင်း အထူးသဖြင့် မွတ်စလင်တွေအပေါ် သည်းမခံနိုင်မှုကို လူသိရှင်ကြား ဝေဖန်ထောက်ပြဖို့ NLD ပါတီက တွန့်ဆုတ်နေမှုဟာ အစွန်းရောက်လုပ်ရပ်တွေကို လက်မခံသော်ငြား၊ ဒါတွေ နေရာရလာအောင် လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။

USDP ပါတီဟာ NLD ရဲ့ အမျိုးသားရေးနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှုကို ဝေဖန်ရုံသာမက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ဟာ ဘက်လိုက်တယ်လို့ စွပ်စွဲထားပြီး ၂၀၂၀ မှာ NLD က ထပ်ပြီးအနိုင်ရရင် စောဒကတက်ဖို့အတွက် ကြိုတင် လမ်းကြောင်းထာတာမျိုး ဖြစ်ပုံရပါတယ်။ UEC ရဲ့ အဖွဲ့ဝင်တွေကို NLD အစိုးရက ရွေးချယ် ခန့်အပ်တာကြောင့် သူတို့ဟာ ပါတီကို သစ္စာခံသူတွေသာဖြစ်ပြီး မျှတမယ်လို့ မယုံရကြောင်း ပြောကြပါတယ်။ UEC ရဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုအပေါ် မေးခွန်းထုတ်လာတာဟာ ရွေးကောက်ပွဲမှာပါဝင်မယ့် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေပြီး ဒီထက်ပိုကာ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုပါ ယုံကြည်မှု လျော့လာနိုင်ပါတယ်။ UEC ဟာ ပိုမိုလွတ်လပ်ကာ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းအမျိုး ဖြစ်တယ်ဆိုတာကို အာမခံနိုင်ဖို့ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရွေးကောက်ပွဲမတိုင်ခင် လုပ်ဆောင်ရေး NLD မှာ အချိန်ရှိနေပါသေးတယ်။

သတင်းမှားတွေကို တန်ပြန်တိုက်ဖျက်ဖို့၊ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ပိုမိုတိုးတက်စေဖို့အတွက် International Institute for Democracy and Electoral Assistance၊ Carter Center၊ National Democratic Institute နဲ့ International Republican Institute တို့လို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအချက်အလက်၊ နိုင်ငံရေးပါတီတွေရဲ့ သွားမယ့်လမ်းကြောင်း၊ မဲရုံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပါအ၀င် တရားဝင် ခိုင်မာရှိတဲ့ အချက်အလက်တွေကို မဲပေးပိုင်ခွင့်ရှိသူတွေထံ ဖြန့်ဝေပေးတဲ့ အချက်အလက် ဆန်းစစ်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထံ ပိုမို ပေးအပ်နိုင်မယ်ဆိုရင် ဆိုရှယ်မီဒီယာမှာ ကောလဟာလလွှင့်တာမျိုးတွေ၊ ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်တာမျိုးတွေကို ကာကွယ်တာဆီးနိုင်မှာ ဖြစ်ပါတယ်။

သတင်းမှားတွေကို ယုံလွယ်ပြီး ပြန်လည်မျှဝေကြတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရာမှာလည်း အထက်ကဖော်ပြခဲ့တဲ့ အသင်းအဖွဲ့တွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများဟာ ပြည်တွင်းမှာ ၀န်ထမ်းခန့်ကာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသူတွေအဖြစ် လေ့ကျင့်ပေးကြပါတယ်။ ဒီလိုဆောင်ရွက်မှုကြောင့် ဒီမိုရေကစီစနစ်မှာ ပါဝင်လာဖို့ ပြည်သူတွေရဲ့ယုံကြည်မှုကို အားကောင်းစေပြီး အခြားသော အကျိုးသက်ရောက်မှုတွေလည်း အများအပြား ရှိနေပါတယ်။

မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား ရှိပြီးသား စိတ်ဒဏ်ရာတွေကို ဆွပေးထားထက် သူတို့တွေ ပိုမို ဆက်သွယ်ပူးပေါင်းနိုင်မယ့် ဖုန်းအက်ပလီကေးရှင်းတွေ ပေါ်ပေါက်လာအောင် စွန့်ဦးတီထွင်သူတွေကို စပွန်ဆာပေးတာမျိုး၊ ဆိုရှယ်မီဒီယာမှာ အပြုသဘောဆောင်တဲ့ ပေါင်းကူးမှုတွေကို မြှင့်တင်ပေးတာမျိုးအတွက် ‘ဖန်တီးရာ’ လို့ ပြည်တွင်း နည်းပညာ ကုမ္ပဏီတွေ၊ ‘ပန်းစကား’ လို့ အရပ်ဖက်မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးပါတီတွေရဲ့ မူဝါဒတွေ၊ မဲရုံတည်နေရာနဲ့ အခြား အရေးပါတဲ့ အချက်အလက်တွေ မိုဘိုင်းဖုန်းကနေတစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်းတွေကို Asia Foundation က ဖန်တီးထားတာမျိုးပါ။ အဲဒီလို အက်ပလီကေးရှင်းတွေကို အသုံးပြုမှု ကျယ်ပြန့်လာတာတာဟာ နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်တဲ့ လုပ်ကြံသတင်းတွေ၊ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ မပါဝင်ဖို့ အချက်အလက်အမှားတွေနဲ့ မဲပေးပိုင်ခွင့်ရှိသူတွေကို သွေးဆောင်ဖျားယောင်းမှုကို တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာ အာဏာရပါတီရဲ့ လောင်းရိပ်အောက်ကနေ ပိုမိုလွတ်လွတ်လပ်လပ်ဖြစ်ရေးအတွက် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်အဖြစ် အမည်စာရင်းတင်သွင်းမှုနဲ့ ခန့်အပ်မှုလုပ်ငန်းစဉ်ကို လေ့လာသုံးသပ်ပေးဖို့ ကြားနေ တတိယလူတစ်ဦး ဒါမှမဟုတ် အဖွဲ့ဝင်နည်းနည်းပါတဲ့ အဖွဲ့တစ်ခုကို အစိုးရက ဖွဲ့စည်း တာဝန်ပေးနိုင်ပါတယ်။ ဒါဟာ NLD အစိုးရကို USDP က
အပြစ်တင်နိုင်မယ့် အကြောင်းအရင်းတစ်ခု လျော့သွားမှာဖြစ်သလို NLD အတွက်လည်း ပိုကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး NLD ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ တိတိကျကျ ပါဝင်ဆောင်ရွက်တယ်လို့ မဲပေးပိုင်ခွင့်ရှိသူတွေက ရှုမြင်လာမှာပါ။

အရေးအကြီးဆုံးကတော့ ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်ကာ ပဋိပက္ခတွေဖြစ်ပွားစေဖို့ သတင်းအမှားတွေ၊ အမုန်းစကား ဖြန့်ဖြူးတာမျိုးကို
မြန်မာပြည်သူလူထုက သတိထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူတွေကလည်း စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နိုင်ငံရေးကို မြှင့်တင်ပေးတဲ့ ကိုယ်စားလှယ်လောင်းတွေကို အားပေးထောက်ခံရမှာ ဖြစ်ပါတယ်။

Ref: Frontier Myanmar

(Frontier Myanmar သတင်းဌာနတွင် ဖော်ပြထားသည့် The hate speech threat to the 2020 election ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

Comments are closed.