12 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၉၊ ၂၀၁၉
M-Media

တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရသည့် ၁၇ နှစ်အရွယ် ညို

-ဘယ်ရောက်ခဲ့လဲဆိုတာ သူမ မသိသလို၊ စကားလည်း မတတ်ပါဘူး။ သူမဟာ အသက် ၁၆ ရွယ်သာ ရှိပါသေးတယ်။

ဖုန်းထဲက ဘာသာပြန် ဆော့ဖ်ဝဲရဲ့ အကူအညီနဲ့ အမျိုးသားတစ်ယောက်က ‘ငါ နင့်ယောင်္ကျား’ လို့ ပြောတာကို သူမ သိခဲ့ရတယ်။ အဲဒီအမျိုးသားရဲ့ ဖိနှိပ်မှုကိုလည်း သူမ ခံစားခဲ့ရပါတယ်။

သူမကတော့ ‘ညို’ ပါ။ မြန်မာနိုင်ငံ ရှမ်းတောင်တန်းဒေသရဲ့ ရွာတစ်ရွာက ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကောင်းကောင်းမသိခင်မှာပဲ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ၉ ရက်သားအရွယ် သူမရဲ့ သမီးငယ်က အမွှေးရေးရေးလေးတွေနဲ့ လုံးဝ တရုတ်မျက်နှာပေါက်ဖြစ်ပါတယ်။

“နှုတ်ခမ်းတွေကအစ သူ့အဖေလိုပဲ” လို့ ညိုက ပြောပါတယ်။

“တရုတ်ပေါ့”

ကျိန်စာရွတ်သလို ပြောလိုက်တာပါ

တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် လူဦးရေပေါက်ကွဲမှု နောက်ဆက်တွဲ ဆိုးကျိုးကို ရှောင်ရှားနိုင်ခဲ့တယ်လို့ တရုတ်ခေါင်းဆောင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုကြပါတယ်။ တရုတ်မိသားစုတွေက မိန်းကလေးကိုယ်ဝန်ဆိုရင် ဖျက်ချတာ၊ သားယောင်္ကျားလေး ရဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးကြတာကြောင့် နှစ်ပေါင်း ၃၀ ကြာတဲ့အခါမှာ တရုတ်နိုင်ငံဟာ မိန်းကလေးတွေကို တစ်ခြားတိုင်းပြည်တွေကနေ ဓားပြတိုက်ရတဲ့အဆင့် ဖြစ်လာပါတယ်။

အဲဒီကလေးတွေဟာ အခုအချိန်မှာ လူလားမြောက်လာကြပြီး မျိုးဆက်မဲ့သူတွေအဖြစ် အခေါ်ခံလာရပါတယ်။ မင်္ဂလာဆောင်နိုင်မယ့် သတို့သမီးရှားပါးပြီး မိသားစုမျိုးဆက် ဆက်မထိန်းနိုင်တာကြောင့်ပါ။ တရုတ်နိုင်ငံမှာ ကျား၊ မ မညီမျှမှု အမြင့်ဆုံးအချိန် ဖြစ်တဲ့ ၂၀၀၄ ခုနှစ်မှာဆိုရင် မွေးဖွားနှုန်းဟာ ယောင်္ကျားလေး ၁၂၁ ယောက်မှာ၊ မိန်းကလေး ၁၀၀ သာ ရှိပါတယ်။

ဒီလို အမျိုးသမီးရှားပါးမှု ပြဿနာကို ကျော်လွှားဖို့အတွက် တရုတ်အမျိုးသားတွေဟာ အိမ်နီးချင်း နိုင်ငံတွေက အမျိုးသမီးတွေကို တင်သွင်းကြားပြီး တစ်ခါတစ်ရံမှာ ဒါမျိုးကို အဓမ္မ လုပ်ဆောင်တာမျိုးအထိ ရှိလာပါတယ်။

“တရုတ်မယားလုပ်ဖို့အတွက် လူကုန်ကူးတာဟာ ရှမ်းပြည်မှာ အမြဲလိုလို ဖြစ်နေပါတယ်” လို့ လားရှိုးမြို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇော်မင်းထွန်းက ပြောပါတယ်။

Johns Hopkins Bloomberg School of Public Health နဲ့ ထိုင်းနိုင်ငံက ကချင် အမျိုးသမီးအသင်းတို့ရဲ့ လေ့လာမှုအရ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုတည်းကို ပို့ဆောင်ကာ အဓမ္မ လက်ထပ်ခြင်း ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အရေအတွက်ဟာ ၂၁၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းကုန်းမြင့်ပေါ် မိုင်းရွယ်မြို့က ရွာငယ်လေးတစ်ရွာဟာ စစ်တန်းလျား သာသာသာ ရှိပြီး စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ညစ်ပတ်နေတဲ့ လမ်းတွေပေါ်က သွပ်မိုးတဲလေးတွေမှာ နေထိုင်ရတာပါ။

ပြီးခဲ့တဲ့နှစ်က ကျောင်းပြီးသွားတဲ့နောက် ညိုနဲ့ သူမရဲ့ အတန်းဖော် ဖြူတို့ဟာ ဒီစစ်တန်းလျားမှာ
ထေိုင်ရတာထက် ပိုပြီးအသက်ရှုချောင်တဲ့ဘ၀မျိုးကို ရရှိချင်လာကြပါတယ်။ သူတို့ဟာ အသက် မပြည့်သေးတာကြောင့် အမည်လွှဲတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိမ်နီးချင်းဖြစ်သူ ဒေါ်စန်းကြည်ဆိုသူက အခြားရွာက ဒေါ်နှင်းဝေဆိုသူနဲ့ ချိတ်ဆက်ပြီး တရုတ်နယ်စပ်မှာ စားပွဲထိုးအလုပ်ရမယ်လို့ ကတိပေးခဲ့ပါတယ်။

ရွာထဲမှာ ဒေါ်နှင်းဝေရဲ့ အိမ်က အကောင်းဆုံး၊ အသာဆုံးမို့ သူရဲ့ စားပွဲထိုးအလုပ်အကြောင်းကလည်း တာသွားပါတယ်။

“သူ့ကို ကျွန်မတို့ ယုံခဲ့မိတာပါ” လို့ လက်ရှိမှာ ၁၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖြူက ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လရဲ့ မနက်ပိုင်းတစ်ခုမှာ ဗန်ကားတစ်စီး မိုင်းရွယ်ကို ရောက်ရှိလာပြီး မိန်းကလေးငယ်တွေကို ခေါ်ဆောင်သွားပါတော့တယ်။ တောင်ပေါ်လမ်းကြောင့် ဖြူတစ်ယောက် ကားမူးခဲ့ပြီး ဒေါ်စန်းကြည်က ဆေး ၄ လုံး ပေးခဲ့ပါတယ်။ ပန်းရောင်တစ်လုံး၊ အဖြူရောင် ၃ လုံးပါ။

ဆေးသောက်ပြီးတဲ့နောက် ဖြူဟာ ရီဝေေ၀ ဖြစ်သွားခဲ့ပါတယ်။ သူမရဲ့ လက်မောင်းမှာ တစ်ယောက်ယောက်က ဆေးလာထိုးတယ်လို့လည်း သူမက ပြောပါတယ်။ အဲဒီအချိန်တုန်းက ရိုက်ထားတဲ့ ပုံမှာတော့ သူမဟာ မျက်နှာမို့ပြီး မျက်လုံးရီဝေနေတာကို တွေ့ရပါတယ်။

“ဒါတွေမဖြစ်ခင်တုန်းက ဖြူဟာ ပျော်ပျော်နေတတ်ပြီး တက်ကြွသူပါ။ ဒါပေမယ့် သူ သတိမရအောင် သူတို့က တစ်ခုခုလုပ်လိုက်ပြီး အသွေးအသားကိုလည်း စားသုံးလိုက်ပါတယ်။ ရိုက်တယ်နှက်တယ်။ ဘ၀ပျက်သွားတယ်ဆိုတာကိုတောင် သူမ မသိလိုက်ပါဘူး” လို့ မိခင်ဖြစ်သူ ဒေါ်အေးဦးက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ညိုကတော့ ဆေးသောက်ဖို့ ငြင်းခဲ့ပါတယ်။ မှတ်ဉာဏ်က
ရှင်းလင်းပေမယ့် ရှုပ်ထွေးမှုတော့ ရှိဆဲပါ။ နယ်စပ်တစ်လျှောက်က တည်းခိုခန်းတွေမှာ ကားရပ်တယ်။ သူတို့အလုပ်လုပ်မယ့် စားသောက်ဆိုင်က မိုးကြီးလို့ ပိတ်လိုက်ရတယ်ဆိုတဲ့ ဇာတ်လမ်းကိုလည်း သူတို့ ကြားခဲ့ရပါတယ်။ သူတို့ဟာ လှေတွေ၊ ကားတွေ ဆက်စီးခဲ့ရပါတယ်။

၁၀ ရက်လောက် အဆင့်ဆင့် သွားခဲ့ရပြီးတဲ့နောက်မှာတော့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ သူတို့ရဲ့ အတွေးဟာ ရှေ့ဆက်ရမယ့် သူတို့ဘ၀မှာ ပျောက်သွားတယ်လို့ ညိုက ပြောပါတယ်။ သူမနဲ့ ဖြူတို့ဟာ ထွက်ပြေးဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သွားရမှန်း မသိခဲ့ပါဘူး။ လူကုန်ကူးသမားတွေက သူတို့ကို ပြန်ဖမ်းမိသွားပြီး အခန်းထဲမှာ လှောင်ပိတ်ထားတယ်။ သူတို့ရဲ့ ဖုန်းတွေကလည်း လိုင်းမမိပါဘူး။

တရုတ်စကားပြောတဲ့ အမျိုးသားတွေက သူတို့ကို လာကြည့်ကြတယ်။ တစ်ချို့က တစ်ယောက်ကို ကြိုက်ပြီး၊ တစ်ချို့က နောက်တစ်ယောက်ကို ကြိုက်ကြပါတယ်။

“ရောင်းစားခံလိုက်ရတယ်ဆိုတဲ့ အသိမျိုး ဖြစ်လာတယ်။ ဒါပေမယ့် ကျွန်မ မလွတ်မြောက်နိုင်တော့ပါဘူး” လို့ ဖြူက ပြောပါတယ်။

လူကုန်ကူးသမားတစ်ယောက်က ကံကောင်းတယ်လို့ ဖြူ့ကို ပြောပါတယ်။ သူ့ကိုကြိုက်တဲ့ အမျိုးသားတွေထဲက တစ်ဦးကို ရွေးခွင့်ပေးတယ်။ ဗိုက်ပူတစ်ယောက်နဲ့ လူအိုတစ်ယောက်ကို ဖြူက ငြင်းလိုက်ပါတယ်။ သူမ ငိုတဲ့အခါ လူကုန်ကူးသူက မငိုဖို့နဲ့ ခင်ပွန်းလောင်းအတွက် လှနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျွန်မ လက်မထပ်ချင်ဘူးလို့၊ အိမ်ပြန်ချင်တယ်လို့ ပြောခဲ့တယ်” လို့ သူမက ဆိုပါတယ်။

အခုနှစ်အတွင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထံ သတို့သမီး လူကုန်ကူးမှု နောက်ကွယ်က ရေခံမြေခံတွေကို ဖော်ပြထားပါတယ်။

“အလွယ်တကူ ၀င်လို့ရတဲ့ နယ်စပ်၊ နှစ်ဖက်စလုံးက တာဝန်ယူမှုမရှိတဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ စတာတွေက လူကုန်ကူးသမားတွေ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတစ်ခုကို ဖြစ်စေပါတယ်”

တရုတ်နိုင်ငံကို ရောက်သွားပေမယ့် ညိုရော ဖြူပါ နယ်စပ်ဖြတ်ကျော်ခဲ့တာကို မမှတ်မိကြတော့ပါဘူး။ အဲဒီနောက် ခင်ပွန်းဖြစ်လာမယ့် သူတွေနဲ့တွေ့ကာ သူတို့နှစ်ယောက် ကွဲသွားခဲ့ကြပါတယ်။ သူတို့ရဲ့ သဘောတူမှုကိုယူပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရတာမျိုးတွေလည်း မရှိခဲ့ပါဘူး။ ရထားအကြာပြီးစီးပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ ဘေဂျင်းကို ရောက်လာခဲ့တယ်လို့
ဖြူက ထင်ခဲ့ပါတယ်။ သူမကို ၀ယ်ယူခဲ့တဲ့ အမျိုးသားကတော့ အသက် ၂၁ နှစ်အရွယ် ယွမ်ဖိုင်း
ဖြစ်ပါတယ်။

ဘေဂျင်းမြို့ဟာ မီရောင်းစုံတွေ၊ ဓာတ်လှေကားတွေ အများအပြားရှိတဲ့ မြို့တစ်ခုပါ။

“တိုက်တွေမြင့်တာများ ထိပ်ဆုံးကိုတောင် ကျွန်မ မမြင်ရပါဘူး” လို့ ဖြူက ပြောပါတယ်။

သူ့ခင်ပွန်း ယွမ်က ဖုန်းမှာပါတဲ့ ဘာသာပြန်ဆော့ဖ်ဝဲနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဖြူက စကားပြောဖို့ ငြင်းဆိုပါတယ်။ ဒါ့ကြောင့် တီဗီတစ်လုံးရှိတဲ့ အခန်းတစ်ခုထဲမှာ သူမ သော့ပိတ် ခံခဲ့ရပါတယ်။ ညနေပိုင်းတွေမှာ ယွမ်က ၀င်လာပြီး လက်မောင်းမှာ ဆေးထိုးကာ အဓမ္မ လိင်ဆက်ဆံဖို့ ကြိုးစားလေ့ရှိတယ်လို့ သူမက ပြောပါတယ်။

“ထုံကြင်သလို ကျွန်မ ခံစားရတယ်။ ချဉ်စော်လည်း နံပါတယ်။ သူက ဆေးလိပ်သောက်တယ်”

နောက်ဆုံးမှာတော့ ပျော်ချင်ယောင် ဆောင်လိုက်ရတယ်လို့ ဖြူက ပြောပါတယ်။ အဲဒီတော့မှ လက်မောင်းကို ဆေးထိုးတာ ရပ်သွားပါတယ်။ ရှော့ပင်းစင်တာတစ်ခုကို သူတို့ သွားခဲ့ကြပါတယ်။ယွမ်က သူမနောက်ကို တစ်ကောက်ကောက်လိုက်ပြီး ရေချိုးခန်းတောင် အလွတ်မပေးပါဘူး။ ယွမ်ရဲ့ အမစ်၊ သူမရဲ့ ကလေး ၃ ယောက်နဲ့အတူ သူတို့ ကစားကွင်းကို တစ်ခေါက် ရောက်ခဲ့ကြပါသေးတယ်။ ခင်ပွန်းသည်က စီးစရာတွေ စီးခဲ့ပေမယ့် ဖြူကတော့ မစီးပါဘူး။

မန်ဒရင်း စကားအချို့ကိုလည်း ဖြူက သင်ယူခဲ့ပါတယ်။

“Bu ku le’ ဆိုတာက မငိုနဲ့ ဆိုတာကို ပြောတာ”

ခင်ပွန်းဖြစ်သူရဲ့ ဖုန်း password ကို သိအောင် လုပ်ထားလိုက်ပြီး တစ်ည သူမူးနေတဲ့အချိန်မှာ ဆိုရှယ်မီဒီယာ app ကနေတစ်ဆင့် ဖြူဟာ မိခင်ဖြစ်သူထံ ဖုန်းခေါ်ခဲ့ပါတယ်။

“သမီးနဲ့တွေ့တော့ ပျော်လိုက်တာ။ ဒါပေမယ့် သူက အရင်လို မဟုတ်တော့သလိုပဲ။ အမေရေ – သမီးတော့ ရောင်းစားခံလိုက်ရပြီ – လို့ သူက ပြောပါတယ်” လို့ မိခင်ဖြစ်သူ ဒေါ်အေးဦးက ဆိုပါတယ်။

ညိုကတော့ တရုတ်ပြည်ရဲ့ ဘယ်နေရာကို ခေါ်ဆောင်ခံရသလဲဆိုတာ မသိပါဘူး။ ဒါပေမယ့်သူမက သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမတော့ သူမယောက်ျား ဂေါင်ဂျီဟာ သူမကို အခန်းထဲမှာ ပိတ်လှောင်ထားပြီး အင်တာနက် ပေးမသုံးဘဲ ရိုက်လည်းရိုက်ပါတယ်။

ဒါပေမယ့် ရက်တွေကြာလာတဲ့အခါမှာတော့ သူဟာ သူမကို ယုံကြည်စပြုလာပြီး Wechat အပါအ၀င် ဆိုရှယ်မီဒီယာတွေကို အသုံးပြုခွင့် ပေးလာပါတယ်။

ညိုဟာ အရမ်းပိန်တဲ့အတွက် ကလေးမမွေးနိုင်မှာကို သူတို့နဲ့အတူနေတဲ့ ဂေါင်ဂျီရဲ့ မိခင်က စိုးရိမ်လာပါတယ်။ နိုင်ငံခြားသူချွေးမ အားရှိအောင်လို့ သူမဟာ ဆန်ပြုတ်၊ ခေါက်ဆွဲပြုနဲ့ ပေါက်စီတွေ လုပ်ကြွေးပါတယ်။

“သူက အမြဲတမ်း chi chi လို့ ပြောနေတာ” လို့ ညိုက ဆိုပါတယ်။ မန်ဒရင်း ဘာသာစကားနဲ့ ‘စားစား’ လို့ပြောတာ ဖြစ်ပါတယ်။

ဘယ်နေရာလဲဆိုတာ သိနိုင်မယ့်အရာတွေကို ညိုက သူမရဲ့ဖုန်းနဲ့ လျှို့ဝှက်ရိုက်ကူးခဲ့ပါတယ်။ ဂေါင်ရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်စီးရင်း ရိုက်တာ၊ မိသားစုကားရဲ့ ကားနံပါတ်ပြား၊ သူတို့နေတဲ့ ၂ ထပ်အိမ်ရဲ့ ၀င်ပေါက်တွေကို ရိုက်တာမျိုးတွေပါ။ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို သူမက geotag လည်း လုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်က ရှောင်ချန်ခရိုင်ကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဟီနန်ဟာ တရုတ်နိုင်ငံက လူနေအထူထပ်ဆုံး ပြည်နယ်တွေထဲကတစ်ခုဖြစ်ပြီး လူ သန်း ၁၀၀ လောက် ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လူဦးရေရဲ့ ၂ ဆလောက် ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ဟီနန်ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ကျား၊ မ အချိုးမညီဆုံး ပြည်နယ်တွေထဲကတစ်ခု ဖြစ်တယ်ဆိုတာတွေကို တွေ့ခဲ့ရပြီး မိန်းကလေး ၁၀၀ မှာ ယောက်ျားလေး ၁၄၂ ယောက် ဖြစ်နေတာပါ။ (တစ်ချို့ မိန်းကလေးမွေးတဲ့သူတွေဟာ အာဏာပိုင်တွေကို သတင်းပို့ခြင်း မရှိတာကြောင့် တကယ့်အရေအတွက်ဟာ ဒီထက်ပိုပြီး ကျဆင်းနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေထိန်းချုပ်မှု စည်းမျဉ်းတွေကို အခုအချိန်မှာ လျော့ပေါ့ပေးလိုက်ပါပြီ)

ရှောင်ချန်ခရိုင်ဟာ အရင်ကလည်း လူကုန်ကူးကာ အမျိုးသမီးတွေကို ခေါ်သွင်းတဲ့သမိုင်း ရှိပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီး ၃ ဦးနဲ့ ဗီယက်နမ်နိုင်ငံက အမျိုးသမီး ၁ ဦးတို့ကို ကယ်ထုတ်ခဲ့ရတယ်လို့ ဟီနန်ပြည်နယ် သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံက ၁၀ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။

ဖြူကလည်း ရှောင်ချန်ခရိုင်မှာ ရောက်နေတာဖြစ်ပြီး ဘေဂျင်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားတဲ့ရွာက လာရောက်တဲ့ အမျိုးသမီးငယ်တွေအတွက်တော့ ရှောင်ချန်ဟာ ဧရာမဒေသကြီးတစ်ခု ဖြစ်လို့နေမှာပါ။

အိမ်ကလည်း ကြီးတယ်လို့ ညိုက ပြောပါတယ်။ သူ့ကို ခင်ပွန်းဖြစ်သူ ဂေါင်က အဓမ္မ ရိုက်နှက်တဲ့အခါ အော်တဲ့အသံကို ဂေါင်ရဲ့ မိဘတွေ မကြားနိုင်လောက်တဲ့အထိ ကျယ်တာပါ။

“သူ ချမ်းသာတယ်လို့ ကျွန်မ ထင်တယ်။ မချမ်းသာရင် ဒီလိုအိမ်ကြီးတစ်အိမ်နဲ့ မိန်းမတစ်ယောက်ကို ဘယ်လို ၀ယ်ထားလို့ရမှာလဲ”

တကယ်တော့ ဆင်းရဲတဲ့ တရုတ်အမျိုးသားတွကသာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ၀ယ်လိုကြတာပါ။ ဒါပေမယ့် ဈေးကြီးတော့ ပေးရတုန်းပါပဲ။ ညိုဟာ ကန်ဒေါ်လာ ၂၆၀၀၀ နဲ့ ရောင်းစားခံလိုက်ရတာ ဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပေးတဲ့ ရှမ်းပြည်နယ်က ရဲအရာရှိ မျိုးဇော်ဝင်းက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လိင်ကျွန်ပြုခံနေရတဲ့ အမျိုးသမီးငယ်တွေကို ကယ်ထုတ်ပေးနေတဲ့ ရှမ်းအမျိုးသမီး တစ်ဦးကနေတစ်ဆင့် မျိုးဇော်ဝင်းဟာ ညိုနဲ့ သူမရဲ့ယောက်ျား ဂေါင်ရဲ့ Wechat အကောင့်တွေကို ဆက်သွယ်ခဲ့ပါတယ်။ ညိုရဲ့ အစ်ကိုအနေနဲ့ ဆက်သွယ်ခဲ့တာပါ။

တရုတ်အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ မျိုးဇော်ဝင်ဟာ နောက်ပိုင်းမှာ အကွက်ရွှေ့လာပါတယ်။ ဂေါင်က သံသယဖြစ်သွားပြီး မျိုးဇော်ဝင်းကို ဘယ်သူလဲလို့ မေးပါတော့တယ်။ အင်္ဂလိပ်စကားလုံး ‘Police’ လို့ရိုက်ကာ မျိုးဇော်ဝင်းက အဖြေပြန်ပေးခဲ့ပါတယ်။

မိန်းကလေးငယ်တွေ ရှန်ချောင်ကိုရောက်ပြီး ၂ လအကြာမှာတော့ တရုတ်ရဲတွေက အိမ်လာပြီးတံခါးလာခေါက်ကြပါတော့တယ်။

မိန်းကလေးတွေရဲ့ ခင်ပွန်းတွေဖြစ်တဲ့ ယွမ်နဲ့ ဂေါင်တို့ဟာ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း
ရက်ပေါင်း ၃၀ ထိန်းသိမ်းခံခဲ့ရတယ်လို့ ရှန်ချောင် ရဲဗျူရိုက ပြောရေးဆိုခွင့်ရှိသူ နျူတင်ဟွေက ပြောပါတယ်။ သူတို့တွေ ထပ်ပြီး အဖမ်းခံထားရလားဆိုတာကိုတော့ မသိဘူးလို့ သူက ဆိုပါတယ်။

“ကောင်မလေးတွေအတွက် ပိုက်ဆံတွေအများကြီး သုံးထားပြီး ဆုံးရှုံးလိုက်ရတဲ့အတွက် အဲဒီယောက်ျားတွေ သူတို့ရဲ့ မိသားစုတွေက တော်တော် ဒေါသထွက်ခဲ့တာ”

တရုတ်အမျိုးသား ကျောက်မိုးမော်ဆိုသူလည်း မိန်းကလေးငယ်တွေကို အဓမ္မ လိင်ကျွန်ပြုမှု စွဲချက်တွေအတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။

သီးတင်းပတ်အနည်းငယ် ကြာပြီးတဲ့နောက် မိန်းကလေး ၂ ဦးဟာ မိုင်းရွယ်ကို ပြန်ရောက်လာကြပါတယ်။ ပထမဆုံး သူတို့ကို တရုတ်ဖက်ခြမ်းက ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရထားတဲ့ တောင်ဘက်ကိုသွားကာ ရှမ်းပြည်မြောက်ပိုင်းက လူကုန်ကူးမိန်းကလေးငယ်တွေ ခိုလှုံရာနေရာကို ရောက်ရှိလာခဲ့ပါတယ်။

“မြန်မာစာနဲ့ ဆိုင်းဘုတ်ကိုမြင်လိုက်ရတော့ ကျွန်မ အရမ်းကို ပျော်သွားတာ” လို့ မြန်မာနိုင်ငံကို ပြန်ခြေချခဲ့တဲ့ အခိုက်အတန့်ကို ဖြူက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

ဟိမ၀န္တာတောင်ခြေ ရှမ်းပြည်နယ်က သူမရဲ့ဇာတိဟာ ဆယ်စုနှစ်ချီကြာတဲ့ ပြည်တွင်းစစ်ကြောင့် ပျက်ဆီးနေပါပြီ။ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှု၊ ကုလကပြောတဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်မှုတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတာတွေက ရွှေပြည်တော်
မျှော်တိုင်းဝေးနေတုန်းပါ။ အားနွဲ့သူတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကတော့ ထိခိုက်ခံစားမှုဒဏ်ကို အများဆုံး ခံစားရသူတွေ ဖြစ်လာပါတယ်။

“သတို့သမီး ကုန်ကူးမှုဆိုတာကလည်း ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲပါ” လို့ ကချင်ပြည်နယ် အခြစိုက် Htoi Gender and Development Foundation က ပရောဂျက်မန်နေဂျာ Lauh Khaw Swang က ပြောပါတယ်။ ကချင်ပြည်နယ်ဟာ ရှမ်းပြည်နယ်နဲ့ ကပ်နေပြီး လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြန်ပေးဆွဲရာမှာ ပါဝင်ခဲ့တယ်လို့ မိန်းကလေးတွေပြောတဲ့ ဒေါ်စန်းကြည်တစ်ယောက်လည်း လက်ရှိ လားရှိုးမှာ ထောင်ကျနေပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်နှင်းဝေကတော့ ထွက်ပြေးနေပါတယ်။

ဒေါ်နှင်းဝေရဲ့ ခင်ပွန်း ဦးနောင်နောင်ကတော့ လူကုန်ကူးလို့ရတဲ့ ကော်မရှင်နဲ့ မကင်းတဲ့ ပ်ါတီကိုပါ ပန်းရောင် အိမ်ကြီးမှာ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ ဇနီးသည် ဘယ်ရောက်နေလဲဆိုတာ မသိဘူးလို့ သူက ဆိုပါတယ်။

“သူ ဘာအမှားတွေ လုပ်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။ ဗေဒင်ဆရာမအဖြစ် စီးပွားရှာတယ်လို့ပဲ ကျွန်တော် သိတာပါ”

မိန်းကလေးနှစ်ယောက်ရဲ့ မိသားစုတွေကို အကြိမ်ကြိမ်အခါခါ တောင်းပန်းခဲ့တယ်လို့လည်း ဦးနောင်နောင်က ပြောပါတယ်။ ဒါပေမယ့် သူနဲ့ တစ်လမ်းတည်းမှာနေတဲ့ ဖြူရဲ့မိခင်ကတော့ ဦးနောင်နောင်ဟာ သူ့ထံကို လုံးဝ မလာခဲ့ဘူးလို့ ဆိုပါတယ်။

ကိုယ်ဝန်ရလတဲ့အခါ မွေးပြီးရင် မွေးစားဖို့ ပေးလိုက်မယ်လို့ ညိုတစ်ယောက် တွက်ထားတာပါ။
နောက်ပိုင်းမှာ ကလေးမွေးလာခဲ့ပါတယ်။

“သူများကို ပေးပစ်ချင်တာ။ တရုတ်တိရစ္ဆာန်ကောင်ရဲ့ နှုတ်ခမ်းတွေ ပါလာပေမယ့် သမီးကို ကျွန်မကြည့်ပြီး ချစ်သွားတယ်”

(Newyork Times သတင်းဌာနတွင် ဖော်ပြထားသည့် Teenage Brides Trafficked to China Reveal Ordeal: ‘Ma, I’ve Been Sold’ ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.