1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၇၊ ၂၀၁၉
M-Media

-လွန်ခဲ့တဲ့ နှစ် ၇၀ အရင်ကတည်းက စတင်ခဲ့တဲ့ ‘ဘာဘရီ ဗလီဝတ်ကျောင်းတော်’ အငြင်းပွားမှုအတွက် တရားရုံးက ဆုံးဖြတ်ချက်ချဖို့ ရှိနေတဲ့အချိန် ဗလီရှိရာ ဒေသခံအစ္စလာမ်ဘာသာဝင်တွေကတော့ ဝတ်ပြုရာနေရာဆုံးရှုံးမှု၊ အကြမ်းဖက်ခံရနိုင်မှုတွေအတွက် စိုးရိမ်နေကြပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ် အယွတ်ဒယမြို့မှာ အလယ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ အဲဒီ ဘာဘရီဗလီဝတ်ကျောင်းတော်မှာ ဟိန္ဒူ ရာမနတ်ဘုရားရုပ်တုတစ်ခု ရောက်မလာခင် ၁၉၄၉ ခုနှစ်အထိ
အစ္စလာမ်ဘာသာဝင်တွေဟာ အေးချမ်းစွာ ဝတ်ပြုလာခဲ့တာကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဟိန္ဒူဘာသာဝင်တွေက ဒီဗလီဟာ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းနေရာမှာ ဆောက်လုပ်ထားတယ်လို့ စွပ်စွဲကာ အစ္စလာမ်ဘာသာဝင်တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ ဘာဘရီဗလီဝတ်ကျောင်းတော်ကြီး ဖျက်ဆီးခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံ ဒေသတော်တော်များများမှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ပွားကာ လူ ၂၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

ဗလီ၀တ်ကျောင်းတော် တည်ဆောက်ထားတဲ့ မြေနေရာပိုင်ဆိုင်မှုအတွက် ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား တရားရင်ဆိုင်မှုတွေ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အာလာဟာဘတ်ဟိုက်ကုတ်တရားရုံးက ၂.၇၇ ဧကရှိတဲ့ ဗလီမြေနေရာကို ၃ ပိုင်းပိုင်းကာ ၂ ပိုင်းကို ဟိန္ဒူတွေထံပေးပြီး ကျန်တဲ့ ၁ ပိုင်းကို မွတ်စလင်တွေထံပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဖက်စလုံးက မကျေနပ်တာကြောင့် တရားရုံးချုပ်ကို ဆက်လက်တင်ခဲ့ပါတယ်။ ဘာဘာဘရီဗလီကိစ္စ ကြားနားမှုတွေ၊ အောက်ရုံးဆုံးဖြတ်ချက်တွေ စစ်ဆေးသုံးသပ်မှုကို အိန္ဒိယ တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ အဆုံးသတ်ခဲ့ပြီး အခုလ ဒုတိယပတ်မှာ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်မှု

ဘာဘရီဗလီကိစ္စကို လက်ရှိ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အပါအဝင် ဟိန္ဒူလက်ယာအုပ်စုတွေက အသုံးချမှုတွေလည်း ရှိခဲ့ပါတယ်။

BJP ပါတီဟာ ဘာဘရီဗလီဖျက်ဆီးခံရမှု၊ ဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရေး ဆော်ဩမှုတွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ လူထုထောက်ခံမှုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်း ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာလည်း ဝန်ကြီးချုပ်မိဒီဟာ ဗလီနေရာမှာ ဘုရားကျောင်းတစ်ခု ဆောက်လုပ်ပေးမယ်ဆိုတဲ့ ကတိကို ပေးခဲ့ပါတယ်။

ဟိန္ဒူဘုန်းကြီးဘ၀ကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ရမ် ဗီလက်စ် ဗီဒန်တီက ဒီဇင်ဘာ ၆ ရက်နေ့ရောက်ရင် ဘာဘရီဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်သွားမယ်လို့မကြာသေးခင်ကပဲ ကြေငြာခဲ့ပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ဟာ ဗလီဖျက်ဆီးခံရတဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီနေ့ကို မွတ်စလင်တွေက ‘ဝမ်းနည်းဖွယ်ရာနေ့’ အဖြစ် သတ်မှတ်ထားပြီး ဟိန္ဒူတွေကတော့ ‘အောင်ပွဲနေ့’ အဖြစ် သတ်မှတ်ထားပါတယ်။

အယွတ်ဒယမြို့တည်ရှိရာ အူတာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ယိုဂီ အဒစ်ယာနသ်ကလည်း ဗလီကို လုံး၀ဖြိုချဖျက်ဆီးကာ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ဖို့အတွက် တိုက်တွန်းဆော်ဩမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဒစ်ယာနသ်ဟာ ဟိန္ဒူဘုန်းကြီးတစ်ပါးဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကြောင့် နိုင်ငံအတွင်းမှာ ကျော်ကြားပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် ပြည်နယ်အတွင်းက မွတ်စလင်အငွေ့အသတ်ပါတဲ့ အမည်တွေအားလုံးကို ဟိန္ဒူ‌အမည်တွေ ပြောင်းလဲခဲ့သလို၊ အယွတ်ဒယအပါအဝင် ဒေသတော်တော်များများမှာလည်း ဟိန္ဒူ ဘုရားဖူးနေရာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စိုးရိမ်မှုတွေ ရှိနေ

ဟိန္ဒူတွေက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ဖက်ပါလိမ့်မယ်လို့ မျှော်လင့်နေပြီး မွတ်စလင်တွေကတော့ သူတို့ အရေးဆိုထားမှုတွေ အရာထင်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

“အခုတစ်ကြိမ်မှာတော့ ၁၉၉၂ ခုနှစ်ကလို ‌အံ့ဩစရာမျိုး ဖြစ်တော့မယ် မထင်ပါဘူး” လို့ ဘာဘရီဗလီ ဖျက်ဆီးခံရမှုကို ကိုယ်တိုင်ကြုံခဲ့ဖူးပြီး အသက်ဘေးကနေ လွတ်မြောက်လာတဲ့ အသက် ၆၀ အရွယ် နအင်း အက်ရှ်ရာဖီက ပြောကြားခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဗလီမြေနေရာအပြင် ဘာသာရေး၊ လှုံ့ဆော်မှု၊ သမိုင်းနဲ့ ဒဏ္ဍာရီ စတဲ့ အကြောင်းအရင်းတွေအပေါ်မှာပါ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေက အယွတ်ဒယမြို့ကိုရောက်လာကာ ဗလီဖြိုချမှုမှာ ပါဝင်ခဲ့တဲ့ ဟိန္ဒူအမျိုးသား ဘာဘာ ဟာဇာရီလာလ်က သူတို့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

“အူတာပရာဒက်ရှ်အပါအဝင် BJP အစိုးရက မဲအများစု ရရှိထားတာကြောင့် ရာမဘုရားကျောင်းဆောက်လုပ်ရေး ကျွန်တော်တို့ရဲ့အိပ်မက် အကောင်အထည်ပေါ်လာမယ်ဆိုတာ သေချာပါတယ်။ တရားရုံးချုပ်အနေနဲ့ ဟိန္ဒူတွေရဲ့ သဘောထားကို လေးစားပြီး ဘုရားကျောင်းဆောက်ခွင့် ပေးရမှာပါ”

အယွတ်ဒယမြို့က လူငယ်တွေကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးပေါ်ထွက်လာပြီး ရှေ့ဆက်နိုင်မယ်လို့ ယူဆနေကြပါတယ်။

“ဒေသခံဟိန္ဒူ‌တွေက ပြဿနာမဟုတ်ဘူးဗျ။ ကျွန်တော့်မှာ ဟိန္ဒူသူငယ်ချင်း အများကြီးရှိတယ်။ အေးဆေးပါပဲ။ ပြဿနာက အပြင်ကလူတွေ ဒီကိုလာပြီး မတည်မငြိမ်ဖြစ်အောင် ဖန်တီးကြတာ” လို့ အသက် ၁၉ နှစ်အရွယ် ဓာတ်ပုံပညာရှင် ဆူဖီယာနာ အလီက ပြောကြားခဲ့ပါတယ်။

‌အသက် ၂၆ နှစ်အရွယ် အကနည်းပြဆရာ မူကက်ရှ် ကူးမားကလည်း ကောလဟာလတွေ ထပ်မလိုချင်တော့ဘူးလို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကောလဟာလ ပြန့်တာတွေ မလိုချင်တော့ဘူးဗျ။ တရားရေးအရ အကောင်းဆုံး ဆုံးဖြတ်မယ့်သူတွေရှိတယ်။ ဆုံးဖြတ်စရာရှိတာကို သူတို့ ဆုံးဖြတ်ပါစေ။ ဒါဟာ ငြင်းခုံမှုတွေကို နောက်ဆုံးဖြေရှင်းပေးမယ့် အခွင့်အလမ်းတစ်ခုဖြစ်တာကြောင့် ဆုံးဖြတ်ချက်ဟာ မျှတလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

Ref: Aljazeera

Comments are closed.