1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၄၊ ၂၀၂၀
M-Media

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း

-အခုတစ်ပတ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်ဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း တရုတ်ခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ‌မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ဒေသတွင်း တရုတ်နိုင်ငံရဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး မျိုးဆက်ပေါင်းများစွာအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ‌

ဒေါ်လာ ဘီလီယံများစွာတန် အခြေခံအဆောက်အဦး စီမံကိန်းကြီးဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာဖို့ တရုတ်က မျှော်လင့်နေပါတယ်။ စီမံကိန်းရဲ့ အဓိကျောရိုးက ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသစ်၊ ရန်ကုန်တို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားမယ့် ရထားလမ်းဖြစ်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ တရုတ်ရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဧရာ၀တီမြစ်ပေါ်က လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မယ့် ဆည်တစ်ခု၊ တရုတ်ကုန်ထုတ်လုပ်ငန်းတွေရှိမယ့် ရန်ကုန်နားက မြို့သစ်တစ်ခု စတာတွေလည်း ပါဝင်မှာပါ။ ဒါဇင်နဲ့ချီတဲ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက စျေးကွက်တွေနဲ့ ပေါင်းစည်းစေမှာ ဖြစ်ပါတယ်။ တရုတ်အတွက် ပိုပြီး အရေးပါတာက ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုနဲ့ အိန္ဒိယသမုဒ္ဒရာအကြား အသက်သွေးကြောတစ်ခု ဖန်တီးလိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီကိစ္စမှာ သတိထားစရာ နောက်တစ်ချက် ရှိပါသေးတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ ကမ္ဘာပေါ်မှာ နိုင်ငံအရေးအရ အရှုပ်ထွေးဆုံး၊ အကြမ်းတမ်းဆုံးဒေသတွေထဲကတစ်ခုကို ကန့်လန့်ဖြတ် သွားတာပါ။ တရုတ်နဲ့ မြန်မာတို့ဟာ နယ်စပ်နဲ့ ကုန်းမြင့်ဒေသမှာ မိုင်ပေါင်း ၁၃၀၀ လောက် ထိစပ်နေတာဖြစ်ပါတယ်။ နယ်စပ်ကနေ ဧရာ၀တီ မြစ်ဝှမ်းဒေသအထိ ကျယ်ပြန့်နေတဲ့ ဒီထိပ်စပ်မှုဟာ ဗြိတိန်နိုင်ငံလောက် ရှိပြီး ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားရာဒေသလည်း‌ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်လွန်နှစ်တွေက တရုတ်အတွက် အခြေအနေမကောင်းခဲ့ပါဘူး။ ဘေဂျင်းက ကာလရှည် အကြံပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး မြန်မာဗိုလ်ချုပ်ကြီးတွေက လုပ်ဆောင်ခဲ့ပေမယ့် တရုတ်ကမျှော်လင်ထားတာထက်ပိုပြီး အနောက်နိုင်ငံတွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ (တရုတ်လူမျိုးအများစု) ဟာ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှိခဲ့ပေမယ့် အနောက်တိုင်းအစိုးရတွေနဲ့ ဂျပန်တို့က ကမကထပြုတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အမေရိကန်ကိုသွားတာ၊ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ ကန်ထိပ်တန်းသံအမတ်တွေ နယ်စပ်ဒေသကို ရောက်ရှိလာတာတွေကို တရုတ်က စိုးရိမ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မြန်မာအစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးခဲ့ကြပေမယ့် သူ့နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်မှတ်မထိုးဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်သူမှ လက်မှတ်မထိုးခဲ့ကြပါဘူး။

တရုတ်နိုင်ငံအတွက် အဓိကစိုးရိမ်မှုက နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီး အနောက်ကမ္ဘာနဲ့ ဂျပန်တို့ ဘယ်သောအခါမှ ဩဇာမလွှမ်းမိုးနိုင်စေရေး ဖြစ်ပါတယ်။ မြန်မာနဲ့ အနောက်နိုင်ငံတို့ရဲ့ အလျင်အမြန်တိုးတက်လာတဲ့ ဆက်ဆံရေးကို ရိုဟင်ဂျာ ပြဿနာက နောက်ပြန်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာနိုင်ငံကို မယုံကြည်ဘဲ နောက်ထပ် အခွင့်အသာရင် သူတို့ရဲ့ မဟာဗျူဟာ ပြိုင်ဘက်တွေဘက် ထပ်ယိမ်းသွားမှာကို စိုးရိမ်နေပါတယ်။ တရုတ်အတွက် အရေးကြီးတာက အခြေခံအဆောက်အဦးတွေမဟုတ်ဘဲ တရုတ်သာလျှင် မြန်မာရဲ့ အနီးစပ်ဆုံး မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အနေအထားသစ် ပေါ်လာရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအတွက်တော့ အမြင်က တစ်မျိုးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးက တပ်ဖွဲ့ဝင်အင်အား ၃ သောင်းနီးပါး၊ စစ်လက်နက်၊ လက်နက်ကြီးအပြည့်အစုံနဲ့ အင်အားတောင့်တင်းတဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပြီး ၁၉၈၉ ခုနှစ် စတင်တည်ထောင်ကတည်းက တရုတ်နဲ့ အဆက်အဆံရှိခဲ့တာပါ။ ၀တပ်ဖွဲ့က ကူညီပေးထားပြီး အင်အားထောင်ချီရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခုကလည်း အခုနှစ်အတွင်း အစိုးရတပ်တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ထောင်သောင်းချီတဲ့အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အနာဂတ်အပစ်ရပ်ရေးအတွက် တရုတ်က အခရာကျလာပါပြီ။

နောက်ထပ် ပိုပြီး အခရာကျတဲ့ အကြောင်းအရင်းတစ်ခုက တရုတ်နိုင်ငံရဲ့ စီးပွားရေးပါ။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ထောင်နဲ့ချီတဲ့ သဘောတူညီချက်တွေ ရရှိနေပြီး၊ သိန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေကလည်း မြန်မာနိုင်ငံထဲ ဝင်ရောက်ကာ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေလုပ်ကိုင်လာကြပါတယ်။ အခုနှစ်အတွင်း တရုတ်ခရီးသွား ၁ သန်းကျော်လောက် လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ အခြားနိုင်ငံနဲ့ ကုန်သွယ်ရေးက တရုတ်နဲ့ယှဉ်ရင် အသေးအမွှားပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတိုးသာ မဆုတ်သာအခြေအနေမှာ ရှိခဲ့ပြီး၊ ဒီကိစ္စမှာ အကြွေးနွံနစ်တာနဲ့ အိမ်ခြံမြေစျေးကွက်ပျက်တာတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့အတွက် အစိုးရဟာ ဂျပန်နဲ့ အခြားနိုင်ငံတွေဖက် လှည့်ခဲ့ပေမယ့် တရုတ်ရဲ့အင်အားကိုတော့ မယှဉ်နိုင်ပါဘူး။ တရုတ်ပိုက်ဆံကို ပစ်ပယ်လို့မရဆိုတဲ့‌ ပြောစမတ်မျိုးတောင် ဖြစ်လာပါတယ်။

တရားမဝင်လုပ်ငန်းတွေကလည်း စိုးရိမ်စရာတစ်ခုပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ကြွဆေးပြား အကြီးမားဆုံးတင်ပို့တဲ့ နိုင်ငံ‌ဖြစ်ပါတယ်။ ဒီဆေးတွေကို တရုတ်ရဲ့ ရထားလမ်းစီမံကိန်းကနေ တစ်ခေါ်ကြားလောက်က ပြည်သူ့စစ်တွေထိန်းချုပ်ရာဒေသမှာ ထုတ်လုပ်နေတာပါ။ တရုတ်နယ်စပ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ကာဆီနို၀ိုင်းတွေက မူးယစ်လုပ်ငန်းကနေရတဲ့ ငွေတွေကို ခဝါချပေးနေပါတယ်။ ကုလကတော့ မူးယစ်လုပ်ငန်းရဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မူးယစ်ဆေးဝါးချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကလည်း တရုတ်နိုင်ငံကနေ ဝင်နေတာပါ။ ဒါတွေကိုကြည့်ရင် မူးယစ်လုပ်ငန်းကို နှိမ်နှင်းဖို့အတွက် တရုတ်က အရေးပါနေပြန်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်အတွက် စမ်းသပ်မှုတစ်ခုပါ။ နိုင်ကွက်အားလုံးနီးပါးကိုလည်း တရုတ်က ကိုင်ထားပါတယ်။ တာဝန်သိတဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် မရပ်တည်ရင်တောင်မှ နိုင်ကွက်တွေကို ကိုယ့်အကျိုးအတွက် အသုံးချရင်း မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးကို တရုတ်က လမ်းပြနိုင်ပါ့မလား?

မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုက မလွှဲမရှောင်သာအနေအထား ဖြစ်ပါတယ်။ သွေးမတိတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ပေါက်ကွဲလုနီးပါးဖြစ်လာတဲ့ လူတန်းစားမညီမျှမှုကနေ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ခြိမ်ခြောက်မှုတွေအထိ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ တစ်ပုံတစ်ပင်ကို မြန်မာနိုင်ငံက ရင်ဆိုင်နေရပါတယ်။ ဒီမိုကရေစီကို အားပေးဖို့၊ ခွဲခြားဆက်ဆံမှုအဆုံးသတ်ဖို့၊ စီးပွားရေးပြုပြင်ပြောင်းလဲဖို့၊ သဘာ၀ပတ်ဝန်းကျင်အန္တရာယ်တွေအတွက် ပြင်ဆင်ဖို့ အခြေခံကျတဲ့ ဗျူဟာမျိုး မြန်မာနိုင်ငံက လိုအပ်နေပါတယ်။ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုဟာ အားလုံးကို ခြုံငုံမိတဲ့ အဲဒီဗျူဟာအောက်ကပဲ ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အခြားနည်းလမ်းဆိုရင်တော့ နှစ်ဖက်စလုံးက အမျိုးသားရေးသံသယတွေကို မီးလောင်ရာလေပင့်မယ့် အန္တရာယ်မျိုး ရှိနေပါတယ်။

Ref: Financial Times

(Financial Times သတင်းဌာနတွင် ဒေါက်တာသန်းမြင့်ဦးရေးသားထားသည့် Myanmar must weigh up the extent of its dependence on China ဆောင်းပါးကို‌ လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.