1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၆၊ ၂၀၂၀
M-Media

-တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုတစ်ပတ် မြန်မာနိုင်ငံကို လာရောက်မယ့် ၂ ရက်ကြာ ခရီးစဉ်မှာ အရင်ကမတူတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရမယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာက Asia Times က သူ့ရဲ့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

ရှီရဲ့ ဒီခရီးစဉ်ဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလက သမ္မတ ကျန်ဇီမင်းနောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ကျန်ဇီမင်းလည်ပတ်စဉ်က စစ်အာဏာရှင်လက်ထက်ဖြစ်ပြီး ရှီရဲ့ အခုခရီးစဉ်မှာ ‌ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ရမှာဖြစ်သလို ဂျပန်နဲ့ အိန္ဒိယတို့လို စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအကူအညီ‌ပေးကာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ အားပြိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ အပြောင်းအလဲတစ်ခုက မြန်မာနိုင်ငံမှာ ဩဇာအလွှမ်းမိုးဆုံးအဖြစ် ရှိနေတဲ့ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က တရုတ်နိုင်ငံနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေအပေါ် သံသယမျက်စိနဲ့ စောင့်ကြည့်မှုဖြစ်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဟာ သူတို့တာဝန်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ခံယူထားတာပါ။ လာမယ့်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရဖို့ စိုင်းပြင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာကိစ္စကြောင့် နောက်နိုင်ငံက မဟာမိတ်တွေ၊ ထောက်ခံသူတွေ စွန့်ခွာသွားပြီးတဲ့နောက် စီးပွားရေးနဲ့ အခြားအကူအညီတွေအတွက် တရုတ်ဖက်ကို ဦးလှည့်လာပါတယ်။

လက်မှတ်ထိုးမယ်

ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ နယ်စပ်ဒေသတွေက အထူးစီးပွားရေးဇုန်တွေ၊ တရုတ်အကူအညီနဲ့ ဆောက်လုပ်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေအပါအဝင် သဘောတူညီချက် မြောက်များစွာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

ပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ်ကို ရှောင်ပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရတဲ့ တရုတ်ရဲ့ အိမ်နီးချင်း ၂ နိုင်ငံထဲကတစ်ခု ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ တရုတ်အတွက် စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အခြားထွက်ပေါက်နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ဟာ လမ်းပမ်းဆက်သွယ်ရေး အဟန့်အတားတွေ ရှိနေတာ၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေ၊ တရုတ်က စက်မှုဒေသနဲ့ ဝေးလွန်းတဲ့ နိုင်ငံအနောက်ပိုင်းနဲ့ ဆက်စပ်နေတာတွေကြောင့် တရုတ်အတွက် သိပ်ပြီး အရေးမပါပါဘူး။

တရုတ်စီမံကိန်းများ

မြန်မာနိုင်ငံက တရုတ်ရဲ့ စီမံကိန်းတွေထဲမှာ တရုတ်နဲ့ ကမ္ဘာကြီးကို မ‌မြင်ရတဲ့ နည်းလမ်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC) က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

CMEC မှာ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ ရှမ်းပြည်နယ်က အဝေးပြေးလမ်းမတွေလည်း ပါဝင်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းကို အဝေးပြေးလမ်းမတွေအပြင် ရထားလမ်းနဲ့ပါ ဆက်သွယ်မှာ ဖြစ်ပါတယ်။

ရထားလမ်း ပထမအဆင့်အဖြစ် မန္တလေး၊ မူဆယ်ကနေ တရုတ်နယ်စပ်မြို့ ရူအီလီအထိ ဆက်သွယ်မှာဖြစ်ပြီး အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူမြို့အထိ ပေါက်မှာ ဖြစ်ပါတယ်။

အကြွေးထောင်ချောက်မိမလား

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဖွံ့ဖြိုးရေးအကူအညီဟာ နှောင်ကြိုးကင်းကင်း ကူညီတာထက် နှစ်ရှည်ချေးငွေ၊ အကြွေးပုံစံမျိုးဖြစ်ပြီး စီမံကိန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ စီမံကိန်း ရေရှည်ထိန်းသိမ်းရေး စတာတွေမှာ တရုတ်ကို လုံးလုံးလျားလျား မှီခိုရပြီး မဟာဗျူဟာကျတဲ့ နေရာတွေ ထိုးအပ်လိုက်ရမယ့် အန္တရာယ်ကိုလည်း ဘာတေးလ် လစ်တနာက ထောက်ပြခဲ့ပါတယ်။

တရုတ်ချေးငွေကို ပြန်မဆပ်နိုင်တဲ့အတွက် နိုင်ငံတောင်ပိုင်းက အချက်အခြာကျတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ်မှာ သီရိလင်္ကာက တရုတ်အစိုးရပိုင် ကုမ္ပဏီထံ လွှဲအပ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံသာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီး ကျောက်ဖြူဆိပ်ကမ်းကို ထိုးအပ်ရမယ်ဆိုရင် မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းသာမက၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကိုပါ တရုတ်က စီမံခန့်ခွဲခွင့် ရသွားမှာပါ။

တရုတ်‌-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဟာ ကုန်သွယ်ရေးလမ်းကြောင်းထက် ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်မယ့် အသက်သွေးကြောတစ်ခုကို တရုတ်က ထိန်းချုပ်ထားတာမျိုးဖြစ်ပြီး‌ အင်အားကြီးနိုင်ငံတွေရဲ့ ပါဝါယှဉ်ပြိုင်မှုမှာ‌ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ စတေးရမယ့် နယ်ရုပ်လေးသဖွယ် ဖြစ်သွားမယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မိတ်ဆက်ခဲ့တဲ့ Belt and Road (BRI) စီမံကိန်းမှာလည်း မသေချာမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရည်မှန်းချက်ကြီးတဲ့ ဒီစီမံကိန်းကို စောင့်ကြည့်အကောင်အထည်ဖော်ဖို့ တရုတ်အစိုးရ ဝန်ကြီးဌာနတစ်ခုခုကို တာဝန်မပေးထားပါဘူး။

ဒီအစီအစဉ်ကနေ အကျိုးခံစားနိုင်ဖို့အတွက် နိုင်ငံပေါင်း ၅၀ ကျော်က လက်မှတ်ထိုးထားပေမယ့် BRI စီမံကိန်းမှာ ဘာတွေပါဝင်မလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ခွင့်ရလဲဆိုတာတွေကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

အပန်းဖြေနေရာတွေ၊ ယဉ်ကျေးမှုစင်တာတွေ၊ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အ‌ေဩစတေးလျ၊ ချက်၊ အီတလီ၊ ဟန်ဂေရီ စတဲ့နိုင်ငံတွေ၊ အရှေ့တောင်အာရှက နိုင်ငံတွေကို တရုတ်က စည်းရုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး တင်းမာမှုတွေဟာ မြန်မာအပါအဝင် စီမံကိန်းမှာပါဝင်တဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်လာပါတယ်။ ကျောက်ဖြူ ‌ရေနက်ဆိပကမ်း၊ ဘေးက အထူးစီးပွားရေးဇုန်ရဲ့ ကုန်ကျစားရိတ်နဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို မြန်မာအစိုးရက မကြာသေးခင်ကပဲ လျော့ချခဲ့ပါတယ်။

ထိုင်းနယ်စပ် Moei မြစ်ကမ်းနဖူးပေါ်မှာ အကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကို ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ‌ဒေသခံတွေနဲ့ တရုတ်အလုပ်သမားတွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုံရွာမှာ တရုတ်က လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်မှု ဆက်လက်ရှိနေပြီး မြစ်ဆုံက ဆည်နဲ့ ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရပါတယ်။ တရုတ်က ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ လှုံ့ဆော်နေပါတယ်။

ဘင်္ဂလာဒေ့ရှ်က တရုတ်ရဲ့စီမံကိန်း ၂၇ ခုမှာ ပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် ၂၂ ခု ရပ်ထားရပြီး၊ ၂၀၁၅ ငလျင်နောက်ပိုင်းမှာ သဘောတူညီချက်ရခဲ့တဲ့ နီပေါက တရုတ်ရဲ့ ဆောက်လုပ်ရေးစီမံကိန်း ၂၅ ခုမှာ ၁၀ ခုသာ ပြီးစီးထားပါတယ်။ နီပေါဝဘ်ဆိုက်တွေကို တရုတ်အုပ်စုတွေက ဖောက်ထွင်းတာနဲ့ နီပေါအမျိုးသမီးတွေကို တရုတ်နိုင်ငံထဲ လူကုန်ကူးရာမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုတွေအတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာက မြို့တော် ခတ္တာမန်ဒူမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ နီပေါပိုင်နက် ၃၆ ဟက်တာကို တရုတ်က ကျူးကျော်သိမ်းပိုက်မှုအတွက် နီပေါပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး ရှီကျင့်ဖျင်ရဲ့ ရုပ်ပုံကို မီးရှို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကာဇက်စတန် အပါအဝင် BRI စီမံကိန်းမှာ ပါဝင်တဲ့ အခြားနိုင်ငံတွေမှာလည်း တရုတ်ရဲ့ စီမံကိန်းတွေအပေါ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဖိအားတွေ ရှိလာမလား

သောကြာနေ့ သမ္မတ ရှီကျင့်ဖျင် လာရောက်မှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပိုပြီး ခက်ခဲတဲ့အနေအထားကို ကြုံတွေ့ရနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

ထွက်ရှိမယ့် ဓာတ်အား ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်ပြည်ပို့မယ့် မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ်က ဖိအားပေးလာနိုင်တာ၊ နောက်ဆက်တွဲ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တာကို သူက ထောက်ပြခဲ့ပါတယ်။

နောက်ထပ် အငြင်းပွားစရာတစ်ခုက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တရုတ်ရဲ့ မြန်မာအပေါ် ဩဇာလွှမ်းမိုးမှု ဖြစ်ပါတယ်။ ဒီကိစ္စမှာ တရုတ်ဟာ ရိုးသားတဲ့ ကြားဝင်စေ့စပ်ပေးသူမျိုးထက် ကိုယ့်အကျိုးအတွက် အမြတ်ထုတ်ဖို့သာ ကြိုးစားနေတယ်လို့ အစိုးရရော တိုင်းရင်းသားတွေဖက်ကပါ ရှုမြင်နေတာပါ။

တုတ်တဖက်၊ မုန့်တစ်ဖက် ပေါ်လစီအရ တရုတ်ဟာ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်နေပမယ့် တစ်ဖက်မှာလည်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်သစ်တွေ တပ်ဆင်ပေးနေပါတယ်။

စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ ၂၀၀၁ ခုနှစ်က တရုတ်သမ္မတ ကျန်ဇီမင်း ရန်ကုန်ကို ၄ ရက်တာ လာရောက်ချိန်မှာ ပြည်သူတွေဖက်က ဆန့်ကျင် ဆန္ဒပြတာမျိုး မရှိခဲ့ပေမယ့်၊ အခု ရှီကျင့်ဖျင်ရဲ့ ၂ ရက်တာ နေပြည်တော်ခရီးစဉ်မှာတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ အခြား‌ဒေသတွေမှာ ဖြစ်ပွားလာနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သူ့ရဲ့ဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။

အဲဒီလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရင် စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းတာထက် အခြားနည်းလမ်းတစ်မျိုးနဲ့ ကိုင်တွယ်သွားဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Ref: Asia Times

(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် What China’s Xi will and won’t get in Myanmar ဆောင်းပါးကို လေးမောင်က ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

Comments are closed.