2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၁၊ ၂၀၂၀
M-Media

ကရင်အမျိုးသမီးများ၏ အကအလှ

-မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ သူတို့ရဲ့ တိုင်းရင်းသား ‘ဝိသေသနာမ’ ထည့်ခွင့်ရသွားပြီး ဒါဟာ ဆယ်စုနှစ်ချီရှိခဲ့တဲ့ ‘ဗမာဇာတ်သွင်းမှု’ တိုက်ဖျက်ရေး သေးငယ်တဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးရုံးက “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ရုံးသွားသူတိုင်း တွေ့မြင်ကြရမှာပါ။

‘တိုင်းရင်းသားလူမျိုး’ စာရင်းမှာ မပါဝင်တဲ့သူတွေကို နိုင်ငံသား စီစစ်ရာမှာ စေ့စပ်သေချာစေဖို့ လူဝင်ကြီးကြပ်ရေး ဝန်ထမ်းတွေကို သတိပေးတဲ့ ဆောင်ပုဒ်လို့ ယေဘူယျအားဖြင့် ရှုမြင်ကြပါတယ်။

ဒါပေမယ့် အစိုးရရဲ့ ဗမာဗဟိုပြုပေါ်လစီတွေအောက် ဆယ်စုနှစ်များစွာ မိမိတို့ စာပေယဉ်ကျေးမှုတွေ ဝါးမျိုဖျက်ဆီးခံနေရတယ်လို့ ခံစားနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေကတော့ ဒီဆောင်ပုဒ်ကရည်ရွယ်တဲ့ အခြားအဓိပ္ပါယ်တစ်ခုကို စိုးရိမ်နေကြပါတယ်။

ဇန်နဝါရီလအစောပိုင်းမှာ မွန်နဲ့ ကရင်ပြည်နယ်အစိုးရတွေက ဗမာမဟုတ်တဲ့လူမျိုးတွေရဲ့ အမှတ်သညာထုတ်ဖော်ခွင့်ကို အားပေးတဲ့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ ကလေးတွေကို ကျောင်းအပ်တဲ့အခါ၊ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်တဲ့အခါ၊ သန်ခေါင်းစာရင်းမှာ လူထပ်တိုးတဲ့အခါ ဗမာ ဝိသေသနာမဖြစ်တဲ့ ‘ဦး’၊ ‘ဒေါ်’ ‘မောင်’ တွေအစား သူတို့ရဲ့ ရိုးရာ ဝိ​ေသသနာမတွေ ထည့်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

“ဒါဟာ အခြေခံအခွင့်အရေးပဲ ရှိပါသေးတယ်။ နောက်ထပ်တိုက်ယူရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်” လို့ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူး အသက် ၅၈ နှစ်အရွယ် နိုင်မွန်ရာဇာက ပြောပါတယ်။

ပြည်နယ်အစိုးရတွေရဲ့ ဒီကြေငြာချက်ကို တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပြီး လူနည်းစုတွေရဲ့ ယဉ်​ကျေးမှုအခွင့်အရေးကို အလေးထားတဲ့ တွေ့ရခဲအရွေ့တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

NLD အစိုးရဟာ ထောက်ခံမှုအဓိကရတဲ့ လူများစုဗမာတွေရဲ့အကြိုက်ကို လိုက်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ရှုမြင်ပြီး NLD ကို တစ်စိုက်မတ်မတ် ဝေဖန်တာတွေလည်း ရှိပါတယ်။

ဝေဖန်အခံအရဆုံးလို့ ဆိုရမယ့် ကိစ္စတစ်ခုကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုကို လွတ်လပ်ရေးခေါင်းဆောင် ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကကိစ္စ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေက သူတို့ခေါင်းဆောင်အမည် ဒါမှမဟုတ် သူတို့ရဲ့ ယဉ်ကျေးမှု အမှတ်သညာတစ်ခု ဂုဏ်ပြုမှည့်ခေါ်ဖို့ အလိုရှိကြပြီး ဒီအမည်ပေးမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ စိုက်ထူမှုကြောင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေဖက်က ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။ ဗမာခေါင်းဆောင်ကို ဂုဏ်တင်လွန်းပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို လစ်လျူရှုကြတယ်လို့ သူတို့က ထောက်ပြကြပါတယ်။

တိုင်းရင်းသားတွေရဲ့ ဝိသေသနာမကို အစိုးရက အသိအမှတ်ပြုမှုဟာ ဗမာကြီးစိုးမှု လျော့ချရေး ခြေလှမ်းငယ်တစ်ခုသာ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗမာကြီးစိုးရေးဟာ ဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ အမှတ်သညာ၊ ဘာသာစာပေကို ဖိနှိပ်ရေးအတွက် ပညာရေး၊ ဘာသာရေး၊ ဥပဒေနဲ့ အုပ်ချုပ်ရေးကနေတစ်ဆင့် ဆယ်စုနှစ်ချီ တစ်ဖက်လှည့်နဲ့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဗမာဇာတ်သွင်းမှုလို့ သူတို့က ခေါ်ပါတယ်။

အခုလို အသိအမှတ်ပြုခဲ့မှုကြောင့် မွန်အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ ‘မင်း’၊ ‘မီ’ ထည့်ခွင့်၊ သက်ကြီးအမျိုးသားတွေရဲ့ အမည်ရှေ့မှာ ‘နိုင်’ ထည့်ခွင့်၊ ပိုးကရင်တွေနဲ့ ပအို့အမျိုးသမီးတွေမှာ ‘နန်း’ သုံးခွင့်၊ ပအို့အမျိုးသားတွေ ‘ခွန်’ သုံးခွင့်၊ စကော ကရင်အမျိုးသမီးတွေမှာ ‘နော်’၊ ကရင်အမျိုးသားအားလုံးမှာ ‘စော’ သုံးခွင့် ရမှာဖြစ်ပါတယ်။

ဝိသေသနာမ

တိုင်းရင်းသားလူမျိုးစုတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ များသောအားဖြင့် ဗမာ ဝိသေသနာမဖြစ်တဲ့ ‘မ’ တို့ ‘မောင်’ တို့သုံးဖို့ ဖိအားပေးခံရလေ့ရှိပါတယ်။ စစ်အာဏာရှင်စနစ်အောက် ဖမ်းဆီးထောင်ချမှာ ကြောက်တဲ့အတွက် မပြောရဲကြဘူးလို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ စောအေးမြက ပြောပါတယ်။

စစ်အာဏာရှင်တွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အမည်ခံအရပ်သားအစိုးရကို၂၀၁၁ ခုမှာ အာဏာလွှဲပေးခဲ့သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတဲ့ ၂၀၁၆ ခုနှစ်မှာ NLD အစိုးရ အာဏာရခဲ့ပေမယ့် ဒီအမွေဆိုးတွေက ဆက်လက်တည်ရှိနေတယ်လို့ စောအေးမြက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မော်လမြိုင်မှာ ကားလိုင်စင်လျှောက်တဲ့အချိန် ကရင်ဝိသေသနာမ ထည့်တာကို အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ဗမာဝိသေသနာမ ဖြစ်တဲ့ ‘မောင်’ အသုံးပြုမှ လိုင်စင်ထုတ်ပေးတဲ့အဖြစ်အပျက်ကို သူက ထောက်ပြပါတယ်။

ဗမာဝိဝေသနာမသာထည့်ဖို့ ဘယ်သူက ညွှန်ကြားလဲလို့ ​မေးမြန်းစုံစမ်းရာမှာ တာဝန်ရှိဝန်ထမ်းတွေက နောက်ထပ်ဌာနတစ်ခုကို လက်ညှိုးထိုးပြီး အဲဒီကိုသွားမေးတဲ့အခါမှာလည်း ခေါင်းရှောင်တယ်လို့ စောအေးမြက ပြေ​ာပါတယ်။

စင်ကာမှာအလုပ်လုပ်နေတဲ့ ကရင်မိသားစုတစ်ခုကလည်း မြန်မာသံရုံးမှာ မွေးစာရင်းလုပ်တဲ့အခါ ဗမာဝိသေသနာမကိုသာ အသုံးပြုဖို့ ညွှန်ကြားခံရတယ်လို့ ဆိုပါတယ်။

“ဒါကို ဗမာဇာတ်သွင်းတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တွေကို ဝါးမျိုးဖို့ကြိုးစားတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပေါ်လစီတစ်ခုပါ။ တိုင်းရင်းသားလူမျိုးတွေ ကြုံရတာကိုကြည့်ရင် ဗမာဝိသေသနာမနဲ့ အမည်တွေ မှည့်ခေါ်ရေး ကျွန်တော်တို့ကို ဖိအားပေးဖို့ ပေါ်လစီတစ်ခု ရှိနေတယ်ဆိုတာ မြင်ရပါတယ်။ ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်တဲ့ ပေါ်လစီတစ်ခုပါ” လို့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောကြားခဲ့ပါတယ်။

တိုင်းရင်သားအမည်နဲ့ ဝိသေသနာမတွေကို အသုံးမပြုနိုင်ရေး နောက်ထပ်ဖိအားတစ်ခုက ခွဲခြားဆက်ဆံမှု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။

ဗမာဝိသေသနာမမပါတဲ့ တိုင်းရင်းသားဘွဲ့ရတွေ အစိုးရအလုပ် လျှောက်တဲ့အခါ အပယ်ခံရပြီး ဗမာလူမျိုးကိုသာ ဦးစားပေးတာမျိုး၊ အလုပ်ခန့်ရင်လည်း ရာထူးတိုးဖို့ ခက်တာမျိုးတွေ ရှိနေတယ်လို့ နိုင်မွန်ရာဇာက ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမိဘတွေဟာ သူတို့ကလေးငယ်တွေကို ဗမာအမည်ပေးပြီး ဗမာဝိသေသနာမသုံးရတာ ဖြစ်ပါတယ်။

“တိုင်းရင်းသားတွေကို ရာထူးတိုးမပေးတာ အထူးသဖြင့် စစ်တပ်မှာ ဒါမျိုးတွေရှိတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ကျွန်တော်တို့ လူမျိုးတင်မကဘဲ အခြားတိုင်းရင်းသားတွေရဲ့ အမှတ်သညာတွေပျောက်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

ကိုယ်စားပြုခွင့်ရရေး တိုက်ပွဲဝင်

၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် လူးနည်းစု ခေါင်းဆောင်တွေဟာ သူတို့ယူဆထားတဲ့ ဗမာဇာတ်သွင်းရေးကို တွန်းလှန်ဖို့နဲ့ သူတို့လူမျိုးကို အသိအမှတ်ပြုမှု၊ အလေးထားမှုပိုရဖို့ ပိုမိုအားထုတ် လုပ်ဆောင်လာနိုင်ကြပါတယ်။

လမ်းအမည်တွေကို မွန်စာနဲ့ရေးတာလို အရင်က ပိတ်ပင်ထားတဲ့ အမှတ်သညာထုတ်ဖော်ခွင့်မျိုး ပြန်တွေ့လာရတယ်။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာဆိုရင် မွန်လူမျိုးအမှတ်သညာ ဟင်္သာငှက်ကို ဗမာအမှတ်သညာလို့ ယူဆရတဲ့ နေရာတွေမှာ အစားထိုးလာပါတယ်။ မွန်ကလေးငယ်တွေကလည်း မွန်အမည်တွေ မှည့်လာကြပြီး၊ လူငယ်တွေကိုလည်း ကိုယ့်လူမျိုးအချင်းချင်းသာ လက်ထက်ဖို့ အားပေးလာကြပါတယ်။

အချို့နယ်ပယ်တွေမှာတော့ တက်ကြွလှုပ်ရှားသူတွေ မျှော်လင့်ထားသလို အစိုးရပေါ်လစီအပြောင်းအလဲဟာ မြန်မြန်ဆန်ဆန်မရှိဘဲ နှေးကွေးပါတယ်။

နိုင်မွန်ရာဇာဟာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ မွေးဖွားပြီး စစ်အာဏာရှင်လက်ထက်မှာ ကြီးပြင်းခဲ့သူပါ။ စစ်အာဏာရှင်တွေဟာ ကလေးတွေကို ဗမာဝိသေသနာမတွေ အသုံးပြုဖို့ ဖိအားပေးရုံသာမက၊ မွန်နဲ့ အခြားတိုင်းရင်းသား စာ​ပေ၊ ဘာသာစကားတွေကို စာသင်ကျောင်းတွေနဲ့ ပြည်သူလူထုကြား အသုံးမပြုနိုင်အောင်လည်း ဖိနှိပ်ခဲ့ပါတယ်။

ဒါ့ကြောင်ပဲ ‘မွန်ပြည်သစ်ပါတီ’ ရဲ့ အဓိကပေါ်လစီတွေထဲကတစ်ခုဟာ မွန်ဘာသာစကား သင်ကြားရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဖြစ်လာတာပါ။ မွန်ပြည်သစ်ပါတီဟာ အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေကတည်းက မွန်စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ပညာရေးဥပဒေအရ တိုင်းရင်းသားဘာသာစကားတွေကို စာသင်ကျောင်းတွေမှာ တစ်ဖြည်းဖြည်း ထည့်သွင်းသင်ကြားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး တိုင်းရင်းသား ဘာသာစကား သင်ကြားရေး အကူဆရာတွေကို ခန့်အပ်တာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးက သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားဖို့ ထည့်သွင်းတာတွေ လုပ်ဆောင်လာကြပါတယ်။

ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးနဲ့ လူထုကြားက အချို့နယ်ပယ်တွေမှာတော့ ပညာရေးကဏ္ဍမှာလို သိသိသာသာတိုးတက်မှုမျိုး မရှိဘူးလို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက စောဒကတက်ကြပါတယ်။

တရားဝင်နိုင်ငံရေးမှာ ကိုယ်စားပြုခွင့်ကန့်သတ်ခံရမှုကိုလည်း တိုင်းရင်းသားတွေက ကြုံတွေ့နေရပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခွင့်ရပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်လို လူမျိုးအမည်နဲ့ မှည့်ခေါ်တဲ့ ပြည်နယ်တွေ၊ ဓနုနဲ့ ပအို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ မှည့်ခေါ်ခြင်းခံရတဲ့ တိုင်းရင်းသားတွေက ဒီလိုဝန်ကြီးမျိုး ခန့်အပ်ခွင့် မရှိပါဘူး။

၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လူဦးရေ ၅၁၄၀၀ ရှိတဲ့ လူမျိုးစုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ခွင့်ရမှာဖြစ်ပြီး မွန်ခေါင်းဆောင်တွေက ရန်ကုန်မှာရှိတဲ့ မွန်လူဦးရေဟာ ဒီပမာဏကို အလွယ်တကူ ကျော်လွန်နိုင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။

ရန်ကုန်အခြေစိုက် ‘မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း’ က လွန်ခဲ့တဲ့ ၆ နှစ် လူဦးရေစာရင်းကောက်တဲ့အချိန် ရန်ကုန်မှာ မွန်လူမျိုး ၁ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် ၄၅၀၀၀ သာ တွေ့ခဲ့ပြီး အဲဒီအထဲက ၁၅၀၀ လောက်သာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ မွန်လို့ ရေးသားထားပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ ကိုင်ဆောင်သူရဲ့ လူမျိုး၊ ဘာသာ အမည်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်တဲ့မွန်လူမျိုးတွေကတော့ သူတို့ကဒ်ပြားမှာ ဗမာလို့အရေးခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို လူဦးရေနည်းတာဟာ အစိုးရအုပ်ချုပ်ရေးယန္တရားက ခွဲခြားဆက်ဆံမှုစနစ် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဗမာလို့အရေးခံတဲ့ မွန်တွေကိုယ်တိုင်က သူတို့ရဲ့ ဇာတိသမိုင်းကို သိရှိမှု အားနည်းလို့ ဖြစ်ပါတယ်။

ဒီအနေအထားကြောင့်ပဲ မန္တလေးတိုင်းဒေသကြီးမှာ ကရင်တွေ တိုင်းရင်းသားရေးရာဝန်ကြီး မရခဲ့ဘူးလို့ စောအေးမြက ပြောပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရှိရာမှာ ကရင်က ၅ ဦးပါဝင်ပြီး ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားအခွင့်အရေး ရရှိအောင် ကြိုးစားရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လားလို့ မေးမြန်းရာမှာ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ပေါ်လစီပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ စောအေးမြက ပြောပါတယ်။

“တိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘယ်လောက် အသုံးဝင်လဲဆိုတာ ဒီကိစ္စက ပြသနေပါတယ်”

NLD အစိုးရက ၂၀၁၆ ခုနှစ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ ဝေဖန်ခံနေရပေမယ့် ဒီဖွဲ့စည်းမှုဟာ ခြေတစ်လှမ်းတိုးတာဖြစ်တယ်လို့ စောအေးမြက ပြောပါတယ်။

အရင်က တိုင်းရင်းသားကိစ္စနဲ့ ကြုံလာတဲ့အခါ ​မြန်မာအာဏာပိုင်တွေဟာ ‘ဘော်လီဘော ပုတ်နေကြတယ်’ လို့ သူက ဆိုပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ သွားပြောစရာနေရာတစ်ခုရှိပြီပေါ့ဗျာ။ ဒါဟာ ပြောင်းလဲမှုလေးတစ်ခုပေါ့။ မြန်မာအစိုးရအောက်မှာ တိုင်းရင်းသားအခွင့်အရေး တိုက်ပွဲဝင်ရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဗျ။ နိုင်ငံရေးဖိအားပေါ်မူတည်တယ်။ ဒါ့ကြောင့် ကရင်တစ်ဦးတည်းက လုပ်လို့မရဘူး။ ။ တိုင်းရင်းသားအားလုံးပေါင်းပြီး အားကောင်းတဲ့လှုပ်ရှားမှုနဲ့ စုပေါင်းတောင်းဆိုဖို့ လိုအပ်ပါတယ်”

လူဝင်မှုကြီးကြပ်ရေးရုံးမှာ ‘ကမ္ဘာတည်သ၍ မြန်မာပြည်တည်ရှိရမည်’ ဆိုတဲ့ ဆောင်ပုဒ်တစ်ခုလည်း ရှိနေပါတယ်။

တိုင်းပြည်တည်တံ့ခိုင်မြဲရေး ခိုင်မာတဲ့သဘောထားကို ဖော်ပြထားတာမျိုး ဖြစ်ပေမယ့် တိုင်းရင်းသားတွေထက် ဗမာလူမျိုးကိုသာ ပိုပြီး ရည်ညွှန်းပုံ ရပါတယ်။ တိုင်းရင်းသားတွေအတွက်ကတော့ သူတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲဟာ နိုင်ငံတကာစင်မြင့်မှာ တိုက်နေရတာမျိုးမဟုတ်ဘဲ တိုင်းပြည်ရဲ့ နယ်နမိတ်အတွင်းမှာ တိုက်နေရတာမျိုးပါ။

“မြန်မာနိုင်ငံတည်သ၍ ငါတို့ရဲ့ စာပေယဉ်ကျေးမှု တည်ရှိရမည်” ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ပါတယ်။

Ref: Frontier Myanmar

(Frontier Myanmar တွင် ဖော်ပြထားသည့် Call me Mi: Ethnic groups celebrate honorifics victory ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

Comments are closed.