5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁
M-Media

-နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်ဖွဲ့ကို နယ်စပ်ဒေသကနေ ဆန္ဒပြမှုဖြစ်ပွားရာ မြို့ပေါ်ကို ရွှေ့လိုက်တဲ့အတွက် သွေးချောင်းစီးတော့မယ်၊ အသက်တွေဆုံးရှုံးတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက AP သတင်းဌာနနဲ့ မနေ့က အင်တာဗျူးလုပ်ခဲ့တာပါ။

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားအပါအဝင် နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြင့်လာသလို၊ ရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နှင်းမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။

ဒါ့အပြင် စစ်တပ်တွေလည်း တိုးမြှင့်ချထားလာတာကို တွေ့ရပါတယ်။

တွမ်အန်ဒရူးက ရခိုင်မှာ သတ်ဖြတ်မီးရှို့မှုတွေ အများအပြား ကျူးလွန်တယ်လို့ သတင်းထွက်တဲ့ တပ်ရင်းကို မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ အတည်ပြုနိုင်တဲ့ သတင်း​တွေကို ကြားသိရတယ်လို့ ဆိုပါတယ်။

“စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးတွေက ဘာလုပ်နိုင်လဲဆိုတာ ပြည်သူတွေက သိပါတယ်။ စစ်သားတွေချထားမှု မြင့်တက်လာတာနဲ့ ဒီစစ်တပ်တွေ ဘယ်ကလာလဲဆိုတာကို သိရတဲ့အတွက် ကျွန်တော် အလွန်အမင်း စိုးရိမ်သောက ဖြစ်မိပါတယ်”

အရင်က စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို သိရှိပေမယ့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆန္ဒပြမှုတွေ၊ အကြမ်းမဖက်တဲ့ ဆန့်ကျင်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေရဲ့ အံ့ချီးဖွယ် သတ္တိဗျတ္တိကို အားကျမိတယ်လို့ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“တင်းမာမှုတွေက တအားကိုမြင့်တက်နေတယ်။ မြန်မာပြည်သူလူထုဟာ ပြင်းပြင်းထန်ထန်ကို တုန့်ပြန်လာပြီး၊ ရလဒ်ကိုလည်း သူတို့ မြင်ချင်နေကြပါပြီ”

ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက ထိရောက်ပြီး၊ ပုဂ္ဂလိကဘဏ်တွေအားလုံးလည်း ပိတ်ထားရကြောင်း၊ ပြည်သူတွေရဲ့ ဒီလှုပ်ရှားမှုဟာ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိသလို၊ လက်ရှိမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှုကို မြန်မာပြည်သူတွေက မျှော်လင့်နေကြတယ်လို့လည်း အန်ဒရူးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်ပြီး မဟာမိတ်လည်းဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဒီကိစ္စမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ကန့်လန့်ကာနောက်ကွယ်က တရုတ်ရဲ့ဖိအားပေးမှုဟာ သိပ်ကို အသုံးဝင်မှာပါ။ အကူအညီဖြစ်စေတဲ့ ကြေငြာချက်မျိုး တရုတ်ကထုတ်ထားတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကိစ္စမှာ တရုတ်ဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ သူမအပေါ်စွဲထားတဲ့ စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ စစ်ခေါင်းဆောင်တွေဟာ မျှတတဲ့ တရားစီရင်မှုမျိုးကို ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်လောက်အောင် အာဏာငမ်းနေကြတတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

စစ်တပ်ဟာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေ ကိုယ်တိုင်ချိုးဖောက်တာကိုလည်း အန်ဒရူးက ထောက်ပြပါတယ်။

“အံ့ဩစရာကောင်းတာက သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်တာပါ။ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အာဏာတည်ဆောက်မှုပုံစံ၊ အခြေခံဥပဒေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်ပစ်လိုက်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ”

လက်ရှိ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့ ဘယ်လောက်အထိ ကြာနိုင်လဲဆိုတာ ပြောမရဘူးလို့ အန်ဒရူးက ဆိုပါတယ်။

အရင်တုန်းကအခြေအနေမျိုး ပြန်သွားလို့ မရတော့ဘူးဆိုတဲ့အချက်ကို စစ်တပ်ဖက်က သတိပြုမိရင် သွေးထွက်သံယိုဖြစ်တာကို ရှောင်ရှားနိုင်မှာဖြစ်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ဖိအားပေးမယ်ဆိုရင် ပြဿနာကို အဖြေရှာနိုင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“စစ်တပ်က လုပ်ဖို့ကြိုးစားနေတာတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး ပြည်သူလူထုက ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်လုပ်ဆောင်နေတယ်ဆိုတာ တပ်မတော်က နားလည်လက်ခံဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် နားလည်လက်ခံလာလေလေ၊ အဖြေမြန်မြန်ထွက်လေပါပဲ”

Ref: AP

Comments are closed.