3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၊ ၂၀၂၁
M-Media

-စစ်ခေါင်းဆောင်တွေအပေါ် ခြိမ်းခြောက်တာမျိုးတွေက အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ကူညီရာရောက်မှာ မဟုတ်ပါဘူး။ စစ်အုပ်စုအတွင်း ပြုပြင်ပြောင်းလဲလာရေး ဖိအားပေးတဲ့ ပံ့ပိုးကူညီမှုမျိုး မြန်မာပြည်သူတွေက လိုအပ်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း သိန်းချီ၊ သန်းချီတဲ့လူတွေ အမြို့မြို့အနယ်နယ်တိုင်းက လမ်းတွေမှာ ထွက်လာတာကိုကြည့်ရင် စစ်တပ်အပေါ် ပြည်သူတွေ ဘယ်လောက်အထိ နာကျည်း မုန်းတီးနေလဲဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အခုအချိန်မှာတော့ တစ်နိုင်ငံလုံးပါဝင်တဲ့ သပိတ်မှောက်မှုကို ရင်ဆိုင်နေရပါပြီ။ မြန်မာ့နိုင်ငံရေး အခြေအနေ ဖြစ်လွယ်ပျက်လွယ်မှုကို ဒီအဖြစ်အပျက်တွေက မီးမောင်းထိုးပြနေသလို၊အာဏာရှင်စနစ်ကနေ ဖယ်ခွာပြီး ပြုပြင်ပြောင်းလဲမှု စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အရင်ကစလို့ အနောက်နိုင်ငံတွေ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ အပြစ်​အနာအဆာတွေ ရှိခဲ့တာကို ပြန်လည်သုံးသပ်ဖို့ လှုံ့ဆော်သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုဟာ အာရှမှာ လစ်ဘရယ်ဒီမိုကရေစီ ဖော်ဆောင်မှု၊ ထိရောက်တဲ့ ကြားဝင်ဆောင်ရွက်မှုတွေမှာ အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဟိုလေးတစ်ကျော်ကျော် ဖြစ်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံက အစိုးရတွေ၊ အဖွဲ့အစည်းတွေ​ ချက်ခြင်း လမ်းကြောင်းပြောင်းလိုက်ရပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်ရခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲအတွက် ချီးကျူးနေရာကနေ ဗိုလ်ချုပ်ကြီးတွေကို ရှုတ်ချပြီး အာဏာပြန်မပေးရင် အရေးယူမယ်လို့ ချော့တစ်လှည့် ခြောက်တခါ ပြောရတဲ့ အခြေအနေမျိုး ရောက်သွားပါတယ်။ အာဏာသိမ်းသူတွေ ‘တာဝန်ပိုခံရမယ်’ ဆိုတဲ့ ပုံစံနဲ့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ လုပ်ခဲ့ပြီး၊ ဒီမိုကရေစီအစိုးရဆီ မြန်မာနိုင်ငံ ပြန်သွားနိုင်အောင် ‘ဖိအားပေးမယ့် နောက်ထပ်မူဝါဒ ရှိသေးတယ်’ လို့ သွယ်ဝိုက် ပြောကြားခဲ့ပါတယ်။ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ယူကအေနေနဲ့ ‘စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေအပေါ် အရေးယူဖို့ လုပ်ဆောင်သွားမယ်’ လို့ ပြောပါတယ်။ ကုလသမဂ္ဂနဲ့ G7 အဖွဲ့တွေကလည်း ဒီ ‘လက်မခံနိုင်စရာ’ အခြေအနေကို ရှုတ်ချခဲ့ကြပါတယ်။

ဒါဟာ ပြင်းထန်တဲ့ ကြေငြာချက်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အတက်အကျတိုင်းမှာ ပြတ်ပြတ်သားသား တုန့်ပြန်ပြောကြားတယ်ဆိုတဲ့ သမိုင်းအစဉ်အလာကို ယူကေနဲ့ မဟာမိတ်နိုင်ငံတွေ ဆက်ထိန်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတိုရဲ့ ဒီသမရိုးကျ လမ်းကြောင်းနဲ့ဗျူဟာတွေမှာ အပြစ်အနာအဆာ တော်တော်လေးရှိပါတယ်။ အနောက်နိုင်ငံက အစိုးရတွေ၊ အသင်းအဖွဲ့တွေက ​ထုတ်ပြန်ပြီး ထိရောက်တဲ့ အရေးယူမှု လုပ်မယ်ဆိုတဲ့ ကတိကဝတ်ပါတဲ့ ဒီကြေငြာချက်တွေကိုကြည့်ရင် အာဏာသိမ်းမှု နောက်ကြောင်းပြန်အောင် လုပ်နိုင်တဲ့ စွမ်းအားမျိုး သူတို့မှာရှိတယ်၊ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပြီး တစ်ခါ​တစ်ရံမှာ နားလည်ရခက်တဲ့ အာဏာအရွှေ့အပြောင်းကို သူတို့ နားလည်တယ် ဆိုတာမျိုးကို တွေ့ရမှာပါ။

တကယ့်လက်တွေ့အခြေအနေက တော်တော်ခြားနားပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သိသိသာသာကို ပျောက်ကွယ်သွားပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ စစ်တပ်ရဲ့ စီမံကိန်းကို အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ရှုတ်ချတာ၊ တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေလုပ်တာ၊ ရက်စက်ကြမ်းကြုတ်မှုကို တားဆီးနိုင်ရေး သိပ်အလုပ်မဖြစ်တဲ့ အစီအမံတွေကို ကုလသမဂ္ဂက လုပ်ဆောင်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ နှစ်တွေဟာ အရေးပါတဲ့ကာလ ဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုတွေက ပြဿနာကို ပိုဆိုးစေခဲ့တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာရပါတယ်။ ပြည်သူတွေရဲ့ယုံကြည်မှုကို အဆုံးရှုံးခံမလား ဒါမှမဟုတ် ပိုပြီးတော့ လက်တုန့်ပြန်မလားဆိုတဲ့ နည်းလမ်းနှစ်ခုထဲက တစ်ခုကိုရွေးရတဲ့ အနေအထားမျိုး စစ်တပ်ကို ပို့သလို ဖြစ်သွားပါတယ်။ အရင်ကတည်းက ကျဉ်းမြောင်းနေတဲ့ သံတမန်လမ်းကြောင်းကို ပိတ်လိုက်သလိုဖြစ်ပြီး ဒီမိုကရေစီစနစ်ကို လက်မခံတဲ့ တရုတ်၊ အာဆီယံတို့နဲ့ စစ်တပ်ကို ပိုပြီး နီးကပ်သွားစေပါတယ်။

၂၀၁၆-၂၀၁၇ ကာလက သုံးခဲ့တဲ့ ထပ်တလဲလဲရှုတ်ချတဲ့ ပုံစံဟာ စစ်တပ်ရဲ့ အမြတ်ထုတ်တတ်တဲ့စွမ်းရည်ကို လျှော့တွက်တာမျိုးပါ။အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုတွေဟာ တိုင်းပြည်အပေါ် ခြိမ်းခြောက်မှုဖြစ်တယ်လို့ စစ်တပ်က ဝါဒဖြန်တာကြောင့် ‘ပြည်ပရန်’ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်သူတွေ စုစည်းသွားကြပြီး စစ်တပ်က ရစ်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်တယ်လို့ အနောက်နိုင်ငံတွေရဲ့ပြောကြားမှုကို မယုံကြတော့ပါဘူး။ ဒီရှုတ်ချမှုတွေကြောင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်သွားတာမျိုးမရှိသလို၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် နောက်ထပ်ဖိနှိပ်တာမျိုး မဖြစ်အောင်လည်း မတားဆီးနိုင်ခဲ့ပါဘူး။

အခုတစ်ကြိမ်မှာလည်း ဒီ​မအောင်မြင်တဲ့နည်းလမ်းကိုပဲ ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ထပ်သုံးလာပါတယ်။ ဗိုလ်ချုပ်ကြီးအပေါ် သိပ်မထိတဲ့ အရေးယူမှု လုပ်​ဆောင်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတောင် ဒီတစ်ကြိမ်မှာ ထပ်ပိုးထားပါတယ်။ ဥပမာပြောရရင် အရင်က ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်တပ်အပေါ် နောက်ထပ် ပိတ်ဆို့တာမျိုးပါ။ ဒါတွေဟာ စစ်ခေါင်းတွေရဲ့ အလိုရမ္မက်ကို မထိန်းကြောင်းနိုင်ဘူးဆိုတာ အာဏာသိမ်းမှုက ပြသနေပါတယ်။ ဒီနေရာမှာ နောက်ထပ်အရေးပါတဲ့ အကြောင်းအရာတစ်ခု ပေါ်လာပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ အနောက်နိုင်ငံတွေရဲ့ တုန့်ပြန်မှုဟာ များသောအားဖြင့် ပုံသေလိုဖြစ်နေပြီး ပြဿနာတစ်ခုချင်းစီက ထူးခြားတဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အပြောင်းအလဲမျိုး မရှိတာပါ။

ဗိုလ်ချုပ်ကြီးတွေကို ခြိမ်းခြောက်ရာမှာ သုံးတဲ့ အသုံးအနှုန်းတွေ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို ပံ့ပိုးပေးတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး နောက်ထပ်ပြဿနာတစ်ခု ရှိနေပါသေးတယ်။ ချက်ခြင်းအရေးယူမယ်ဆိုတဲ့ မေျှာ်လင့်ချက်မျိုး ပေးတာကြောင့် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူ တော်တော်များများဟာ ထိရောက်တဲ့အရေးယူမှု မကြာခင်လာတော့မယ်ဆိုပြီး ယုံကြည်လာကြပါတယ်။ လတ်တလောဆန္ဒပြပွဲတွေမှာ
စစ်တပ်နဲ့ ဝင်ရောက်တိုက်ခိုက်တာအပါအဝင် အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေ ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့လာရတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ မဟာမိတ်လုပ်ထားတဲ့ အဖွဲ့တစ်ခုကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးမယ့် အဖွဲ့တစ်ခု လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ချို့တွေ ဒီလိုတောင်းဆိုကြတာဟာ ဗျူဟာအားဖြင့် ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ပိုရချင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ​အင်အားကြီးအနောက်နိုင်ငံတွေအပေါ်မှာ မျက်စိစုံမိှတ်ပြီး ယုံပုံအားထားနေကြတာပါ။ တကယ်တော့ ပုံမှန် အသံကျယ်ကျယ်ထွက် သတိပေးတာမျိုးဟာ လုပ်ဆောင်ချက်မပါတဲ့ အခြေအနေကို ဖုံးဖိပေးတဲ့ လစ်ဘရယ်၀ါဒ သရုပ်သကန်ဖြစ်တယ်ဆိုတဲ့ လက်ခံရခက်တဲ့ အမှန်တရားကို သူတို့ မေ့သွားကြတာ ဖြစ်ပါတယ်။

ဒီလို အပြောသက်သက်ကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေကို ၂၀၁၇ ခုနှစ်မှာ နိုင်ငံခြား အကူအညီပေးရေးအဖွဲ့တွေ ကြုံခဲ့ဖူးပါတယ်။ နိုင်ငံတကယ်အသိုင်းအဝိုင်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုကနေ ကယ်ဖို့ လာမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ရိုဟင်ဂျာတွေကို သူတို့ ရှင်းပြခဲ့ရတာပါ။ အပြောနဲ့အလုပ် လက်တွေ့ကိုက်ညီမှုမရှိတာကြောင့် ရိုဟင်ဂျာတွေ အလွန်အမင်း ထိခိုက်ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံက အကူအညီပေးရေး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဖြိုးသက်တင်က ဒီကိစ္စကို အခုလို ရှင်းပြခဲ့ပါတယ်။

“အနောက်နိုင်ငံတွေ အရေးယူမလားဆိုတဲ့ မျှော်လင့်ချက်မျိုး တစ်ချို့တွေမှာ ရှိကြတယ်။ ဒီနိုင်ငံတွေရဲ့ ပေါ်လစီကို သိလာတဲ့အခါမှာတော့ ဘယ်သူမှ မမျှော်ကြတော့ပါဘူး”

​တားမြစ်သတိပေးတယ်ဆိုတဲ့ ကြေငြာချက် ထုတ်တာမျိုး မဟုတ်ဘဲနဲ့ အနောက်နိုင်ငံတွေက မြန်မာပြည်သူတွေကို ကူညီနိုင်ပါတယ်။ အရေးယူမယ်၊ ကြားဝင်ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ပေးစရာမလိုပါဘူး။ ဒါပေမယ့် သိပ်မထိရောက် စနစ်မကျတဲ့ ဆောင်ရွက်မှုတွေကို အောက်ခြေလူတန်းစား အဓိကထားကာ အချိတ်အဆက်ရှိပြီး ထိရောက်တဲ့ စနစ်မျိုး ပြောင်းလဲပစ်ရပါမယ်။ လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးဟာ ပိုပြီး ထိရောက်နိုင်၊ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ပါတယ်။ CRPH၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ သပိတ်အဖွဲ့ အပါအဝင် အတိုက်အခံအဖွဲ့တွေအားလုံးနဲ့ ညှိနှိုင်းပြောဆိုမှုတွေ ပိုမိုနက်ရှိုင်းရှိုင်း ဆောင်ရွက်ဖို့လိုတယ်။ ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေကို အကျိုးခံစားသူတွေလို့ ရှုမြင်တာထက် ကျွမ်းကျင်တဲ့ အကြံပေးတွေအဖြစ် ရှုမြင်ပြီး သူတို့အသံကို နားထောင်ပေးရမယ်။ အသံထုတ်တာတွေ၊ လက်တွေ့ဆောင်ရွက်တာတွေမှာ အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားရမှာဖြစ်ပြီး၊ စစ်တပ်က ပိုမိုဖိနှိပ်ဖို့ အားပေးအားမြှောက်ပြုတာမျိုး မဖြစ်အောင် ရှောင်ရှားရပါမယ်။ စစ်တပ်ကို အပြောင်းအလဲလုပ်အောင် ဖိအားပေးနိုင်ရေးအတွက် ဂျပန်၊ အာဆီယံနဲ့ အခြားနိုင်ငံတွေကို ပြောဆိုသိမ်းသွင်းတာတွေ လုပ်ရမှာဖြစ်ပြီး၊ ဒီလိုသိမ်းသွင်းရာမှာ နိုင်ငံရေး၊ စီးပွားရေးအရ စွန့်လွှတ်စတေးရတာမျိုးဖြစ်လာရင် လက်သင့်ခံနိုင်တဲ့ စိတ်သဘောထားမျိုးလည်း ရှိရပါမယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံအခွင့်အရေးဟာ ထိရောက်တဲ့ စုဖွဲ့ဆောင်ရွက်မှု လုပ်နိုင်တာကို ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ အရှိန်အဟုန်ပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီတိုက်ပွဲကို အမှန်တကယ် ကူညီပံ့ပိုးပေးလိုတယ်ဆိုရင် အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကို လူတွေ တစ်လွဲ အဓိပ္ပါယ်ဖွင့်ပြီး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို လမ်းကြောင်းလွဲ ပျက်ဆီးသွားစေတာမျိုး မဖြစ်အောင် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မျက်နှာလွှဲခဲပစ် လုပ်ခဲ့သလိုမျိုး ဒီကနေ့ ဆန္ဒပြသူတွေအပေါ် မလုပ်သင့်တော့ပါဘူး။ ကုလသမဂ္ဂကို တိုက်တွန်းတာလို မယောင်ရာဆီလူးတာဟာ မိမိတို့လုပ်နိုင်စွမ်းကို ဖြုန်းတီးတာမျိုး ဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် တိုက်ပွဲက ရှည်လျားပါတယ်။
မြန်မာပြည်သူတွေနဲ့ ထိုက်တန်တာက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်စွမ်းကို အားပေးမြှင့်တင်ပြီး၊ ပွင့်လင်းမြင်သာမှုအပေါ်မှာ အခြေခံတဲ့ အားပေးကူညီမှုမျိုးဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ဒီကူညီမှုပုံစံသစ်က သူတို့ရဲ့ အင်အားကို ပိုမို ခိုင်မာအားကောင်းလာစေမှာ ဖြစ်ပါတယ်။

(The Guardian တွင် ဖော်ပြထားသည့် Western powers’ empty rhetoric is making things worse for Myanmar’s people ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.