သြဂုတ် ၁၉၊ ၂၀၂၃
M-Media
Lamya Al Nahdi, is the first Saudi international referee in the history of basketball in the Kingdom Al Nahdi was accredited by the FIBA after successfully passing the FIBA theoretical and practical exams.
– ကမ္ဘာ့ ဘတ်စ်ကတ်ဘောသမိုင်းမှာ ဆော်ဒီအာရေဗျရဲ့ဂုဏ်ကို ဆောင်နိုင်သူ အမျိုးသမီးတစ်ဦး ရှိပါတယ်။
သူက အလမ်ဘာ အလ်-နဟ်ဒီဖြစ်ပြီး နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စရ ပထမဆုံး ဆော်ဒီဒိုင်လူကြီး ဖြစ်ပါတယ်။
နဟ်ဒီဟာ ငယ်ငယ်က အားကစားနည်းတစ်ချို့ကို စမ်းကစားကြည့်ခဲ့ဖူးပြီး ဘတ်စ်ကတ်ဘောကို နှစ်ခြိုက်သွားခဲ့တာပါ။
“အသက် ၁၃ နှစ်အရွယ်ကတည်းက ကျွန်မ ဘတ်စ်ကတ်ဘော ကစားခဲ့တာပါ။ လျင်မြန်မှု၊ ဖြတ်ထိုးဉာဏ်နဲ့ အသင်းလိုက်ကစားပုံ အဲဒီ ၃ ခုကို ပေါင်းစပ်ထားတဲ့ အားကစားနည်းကောင်းတစ်ခု ဖြစ်ပြီး ဒါ့ကြောင့်ပဲ ဒီကစားနည်းကို ကျွမ် စွဲလမ်းခဲ့ပါတယ်”
“ဘတ်စ်ကတ်ဘောဟာ ကျန်းမာရေးကောင်းတယ်၊ ပြိုင်ဆိုင်လိုစိတ် ဖြစ်လာစေတယ်ဆိုတာထက်ကို ပိုပါတယ်။ အသင်းလိုက် ပူးပေါင်း ဆောင်ရွက်မှုရဲ့ တန်ဖိုးတွေအများကြီးကို တွေ့နိုင်တယ်။ ကွင်းထဲမှာ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ရတဲ့အခါမှာ အားကစားနည်းတစ်ခုထက် ပိုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်”
ဘတ်စ်ကတ်ဘောလစားနည်းမှာ ၁၀ နှစ်ကျော်လောက် ကျင်လည်ခဲ့ပြီးနောက်ပိုင်း နဟ်ဒီဟာ ကမ္ဘာ့ ဘတ်စ်ကတ်ဘော အဖွဲ့ချုပ် FIBA ရဲ့ ဒိုင်လူကြီးလိုင်စင် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။
“ကွင်းထဲကကိစ္စတွေအတွက် ပြင်ဆင်လေ့ကျင့်မှု အများကြီး လုပ်ခဲ့ရသလို၊ ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေကိုလည်း လေ့လာခဲ့ရပါတယ်”
ဒိုင်လူကြီးတစ်ဦး ဖြစ်လာတာနဲ့အတူ တာ၀န်ယူမှု၊ တာ၀န်ခံမှုလည်း ပိုလာတယ်လို့ နဟ်ဒီက ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုတင်မကဘဲ ငယ်ငယ်ကတည်းကနေ ၁၀ နှစ်ကျော်လောက် ကစားခဲ့တဲ့ လှပတဲ့ အားကစားနည်းတစ်ရပ်ကို ကိုယ်စားပြုရတာပါ။ ကျွန်မရဲ့ စွဲလမ်းမှု၊ ၀ါသနာကို ကိုယ်စားပြုရတယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်မနိုင်ငံ၊ ကျွန်မသာသနာ၊ ကျွန်မနဲ့သက်ဆိုင်တဲ့ တန်ဖိုးရှိတဲ့အရာ အများအပြားကို ကိုယ်စားပြုရတာလည်း ဖြစ်ပါတယ်”
ပညာရှင်နှင့် လုပ်ငန်းရှင်
————
နဟ်ဒီဟာ ပညာတတ််တစ်ယောက်လည်း ဖြစ်ပါတယ်။ Dar Al-Hekma တက္ကသိုလ်ကနေ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဒီနယ်ပယ်မှာ ၅ နှစ်လောက် ထဲထဲ၀င်၀င် လုပ်ကိုင်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ မိသားစု ဖက်ရှင်လုပ်ငန်းဖြစ်တဲ့ Blooming မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မန်နေဂျာအဖြစ် လုပ်ကိုင်ပါတယ်။
နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စင်ရထားတဲ့ ဆော်ဒီနိုင်ငံသား နောက်ထပ် ၃ ဦး ရှိနေပါတယ်။ နဟ်ဒီက ပထမဆုံး လမ်းဖောက်ခဲ့သူပါ။
ဆော်ဒီ အားကစား၀န်ကြီးဌာနဟာ နိုင်ငံအတွင်းက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေးလုပ်ငန်းတွေ စီမံကိန်းချ ဆောင်ရွက်နေပြီး နဟ်ဒီကလည်း အမျိုးသမီးတွေ ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“လက်ရှိ ကျွန်မတို့ရနေတဲ့ ပံ့ပိုးမှုတွေကြောင့် ဆော်ဒီအားကစားလောကမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေ အားကစားလိုက်စားတာ အထူးသဖြင့် ဘတ်စ်ကတ်ဘော ကစားတာကို ကျွန်မနှစ်သက်တယ်။ အမျိုးသမီးအာကစားနယ်ပယ်မှာ နံပါတ် ၁ အားကစားနည်းတစ်ခုလို့တောင် ကျွန်မ ယုံကြည်ပါတယ်။ ဆော်ဒီအမျိုးသမီးတွေကလည်း အခြားအားစားနည်းတွေနဲ့စာရင် ဘတ်စ်ကတ်ဘောကို ပိုပြီး စိတ်၀င်စားကြပါတယ်”
ဘောလုံးလို၊ ဘတ်စ်ကတ်ဘောလို အားကစားနည်းတွေမှာ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသကာ အလုပ်အကိုင်အခွင့်အလမ်းတွေ အရယူဖို့လည်း ဆော်ဒီအမျိုးသမီးတွေကို နဟ်ဒီက တိုက်တွန်းခဲ့ပါတယ်။
“ကျွန်မ ဘတ်စ်ကတ်ဘောကစားတဲ့ အစောပိုင်း ကာလတုန်းကဆိုရင် လူတွေ သိပ်မသိကြဘူး။ အမျိုးသမီးကစားသမားတွေကို လေ့ကျင်ပေးမယ့် နည်းပြတွေလို ပံ့ပိုးမှုလည်း သိပ်မရပါဘူး။ အခုတော့ အချိန်အခါကောင်း ရောက်လာပြီ။ ပံ့ပိုးမှုကောင်းကောင်း ရှိနေပါပြီ။ ကိုယ့်အစွမ်းအစကို ယုံကြည်ပြီး ရည်မှန်းချက် အကောင်အထည်ပေါ်အောင် ကြိုးကြိုးစားစား လုပ်ဖို့ပဲ လိုပါတယ်”
မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က ပထမဖြစ်ပြီး ပံ့ပိုးမှုကောင်းကောင်းရဖို့က ဒုတိယဖြစ်တယ်လို့လည်း နဟ်ဒီက ပြောပါတယ်။
Ref: Arab News
Comments