4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပြိုင်ဆိုင်မှု့တွေပြင်းထန်လျက်ရှိသော ယနေ့ခေတ်တွင် ကျနော် တို့အတွက် အကြီးမားဆုံးပြသနာမှာ ကျနော်တို့၏ စိတ်ဓာတ်ပျော့ညံ့မှု့နှင့် အရှိကို အရှိအတိုင်း မမြင်တတ်မှု့ပင်ဖြစ်သည်။ အခြေအနေတွေ ခက်ခဲလာလျှင် ကျနော်တို့ဟာ ထို အခက်အခဲကို ငြီးငွေ့ လာတတ်သည်။ စိတ်ကူးယဉ်လာတတ်သည်။ ဟိုလိုဖြစ်ရင်ကောင်းမှာပဲ၊ ဒီလိုဖြစ်ရင်ကောင်းမှာပဲ ဟူ၍ စိတ်ကူးယဉ်တတ်သော အကျင့်ဖြစ်လာတတ်သည်။ ဤသို့ဖြင့် ကျနော်တို့သည် လက်ရှိအခြေအနေကို အမှန်အတိုင်း မမြင်တတ်တော့ပဲ ကျနော်တို့ ဖြစ်စေချင်သော ဆန္ဒတွေ အတိုင်း ထင်ယောင်ထင်မှား မြင်တတ်သော အကျင့် စွဲသွားတတ်သည်။ အကယ်၍ အခြေအနေတွေက ကျနော်တို့မျှော်လင့်တဲ့ အတိုင်းဖြစ်နေပြန်လျှင်လည်း ကျနော်တို့ဟာ တင်းတိမ် ရောင့်ရဲသွားတတ်သည်။ ကျနော်တို့လက်ရှိ ရနေတဲ့ အခြေအနေကောင်းတွေဟာ အမြဲတမ်းအတွက်လို့ မှားယွင်းစွာ ယူဆမိတတ်သည်။ ကျနော်တို့ရဲ့ အာရုံစိုက်မှု့တွေ လျော့ရဲသွားတတ်သည်။ သတိမထား မိခင်မှာပဲ ပြောင်းလဲနေတဲ့ အခြေအနေတွေကြားထဲမှာ ကျနော်တို့ လိုက်မမှီတော့ပဲ ဖြစ်တတ်သည်။ တခြားသူတွေရဲ့ စိန်ခေါ်အနိုင်ယူမှု့ တွေကို ရင်ဆိုင်ရလေတော့သည်။

ကျနော်တို့အတွက် အရှိအတိုင်းမြင်တတ်မှု့နှင့် တုန့်ပြန်တတ်မှု့ဟာ အလွန်အရေးကြီးတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ တချို့သူတွေအတွက် ဘ၀ဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့အတွက် ဘ၀ပေးအခြေအနေအရ သူတို့ဟာ အရှိကို အရှိ အတိုင်းမြင်တတ်တဲ့ တုန့်ပြန်တတ်တဲ့ အကျင့်ရလာတတ်ပါတယ်။ ကျနော်တို့ရဲ့ဘ၀ ဟာ အဲလောက်ကြမ်းတမ်းတာ၊ အန္တရယ်များတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ အဲဒီလို လွယ်ကူနေတာဟာ ကျနော်တို့ရဲ့ အမြင်ကိုေ၀၀ါးစေတတ် ပါတယ်။ အရှိတရား မှာ စွမ်းအားတမျိုးရှိပါတယ်။ ကျနော်တို့ဟာ အဲဒီအရှိတရားကို အခုရင်မဆိုင်ပဲ နေချင်နေနိုင်ပါတယ်။ ဒါပေမယ့် အဆုံးကြရင်တော့ ကျနော်တို့ဟာ အရှိတရားကို မလွဲမသွေရင်ဆိုင်ရမှာပါပဲ။ အရှိတရားကို လက်တွေ့ ကျကျ ရင်မဆိုင်နိုင်ခြင်းဟာ ကျနော်တို့ရဲ့ပျက်စီးခြင်းပါပဲ။ အခု အချိန်ဟာ စိတ်ကူးယဉ်မှု့တွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ။ ကျနော်တို့ဟာ ကိုယ့်ကိုကိုယ်ရော၊ ကျနော်တို့ ပတ်ဝန်းကျင်ကလူတွေကိုရော၊ ကျနော်တို့ ဦးတည်နေတဲ့ လမ်းကြောင်းကိုရော သွေးအေးအေးနဲ့ သတ္တိရှိရှိဓမ္မဌိဓာန်ကျကျ လေ့လာအကဲဖြတ် ဖို့လိုနေပါပြီ။

ကျနော်တို့ အရှိတရားဆိုတာကို ဒီလိုစဉ်းစားကြည့်ရအောင်။ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဟာ ပဟေဠိ ဆန်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို အတိအကျ သိဖို့ မလွယ်ပါဘူး။ သူတို့ကို အပေါ်ယံအမြင်အားဖြင့် ဆုံးဖြတ်ဖို့ မလွယ်ပါ ဘူး။ သူတို့ရဲ့ လှည့်ကွက်တွေဟာ သူတို့နုတ်က ထွက်တဲ့ စကားလုံးလှလှတွေ ကတိတွေ နဲ့ ကိုက်ညီမှု့ မရှိကြပါဘူး။ ဒါဟာကျနော်တို့ အမြင်ကိုရှုပ်ထွေးစေပါတယ်။ ကျနော်တို့ဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကို ကျနော်တို့ စိတ်ကူးထား သလို၊ ထင်ထားသလို မမြင်သင့်ပါဘူး။ သူတို့ ဘာလဲ ဆိုတာကို အရှိအတိုင်းမြင်တတ်မယ်ဆိုရင် သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ ကိုသိဖို့ ပိုလွယ်ပါလိမ့်မယ်။ သူတို့ရဲ့ အပေါ်ယံ မျက်နှာကို ထွင်းဖောက်ပြီး သူတို့ရဲ့ တကယ့် စိတ်ထားအမှန် ကိုသိအောင်ကြိုးစားရမှာပါ။ အဲလိုသိနိုင်အောင်လေ့ကျင့်ထားမယ်ဆိုရင် ဘ၀မှာ ကျနော်တို့ရဲ့ဆောင်ရွက်ချက်တွေဟာ ယခုထက် ပိုပြီး ထိရောက်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေကိုလဲ ဒီလိုပဲ ကြည့် တတ်ဖို့လိုပါတယ်။ လက်ရှိအခြေအနေမှာ အပေါ်ယံအားဖြင့် တည်ငြိမ်ချင်တည်ငြိမ် နေပါလိမ့်မယ်။ ဒါပေမယ့်တကယ့် အောက်ခြေမှာ အပြောင်းအလဲ လှုပ်ရှားမှု့တွေဟာ အမြဲရှိနေပါတယ်။ အန္တရာယ်တွေဟာလဲ အမြဲစောင့်ဆိုင်းနေပါတယ်။ ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ပြသနာ ဖြေရှင်းနည်း တွေဟာ အနာဂတ်အတွက် အသုံးဝင်ချင်မှဝင်မှာပါ။ ဒီအခြေအနေတွေဟာ ချက်ချင်းမြင်သာတဲ့ အရာတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေကို ကြိုတင်သတိရှိထားမယ်၊ ပြင်ဆင်ထားမယ်ဆို ကျနော်တို့ကြီးမားတဲ့ စွမ်းရည်တွေ ရနိုင်ပါတယ်။

အပေါ်ယံအမြင်ကိုကျော်လွန်ပြီး အရှိအတိုင်းမြင်တတ်တာဟာ ပညာအရည်အချင်းတွေ၊ ထက်မြက်တာတွေ နဲ့ မဆိုင်ပါဘူး။ စာအုပ်ထဲက အသိပညာတွေ၊ သတင်းအချက်အလက်တွေ အများကြီးရှိပေမယ့် တကယ့်လက်တွေ့မှာ ပတ်ဝန်းကျင် မှာရှိတဲ့ အခြေအနေတွေ၊ လူတွေကို ကျနော်တို့ အရှိအတိုင်းမမြင်တတ်ကြပါဘူး။ အရှိအတိုင်းမြင်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အကျင့်နဲ့ မကြောက်ရွံ့တတ်မှု့ပေါ်မှာ မူတည်ပါတယ်။ အရှင်းလင်းဆုံးပြောရမယ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို သတ္တိရှိရှိ ရင်ဆိုင် အကဲဖြတ်တဲ့ အကျင့်ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ အသေးစိတ်အချက်အလက်တွေ၊ လူတွေရဲ့ရည်ရွယ်ချက်တွေ၊ တောက်ပြောင်တဲ့ အပေါ်ယံအောက်က မဲနက်တဲ့ အရှိတရားတွေကို စူးရှတဲ့ အမြင်နဲ့ ကြည့် ပြီး အကဲဖြတ်တတ်ဖို့လိုပါတယ်။ ကျနော်တို့ရဲ့ ကြွက်သားတွေကို သန်မာလာအောင် တဖြည်းဖြည်းလေ့ကျင့်သလိုပဲ ဒီအလေ့အကျင့်ကိုလဲ တဖြည်းဖြည်း ကျွမ်းကျင်အောင် လေ့ကျင့်ရမှာပါ။

ဒါဟာ ကျနော် တို့ ရွေးချယ်ရမှာပါ။ ဒါဟာ ကျနော်တို့ရဲ့ ယုံကြည်မှု့စနစ်နဲ့ မပတ်သက် ပါဘူး။ ကျနော်တို့ရဲ့ လောကကို ကြည့်တဲ့ အမြင်ပြောင်းလဲဖို့ပါ။ အခြေအနေတစ်ခုနဲ့တစ်ခု၊ လူတစ်ယောက်နဲ့တစ်ယောက်ဟာ မတူညီကြပါဘူး။ အဲလိုမတူညီမှု့ တွေကို တိုင်းတာသိရှိပြီး သင့်တော်တဲ့ တန်ပြန်ဆောင်ရွက်မှု့တွေကို လုပ်တတ်ဖို့လိုပါတယ်။ ကျနော်တို့ရဲမျက်လုံးဟာ ကျနော်တို့ ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေရမှာပါ။ အဲဒီအမြင်ပေါ်မှာ အခြေခံပြီး ကျနော်တို့ ဘာလုပ်ရမယ်၊ ဘယ်လိုတွေးခေါ်ရမယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ မျက်စိကမြင်တာ၊ ကျနော်တို့နားက ကြားတာတွေကို လျစ်လျူရှု့ပြီး ကျနော်တို့ စိတ်ကူးထဲက ဖြစ်စေချင်တာတွေကို ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ဒါဟာ အရှိအတိုင်းကြည့်တတ် တာမဟုတ်တော့ပါဘူး။

အရှိအတိုင်းမြင်တတ်တဲ့အမြင်ရဲ့စွမ်းအားကို လေ့လာချင်တယ်ဆိုရင် အမေရိကန်ရဲ့ အကြီးကျယ်ဆုံသမ္မတ အေဗရာဟမ်လင်ကွန်း ကိုကျနော်တို့ ကြည့်သင့်ပါတယ်။ သူဟာ အတန်းပညာလဲ အများကြီးမတတ်ပါဘူး။ သူကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ဟာလဲ ခက်ခဲကြမ်းတမ်းပါတယ်။ လင်ကွန်းဟာငယ်ငယ်ကတည်းက စက်ပစ္စည်းတွေကို တစစီဖြုတ်ပြီးပြန်တပ်ရတာကို သဘောကျပါတယ်။ ဒါဟာ သူ့ရဲ့ အတွင်းပိုင်းအထိနှိုက်နှိုက်ချွတ်ချွတ်ကြည့်တတ်တဲ့ အကျင့်ကိုပြတာပါ။ သမ္မတ တစ်ယောက်အနေနဲ့ သူဟာ အမေရိကန်သမိုင်းမှာ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်ခဲ့ရသူပါ။ သမ္မတတစ်ယောက်နေနဲ့ ထုံးစံအတိုင်း အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုးရှိတဲ့ ၀န်ကြီးတွေ၊ အကြံပေးအရာရှိတွေ ကြားထဲမှာ ၀န်းရံခံ ရတာပါပဲ။ သူတို့ဟာ လင်ကွန်းကို အားနည်းသူအဖြစ် အစပိုင်းမှာ မြင်ကြပါတယ်။ သူဟာ တစ်ခုခုကိုဆုံးဖြတ်ဖို့ အချိန်အကြာကြီးယူပါတယ်။ သူ့ဆုံးဖြတ်ချက်တွေဟာလဲ ၀န်ကြီးတွေနဲ့ တိုင်ပင်ထား တဲ့အတိုင်း တခါတလေ ဟုတ်ချင်မှဟုတ် တာပါ။ လင်ကွန်းဟာ အရက်သောက်တတ်တဲ့၊ ပတ်ဝန်းကျင်နဲ့ သိတ်အဆင်မပြေတဲ့ ယူလီးဆက်ဂရန့် ကိုယုံကြည်ပါတယ်။ နိုင်ငံရေးအရ ရန်သူလို့သူ့အကြံပေးတွေက သတ်မှတ်ထားသူတွေနဲ့ ပူးပေါင်း လုပ်ဆောင် လေ့ ရှိပါတယ်။

သူတို့တွေ အဲဒီအချိန်တုန်းက နားမလည်ခဲ့တာက လင်ကွန်းဟာ ဘယ်တော့မှ ကြိုတင်ထင်မြင်ထားတဲ့သဘောထားတွေ၊ ကိုယ်စိတ်ကူးထဲက အတွေးတွေနဲ့ အလုပ်မလုပ်ပါဘူး။ သူဟာ လူတစ်ယောက်ကိုပဲဖြစ်စေ၊ အခြေအနေတစ်ရပ် ကိုပဲ ဖြစ်စေ အရှိအတိုင်း မြင်လေ့ တိုင်းတာလေ့ရှိပါတယ်။ သူဟာ အဲဒီ အတိုင်းပဲရွေးချယ်မှု့တွေကို ပြုလုပ်ပါတယ်။ သူဟာ လူတွေရဲ့သဘာဝကိုသေချာလေ့လာသူ၊ သိသူပါ။ ဒါကြောင့်လဲ ဂရန့်လိုလူမျိုးကို သူမျှော်လင့်သလို စွမ်းဆောင် နိုင်မဲ့ စစ်သူကြီး အဖြစ်သိရှိ ရွေးချယ်ခဲ့တာပါ။ လင်ကွန်းဟာ လူတွေကို သူငယ်ချင်းဖြစ်တာကြောင့်၊ နိုင်ငံရေး ကြောင့် မရွေးပါဘူး။ သူတို့ လုပ်တဲ့ ရလဒ် ကိုသာ ကြည့်ပြီးရွေးချယ် ခဲ့တာပါ။ သူ့ရဲ့ လူတွေ၊ အခြေအနေတွေကို သတိရှိရှိ ချိန်ဆ တတ်မှု့ဟာသူ့ရဲ့ပြောင်မြောင်တဲ့သတ္တိ ပါပဲ။ ဒီလိုအရည်အချင်းတွေကြောင့်လဲ လင်ကွန်းဟာ သူ့တိုင်းပြည်ကို များပြားလှတဲ့ အခက်အခဲတွေကြား ကနေ အောင်အောင်မြင်မြင်ပဲ့ကိုင်ဦးဆောင်နိုင်ခဲ့တာပါ။

အဲလိုအရှိအတိုင်းအမြဲတမ်းမြင်တတ်မှု့ဟာ ကျနော်တို့ကို လေးလံစေ တယ်လို့ထင်ရပါတယ်။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဘယ်ကိုဦးတည်နေတယ်၊ ကျနော်တို့ ပတ်ဝန်းကျင်က လူတွေက ဘယ်လို၊ ကျနော်တို့ ပတ်ဝန်း ကျင် အခြေအနေတွေက ဘယ်သို့ ဆိုတာကို သေသေချာချာရှင်းရှင်းလင်းလင်း သိထားတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်စေပါတယ်။ ဒါဟာကျနော်တို့ သွားရမယ့် ဘ၀လမ်းခရီးကို ပိုပြီးလွယ်ကူပေါ့ပါးစေနိုင်ပါတယ်။ ဒီလို သိထားခြင်းဖြင့် ကျနော်တို့ဟာ ပင့်ကူအိမ်အလယ်မှာ ထိုင်နေတဲ့ ပင့်ကူတစ်ကောင်လိုပဲ ကိုယ့်ပတ်ဝန်းကျင် ကို မျက်ခြေမပြတ်တော့ပါဘူး။ ပတ်ဝန်းကျင်မှာ တခုခုဖြစ်တော့မယ်ဆိုရင်လည်း ကျနော်တို့ဟာ သူများထက် စောလျင်စွာသိရှိနိုင်ပြီး ကြိုတင်ပြင် ဆင်ထားနိုင်ပါတယ်။

“ရန်သူကို သိပါစေ၊ သင့်ကိုယ်သင်လဲ သိပါစေ အောင်မြင်မှု့ဟာ သင့်လက်ထဲမှာပါ။ ပတ်ဝန်းကျင် အခြေအနေကိုသိပါ။ သဘာဝ အခြေအနေတွေကို သိပါ အောင်မြင်မှု့ဆိုတာ မလွဲမသွေပါ။” (ဆွန်ဇူး)

ရောမတွေဟာ အစပိုင်းမှာ အလွန် လက်တွေ့ကျတဲ့၊ ရဲရင့်တဲ့သူတွေပါ။ သူတို့ရဲ့ အရှိအတိုင်းမြင်တတ်မှု့ဟာလဲ နာမည်ကြီးပါတယ်။ ဒါပေမယ့် ရောမ ဟာ နိုင်ငံငယ်လေးကနေ အင်ပါယာ ကြီးဖြစ်လာတာနဲ့အမျှ ဒီအရည်အချင်းတွေ ခေါင်းပါး လာပါတယ်။ အပျော်အပါးတွေများလာပါတယ်။ ဘ၀ရဲ့ သာယာမှု့တွေထဲမှာပဲ ယစ်မူးလာကြပါတယ်။ သူတို့ဟာ အင်ပါယာကြီးရဲ့ ပတ်ဝန်းကျင်က အန္တရာယ်တွေကို လျစ်လျူ ရူ့ပြီး နိုင်ငံရေး အငြင်းအခုံ တွေမှာသာ လုံးပန်းနေခဲ့ကြပါတယ်။ တကယ်တမ်း ရောမအင်ပါယာကြီး ဟာ ဘာဘေးရီးယန်းတွေ ၀င်ရောက်တိုက်ခိုက်တာ မခံရမှီကတည်းက ပျက်စီးနှင့် နေပါပြီ။ ဘာလို့ပျက်စီးရတာလဲ ဆိုတာ သေချာ သုံးသပ်ကြည့်ရင် ရောမသားတွေရဲ့ ပျော့ညံ့မှု့နှင့် အရှိအတိုင်း မမြင်တတ်၊ အကဲ မဖြတ်တာ ကြောင့်သာဖြစ်ပါတယ်။ နားလည်ထားပါ ကျနော်တို့ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားကိုတော့ ပြောင်းလဲ ချင်မှ ပြောင်းလဲ နိုင်မှာပါ။ ဒါပေမယ့် ကျနော်တို့တစ်ယောက်ချင်းအနေနဲ့ကတော့ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှု့တွေ၊ စိတ်ခံစားမှု့တွေ ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး မြင်တတ်၊ကြည့်တတ်၊ သုံးသပ်တတ်ဖို့ကြိုးစားလို့ရပါတယ်။ ကျနော် တို့ ဟာ သတ္တလောကမှာ အကြီးကျယ်ဆုံး ဖြစ်တဲ့ ဦးနှောက်နဲ့ အသိပညာ ကို ရရှိထား သူတွေပါ။ ဒီ ဦးနှောက်ကို အသုံးပြုပြီး အဝေးကြီး ကိုကြိုမြင်တတ်အောင်၊ အဖြစ်အပျက်တွေကို အရှိအတိုင်း ပိုင်းခြားတတ်အောင်၊ အတိတ်က အမှားတွေကို သင်ခန်းစာ ယူတတ်အောင်၊ အပေါ်ယံ ဟန်ဆောင်မှု့တွေ ကို ထွင်းဖောက် မြင်တတ်အောင် လေ့ကျင့်ထားရမှာပါ။ ဒါကို ကျနော်တို့ဟာ စစ်ပွဲတစ်ပွဲကိုတိုက်သလိုသဘောထားသင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို အဆက်မပြတ်လေ့လာအကဲခပ်ပြီး အရှိအတိုင်း သိအောင် လုပ်ပါ။ ပတ်ဝန်းကျင် ရဲ့ ပြောစကားတွေ ဟာ ကိုယ့်အပေါ် မလွမ်းမိုးပါစေနဲ့။ စစ်သူကြီး တစ်ယောက်ဟာ ကိုယ့်ရဲ့ ရန်သူ၊ စစ်မြေပြင်၊ စစ်အခင်းအကျင်း ကို အမှန်အတိုင်း မြင်အောင် အမြဲ ကြိုးစားနေရသလို ကျနော် တို့ဟာလဲ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ အခြေအနေတွေကို အမှန်အတိုင်းသိအောင် အဆက်မပြတ် လေ့လာနေဖို့လိုပါတယ်။ ဒီလို ကြိုးစားမယ်ဆိုရင် သူများထက် နှာတစ်ဖျားသာတဲ့ အမြင်တွေ၊ စွမ်းအားတွေ၊ လုပ်ပိုင်ခွင့်တွေ ရလာမှာပါ။

ပွင့်လင်းတဲ့အမြင်ရှိပါ (Openness)

ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေတီးကို အဲဒီခေတ်ရဲ့ အကြီးကျယ်ဆုံး ပညာရှင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကို ဆိုကရေတီးက မကျေနပ်ပါဘူး။ ဒါကြောင့် သူဟာ အေသင်မြို့ အနှံ့ စုံစမ်းဖို့ ထွက်ခဲ့ပါတယ်။ သူ့ထက်တော်တဲ့သူကို ရှာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အဲလိုလှည့်လည်ရင်းနဲ့ သူဟာ နိုင်ငံရေးသမားတွေ၊ ကဗျာဆရာတွေ၊ လက်မှု့ပညာရှင်တွေ၊ သူ့လိုပဲ အတွေးအခေါ်ပညာရှင်တွေ အမြောက်အများနဲ့ တွေ့ပြီး ဆွေးနွေးမေးမြန်းတာတွေ လုပ်တယ်။ အဲဒီတော့မှ သူဟာ တခြားသူတွေဟာ သူ့လောက် မတော် ဘူး ဆိုတာ သေချာသိလာတယ်။ တခြားသူတွေဟာ သူတို့ကိုယ်တိုင်သေချာမသိတဲ့အရာတွေကို အထင်နဲ့တင် ပြောဆိုနေကြတာပါ။ သူတို့ရဲ့ အယူအဆတွေကို သေချာမွှေနှောက်မေးမြန်းလိုက် ရင် ဘာမှ ရေရေရာရာ မရှိတော့ပါဘူး။ သူတို့ အယူအဆတွေကို အသေအချာ မကာကွယ်၊ မခုခံနိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ သေချာသိတာမဟုတ်ပဲနဲ့ အဆက်ဆက် ယုံကြည်လက်ခံလာတဲ့ သဘောတရားတွေကို ပဲ ဆက်လက် ဆုပ်ကိုင်နေကြတာကိုး။ ဆိုကရေတီး ရဲ့ အားသာချက် က ဘာလဲ ဆိုရင် သူဘာမှ မသိပါဘူး ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားတာပါပဲ။ အဲလို ခံယူထားတဲ့ အတွက် သူ့အတွက် အရာရာဟာ လေ့လာစရာတွေ သင်ယူစရာတွေ ချည်းဖြစ်နေပါတယ်။ တနည်းပြောရရင် သူ့ရဲ့ စိတ်ဟာ ပိတ်ဆို့နေတာမဟုတ်ပဲ အားလုံးကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတာလို့ပြောရမယ်။ ဒီသဘောတရားဟာ ကျနော်တို့ ကလေးဘ၀ ကလဲ ရှိခဲ့ပါတယ်။ ကလေး တွေအတွက် အရာရာဟာ အသစ်အဆန်းပါပဲ။ ဒါကြောင့်ကလေးတွေဟာ အရာရာကို စိတ်ပါဝင်စားစွာလေ့လာကြပါတယ်။ ဒါပေမယ့် ကျနော်တို့ အရွယ်ရောက်လာတာနဲ့အမျှ ကျနော်တို့ရဲ့ စိတ်တွေဟာ ပိတ်ဆို့လာပါတယ်။ ကျနော်တို့ သိသင့်တာတွေ အကုန်လုံးကို သိပြီလို့ ထင်လာပါတယ်။ ကျနော်တို့ရဲ့ အယူအဆတွေ ခံယူချက်တွေဟာ လဲ သေချာတယ်၊ ခိုင်မာတယ်လို့ထင်လာပါတယ်။ တကယ်တမ်းကျ ဒါဟာ ကျနော်တို့ရဲ့ အကြောက်တရား က နေမွေးဖွားလာတာပါ။ ကျနော်တို့ ယူဆချက်တွေ၊ ယုံ ကြည်ချက်တွေကို စိန်ခေါ်ခံရမှာကို ကြောက်တဲ့ အကြောက်တရားကနေ မွေးဖွားလာတာပါ။ ကျနော်တို့ လုပ်ဖို့က ကလေးတစ်ယောက်ရဲ့ သဘာဝမျိုးကိုပြန်သွားဖို့ပါ။ အတွေ့အကြုံအသစ်တွေ ကိုလက်ခံပါ။ ကျနော်တို့ရဲ့ စိတ်တွေကိုဖွင့် ထားဖို့လိုပါတယ်။ ကျနော်တို့ ဘာမှ မသိဘူး၊ ကျနော်တို့ ယုံကြည်လက်ခံထားတာတွေဟာ မှားကောင်းမှားနိုင်တယ်လို့သဘောထားပါ။ ဆန့်ကျင်ဘက်တွေကို မြင်တတ်အောင်ကြည့်ပါ။ ကိုယ့်ရန်သူရဲ့ စိတ်ထဲကိုဝင်ကြည့်ပါ။ သူ့နေရာက နေ စဉ်းစားကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ပြောစကားတွေကို သေသေချာချာနားထောင်ပါ။ ကျနော်ဆိုလိုတာက သူတို့ရဲ့ ပြောစကားတွေ သဘောထားတွေက ကိုယ့်ကိုလွမ်းမိုးဖို့ မဟုတ်ပါဘူး။ သတင်းအချက်အလက်ကို ရယူဖို့ ပါ။ လောကကြီးဟာ ကိုယ်မသိသေးတဲ့အရာတွေနဲ့ပြည့်နေတယ်လို့ သဘောထားပါ။ အဲလို လိုက်နာကျင့်သုံးမယ်ဆိုရင် ကျနော် တို့ အရင်နဲ့ မတူတဲ့ ပြောင်းလဲမှု့တွေကိုတွေ့ရမှာပါ။ အခွင့်အရေးတွေကို အရင်ကထက် ပိုပြီး မြင်တတ်လာ ပါလိမ့်မယ်။ အသုံးချတတ်လာပါလိမ့်မယ်။

ကျယ်ပြန့်တဲ့ အမြင်ရှိပါ (Expansion)

စစ်သူကြီးတစ်ယောက်ဟာ ကိုယ်တိုက်မည့် စစ်ပွဲရဲ့ စစ်မြေပြင်ကို အသေအချာသိထားဖို့လိုပါတယ်။ ဒါပေမယ့် သတိထားရမည့် အချက်တစ်ချက်က စစ်ပွဲတစ်ပွဲကို နိုင်ဖို့ဆိုတာ စစ်မြေပြင်တစ်ခုတည်းကို သိရုံနဲ့တင် မလုံလောက်ပါဘူး။ တဖက်ရန်သူ စစ်သားတွေရဲ့ စိတ်ဓာတ်တွေ၊ သူတို့ကိုနောက်က ကြိုးကိုင်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ ခံယူချက်တွေ၊ ရန်သူစစ်သူကြီးရဲ့ အရည်အချင်းတွေ၊ ရန်သူရဲ့ စီးပွားရေး အင်အား၊ လူသူလက်နက်အင်အား ဒါတွေ အားလုံး ကို သိထားသင့်ပါတယ်။ သာမာန် စစ်သူကြီးတစ်ယောက်ကတော့ သူတိုက်ရမယ့် စစ်ပွဲရဲ့ လက်တလော အခြေအနေ ကိုပဲ လေ့လာမှာပါ။ တကယ့်ကျွမ်းကျင် တဲ့စစ်သူကြီးတစ်ယောက် ဆိုရင်တော့ စစ်ပွဲကို လွမ်းမိုးတဲ့ အခြား အချက်အလက် တွေ အကုန်လုံးကို သေချာသိအောင်လေ့လာမှာပါ။ ပြင်သစ်ဘုရင် နပိုလီယမ် ဘိုနာပတ်(Napoleon Bonaparte) ဟာ သမိုင်းမှာ အတော်ဆုံးစစ်ဘုရင်တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ အဓိကအရည်အချင်းကတော့ သူတိုက်မယ့် စစ်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို သေသေချာချာ သိတာပါပဲ။ အဲလိုသိဖို့ အတွက် သူဟာ မြောက်မြားလှတဲ့ အစီရင်ခံစာတွေ၊ မြေပုံတွေကို အသေအချာလေ့လာပါတယ်။ ကျနော်တို့ဟာလဲ နပိုလီယမ် ကို နမူနာယူတတ်ရပါမယ်။ ကျနော် တို့ ပတ်ဝန်းကျင်ကို အသေအချာလေ့လာပါ။ ကိုယ့်အဖွဲ့အစည်းထဲက အဆင့်အမျိုးမျိုးရှိတဲ့ သူတွေနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံပါ။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ကြားထဲမှာ တတ်နိုင်သမျှ အတားအဆီးတွေ မရှိပါစေနဲ့။ ကွဲပြားတဲ့အတွေးအခေါ် တွေ အယူအဆတွေကို အမြဲတမ်းလေ့လာပါ။ ကိုယ်ကျင်လည်နေတဲ့ စည်းဝိုင်းသေးသေးလေးထဲကနေ ကျော်လွန်ကြည့်တတ်ဖို့ကြိုးစားပါ။ အခြေအနေအသစ်တွေ ကိုရင်ဆိုင်ဖို့မကြောက်ပါနဲ့။ တကယ်လို့ကိုယ်တိုင် လက်တွေ့မလေ့လာနိုင် ရင်လဲ ဖြတ်တောက်စိစစ်ထားတာ မဟုတ်တဲ့ အစီရင်ခံစာတွေ ကိုဖတ်ပါ။ နောက်တစ်ခုက ကျနော်တို့ပြသနာတစ်ခု၊ အခြေအနေတခုကိုကြည့်တဲ့အခါ တနေရာထဲ၊လူတစ်ယောက်ထဲ ဆီက ရတဲ့သတင်းအချက်အလက်တစ်ခုထဲနဲ့တင်မဆုံး
ဖြတ်မိဖို့ပါ။ ပြသနာတခုကို ချဉ်းကပ်တဲ့နေရာမှာ တတ်နိုင်သလောက် ထောင့်ပေါင်းစုံ၊ နေရာပေါင်းစုံကနေ လှည့်ပတ်ချဉ်းကပ်လေ့လာသင့်ပါတယ်။ ဒါမှ ပြည့်စုံတဲ့ အမြင်ကိုရမှာပါ။

ပြသနာတစ်ခုရဲ့ အရင်းအမြစ်ကိုရှာဖွေပါ (Depth)

မဲလ်ကန်အက်စ် (Malcolm X) ဟာ ထောင်ကလွတ်လာပြီးတဲ့နောက်မှာ အမေရိကန် လူမည်းတွေရဲ့ ပြသနာအရင်းအမြစ်ကို စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ ပြသနာအရင်းအမြစ်ဟာ ဘာလဲ ဆိုတာ သူသိသွားတယ်။ အဲဒါဘာလဲဆို တော့ အမေရိကန်လူမည်းတွေရဲ့ သူများကို အားကိုးမှု့ပဲ။ လူမည်းတွေဟာ သူတို့ဟာ သူတို့ ဘာမှ မလုပ်တတ်ဘူး။ သူတို့ အစိုးရကိုအားကိုးတယ်၊ ခေါင်းဆောင်တွေကိုအားကိုးတယ်၊ သူတို့ကိုယ်တိုင်ကလွဲရင် လူတိုင်းကို အားကိုးတယ်။
အဲလို သူများကို အားကိုးနေမှု့ကိုသာ အဆုံးသတ်နိုင်ရင် အမေရိကန်လူမည်းတွေရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မဲလ်ကန်အက်စ် က ယုံကြည်တယ်။ မဲလ်ကန်အက်စ် ဟာ သူ့ဆောင်ရွက်ချက်တွေကို အဆုံးမသတ်နိုင်ခင်မှာ လုပ်ကြံ ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ နည်းလမ်းကတော့ အမြဲတမ်းအတွက် အသုံးဝင်ပါတယ်။ ပြသနာရဲ့ အရင်းအမြစ်ကို ဖော်ထုတ်တတ်မှု့ပါ။ ပြသနာတစ်ခုရဲ့ အရင်းအမြစ်ကို မသိဘူးဆိုရင် အဲဒီပြသနာ ကိုထိထိရောက်ရောက်ဖြေရှင်း ဖို့ မလွယ်ပါဘူး။ ကျတော်တို့ဟာ ပြသနာတွေကိုကြည့်တဲ့နေရာမှာ အပေါ်ယံကိုပဲ ကြည့်တတ်ကြပါတယ်။ လတ်တလော ကိုပဲကြည့်ပြီး ရေရှည်ကို မကြည့်တတ်ကြပါဘူး။ ကျတော်တို့ပြသနာတစ်ခုကို ရင်ဆိုင်ရပြီဆိုရင် အရင်ဆုံးလုပ်ရမှာ က အဲဒီပြသနာ ဘာကြောင့်ဖြစ်ရတယ်၊ သက်ဆိုင်သူတွေရဲ့ ရည်ရွယ်ချက်တွေ၊ ဘယ်သူဟာ ကြိုးကိုင်နေတယ်၊ ဘယ်သူတွေဘယ်လိုအကျိုး ရှိမယ် ဒါတွေကို သေသေချာချာ အကဲဖြတ်ပါ။ ပြသနာအများစုဟာ ငွေကြေးနဲ့ အာဏာကို အခြေခံ ပြီးဖြစ်တတ်ပါတယ်။ တခါတလေမှာ ကျတော်တို့ တကယ့် အရင်းအမြစ်ကို မရောက်နိုင်တာတွေလဲ ရှိမှာပါ။ ဒါပေမယ့် ကျတော်တို့ အခြေခံကို သေသေချာချာ တူးဆွဖော်ထုတ်မယ်ဆိုရင် အနည်းဆုံး တကယ့် အရင်းအမြစ်နဲ့ နီးနီးစပ်စပ်ထိ ရောက်နိုင်ပါတယ်။

အနာဂတ်ကို ကြိုမြင်တတ်ပါ (Proportion)

ကျတော်တို့လူသားတွေဟာ အသိဥာဏ်မြင့်တဲ့ သတ္တ၀ါ တွေ ဖြစ်တဲ့အလျောက် အနာဂတ်ကို ကြိုတင်တွေးစတတ်ပါတယ်။ ဒါပေမယ့် ကျတော်တို့ဟာ အကြောက်တရားရဲ့လွှမ်းမိုးမှု့ကြောင့် ကျတော်တို့ရဲ့ အနာဂတ်ကိုကြိုတင်တွေးတတ်မှု့ကိုအပြည့်အ၀ အသုံးမချမိတတ်ကြပါဘူး။ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသနာတွေနဲ့ လုံးပမ်းပြီး ကျတော်တို့ဟာ အနာဂတ်ကို ကြိုတွေးဖို့ မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် ကျတော်တို့ရဲ့ အနာဂတ်အတွက် ပိုမိုပြင်ဆင်လေ အနာဂတ်ကို ကျတော်တို့လိုသလို ပုံဖော်နိုင်ဖို့ ပိုမိုနီးစပ်လေပါပဲ။ တကယ်လို့ ကျတော်တို့မှာ အသေအချာရည်ရွယ်ပြင်ဆင်ထားတဲ့ အနာဂတ်တစ်ခု ရှိမယ်ဆိုရင် လက်ရှိကျတော်တို့ဟာ ဆုံးဖြတ်ချက်တွေကို ပိုပြီး မှန်မှန်ကန်ကန် ချမှတ်နိုင်မှာပါ။ ကျတော်တို့ ရည်ရွယ်ပြင်ဆင်ထားတဲ့အနာဂတ်ကိုရောက်ဖို့ ဘယ်လိုရင်ဆိုင်မှု့မျိုးကို ရင်ဆိုင်ရမယ်၊ ဘယ်လိုဟာမျိုးကို ရှောင်ကျဉ်ရမယ်ဆိုတာ ပိုပြီးမြင်တတ်လာမှာပါ။ ကျတော်တို့ရဲ့အရူ့တွေကို အနာဂတ်ကို ချိန်ရွယ်ထားခြင်းအားဖြင့် တွေ့လာနိုင်တဲ့အန္တာရယ်တွေအတွက်လဲ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ အခုလက်ရှိမှာ ကြုံတွေ့ရတဲ့ပြသနာတွေဟာ ကိုယ်ရည်ရွယ်ထားတဲ့ အနာဂတ် အတွက် ဘယ်လိုသက်ရောက်မှု့ရှိလာမယ်ဆိုတာကို အသေအချာ လေ့လာပါ။ အဲဒီ အတွက်လည်းပြင်ဆင်ထားပါ။ ကိုယ့်ရဲ့အမှားတွေ၊ တခြားသူတွေရဲ့ အမှားတွေကို အသေအချာလေ့လာပါ။ ပြီးရင် အဲလို အမှားတွေဖြစ်တော့မယ်ဆိုတာကို ဘယ်လိုကြိုတင်သိရှိနိုင်မယ်၊ ဘယ်လိုရှောင်လွှဲနိုင်မယ်ဆိုတာကို စိစိစပ်စပ် လေ့လာပါ။

စူးရှတဲ့အမြင်ရှိပါ (Sharpness)

စစ်ပွဲတစ်ခုမှာပဲဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခုမှာပဲဖြစ်ဖြစ် လူတွေရဲ့ ပါးစပ်ကပြောတဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဆိုတာတွေကို မေ့ထားပါ။ အဲဒါက အရေးမကြီးပါဘူး။ လူ့ရဲ့ ပါးစပ်က ကြိုက်တာပြောလို့ရပါတယ်။ ကျတော်တို့ စူးစူးစိုက်စိုက်ကြည့်ရမှာက သူ့ရဲ့ အရင်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ အနာဂတ်မှာသူလုပ်နိုင်တဲ့ လုပ်ရပ်တွေကို ပါပဲ။ ဒီနေရာမှာ ကျတော်တို့ဟာ အမှန်အတိုင်း သေသေချာချာ သတ္တိရှိရှိဝေဖန်ပိုင်းခြားတတ်ဖို့လိုပါတယ်။ ဘ၀တိုက်ပွဲမှာ လူတိုင်းဟာ မိမိဘက်က အသားစီးရဖို့ ကြိုးပမ်းနေကြတာချည်းပါပဲ။ ဒီလိုကြိုးပမ်းရာမှာ ပရိယာယ်တွေ မာယာတွေကို လည်း အသုံးပြုကြမှာပါပဲ။ ဒါကိုလဲ ကျတော်တို့အပြစ်ပြောလို့မရပါဘူး။ ဒါဟာ လောကသဘာဝပါ။ ဒီတော့ ကျတော်တို့လုပ်ရမှာက လူတွေရဲ့ အကွက်ရွှေ့မှု့တွေ အပေါ်မှာ သိတ်ခံစားမနေပဲ ကိုယ်ကိုကိုယ် ဘယ်လိုကာကွယ်မယ်၊ ကိုယ်တိုးတက်ဖို့အတွက် ဘယ်လို ကြိုးပမ်းမယ်ဆိုတာကို စဉ်းစားထားပါ။ လူတွေကို အသေအချာလေ့လာပါ။ အများရှေ့မှာ ပြုလုပ်တဲ့ လုပ်ရပ်တွေထက် သူတို့ရဲ့ နေ့စဉ် ဘ၀ ကို သေသေချာချာလေ့လာပါ။ လူတွေကို ကြည့်တဲ့နေရာမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ စိတ်ခံစားမှု့ မှန်ဘီလူး နဲ့ မကြည့်ပါနဲ့။ သူ့ရဲ့လုပ်ရပ်တစ်ခုဟာ ဘယ်လို အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာကို စူးရှတဲ့ အမြင်၊ ပြတ်သားတဲ့ စိတ်ဓာတ်၊ ရဲရင့်တဲ့ဆုံးဖြတ်တတ်မှု့ နဲ့ အမှန်အတိုင်းမြင်တတ်အောင် ကြည့်ပါ။

လူမင်းဟန်
**** Robert Greene နဲ့ 50 Cent တို့ရဲ့ 50th Law ဆိုတဲ့စာအုပ်ကို မှီငြမ်း ကိုးကားပါသည်။**** 

Leave a Reply