4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

တစ်ခုသောညခင်း… အခါတိုင်းကဲ့သို့ပင်အိမ်ပြန်နေကြအချိန်။ဟော…လာပါပြီ “105”ကား၊မှတ်တိုင်မှာစောင့်ဆိုင်းနေသူများကံစမ်းမဲပေးသလိုအလုအယက် အုံနှင့်ကျင်းနှင့်ပြေးတက်ကျရင်းကိုယ်ပါကားပေါ်သို့ရောက်သွားရသည်။ အိမ်ပြန်ချိန်ကပုံမှန်နောက်ကျတတ်ပေမယ့်လဲ အမြဲစိတ်ပူတတ်သောအမေ့စီကဖုန်းဝင်လာသည်။ ဖုန်းပြန်အချတွင်တော့ကားက နောက်တစ်မှတ်တိုင်တွင် ကျောက်ချရပ်နားလိုက်သည်။ ဟွန်းကိုပုတ်ကာပုတ်ကာ.. လီဗာကိုကစားကာ.. ကစားရင်းဖြင့်မှတ်တိုင်မှ လူတွေကိုမြူဆွယ်ရင်း ချိန်ဆွဲကာရပ်နားနေသည်။ ဒါကထုံးစံ..ဘာမှအဆန်းမဟုတ်။ အိမ်မြန်မြန်ရောက်ချင်သောကိုယ်ကသာ.. “တောက်..ကြာလိုက်တာ” ဟုစိတ်ထဲမှာရေရွတ်ရင်းဒေါမနာ သပွါးနေမိသည်။ မကျေမနပ်အကြည့်တစ်ချက် စပယ်ရာစီပို့အလွှတ်.. အမျိုးသမီးကြီးတစ်ဦးကစပယ်ယာအား “ဟဲ့..ကောင်လေး..ဒီတစ်ရာကို ဟိုလူ့ကိုပေးပေးပါဦး” ဟုအကူအညီတောင်းနေတာ မြင်လိုက်ရသည်။စပယ်ယာက “ဟုတ်ကဲ့..အစ်မ”ဟုဆိုကာ…

ကားပေါ်မှဆင်းပြီးစေတနာရှင်အန်တီကြီးရည်ရွယ်သည့်ပုဂ္ဂိုလ်ကိုသွားပေးသည်။ဘာရယ်မဟုတ်…ကျွန်တော်ကစပယ်ယာရဲ့လှုပ်ရှားမနောက်လိုက်ကြည့်ရင်းထိုသူ့ဆီအကြည့်ကရောက်သွားသည်။ အဆိုပါပုဂ္ဂိုလ်ကားခြေတုနှစ်ဖက်ကိုထောက်ကူရန်ချိုင်းထောက်တစ်စုံကိုအားပြုရပ်ရင်းကားစောင့်နေသည်။ ဒုက္ခိတဖြစ်နေရုံမက၀တ်ဆင်ထားသည်မှာလည်းနွမ်းနွမ်းဖတ်ဖတ်..။အတော်ဆင်းရဲပုံရသည်။စပယ်ယာကငွေတစ်ရာ လာပေးတော့… သူခဏတော့ကြောင်ပြီး ကြက်သေသေသွားသည်။ ပိုက်စံကိုကြည့်သည်…။ ထို့နောက်စပယ်ယာကိုကြည့်သည်။ နားမလည်နိုင်စွာဖြင့်သူ တခဏတွေဝေသွားသည်။ ပြီးမှတစ်စုံတစ်ရာကိုအတွေးပေါက်ကာ သူအလန့်တကြားဖြစ်သွားပုံရသည်။ စပယ်ယာကိုကြည့်မိတော့..စိတ်မရှည်စွာဖြင့် “ယူမှာဖြင့်ယူစမ်းပါ..သူတောင်းစားရယ်”ဟူသည့် အကြည့်မျိုး။ထိုတစ်ခဏ… တစ်ကယ့်ကိုတစ်ခဏလေးပါ..သူ့မျက်ဝန်းတွေအသက်မဲ့ကုန်သည်။

ထို့နောက်မှတိုးငြင်းစွာဖြင့်..ဟင့်အင်း..ကျွန်တော်မယူဘူး..ဟုသူငြင်းရှာသည်။သူ့မျက်ဝန်းအစုံတွင်ကျွန်တော်သူတောင်းစားမဟုတ်ပါဘူးဟု အသံတိတ် ဖြေရှင်းချက်များဖြင့် ဘလောင်ဆူရိုက်ခတ်နေသည်။ စပယ်ယာလည်း အနည်းငယ်အားနာသွားပုံပင်။ သနားသဖြင့် ပိုက်ဆံပေးခိုင်းသောအမျိုးသမီးမှာကားဆိုဖွယ်ရာမရှိ..။ “ဟယ်..သွားပါပြီ..အားနာလိုက်တာ”ဟုသူရေရွတ်သည်။ကားတစ်စီးလုံးမှမျက်လုံးတို့သည်ကား… ကားဂိတ်မှဒုက္ခိတထံစုပြုံရောက်ရှိသွားသည်။ ကရုဏာမျက်ဝန်းများဖြစ်ပေငြားသော်လည်း..ချိုင်းထောက်နှင့်ထိုပုဂ္ဂိုလ်မှာ ရင်မဆိုင်ဝံ့ငြားထင့်.. လမ်းတစ်ဘက်သို့ မျက်နှာလွှဲကာရပ်နေရှာ၏။ သူ့မျက်နှာတွင် အရောင် အမျိုးမျိုးဖြတ်ပြေးနေသည်။ ကျွန်တောသိသည်။ သူနာကျည်းခံပြင်းနေရှာရော့မည်။ သူ့ဘ၀အပေါ်သူယူကျုံးမရခံစားနေရှာရော့မည်။ငိုကြွေးမည့်ဟန်ပြင်နေသောသူ့မျက်ဝန်းအစုံမှ “ဟန်ကိုယ့်ဘို့” ဆိုသလို စိတ်တင်းရင်းသူ့ကိုလူတွေ သူတောင်းစားလို့ မထင်စေရန်အတွက် အပြင်းအထန်ကြိုးစား၍မာန်တင်း ရှာနေသည်။သို့ရာတွင်..သူ့နှလုံးသားကတော့ အူလှိုက်သည်းလှိုက်ငိုကြွေးနေရှာပေပြီ။ “ဒါ..ငါ့ကိုစော်ကားတာ” … “ငါ့ပုံစံကသူတောင်းစားပုံပေါက်နေပြီလား”… “ငါအဲလောက်တောင် အထင်သေးစရာကောင်းနေပြီလား”စသည်ဖြင့်..စသည်ဖြင့်..အသံတိတ်ပေါက်ကွဲသံများက သူ့ရင်ဘတ် အစုံကိုရိုက်ဟည်း မြည်တုံနှိပ်စက်ကလူပြုနေကြပြီ။

တစ်ချိန်ထဲမှာပင်သူ့အပေါ်စုပြုံကျနေသော ကားတစ်စီးလုံးပေါ်ကဂရုဏာမျက်ဝန်းတွေကသူ့အားလှောင်ပြောင်သရော်နေသလားဟုထင်မှတ်မှားကာဖြင့်..ထိုကရုဏာ မျက်လုံးတို့၏သူ့အားနည်းချက် အပေါ်တိုက်ခိုက်နေမှုတို့ကိုအလူးအလဲတွန်းလှန်ကာကွယ်နေပြန်ရှာသည်။ ..သြော်…ဆိုးဝါးလေစွ။အတွေးတစ်စ၀င်လာသည်.. “ငါသာသူ့နေရာမှာဆိုရင်ဖြင့်”…အား..မတွေးရဲစရာပေပဲ။ ကျွန်တော်သာ သူ့နေရာမှာဆိုလျှင် ရှက်ရွှံ့မူတို့ဖြင့်လောင်မြိုက်ကာ အရည်ပျော်..အငွေ့ပျံပျောက်ဆုံးသွားလောက်သည်။ တစ်ခါတစ်ရံမရည်ရွယ်သော.စေတနာ၊မေတ္တာ၊ကရုဏာတို့သည်ကားတစ်ဘက်သားအားအခံရခက်မှုနှင့် နာကျင်ခံစားမှုတို့ကိုပေးစွမ်းနိုင်ပါလား…။

အတွေးကိုနယ်ချဲ့ခွင့်ပြုလိုက်သည်… ယခုကိစ္စတွင် စပယ်ယာလည်းမမှားပါ။ ပိုက်စံပေးခိုင်းသော အမျိုးသမီးကလည်းမမှားပါ။ မှားနေသည်က ကျွန်တော်တို့လူသားတို့တွင် ရှိတတ်ကြသော “အထင်အမြင်” (Perception) သာလျှင်ဖြစ်သည်။ ကျွန်တော်တို့သည် အထင်အမြင်တို့၏ စေစားမှုတို့ နောက်အမြဲတစေလိုပင် လိုက်ပါမိတတ်ကြသည်။ ဥပမာ… ယခုလိုအဖြစ်ပျက်ကဲ့သို့ဒုက္ခိတဟူသည်နှင့် တောင်းရမ်းစားသောက်သူဟု မြင်တတ်ခြင်း။ HIVဝေဒနာသည်များကို တွေ့မြင်သည်နှင့် အကျင့်စာရိတ္တပျက်ယွင်းသူများ ၊ပြည့်တန်ဆာများဟုထင်မြင်ခြင်း။ ဆင်းရဲသားများကိုမြင်သည်နှင့် အောက်တန်းကျနသူများဟု အထင်ရှိခြင်း။ နွမ်းပါးသူကို သူခိုးဟု အလွယ်တကူ ယိုးစွပ်တတ်ခြင်း။ ပညာသင်ခွင့်မရခဲ့ရှာသူကို တန်ဘိုးမဲ့လူသားများဟု အထင်ရောက်ခြင်း၊ နိမ့်ကျနေသူများကို အစေအပါးဟုသာ အလွယ်တကူ ထင်တတ်ခြင်းမျိုးများ.. စသည်ဖြင့်.. စသည်ဖြင့် ရုပ်ဝတ္ထုဆင်းရဲမှု နှင့် အမြင်ညှိုးနွမ်းမှုတို့အပေါ် အခြေခံကာ အလွယ်တကူအထင်သေး နှိမ့်ချတတ်ကြသည်။ တစ်ခါတစ်ရံ စေတနာထား၍ မှားခြင်းမျိုးတွေသည်လည်း ရက်စက်စွာငြင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းထက် ပိုမိုဆိုးရွားသည်မျိုးလည်းရှိ၏။လူ့စိတ်ကလဲ အခက်သားပေလား။ အထင်အမြင်တို့ကို ရုပ်ဝတ္ထုနှင့်စက္ခုအာရုံတို့အား လွှမ်းမိုးခွင့်ပေးထားသည်။ ငွေကြေးချမ်းသာသူဆိုလျှင် ကျွန်တော်တို့ အလွယ်တကူ လေးစားကြသည်။ ရာထူးရာခံကြီးကြီးရှိလျှင် ကြည်ညိုသည်။ အထက်တန်းကျကျနေနိုင်လျှင် ဂုဏ်ပေးဆက်ဆံသည်။ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသူဆို ရိုသေတတ်ကြသည်။ သို့ဆိုလျှင်.. ယနေ့ခေတ်ကျွန်တော်တို့ လူသားများ၏ အထင်အမြင်ကို ကြိုးကိုင်နေသောအရာများကား အခြေခံလူ့တန်ဘိုးနှင့် စံ၊သိက္ခာ ကျင့်ဝတ်များမဟုတ်၊ လူ့ကျင့်ဝတ်နှင့် စောင့်စည်းအပ်သော လောကပါလတရားများမဟုတ်တော့။

ရုပ်ဝတ္ထုကောင်းစားမှုတို့မှ သတ်မှတ်ပြဋ္ဌာန်းသော၊ လူတို့၏ အထင်အမြင်မှားယွင်းမှုတို့က ရွေးကောက် တင်မြောက်ပေးလိုက်သော စံလွှဲသတ်မှတ်ချက်သို့သာ ဖြစ်နေတော့သည်။ ပြောရမည်ဆိုလျှင်… အကျင့်စာရိတ္တ မကောင်းမှန်းသိပေငြား လတ်တလောတွင် အောင်မြင်ထင်ရှားနေခြင်းကြောင့် ကျွန်တော်တို့ လေးစားနေသော လူပုဂ္ဂိုလ်အမြောက်အများရှိသည်။ ၀ိသမလောဘသားများ၊ ကိုယ်ကျိုးရှာ အခွင့်အရေးသမားများမှန်း လက်ခံထား လျှက်နှင့်၊သူတို့၏ခမ်းနားထည်ဝါမှုကြောင့် ကျွန်တော်တို့အားကျ အထင်ကြီးနေသူများကလဲ ဒုနှင့်ဒေးပင်။ အတွေးရေလျင်ကြောကား အငြိမ်မနေ။ တိုး၍သာစီးဆင်းလာပြန်သည်။ ဥပမာ…ကုလားဟုဆိုကာ ခွဲခြားနှိမ်ချဆက်ဆံခြင်းမျိုး၊ လူမျိုးရေးခွဲခြား နှိမ့်ချခြင်းမျိုး။ စသည်တို့၏ အကြောင်းရင်းတရားများမှာလည်း လူတို့၏ အထင်အမြင်အပေါ်မှာ အခြေတည်၍ သက်ဆင်းလာခြင်းပဲဖြစ်သည်။ တစ်နည်းဆိုရလျှင်… အထင်အမြင်အချို့တို့သည် လူအများလက်ခံလိုက်ပြီး သကာလအချိန်ကာလ ကြာငြောင်းသွားပါက ခိုင်မာသောအယူအဆအစွဲများနှင့်ခံယူချက်များဖြစ်သွားတတ်သည်။ ထိုသည်တို့ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဦးနှောက်များကို ကန်းသွားအောင် စနစ်တကျပုံသွင်း ဖျက်စီးကြပြန်သည်။ အသိဥာဏ်နုံနဲ့သူများ၊ ဦးနှောက် အကျဉ်းချထားသူတို့က အယူအဆမှားတို့ကို မဆန်းစစ်ပဲလက်ခံကျင့်သုံးကြတော့သည်။ ထိုမှသည်.. လူမျိုးရေးမုန်းတီးမှုများစီသို့၊ ဘာသာရေး အစွန်းရောက်မှုများဆီသို့..လူ့တန်ဘိုးကိုဖောက်ဖျက်ချိုးနှိမ်ချင်းများဆီသို့ရောက်ရှိသွားတော့သည်။အစွဲမှား..အယူမှားတို့သည်.. လူသားတို့၏ နုနှယ်သောနှလုံးသား၌ အမုန်းမျိုးစေ့ချပေးသည်။ ရန်လိုတတ်ရန်၊ ရန်ပြုတတ်ရန် လေ့ကျင့်ပေးသည်၊ လက်တုန့်ပြန်ရန်၊ကလဲ့စားချေရန်နှင့်တန်ပြန်မုန်းတီး တတ်စေရန် ပဲ့ကိုင်ပေးပြန်သည်။ ထိုမှတဆင့်ငြိမ်းမရနိုင်သော အမုန်းမီးကိုအလျံငြီးငြီးတောက်လောင်စေပြီး၊ ပဋိပက္ခမီးလျံကို အရှိန်မသေစေရန် လောင်စာဖြစ်သော အမုန်း၏သားကောင်နှင့်မုဆိုးများကို မွေးဖွါးပေးပြန်၏။ တစ်ခါတစ်ရံ ကျွန်တော်သည်လည်း အထင်အမြင်တို့၏ နိုင်လိုမင်းထက်ပြုမူခြင်းခံရသော သားကောင်ဖြစ်တတ်ပြီး၊ တစ်ခါတစ်ရံအထင်အမြင် တို့ဖြင့်သူတစ်ပါးအား နှိပ်စက်ကလူပြုသူဖြစ်မှန်း မသိဖြစ်နေပြန်သည်။ အတွေးကားအငြိမ်မနေပြန်..။ ထိုသို့စဉ်းစားရင်းဖြင့်ကမ္ဘာ့ဇာတ်ခုံထက်သို့ အပြေးအလွှားတက်ရောက်သွားသည်။ အကြိမ်ကြိမ်အဖန်ဖန်ပင်.. လူသားတို့၏ အထင်အမြင်အပေါ်အခြေခံသော ပဋိပက္ခတို့က ကမ္ဘာကြီးကိုအလျံငြီးငြီးတောက်လောင်နေသော စစ်မီးများထဲသို့ ရက်ရက်စက်စက်တွန်းပို့ကြလေသည်။ ဥပမာ..အစ္စလာမ်ဘာသာဝင် ဟူသည်နှင့်အကြမ်းဖက်သမားဟုသတ်မှတ်လျက်၊ အနိုင်အထက်ပြုမူခြင်း၊ ရန်လိုခြင်းနှင့်လက်ဦးမှုရယူ တိုက်ခိုက်ခြင်း၊ ၄င်းတို့၏ အခွင့်အရေးများကို ပိတ်ပင်ခြင်းမျိုး လူမည်းဆိုသည်နှင့် နိမ့်ကျသူများဟုယူဆလျက်၊ ကျွန်ဇာတ်သွင်းခြင်း၊ လူ့အခွင့်အရေးများအား ချိုးဖေါက်ခြင်းနှင့် ၄င်းတို့၏အသက်ရှင် သန်မှုအားအန္တရာယ်ပြုခြင်း၊ ပညာတတ်ဟု မိမိတို့ကိုယ်ကိုယူဆသော နိုင်ငံသားများက ပညာမဲ့ဟု၎င်းတို့ကယူဆသော နိုင်ငံသားတို့အား အရိုင်းအဆိုင်းများဟု သတ်မှတ်လျက်၊ သူတို့၏ယဉ်ကျေးမူများအားဖျက်ဆီးခြင်းနှင့် ၄င်းတို့၏ယဉ်ကျေးမှုများအားအတင်းအဓမ္မသွတ်သွင်းခြင်း။

ထိုရောအခါဝယ် ခံစားရသူများဘက်မှမဆိုစလောက် လက်တုံ့ပြန်လာသည်နှင့် ၄င်းတို့၏အထင်အမြင်ကို ရှေ့တန်းတင်ကာ အကြမ်းဖက်နှိမ်နှင်းခြင်းဖြင့် အမုန်းတရားကို ကြီးထွားအားကောင်းလာအောင်တုံပြန် ရန်ပြုခြင်း..စသည်ဖြင့်..စသည်ဖြင့်..။ သမိုင်းက သင်ခန်းစာ အမြောက်အများပေးခဲ့သည်။ လူမျိုးကြီးစိတ်ဝင်နေသော ဟစ်တလာနှင့်အပေါင်းအပါတို့က အပြစ်မဲ့ပြည်သူသန်းချီ၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။လူဖြူဝါဒီတို့က လူမည်းတို့အား ကျေးကျွန်အဖြစ်သွတ်သွင်းလျက် အဓမ္မညှင်းပန်းခဲ့ကြ၍ နာကျင်မှုကို အဆုံးစွန်ထိခံစားရခဲ့ရှာသော လူမည်းတို့၏နှလုံးသားတို့အား ကျေပြုန်းစေခဲ့သည်။ ဆက်လက်မခံစားနိုင်ကြရှာသော လူမည်းတို့က တော်လှန်ရေးအတွက် အသက်ပေါင်းများစွာစတေးခဲ့ရှာသည်။ အကြမ်းဖက်သမားဟု အထင်အမြင်ဖြင့်ခေါင်းစဉ်တတ်ခြင်းအောက် ဘ၀မှန်များစွာ ပျောက်ရှခဲ့ကြသော အမျိုးသမီးများ၊ ကလေးငယ်များနှင့်အပြစ်မြဲ့ပည်သူတို့က၄င်းတို့၏နာကျင်ခံစားမှုကို လက်တုန့်ပြန်ရင်း၎င်းတို့တန်ဘိုးထားသည့်အသက်ကို တော်လှန်ရေးအတွက်ပေးလှူခဲ့ကြသည်။ယခုလည်းHIVဝေဒနာသည်တွေက လူတို့ရဲ့အမုန်းစွက်တဲ့ အထင်အမြင်တွေကို ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပြီမို့ သူတို့လဲလူသားပါပဲဆိုတာ သက်သေပြနိုင်ရန် အပြင်းအထန်ကြိုးစားနေရှာကြလေရဲ့။ အင်း..အထင်အမြင်ကမွေးဖွားပေးလိုက်တဲ့ အမုန်းတရားတွေကြောင့် နာကျင်နေရတဲ့ ရင်ဘတ်တွေက ဘယ်အခြေအနေဘယ်အတိုင်းအတာအထိ အပြင်းအထန်တိုက်ခိုက်နေကြရဦးမှာလဲ…။ အထင်အမြင်ကြောင့် တန်ဘိုးရှိပါတယ်ဆိုတဲ့ လူ့အသက်တွေဘယ်လောက် စတေးနေရဦးမှာလဲ…။ အထင်အမြင်ကြောင့်ဂုဏ်သိက္ခာ ပျောက်ဆုံးခဲ့ရသူတွေဘ၀ကို ဘယ်လိုများဆက်လက်ရင်ဆိုင်ဖြတ်သန်းရှာ ကြရဦးမှာလဲ။

စသည့်မေးခွန်းများစွာကခေါင်းထဲမှာ အစီအရီပေါ်လာသည်။ အမုန်းကြောင့်ဖြစ်သောစစ်ပွဲများအောက်ကမ္ဘာကြီးမှာအလူးအလဲ အထိနာခဲ့ရသည်။ အထင်အမြင်နောက်လိုက်ပါတတ်သော လူ့အန္တရယ်အချို့ကြောင့်ကမ္ဘာကြီးမှာစစ်မီးငြိမ်းသည့်နေ့ရက်ဟူ၍မရှိသေး။ ကမ္ဘာကြီးဘယ်လောက်တောင်ခံစားခဲ့ရပြီးပြီလဲ၊ ဘယ်လောက်ထိအောင် ခံစားနေရတုန်းလဲ။ ဘယ်လောက်ထိဆက်လက်ခံစား နေရဦးမလဲ။ကမ္ဘာကြီးရဲ့ငိုငြီးသံ ခပ်တိုးတိုးကြားလိုက်ရသည်။ သြော်….သူတော်တော်နာမကျန်းဖြစ်နေပြီကိုး..။ အတွေးတို့ကဆင်မြူရယ်ပီဟန်တင်တန်ရေးသော “The Clash of Civilization” ယဉ်ကျေးမှုများတိုးတိုက်မိခြင်းစာအုပ်မှအတွေးအခေါ်တို့နှင့်သွားရောက်ချိတ်ဆက်မိသည်။ ဆရာမဂျူးရေးသော အမုန်းကြောင့်ဖြစ်သော စစ်ပွဲများစာအုပ်ပါသာဓကများနှင့်ပူးပေါင်းကာ အတွေးကိုပိုမိုနက်နဲလာအောင်တူးဆွနေပြန်သည်။

ငါတို့တွေ…တို့တတွေ…အထင်အမြင်တွေရဲ့လမ်းမှားသို့တွန်းပို့ခြင်းမခံရအောင်ဘယ်လိုကာကွယ်ရမလဲ…? တွေးရင်း…တွေး..ရင်း..ဖြင့်…။ “အောင်မင်္ဂလာမှတ်တိုင်ပါလား”..အတွေးစပြတ်တောက်သွားစေသောစပယ်ယာ၏အောင်မြင်သောအသံကျယ်ကျယ်လောင်လောင်။ သြော်…ငါဆင်းရတော့မှာပဲ..။အင်း..အထင်အမြင်တွေကိုတွန်းလှန်နိုင်ရမယ်..ဟူသောစိတ်ဖြင့် စောစောကမကျေနပ်သော စပယ်ယာကို ပြုံးပြနှုတ်ဆက်ပြီးကားပေါ်မှဆင်းလာပါတော့သည်။

ZMT

One Comment

  1. ကောင်းလိုက်တာဗျာ။

Leave a Reply