ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေကျင်းပမည်။
မန္တလေးသားစစ်စစ် ဆရာကံချွန်၏ အမှတ်တရနေ့ (Saya U Kan Chon’s Memorial Day) ကို Myanmar Muslim Education & Cultural Society မှ ကြီးမှူး၍ မန္တလေးမြို့၊ ကီးမားတင်ဝင်းခန်းမ၌ ၂၀.၈.၂၀၁၁ (စနေနေ့) ညနေ(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ “ဆရာ့အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲလေးကိုလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲက စဉ်းစားခဲ့ကြ တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲမစီစဉ်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မှာဆိုပြီး လုပ်ကြတာပါ။
ဒီပွဲမှာ ဆရာမိတ်ဆွေအပေါင်းအသင်းတွေထဲက ဆရာနဲ့ ပတ်သက် တဲ့ပြန်ပြောင်းအောက်မေ့ဖွယ်စကားများကို ပြောကြားကြမှာဖြစ်သလို ဆရာ့ပန်းချီကားတွေနဲ့ ဆရာကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ပြသထားမှာဖြစ်ပါတယ်။
ဒါပြင် ဆရာ့မိတ်ဆွေသူငယ်ချင်းများ စုပေါင်းရေးသားထားတဲ့ “ ကံချွန်အမှတ်တရ စာစုများ ” လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာ့ပုံ ကောက်ကြောင်းပါတဲ့ တီရှပ်လည်း စီစဉ်နေပါတယ်”ဟု MMECS ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွန်း (Tip Top Education) က ရှင်းပြပါတယ်။
ဆရာကံချွန်ရဲ့ မိတ်ဆွေအပေါင်းအသင်းများမှဖြစ်စေ၊ ဆရာ့ပရိသတ်ထဲမှဖြစ်စေ၊ ဆရာနဲ့ ပတ်သက်တဲ့ အားတက်ဂုဏ်ယူဖွယ်အကြောင်းအရာများကို ဒီပွဲလေးမှာ ၀င်ရောက် ပြောကြားလိုလျှင် (၁၈.၈.၂၀၁၁) နေ့ နောက်ဆုံးထားပြီး ကိုခင်မောင်ထွန်း (09-91010655)၊ ကိုဇော်မင်းထွန်း (09-91001818)၊ ကိုညီညီကျော်(09-91018753)သို့ဖြစ်စေ email: [email protected] . com သို့ဖြစ်စေ ကြိုတင်အကြောင်းကြားပေးစေလိုပါသည်။
Comments