4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၀ ၊ ၂၀၁၃

ခေတ်မောင်း ဂျာနယ် Vol 2 No 4 မှ ကူးယူဖော်ပြသည်။

စိုင်းလတ်
PhD Candidate – Geography (Human Geography), Simon Fraser University
MA Geography (Human Geography), York University
BA (Hon) International Development Studies, York University

မှတ်ချက်။ Human Geography ရှုထောင့်အခြေခံဖြင့် concept များကို အကြမ်းဖျဉ်းတင်ပြထားခြင်းဖြစ်သည်။ လူမှုရေး သိပ္ပံသုတေသနပြုစုလိုသူများ၊ စိတ်ဝင်စားသူများ၊ ဘွဲ့ လွန်ကျောင်းသူကျောင်းသားများ အတွက် အရေးကြီးသည့် အချက်များကိုထောက်ပြထားသည်။ သမရိုးကျ သမားများအတွက် ဤစာတမ်း သည် အကျုံးမ၀င်ပါ။ ဖတ်ပါက အချိန်ကုန်သည်သာ အဖတ်တင်မည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စကားလုံးဖြင့်ပြောရလျှင် ဖတ်ကောင်းမည်ဟု အာမ,မခံပါ။ Critical social science နှင့် progressive change ကို လိုလားသည့် သုတေသနပြုသူများ၊ ကျောင်းသူကျောင်းသားများ အတွက်သာ ရည်ရွယ်သည်။ အင်္ဂလိပ်စကားလုံးများကို မြန်မာသို့  အဓိပ္ဗါယ်ပြန်လျှင် မူရင်း အဓိပ္ဗါယ်လွဲသွားနိုင်သဖြင့် အချို့ စကားလုံးများကို အင်္ဂလိပ်စာလုံး (သို့ ) အသံထွက်ဖြင့်သာ တင်ပြထားသည်။ Convention နှင့် rule တိုင်းကို လိုက်နာစရာ မလို ဟုခံယူသည့် အတွက် နိဂုံးဖြင့် ဤစာတမ်းကိုစသည်။

World_location_map_burma

နိဂုံး

လူမှုရေးသိပ္ပံ သုတေသနပြုသူများ၊ သုတေသနလုပ်ရန် စိတ်ဝင်စားသူများ၊ ဘွဲ့ လွန် ကျောင်းသူ ကျောင်းသားများ သည် တိုင်းရင်းသားနှင့် လူဦးရေးဆိုင်ရာ စာတမ်းရေးရန် သုတေသနပြုရာတွင် အစိုးရစံနှုန်းများ၊ မှတ်တမ်းများ၊ စာရင်းဇယားများကို ပေတံသဖွယ် အသုံးပြုပြီး သုတေသနလုပ် စာတမ်းရေးရမည် မဟုတ်။ ရှိပြီးသားစာရင်းများ၊ နံပတ်များ၊ အိုင်ဒီယာများကို Framework (သို့ ) baseline အနေဖြင့်သုံးပြီး နေရာဒေသတခုခုမှ ဒေတာ ကောက် ခြင်း၊ မိမိတွေ့ ရှိချက်ကို မှန်သည်ဟု သက်သေပြရန် ယခင်တွေ့ ရှိ သိပြီးသားများနှင့် ကိုက်ညီနှိုင်းယှဉ်ပြရမည် မဟုတ်။ ဤသို့ သော စာတမ်းများသည် သုတေသန မဟုတ်ပါ။ အပေါစား သန်းခေါင်စာရင်းသာဖြစ်ပေတော့မည်။ သုတေသနဆိုသည်မှာ ဖြစ်စဉ်များ၊ သိနှင့်ပြီးသားဖြစ်စဉ်များ၊ အိုင်ဒီယာများ၊ အချက်အလက်များကို စုံထောက်သ ဖွယ် ပြန်လည်ဆန်းစစ် ဝေဖန်ခြင်းဖြစ်သည်။ စုံထောက်ဆိုသော လူမျိုးမှာ ညစ်ပတ်တတ်သဖြင့် နှိုင်းယှဉ်ကောင်း သော ဥပမာမဟုတ်သော်လည်း သုတေသီများ၏ အလုပ်မှာ စုံထောက်အလုပ်ပင်ဖြစ်သည်။ ပညာရေး စုံထောက်ဟု ဆိုလျှင် မှားမည်မထင်ပါ။ သို့ သော် အုပ်စုတစု အကျိုးအတွက် မဟုတ်ပဲ လူတိုင်းအတွက် လူမှုရေး တရားမျှတမှု (Social Justice) ကို အလေးထား မှတ်ယူပြီး ဓမ္မဒိဌာန်ကျစွာ အရာရာတိုင်းကို ပြန်လည် ဆန်းစစ်သူများဖြစ်သင့်သည်။ သို့ ရှိရာ သုတေသနပြုသူများသည် အစိုးရ မလိမ့်တပတ်လုပ်ထားသည့် အချက်များ၊ ယခင် သုတေသီ များ ရေးသားတင်ပြ ရှာဖွေ တွေ့ ရှိထားမှုများ၊ အိုင်ဒီယာများ စသည်တို့ ကို ပြန်လည် စမ်းစစ်ရန်ဖြစ်သည်။ ဗဟုသု တအသစ်များ၊ ရှင်းပြချက်အသစ်များကို ထုတ်ပြရန်ဖြစ်သည်။ ဤသည်ကိုသာလျှင် သုတေသနဟုဆိုနိုင်သည်။

နိဒါန်း

၂၀၁၄ ခုနှစ်တွင် မြန်မာတ၀ှမ်း လူဦးရေစစ်တမ်း ကောက်ခံရန်ရှိရာ မည်သည့် စနစ်ဖြင့်ကောက်ခံမည်၊ တိုင်းရင်း သားများကို မည်သို့ မည်ပုံ သတ်မှတ်မည်၊ စာရင်းသွင်းကောက်ခံမည် စသည့်မေးခွန်းများမှာ အရေးကြီးသော မေးခွန်းများဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဟု အင်တာနက် စာမျက်နှာများ၊ ဂျာနယ်ဆောင်းပါးများ၊ စာအုပ်စာ ပေများတွင် ဖော်ပြကြသည်။ မဟာဝိဇ္ဇာ စာတမ်းများပင်လျှင် တိုင်းရင်းသား၊ လူဦးရေ စသည့် အကြောင်းအရာများကို တင်ပြပါက မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅ မျိုးရှိသည် ဆိုသည့်အချက်ကို အခြေခံ baseline ယူပြီး တင်ပြကြသည်။ “တိုင်းရင်းသား”ဆိုသည့် အခေါ်အဝေါ်ကို Concept အရ မဆွေးနွေးခင် အချက်တချို့  ထောက်ပြချင်သည်။

(၁) Academic research များသည် သိပြီးသား အချက်များ၊ ဖြစ်စဉ်များ၊ အိုင်ဒီယာများ၊ တွေ့ ရှိချက်များကို သိရှိနားလည်ရုံမျှမဟုတ်။ စာတမ်းတစောင်ပြီး တစောင်မှတဆင့် လက်ဆင့်ကမ်းသွားရုံ မဟုတ်။ Academic research (အထူးသဖြင့် critical social science research) ၏ ရည်ရွယ်ချက်သည် သိရှိပြီးသားများကို ပြန်လည် ဆန်းစစ်ရန်ဖြစ်သည်။ အရိုးစွဲနေသော အယူအဆများ၊ အချက်အလက်များ၊ စနစ်များ၊ ဖြစ်စဉ်များကို ပြန်လည် လှုပ်ခါကာ နောက်ထပ်တဖန် ဆန်းစစ်လေ့လာရန် (အင်္ဂလိပ် အခေါ်အဝေါ်ဖြင့် ပြောဆိုလျက်ရှိသော Unsettle၊ destabilize၊ problematize စသဖြင့်) ဖြစ်သင့်သည်။

မိမိလေ့လာဖြစ်သော မဟာဝိဇ္ဇာ စာတမ်းအချို့ တွင် “တိုင်းရင်းသား ၁၃၅ မျိုးရှိသည်” ဆိုသည့်အချက်ကို problematize ခြင်း၊ unsettle ပြီး တဖန်ပြန်လည် လေ့လာခြင်းမဟုတ်ပဲ ၁၃၅ ဆိုသည်ကို ပေတံသဖွယ်သုံးကာ ဒေသတစ်ခုတွင် မည်သည့် တိုင်းရင်းသား အရေအတွက် မည်မျှရှိသည်၊ မည်သည့်အုပ်စုများ ရှိသည်၊ ဤအုပ်စု အောက်တွင် ဤတိုင်းရင်းသားများရှိသည်၊ စသဖြင့်တင်ပြထားသည်ကို သတိပြုမိသည်။

ထိုသုတေသနစာတမ်းများတွင် စာတမ်း၏ အဓိကအခြေခံအကြောင်းအရာဖြစ်သည့် “တိုင်းရင်းသား” ဆိုသည့် “ဝေါဟာရ” ကို အခြေခံကျကျပြန်လည်ဆန်းစစ်ခြင်းမရှိ၊ ၁၃၅ မျိုးမည်သို့ မည်ပုံဖြစ်လာသည်ဆိုသည့် “ဖြစ်စဉ်” ကိုပြန်လည် ဆန်းစစ် ခြင်းမရှိ။ သိနှင့်ပြီးသား အုပ်စု ၁၃၅ မျိုးဆိုသည့်အချက်ပေါ်အခြေခံပြီး ဤတိုင်းရင်းသားတွင် မည်သည့်အုပ်စုများပါသည်၊ လူဦးရေးမည်မျှရှိ သည် စသည့် အချက်အလက်များကို ကောက်ထားသည်ကိုတွေ့ ရသည်။

သို့ ရှိရာ ၁၃၅ မျိုးရှိသည်ဟူသည့်အချက်ကို ဘုရားပေး ကျမ်းပေးအလား ရှေးပဝေဏသီကတည်းက ရှိခဲ့သကဲ့သို့ မှတ်ယူကြသည်။ အမှန်မှာ ထို ၁၃၅ မျိုး သတ်မှတ်ချက်သည် social construction ဖြစ်သည်။ အကြမ်းဖျင်း ရှင်းရလျှင် social construction ဆိုသည်မှာ ပါဝါ၊ လူ့ အဖွဲ့ အစည်းအနေအထား၊ ရည်ရွယ်ချက် တခုခု စသည်တို့ ကို အခြေခံပြီး လူတွေက ဖန်တီးထားခြင်းဖြစ်သည်။ ၁၃၅ မျိုး သတ်မှတ်ချက်မှာ အစိုးရက သူ့ ရည်ရွယ်ချက်နှင့်သူ၊ သူ့ နည်းသူ့ စနစ်ဖြင့်သူ သတ်မှတ်ထားခြင်းဖြစ်သည်။ သို့ ရှိရာ သုတေသန စာတမ်းများသည် အစိုးရ သတ်မှတ်ချက်ကို ဘုရားပေးကျမ်းပေး အမှန်တရားကဲ့သို့  မှတ်ယူရမည်မဟုတ်ပါ။ မည်သည့်ရည်ရွယ်ချက်၊ မည်သည့် နည်းနာများဖြင့်၊ မည်သို့ သတ်မှတ်ခဲ့သည်၊ မည်သို့ စာရင်းသွင်းခဲ့သည်၊ မည်သူ့ အကျိုးအမြတ် အတွက် လုပ်ခဲ့သည်၊ မည်သူတွေနစ်နာခဲ့သည်၊ မည်မျှမှန်ကန်ပြီး၊ မည်မျှတရား မတရားခဲ့သည်၊ မရည်ရွယ်ထားသော ကြိုမတွက်ထားသော ဆိုးကျိုးမည်သို့ ရှိသည်၊ စသဖြင့် လေ့လာဆန်းစစ်ရမည်ဖြစ်သည်။

(၂) Social construction နှင့် ပတ်သက်သည့် နောက်ထပ်အချက်တစ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးခေါင်းဆောင်များ ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တိုင်းရင်းသား ၁၄၄ မျိုးရှိသည်ဟုဆိုသည်။ ၁၉၇၃ ခုနှစ် လူဦးရေ စစ်တမ်းကောက်ယူရန် လူဝန်မှုကြီး ကြပ်ရေးမှ ကောက်ယူသော စာရင်းတွင် တိုင်းရင်းသား ၁၄၃ မျိုးဟုဆိုသည်။ ဗိုလ်ချုပ်စောမောင်လက်ထက်တွင် ၁၃၅ မျိုးဟု တဖန်လုပ်ပြီး ယခုဦးသိန်းစိန်လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးအသစ်ပြန်ကောက်သည့် စာရင်းအရ တိုင်းရင်းသားလူမျိုး ၁၀၁ (သို့ ) ၁၀၀ ဟု ဆိုသည်။ တိုင်းရင်းသား စာရင်းများအား ပြန်လည် ဆန်းစစ် လေ့လာသည့် ဂါမဏိ ရေးသားသော ဆောင်းပါးတွင်မူ တိုင်းရင်းသား ၅၀ ကျော်သာရှိသည်ဟုဆိုသည်။ ၁၉၅၀ ခုနှစ်များအတွင်း တက္ကသိုလ်များအကူ အညီဖြင့် အစိုးရမှ ကောက်ခံခဲ့သော စာရင်းများတွင် တိုင်းရင်းသားလူမျိုး ၅၀ ကျော်ဟုသာဆိုပြန်သည်။ သေချာ သည်မှာ အလွဲကြီး လွဲနေသည်။

သုတေသနပြုစုသူများအနေဖြင့် ပြန်လည် အဖြေရှာရမည့်အချက်များမှာ – (က) လိုတိုးပိုလျော့ ဘာကြောင့်ဖြစ်နေ ရတာလဲ၊ (ခ) စံ၊ မူ၊ လူ၊ ရည်ရွယ်ချက်၊ စစ်တမ်းစနစ် မှားယွင်းမှု စတဲ့ အချက်တွေ ဘယ်လိုဖြစ်ခဲ့လို့ လဲ၊ စသဖြင့် ဖြစ်သည်။

ကောက်ခံ ပြုစုရာတွင် မှားယွင်းစွာ စာရင်းသွင်းကောက်ခံခြင်း၊ အုပ်စုတူသော်လည်း အမည်ကွဲများဖြင့် စာရင်းကောက်ခံခဲ့ခြင်း၊ ကွင်းဆင်းမှတ်တမ်း ကောက်ခံ သူများသည် ဖြေ ဆိုသူများပြောသည့်အတိုင်း မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း အချို့ ကထောက်ပြသည်။ တိုင်းရင်းသား အဖွဲ့ အစည်းနှင့် ခေါင်းဆောင်အချို့  ကလည်း အစိုးရအဆက်ဆက်မှ တိုင်းရင်းသားများအား သွေးခွဲရန် အမျိုးတူအုပ်စုကို လူမျိုးခြားများအဖြစ် ခွဲထုတ်စာရင်းသွင်း ထားခြင်းဖြစ်သည်ဟုဆိုသည်။ မှားသည်မှန်သည် မဆုံးဖြတ်လိုပါ။ ယခုအချိန်တွင် စင်ပြိုင် အိုင်ဒီယာများ (competing ideas) နှင့်ပတ်သက်၍ critical လူမှုရေးသပ္ပံသုတေသနများ လိုအပ်နေသည်မှာတော့ သေချာ သည်။

– “တိုင်း” “ရင်း” “သား”

“တိုင်းရင်းသား” ဆိုသည့် ဝေါဟာရကို သီအိုရီအရ အတိုချုံး ဆက်လက်တင်ပြပါမည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားကို အင်္ဂလိပ်လို national races ဟု သုံးနှုန်းသည်။ ထိုအသုံးအနှုန်းသည် ကိုလို နီခေတ်ကအသုံးအနှုန်းဖြစ်ပြီး concept အရ မှားသည်။ ယခုခေတ် လူမှုရေးသပ္ပံ concept များနှင့် ယှဉ်စဉ်း စားပါကလည်း မကိုက်ညီတော့ပေ။ Race သည် biological difference (အသားအရောင်၊ ကော်ကေးရှန်း၊ အာဖရိကန် စသဖြင့် ဇီဝဗေဒခြားနားမှု) ကို ရည်ညွန်းသည်။ Nationalities ဆိုသည့် ဝေါဟာရသည်လည်း နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီတော့ပေ။ နိုင်ငံတကာတွင် Nationality ဆိုသည့် ဝေါ်ဟာရကို နိုင်ငံသားဟု ယေ ဘုယျ သုံးလျက်ရှိသည် (ဥပမာ ပြည်ဝင်ခွင့်ဗီဇာဖောင်များ)။

မြန်မာပြည်ရှိလူမျိုးစုများ၏ ခြားနားချက်မှာ biology ထက် ယဉ်ကျေးမှု (ဓလေ့ထုံးစံ၊ ဘာသာစကား၊ အလေ့အထ၊ နေ့ တဓူဝ အပြုအမူစသဖြင့်) ကွဲပြားကြခြင်းဖြစ်သည်။ နိုင်ငံတကာတွင် “Ethnic” ဟုခေါ်သည်။ သို့ ရှိရာ race နှင့် အက်သနစ်ကွာခြားချက်မှာ race သည် ဇီဝဗေဒနှင့်ဆိုင်ပြီး အပြောင်းအလဲခက်သည်။ အက်သနစ်မှာ အစဉ်ပြောင်းလဲလျက်ရှိပြီး အက်သနစ် ကွာခြားမှု (Ethnic difference) ကို အင်္ဂလိပ်လို “socially constructed differences” ဟုအဓိပ္ဗါယ်ဖွင့်ကြသည်။

မြန်မာနိုင်ငံတွင် အက်သနစ် (Ethnic) နှင့် မူရင်းဌာနေလူမျိုး (Indigenous or Native) ကိုရောထွေးကာ တိုင်း ရင်းသား (“တိုင်း” “ရင်း” “သား”) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ သို့ ရှိရာ ရောထွေးကုန်ပြီး အုပ်စုတစ်စုသည် “တိုင်း” ရဲ့ လား၊ ဘယ် “တိုင်း” လဲ၊  အ“ရင်း”အခြာရဲ့ လား၊ “သား” ရဲ့ လား စသဖြင့် လုံးထွေးကုန်သည်။

အက်သနစ်ဆိုသည်မှာ လူစု (cultural group) ပင်ဖြစ်သည်။ အက်သနစ်ကို မဆက်ခင် culture ဆိုသည့် စ ကားလုံးကို ရှင်းဖို့ လိုသည်။ မြန်မာစကားတွင် culture ကို လူအုပ်စုတစ်စု၏ ယဉ်ကျေးမှု (သို့ ) ထုံးတမ်းစဉ်လာ ဟု ဘာသာပြန်သဖြင့် ဒုက္ခရောက်တော့သည်။ ထုံးတမ်းစဉ်လာကို မပြောင်းရဟု သတ်မှတ်သဖြင့် Culture ကို လည်း မပြောင်းရဟု ဖြစ်လာသည်။ အမှန်မှာ culture ဆိုသည်မှာ မပြောင်းမလဲရမဲ့ လူတွေရဲ့  နှစ်ပေါင်း ထောင် ချီ ဓလေ့ထုံးတမ်းစဉ်လာကို ဆိုလိုခြင်းထက် လူအုပ်စု၏ နေ့ တဓူဝ လုပ်ကိုင်နေထိုင်နှင့် အပြုအမူ အယူအဆ သာဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် Culture ဆိုသည့်အသုံးအနှုန်းမှာ လူမျိုးစုတွေအတွက်သာ သက်ဆိုင်သည်မ ဟုတ် လူစုလူဝေးတိုင်းမှာ သူ့  culture နှင့် သူရှိသည်။ အမူအကျင့်ဟုသာ ဆိုပါစို့ ။ ဥပမာ ဆိုင်ရာဆိုင်ရာ ကျောင်းသားများမှာလည်း သူ့ ကျောင်း၊ မေဂျာ၊ နေရာ သဖြင့် အပေါ်လိုက်ပြီး သူ့ culture နှင့် သူရှိသည်။ ဥပမာ တချို့ ကျောင်းသား အုပ်စုများတွင် လူမှုရေးဖက်အလေးထားပြီး တချို့ ကျောင်းသားများတွင် ပညာရေး (အတန်း စာ) ကိုပိုအရေးပေးသည်။ လူမှုရေး (သို့ ) အတန်းစာ ကို အလေးပေးတာသည်ပင် ထိုကျောင်းသားအုပ်စုများ၏ culture ဖြစ်သည်။ အခြေအနေနှင့် လူအပေါ်မူတည်ပြီး ထို အမူအကျင့်များမှာလည်း ပြောင်းလဲသွားတတ်သည်။

အက်သနစ်သည်လည်း ထိုနည်းတူပင်။ အပြုအမူ အယူအဆ သတ်သတ်မှတ်မှတ် ရှိတဲ့ လူစုလူဝေးကို ခေါ်ခြင်း ဖြစ်သည်။ လူတစုတွင်ဘာသာ၊စကား၊ လူအများပြုကျင့်သည့် ဓလေ့ထုံးတမ်း စသဖြင့်အုပ်စုတစ်ခု၏ သွင်ပြင် လက္ခဏာများရှိပြီး လူအစုအဝေးပြ စရာရှိပါက ထိုအုပ်စုသည် အက်သနစ်ဖြစ်သည်။ လူစုလူဝေးတစ်ခုဖြစ်သည်။ ထိုအုပ်စု၏ characteristics (သို့ ) identity ခေါ် ၀ိသေသလက္ခဏာများသည် ရာသက်ပန် တည်ငြိမ်မှုမရှိနိုင်ပါ။ ထိုဝိသေသ လက္ခဏာများသည် culture ပေါ်အခြေခံထားခြင်းကြောင်းဖြစ်သည်။

အုပ်စုဝင်များ ကိုယ်တိုင်လည်း ယဉ်ကျေးမှု၊ ဓလေ့ထုံးစံစသည်တို့ ကို လှေနံဓားထစ်ဆုတ်ကိုင်မထားပါ။ သူ့သဘောသဘာဝအရ စီးပွားရေး၊နိုင်ငံရေး စသဖြင့် လိုအပ်ချက်ပေါ် မူတည်ပြီးပြောင်းလဲခြင်း၊ပြင်ခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်းစသဖြင့် လုပ်လေ့ရှိသည်။ ဥပမာ ဘာသာစကားဆိုပါစို့ ။ မြန်မာပြည်တွင် ဗမာ တိုင်းရင်းသားများနှင့် အထိ စပ်များသည့် ရှမ်းဒေသများတွင် ရှမ်းစကားပြောရာတွင် ဗမာစကားလုံးများကို တွဲပြောတတ်ပြီး ထိုင်းမြောက်ပိုင်းသို့ ပြောင်းရွေ့ လာသော အခါ ထိုင်း စာလုံးများနှင့်တွဲပြောကြသည်။ ရှမ်းလူမျိုးများ အလေးထားသည့် ကျားဓာတ်ပုံ ပန်းချီကားများကို ထိုင်းဘုရင်မိသားစုပုံနှင့်အတူအိမ်တွင် ချိတ်ဆွဲကြသည်။ အမေကျော် ဒွေးတော်လွမ်းကာ ထိုင်းဘုရင်မိသားစုပုံချိတ်ခြင်းမဟုတ်။ ဘုရင်ပုံရှိလျှင် ရဲမဖမ်းသဖြင့် နိုင်ငံကူး လက်မှတ် မရှိသော ရှမ်းအလုပ်သမားများက သူတို့ လုံခြုံရေးအတွက် လက်တွေ့ ကျသော ရည်ရွယ်ချက်ဖြင့် ချိတ်ဆွဲခြင်းဖြစ်သည် (အမှန်တကယ် လေးစားတာလည်းဖြစ်နိုင်သည်)။

ထို့ အတူ ရှမ်းလူမျိုးများ၏ ထုံးစံတခုဖြစ်သည်ဟုယူဆထားသည့် ဆေးမင်ကြောင်ကို ထိုင်းတွင် အလုပ်လုပ်နေသော ရှမ်းအလုပ်သမားများ အနေဖြင့် ရဲဖမ်းခံရခြင်းမှ ရှောင်ရှားရန် ၀ှက်ထားတတ်၊ ဖျက်ထား တတ်ကြသည်။ ရှမ်းစကားထက် ထိုင်းစကား သာပြောကြသည် (ရှမ်းနှင့် ထိုင်းစကား ဆင်တူသည်)။ အ၀တ်အစားများကို ထိုင်းများနှင့်တူအောင် ၀တ်စားဆင်ယင်ကြသည်။ အားလုံးသည် အမေကျော်ဒွေးတော် လွမ်းခြင်းမဟုတ်၊ ရဲဖမ်းခြင်းမှ ရှောင်ကြဉ်ရန်၊ အလုပ်ရှင်နှင့် ဈေးဝယ်သူများ ခွဲခြားနှိမ်ချခြင်းမှာ ရှောင်ကြဉ်ရန်ဖြစ်သည်။ (ethnic identity၊ ယဉ်ကျေးမှု၊ ဘုရင်မိသားစုဓာတ်ပုံ၊ ဆေးမင်ကြောင်နှင့် အ၀တ်အစားဝတ်တာ ဘာမှမဆိုင်ဟု ငြင်းခုန်လိုသူများ ရှိချင်ရှိလိမ့်မည်။ ဤအချက်ကို အခြားစာတမ်းတွင် အလျဉ်းသင့်ပါက ဆွေးနွေးပါမည်)။ ထိုင်းနိုင်ငံရောက် ရှမ်းများနေထိုင်ပုံနှင့် အိုင်တန်တတီ (၀ီသေသလက္ခဏာ) ကို University of California (Berkeley) မှ လူမှုရေးသီ အိုရီပညာရှင် Judith Butler ၏ ဝေါဟာရဖြင့် performative identity ဟု ခေါ်ဆိုနိုင်သည်။ အခြေအနေအရ အိုင်ဒန်တတီကို performing (ဖျော်ဖျေထုတ်ဖော်ပြသ) လုပ်သည်ဟုနားလည်နိုင်သည်။ ဤအချက်သည် အိုင်ဒန်တတီ၏ အရေးကြီးသော သဘောသဘာဝတခုပင်ဖြစ်သည်။ (culture ဆိုသည့် concept နှင့် ယှဉ်စဉ်းစား ပါ)။

ဆိုလိုရင်းမှာ အက်သနစ် လူအုပ်စုတစ်စု၏ အပြုအမူ၊ အလေ့အထများသည် အမြဲထာဝရ တည်မြဲနေသည်မ ဟုတ်။ လူမှုရေးပညာရှင် Stuart Hall အရဆိုရလျှင် Ethnic identity ဆိုသည်မှာ ဖြစ်တည်ခြင်း “being” သာမဟုတ်၊ ဖြစ်လာခြင်း “becoming” လည်းဖြစ်သည်။ အိုင်တန်တတီများသည် အမြဲတရားသေမဟုတ်ကြောင်း၊ အုပ်စုတစ်စုကိုသတ်မှတ်သည့် သတ်မှတ်ချက်များသည် အမြဲပြောင်းလဲနေကြောင်း၊ အုပ်စုတွင်းရှိလူများကလည်း ဓလေ့များ အပြုအမူများပြောင်းလဲကြောင်း ကချင်လူမျိုးအကြောင်းလေ့လာသည့် Edmond Leach က၁၉၅၀ကတည်းကထောက်ပြပြီးဖြစ်သည်။ ချင်းနှင့်ကယားလူမျိုးအကြောင်းလေ့လာသည့် Dr. FK Lehman (aka) Chit Hlaing ကလည်း၁၉၇၀အတွင်းက အလားတူထောက်ပြပြီးဖြစ်သည် (FK Lehman နှင့် Edmond Leach ရာနှုန်းပြည့်သဘောမတူကြသော်လည်း ဓလေ့များ လက္ခဏာများပြောင်းလဲသည့်အချက်ကို နှစ်ယောက်လုံးထောက်ပြသည်)။

ထို့ ကြောင့် အခြေအနေအရ ပြောင်းလဲသွားရသည်ကို လိမ်သည် ညာသည်လည်းကောင်း၊ မစစ်တော့ဟုလည်း ကောင်း သတ်မှတ်၍မရပါ။ ထိုင်းရောက်နေသည့်ရှမ်းများအား ရှမ်းအစစ်မဟုတ်တော့၍ မြန်မာနိုင်ငံမှရှမ်း ဟုမသတ်မှတ်တော့ပဲ မြန်မာနိုင်ငံသားမပေးတော့ဟု ခွဲခြားမရပါ။အခြေအနေနှင့် အချိန်ပြောင်းလဲလာခြင်းအရ နေ့ စဉ်ပြုမှုလိုက်စားမှုများလည်း ပြောင်းလဲလျက်ရှိရာ အုပ်စုတစ်စုအား ဤသို့ ဖြစ်သည်၊ ဤသို့ ရှိရမည်ဆိုကာ တရားသေသတ်မှတ်ခြင်းသည် မှားယွင်းသည်။ ဖြစ်လာခြင်း (သို့ ) “ဖြစ်စဉ်” ကို လျစ်လျူရှုပြီး ဤတိုင်းရင်းသား သည် ဤသို့  ဤမည်ဖြစ်သည်ဟု တရားသေမှတ်ယူထောက်ပြသော သုတေသနသည် ခေတ်ပညာရှင်များလက်မခံနိုင်တော့သည့် Essentialist study ဖြစ်သည်။

– Social Construction

အက်သနစ်သည် Social construction ဖြစ်သည့်အတွက် အုပ်စုတစ်စု၏ အမည်မှအစ အစစ အရာရာတိုင်း သည် ကံယာကံရှင်များ ကိုယ်တိုင်ဖန်တီးထားခြင်း (နှင့်/သို့ ) ပြင်ပမှ အဓမ္မညွန်းခြင်း (နှင့်/သို့ ) ကံယာကံရှင်များကိုယ်တိုင်ဆန့် ကျင်ခြင်း၊ ပြင်ဆင်ခြင်းဖြစ်သည်။ ဥပမာအက်သနစ်အမည်ဖြစ်သည့် ရှမ်း (သို့) သျှမ်းမှာ ယခင့်ယခင်ကမရှိခဲ့ပါ။ရှမ်းများက ယခုထက်ထိသူတို့ကိုယ်သူတို့တိုင်း (Tai) ဟုခေါ်သည်။ ရှမ်းပြည်ကိုမုံးတိုင်းဟုခေါ်သည်။ ကိုလိုနီခေတ်ပတ်ဝန်းကျင်တွင် ရှမ်းများနှင့် လူမျိုးချင်းနီးစပ်သည့် တိုင်းလူမျိုးများနေထိုင်သည့် စယမ် (Siam) – ယခုထိုင်းနိုင်ငံ – ကိုအခြေပြုပြီးစယမ် – စယမ်ဆိုရာမှ တဖြည်းဖြည်းပြောင်းလဲလာကာ Shan (သျှမ်း)ဆိုပြီးဖြစ်လာသည်။ ပတ်ကညောမှ ကရင်၊ကယားလီမှ ကယားမှ ယခု ကရင်နီ (Karenni)၊ ဂျိမ်းဖော် အုပ်စုတစုမှ အစချီပြီး ကချင်စသည့် အမည်များဖြစ်လာသည်။ ဘာသာစကား ဆိုလျှင်လည်း ယခင်က ကရင်နီ စာပေမရှိခဲ့သော်လည်း ယခုကရင်နီ ဘာသာစာပေ အသစ်ကို၂၀၁၁ တွင် ကွယ်လွန်သွားသည့် ကရင်နီခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲက တီထွင်ခဲ့သည်။ သို့ ရှိရာ အုပ်စုနာမည် အပါအ၀င် အခြားအရာများ ပြောင်းလဲခြင်း ပတ်သက်ပြီး အမှားအမှန်၊ ယခင်ရှိမရှိစသည့် အငြင်းပွားချက်များသည် social construction သဘော သဘောဝကို သတိမမူပဲ ငြင်းခုန်နေခြင်းဖြစ်သည်။

တိုင်းရင်းသားအုပ်စုများ ခွဲရာတွင်လည်း နာမည်တစ်မျိုးဖြင့် လူမျိုးငယ်တခုသည် လူမျိုးကြီး တစ်ခုအောက်တွင် ပါသည် စသဖြင့် ရေးသားကြသည် (ဥပမာ ဓနုနှင့် ရှမ်းကို ရှမ်း လူမျိုးအောက်တွင် ထည့်ထားသည်ကို ဘုရားပေး အမှန်တရားကဲ့သို့  ယူဆကြသည်)။ အမှန်မှာ ရှမ်းနှင့် ဓနုသည် လူမျိုးမတူသကဲ့သို့  ဘာသာစကားလည်းမတူပါ။ သို့ သော် ဓနုများသည် “ရှမ်းလူမျိုး” အောက်ရောက်နေသည်။ ထိုသို့  ထည့်ထားခြင်းသည် တရားသေ အမှန်တရား အရှိတရား မဟုတ်ပါ။ စစ်တမ်းကောက်သူများ၊ အစိုရများက စစ်တမ်းကောက်ချိန်က သူ့ ရည်ရွယ်ချက်၊ သူ့ စနစ်၊ သူ့ နားလည်မှုအရ  မှတ်တမ်းတင်ထားခြင်း၊ သတ်မှတ်ထားခြင်း၊ စစ်တမ်းကောက် ထားခြင်းဖြစ်ရာ မှားချင်မှားနေပေမည်။

မြန်မာနိုင်ငံရှိတိုင်းရင်းသားများအုပ်စုခွဲခြင်းကို မြန်မာအစိုးရချည်း စိတ်ထင်ရာခွဲထားသည်မဟုတ်။ ကိုလိုနီခေတ် ကပင် ကိုလိုနီအရာရှိများ၊ ခရီးသွား မနုသဗေဒ ပညာရှင်ဆိုသူများက သူတို့ နားလည်သည့် အတိုင်း၊ အင်္ဂလိပ်အစိုး ရအတွက် လေ့လာအုပ်စု ခွဲသွားခြင်းဖြစ်ပြီး ဦးနေ၀င်း လက်ထက်မှ ပြန်လည် အုပ်စုထပ် ခွဲခြင်းဖြစ်သည်။ အုပ်စုခွဲမှု နှစ်မျိုးလုံးတွင် လေ့လာသူများက သူတို့ စိတ်တိုင်းကျလေ့လာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံလူမျိုးစုများကို တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ဆန္ဒကောက်ခံခြင်း အလျဉ်းမရှိခဲ့။ သူတို့ အမြင်အတိုင်း “သွပ်သွင်း” ခဲ့ကြခြင်းဖြစ် သည်။

ထိုစစ်တမ်းများတွင် လူမျိုးကြီးတခု အောက်ရောက်နေသော လူမျိုးတခုသည် ထိုလူမျိုးကြီးနှင့် အုပ်စုချင်း လူမျိုးချင်း ဘာသာ စကားချင်း တူချင်မှတူမည်။ စစ်တမ်းတွင် နာမည် တမျိုးမျိုးဖြင့်ရေးထားသော လူမျိုးသည် အမှန်တကယ် ဟုတ်ချင်မှဟုတ်မည်။ စစ်တမ်းတွင် ကျန်ခဲ့သော (သို့ ) ချန်ခဲ့သော လူမျိုးသည်လည်း တိုင်းပြည်နှင့် မသက်ဆိုင်ဟု အော်တိုမစ်တစ် ယူဆ၍မရ။

ဆိုလိုရင်းမှာ တိုင်းရင်းသားသည် social construction ဖြစ်သကဲ့သို့  အုပ်စုခွဲခြင်းသည်လည်း social construction ဖြစ်သည်။ ဘုရားပေး ကျမ်းပေး ပဝေဏသီ သမိုင်းပေး အမှန်တရား အရှိတရားမဟုတ်။ လူမှုရေး သပ္ပံသုတေသနများသည် ဤကဲ့သို့ သော ဖြစ်စဉ်များကို စမ်းစစ်ရမည် ဖြစ်သည်။

– Ethnic Vs. Indigenous

အက်သနစ်သည် Indigenous (မူရင်းဌာနေလူမျိုး) နှင့်ကွာသည်။ ကနေဒါနိုင်ငံတွင် Red Indian (သို့ ) Native Canadian (သို့ ) First Nations ဟုခေါ်သော လူမျိုးများသည် Native (သို့ ) Indigenous (မူရင်းဌာနေလူမျိုး) များဖြစ်သည်။ “ဖြစ်သည်”ဟုဆိုခြင်းထက် “သတ်မှတ်သည်”ဟုဆိုပါက ပိုမှန်မည်။ နှစ်ထောင်ပေါင်း များစွာ ကတည်းက ကနေဒါတွင်နေထိုင်နေသူများဖြစ်သည့်အတွက် မူရင်းဌာနေ လူမျိုးဟု သတ်မှတ်ထားခြင်းဖြစ်သည်။ နောက်ပိုင်းမှ ၀င်ရောက်လာသည့် ဗီယက်နမ်၊မြန်မာ၊ အာရဗ်၊ တရုတ်၊ ကိုးရီးယား၊ အီသီယိုးပီးယန်း စသဖြင့်တို့ကို အက်သနစ်ဟုခေါ်သည်။ ဘာသာ၊ စကား၊ ဓလေ့နှင့် လူစုလူဝေး ဖြင့် ရှိ နေခြင်းကြောင့် အက်စနစ် ဟုသတ်မှတ်ထားသည်။ Ethnic Communities of Canada ခေါင်းစဉ်အောက်တွင် အိုင်းရစ်၊တရုတ် ၊ဗီယက်နမ်စသဖြင့် ပါဝင်သည်။ (ဥပမာ ကနေဒါအစိုးရ အင်တာနက်စာမျက်နှာကို ကြည့်နိုင်သည်။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng)။ ထိုလင့်ခ်တွင်ဖော်ပြထားသော ကိုးရီးယား၊ ဗီယက်နမ် စသည့် လူစုများမှာ မူရင်းဌာနေလူမျိုးများ မဟုတ်ပဲ၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသား စည်းကမ်းနှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရကြသည်။

အင်တီးဂျီးနက်စ်ဟု သတ်မှတ်ခြင်းသည်လည်း ဘုရားပေး ကျမ်းပေး မဟုတ်။ ပြသနာမရှိမဟုတ်။ ငြင်းခုန်နိုင်သော ကိစ္စဖြစ်သည်။ လူအုပ်စု တစ်စုသည် နေရာဒေသ တစ်ခုတွင် အချိန်ကြာရှည်စွာနေထိုင်လာပြီး သူတို့ သည် အင် တီးဂျီးနက်စ်ဖြစ်ပြီး အခြားအုပ်စုတစ်စု၏ အင်တီးဂျီးနက်စ်ဖြစ်မှုကို ဆန့် ကျင်ကောင်း ဆန့် ကျင်လိမ့်မည်။ သို့ ရှိ ရာ အုပ်စုတစု အင်တီးဂျီးနက်စ် ဟုတ်သည် မဟုတ်သည်ဆိုသည်မှာ စင်ပြိုင်တောင်းဆို ရုန်းကန်မှု ဖြစ်သည်။ သို့ သော် လူမှုရေးသိပ္ပံ သုတေသနပြုသူများ သတိပြုရမည်မှာ အာဒမ်နှင့် ဧ၀မှ လူသားများ ဆင်းသက်လာသည်ဟူသည့် ဘာသာရေးအယူဝါဒကို လက်ခံသည်ဖြစ်စေ၊ ဒါဝင်၏ Evaluation theory ကို လက်ခံသည်ဖြစ်စေ လူသားများသည် တနေနေရာမှ လက်ရှိနေရာသို့  ရွေ့ ပြောင်း လာကြခြင်းဖြစ်သည်။ မြေအောက်မှ ထိုးထွက်လာခြင်း မဟုတ်၊ ကောင်းကင်မှ ဆင်းလာခြင်း မဟုတ်။ အုပ်စုတိုင်းသည် သမိုင်း တချိန်ချိန်တွင် ဒေသ တခုခုသို့  ရွေ့ ပြောင်းလာသည့် migrant group များဖြစ်ရာ အင်တီးဂျီးနက်စ်ဖြစ် မဖြစ်ဆိုသည့်အချက်မှာလည်း အုပ်စုပေါ်မူတည်ပြီး၊ အချိန်အခါပေါ် မူတည်ပြီး ငြင်းခုန်ရနိုင်သည်။ သို့ ရှိရာ သုတေသနပြုသူများ အနေဖြင့် အုပ်စုတစ်စုအား ထောက်ခံပြီး အခြားအုပ်စုအားဆန့် ကျင်ခြင်းမျိုးကို ရှောင်ရန် အရေးကြီးသည်။ သုတေသနပြုစုရာတွင် အုပ်စုတစ်စုစုဖက်မှ ရပ်တည်ခြင်းထက် ထိုအုပ်စုများ မူရင်းဌာနေ လူမျိုးအဖြစ် အသိအမှတ်ပြုရန် မည်သို့ မည်ပုံ လှုပ်ရှားတောင်းဆိုသည်၊ စဉ်းစားသည်၊ သက်သေထူသည် စသည့်ကိစ္စရပ်နှင့် ဖြစ်စဉ်တို့ ကို ဓမ္မဒိဌာန်ကျစွာ မျှမျှတတ လေ့လာတင်ပြရန် လိုသည်။

အထူးသဖြင့် Critical social science သုတေသနပြုလိုသူများအနေဖြင့် သိပြီးသား ဗဟုသုတများ၊ နားလည်မှု များ၊ အချက်အလက်များကို problematize (or) unsettle ပြီး လူတိုင်းအတွက် လူမှုရေးတရားမျှတမှု (social justice) နှင့် progressive change ကို ရှေးရှုပြီး နားလည်မှု အသစ်၊ ရှင်းလင်းချက်အသစ်များကို ရှာဖွေဖော် ထုတ် တင်ပြနိုင်ရမည်။

Leave a Reply