3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
4 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
4 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၊ ၂၀၁၂
M-Media
ရဲမာန်အောင်

ဒီနေ့ထူးထူးခြားခြား မထင်မှတ်ပဲ လက်ဖက်ရည်ဝိုင်းက စိုစိုပြည်ပြည်လေးဖြစ်နေသည်။ ကျွန်တော် တော်တော်အံ့သြနေမိသည်။ ဒီလိုလက်ဖက်ရည်ဝိုင်းမျိုး သူငယ်ချင်းတွေ စုပြီးမထိုင်ဖြစ်တာတော်တော်ကြာခဲ့ပြီလေ။ ဝိုင်းထဲမှာ ထွေရာလေးပါးစကားအစုံကို တက်တက်ကြွကြွ ဦးဆောင်နေတာ က “ မြင့်ထူး” ။
ကျွန်တော် အဓိက အံ့သြရသူက သူ့ကိုပါ။ သူ့ကိုယ်သူ သာမန်လူကောင်းတစ်ယောက်နဲ့မခြား  ပျော်ပျော်ပါးပါးစကားတွေ ပြောနေလိုက်တာများ။ သူက ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းလုပ်နေတဲ့ ပရဟိတ လူမှုကွန်ယက်မှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ယောက်ပါ။ မြင့်ထူးကို ကြည့်ရင်း ကျွန်တော့်အတွေးထဲကို လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖြစ်အပျက်တွေ အစီအရီဝင်ရောက်လာပါတော့တယ်။ ကံကြမ္မာ ဟူသည်ကား ဆန်းကြယ်လှပေစွ။

၂၀၀၅-၆ အကူးအပြောင်းလေးမှာပေါ့။ မြင့်ထူးက ကျွန်တော်နဲ့အရမ်းတွဲတဲ့သူငယ်ချင်း။ ဘယ်လောက်ထိရင်းလဲဆိုရင် သူ့မိသားစုဝင်တွေနဲ့ပါ တရင်းတနှီး၊ မြင့်ထူးတို့အိမ်က ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့စားအိမ်သောက်အိမ်၊ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့စုရပ်လို့တောင်ပြောလို့ရပါတယ်။

၂၀၀၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ ကျွန်တော်အလုပ်ကိစ္စနဲ့ခရီးတွေသွားနေရတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက်ဖြစ်ပဲ သူငယ်ချင်းတွေလည်း မဆုံဖြစ်ကြဘူးပေါ့။ နောက်ပိုင်း အလုပ်တွေလက်စသတ်တော့ ၂၀၀၆ ဇန်နဝါရီလကုန်ပိုင်းလောက်မှ ကျွန်တော်လည်း ခရီးကနေပြန်ရောက်တယ်။ ဒါနဲ့ မတွေ့တာကြာပြီဖြစ်လို့ မြင့်ထူးတို့ အိမ်ဖက်ကို ရောက်သွားခဲ့တယ်။ မြင့်ထူးတို့အိမ်ရောက်တော့ မြင့်ထူးညီမလေးက မြင့်ထူးတစ်ယောက် ခုတစ်လောနေမကောင်းကြောင်း၊ ကျွန်တော်က ဘာဖြစ်တာလဲလို့ဆိုတော့ New Year ပွဲတော်ရက်ပြီးကထဲက တရှောင်ရှောင်နဲ့ ညနေဖက်ဆို အဖျားတက် တက်နေကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း မြင့်ထူးကိုဝင်တွေ့ပြီး ကောင်းသွားမည်ဖြစ်ကြောင်း၊ အစားအသောက် ဂရုစိုက်ရန်လိုကြောင်း၊ စတာတွေပြောပြီး ပြန်လာခဲ့ပါတယ်။ နောက်ရက်ပိုင်းတွေတော့ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက် ဖြစ်တော့ပါ။

ဒီလိုနဲ့ ဖေဖော်ဝါရီလဆန်းရက်မှာပေါ့။ တစ်ရက် အလုပ်မှာထိုင်နေရင်း …..

“ တီတီ..တီတီ…တီတီ..” ကျွန်တော့် အလုပ်စားပွဲပေါ်မှ ဟန်းဖုံးကမြည်လာပါတယ်။ ဖုံးနံပါတ်ကြည့်လိုက်တော့ မြင့်ထူးအစ်ကို မြင့်ဦး ဆီက ဖုံးဖြစ်နေတယ်၊ ပြန်ထူးလိုက်ပါတယ်။

“ ဟုတ်ကဲ့ကိုမြင့်ဦး .. ပြောပါ”

“ ဟေ့ကောင်ရဲကြီး မင်းကလည်းပျောက်နေလိုက်တာကွာ”

“ မဟုတ်ပါဘူးအကိုရာ အလုပ်လေးနည်းနည်းများနေလို့ပါ.. ဒါနဲ့မြင့်ထူးတစ်ယောက် ဘယ်လိုနေလဲဗျ.. ကျွန်တော်လည်း မရောက်ဖြစ်လို့… ကောင်းသွားပြီလားမသိ”

“ အေးကွာ…အကိုလည်း အဲဒီအတွက်ပဲ မင်းကို ဆက်တာကွ.. ဒီကောင်ကွာ တရှောင်ရှောင်နဲ့ ခုထိမသက်သာဘူးကွ.. ညနေတိုင်းလိုလို အဖျားတက်တက်နေတယ်.. အကိုသိပ်မကြိုက်ဘူး သူ့ပုံစံကို.. ဖြစ်နိုင်ရင် သေချာစစ်ဆေးလိုက်စေချင်တယ်.. တော်ကြာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေမယ်။ အဲဒါမင်းနည်းနည်းကူပါဦးကွာ”

“ ကောင်းပြီအကို.. စိတ်ချ၊ ကျွန်တော်အစွမ်းကုန် ကူညီပါ့မယ်။မနက်ဖြန်မနက် သူ့ကို ကျွန်တော်ဆေးခန်းခေါ်သွားလိုက်မယ်။ လိုအပ်တာတွေအကုန်စစ်ပေးလိုက်မယ်ဗျာ။ အကို သူ့ကိုမှာထားလိုက်ပါ..ကျွန်တော်လာခေါ်မယ်လို့။”

“ အေးအေး..ကျေးဇူးပဲကွာ.. အကိုကျတော့ ညီအစ်ကိုချင်းဆိုတော့ ပြောရတာ လက်ပေါက်ကပ်လို့”

“ ဟုတ်ကဲ့အကို.. ကျွန်တော် နက်ဖြန်စီစဉ်ပါ့မယ် …စိတ်ချနော်.. ဒါပဲနော်အကို ဖုံးချလိုက်တော့မယ်”

ဖုံးချလိုက်ပြီး အစီအစဉ်တွေကမန်းကတမ်းဆွဲရသည်။ အလုပ်တွေ အချိန်ရွှေ့သင့်တာရွှေ့နဲ့ပေါ့။

နောက်နေ့မနက်ကျတော့ စောစောထပြီး မြင့်ထူးကိုသွားခေါ်သည်။ မြင့်ထူးတစ်ယောက် မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပါတယ်။ လူကလည်း ပိန်ချုံးလို့ ဝိတ်တော်တော်ကျသွားတယ်။ ကျွန်တော်သူ့ကို တွဲပြီးလမ်းထိပ်ကို ထွက်လာရင်း မြင့်ထူးက “ဟေ့ကောင်ရဲကြီး.. ငါကော်ဖီသောက်ချင်တယ်ကွာ.. လက်ဖက်ရည်ဆိုင်ခဏထိုင်ရအောင်” လို့ဆိုတော့ ကျွန်တော်က“ ဟာ နေပါဦးကွာ မင်းကလည်း..ဆေးခန်းက အပြန်သောက်တာပေါ့. တကယ်လို့ ဆေးခန်းမှာ အစာမစားပဲ စစ်စရာရှိရင် တစ်ခါတည်း အဆင်သင့်ဖြစ်တာပေါ့ကွ” လို့ပြန်ပြောတော့ မြင့်ထူးက “ ဟာကွာ… ငါမင်းကို ပြောပြစရာရှိလို့ပါ… လက်ဖက်ရည်ဆိုင်သာ င့ါကိုခေါ်သွားစမ်းပါကွာ..ငါတောင်းပန်ပါတယ်” လို့ဆိုပြန်တော့ ကျွန်တော်လည်း မတတ်သာသည့်အဆုံး လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုဝင်ထိုင်လိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ခဏနားပြီး မြင့်ထူးက

“ သူငယ်ချင်း … မင်းမှတ်မိမလားမသိဘူး ၂၀၀၀ ခုနှစ်လောက်တုန်းက ငါ နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်ဖို့လုပ်တုန်းက ကုမ္ပဏီကိုပေးထားတဲ့ ငွေတွေ ဆုံးသွားတယ်ဆိုတာလေ”

“ ဟ..မှတ်မိတာပေါ့ကွာ…ငါတောင်အဲ့တုန်းက မင်းကိုပြောသေးတယ်လေ.. အဲဒီကုမ္ပဏီကို ငွေပြန်မပေးရင် ပြဿနာသွားရှာမယ်လို့”

“ အေး.. အဲဒါပြောပြမလို့ကွာ..ငါကမင်းကို အစုံအလင်မပြောပြပဲ အုပ်ထားခဲ့မိတာ.. .. .. တကယ်က ကုမ္ပဏီက မှားတာမဟုတ်ဘူး.. မှားတာက ငါ… ငါဆေးမအောင်တာလေ”

“ ဟာ…….. မင်းကဘယ်လိုဆေးမအောင်တာတုန်းဟ”

မြင့်ထူးတစ်ယောက် ကျွန်တော်ပြန်မေးတဲ့မေးခွန်းကို ပြန်မဖြေခင် ချုံးပွဲချငိုလိုက်ရင်းက တုန်ရီသောအသံနဲ့

“ ငါ့မှာ HIV POSITIVE  တဲ့ကွာ”

ကျွန်တော့ ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရပါတယ်။

“ ဟာ ……………….မင်းကွာ.. အဲဒါင့ါကို ဘာဖြစ်လို့ အစောကြီးကမပြောပြတာလဲကွာ.. မင်းတော်တော်မှားတယ်ကွာ.. ဘာပဲဖြစ်ဖြစ် မင်းငါ့ကိုတော့ပြောပြသင့်တာပေါ့.. ငါတို့တွေက တစ်ဖက်မှာ နှစ်သိမ့်ပညာပေးအစီအစဉ်တွေကို နယ်တွေအထိတောင်ဆင်းပြီးလုပ်နေကြတာ.. မင်းက ငါတို့နဲ့အနီးဆုံးဖြစ်ပြီး အဲလောက်တောင်ပေါ့ဆရလားကွာ… ”ပြောရင်း ကျွန်တော်လည်း မျက်ရည် မဆည်နိုင်ပါဘူး။ မြင့်ထူးကလည်း ငိုတာမရပ်တော့ဘူး။ ကျွန်တော် အလုပ်သင့်ဆုံးကိစ္စတစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ ကျွန်တော်သူ့ကိုပြောလိုက်ပါတယ်။

“ စိတ်ဓါတ်မကျပါနဲ့ သူငယ်ချင်းရေ.. အေးဆေးပါကွာ။ ဘာမှမဖြစ်ဘူး။ ငါမင်းကိုအဆင်ပြေဆုံးဖြစ်အောင် ကူညီပါ့မယ်။ လတ်တလော မင်းအဲဒီကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်စမ်းပါ၊ တစ်ခုတော့ ရှိတယ် ။ ငါတို့စီစဉ်ပေးတဲ့အတိုင်းတော့ မငြင်းပဲ လိုက်နာပေးဖို့ မေတ္တာရပ်ခံချင်တယ်။”  မြင့်ထူးလည်း မျက်ရည်တွေကြားထဲကနေခေါင်း အသာညိတ်ရှာပါတယ်။

နောက်တစ်ရက်ကျတော့ ကျွန်တော့သူငယ်ချင်း ဆရာဝန်နဲ့အတူ မြင့်ထူးကိုသွားခေါ်ပြီး ဝေဘာဂီဆေးရုံကြီးကို ခေါ်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ လိုအပ်တဲ့ Confirmatory Test တွေလုပ်ပြီး စာရင်းသွင်းခဲ့ပါတယ်။ ဟုတ်ပါတယ် မြင့်ထူးဟာ HIV POSITIVE ဖြစ်နေတာအမှန်ပါပဲ။  လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေကို စစ်ဆေးကြည့်တော့ အဆုတ်လည်းပွ နှလုံးလည်း ကြီးနေပါတယ်။ ဒါနဲ့ပဲ ဆေးရုံတစ်ခုမှာတင်ပြီး ဆေးကုသမှုခံယူပါတယ်။ ဆရာဝန်ကြီးက အရင်ဆုံး နှလုံးကြီးတာကို အရင်ကုသပါတယ်။ တော်တော်လေး အခြေအနေတိုးတက်လာတော့မှ မူရင်းရောဂါနဲ့ပတ်သက်တဲ့ဆေးတွေကို စတိုက်ပါတယ်။ သူ့စီဒီဖိုးကောင့်က တစ်ရာအောက်မှာပါ။ ဝမ်းလည်းဆက်တိုက်နီးပါးစသွားနေပါပြီ။ အပြင်လူတွေရဲ့အပြောအရတော့ မြင့်ထူးဟာ မျှော်လင့်ချက်မဲ့နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဇွဲမလျှော့ပါဘူး။ မြင့်ထူး ဆေးရုံတက်နေတဲ့ကာလတလျှောက် ကျွန်တော် မြင့်ထူးကို နေ့တိုင်းသွားတွေ့ပါတယ် ။ လိုအပ်တာတွေ စီစဉ်ပေးပါတယ်။ တော်တော်လေး ထူနိုင်ထောင်နိုင်သွားတဲ့အချိန်ကျတော့ ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် မြင့်ထူး လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ အောက်ပိုင်းခြေထောက်တွေ ချိနဲ့သွားတဲ့ သဘောဖြစ်မယ်ထင်ပါတယ်။ စိတ်ဓါတ်လည်း တော်တော်ကျနေတဲ့ပုံပဲဗျ။ ကျွန်တော်စဉ်းစားပါတယ်။ မြင့်ထူးကိုဘာလုပ်ပေးနိုင်မလဲပေါ့။ နောက်ဆုံး ကျွန်တော်စာလေး တစ်စောင်ချရေးဖြစ်ပါတယ်။ မြင့်ထူးရယ်မှမဟုတ်ပါဘူး။ သူ့လိုဘဝတူ အားလုံးကို ရည်ရွယ်ထားတဲ့စာလေးတစ်စောင်ပါ။

P.L သူငယ်ချင်းသို့…………အိတ်ဖွင့်ပေးစာ

သူငယ်ချင်းရေ…….

မင်းအနားမှာလာပြီး ထိုင်ပြောနေရင် မင်းနားငြီးမှာစိုးလို့ စာရေးပြီးမင်းကိုပေးထားမယ်လို့ စိတ်ကူးရတာနဲ့ ဒီစာကိုရေးလိုက်တာပါကွာ. .သေချာဖတ်ပါ… အလိမ်အညာတစ်ခုမှမပါဘူး… အပွင့်လင်းဆုံးတွေရေးထားတာ…

Positive Living  ( P . L  )

(P.L)ဆိုတာရောဂါပိုးရှိလျှက်နဲ့အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုတာ..ရောဂါပိုးရှိတော့ဘာဖြစ်လဲ? ရှိရှိပေါ့ကွာ..ခန္ဓာကိုယ်အတွင်းကဖြစ်လာတဲ့ဟာကိုရှောင်လွှဲလို့မှမရနိုင်တာ… ရင်ဆိုင်လိုက် စမ်းပါကွာ… ဒီရောဂါပိုးရှိလာရင် ဆေးကိုအချိန်မှန်မှန်၏အသက်နဲ့ခန္ဓာမြဲသရွေ့သောက်ရမယ်… ၀မ်းနည်းစရာဘာမှမရှိဘူး။ သွေးတိုး၊ ဆီးချိုသမားတွေလည်း သက်ဆုံးတိုင် ဆေးသောက် ကြရတာပါပဲ၊ ကိုယ့်ကိုယ်ကို သူတို့နဲ့ဘ၀တူပဲလို့ မှတ်ယူထားလိုက်စမ်းပါ၊ အစားကိုကောင်းကောင်းစား၊ အားဖြစ်မယ့် အစားအစာတွေကို အဓိကစား၊ သတိထားရမှာက စိတ်တည်ငြိမ်ဖို့ပဲ၊အားလပ်တဲ့အချိန် တိုင်းမှာ ဘုရားတရားကိုအာရုံပြု၊ ဖြစ်သမျှအကြောင်းကို အကောင်းချည်းပဲလို့မှတ်ထား၊ မိသားစုကို ဘယ်လိုနည်းနဲ့ အကျိုးပြုနိုင်မလဲဆိုတာလေးလေးနက်နက် စဉ်းစား၊ ပျော်တာပါးတာတွေမေ့ထား လိုက်တော့…..“ သောက်မှစားမှ ပျော်စရာမဟုတ်ဘူး” မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်လည်း ပျော်စရာပါ၊ ဒီနေ့လောကကြီးမှာ ဒီလိုနည်းနဲ့အသက်ရှင်နေထိုင်တဲ့လူတွေ(P.L )တွေအများကြီး၊ အရာရာကိုအကောင်းမြင်ပါ..။

ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တစ်ခု–ဥပမာ- လူ(၅၀)ကျော်သေဆုံးသွားတဲ့ ပေါက်ကွဲမှုတစ်ခုကိုကြည့်ပြီး အဆိုးမြင်ဝါဒီသမားက ဘာပြောလဲဆိုတော့ “ဒီ့ထက်ဆိုးတာမရှိနိုင်တော့ဘူး”လို့ ပြောတယ်။ အဲ—— အကောင်းမြင်ဝါဒီသမားကတော့ ဒီလိုမဟုတ်ဘူး၊ “ ဒီ့ထက်ဆိုးတာရှိနိုင်သေးတယ်”လို့ပြောတယ်။ အဲဒီနှစ်ယောက် ဘယ်သူမှန်မယ်ထင်လဲ၊ ငါတော့အကောင်းမြင်တဲ့လူကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဖြစ်ပျက်သွားတဲ့ကိစ္စကို မင်းလက်မခံလို့မှမရတာ။ အဆိုးထဲကအကောင်းကို မြင်အောင်ကြည့်ရမှာပေါ့။ မဟုတ်ဘူးလား….ဆိုးတာကိုဆိုးတယ်လို့ပြောပြီး ငုတ်တုတ်ထိုင်နေရင် ဆုံးရှုံးရုံကလွဲပြီး ဘာမှဖြစ်မလာ နိုင်တော့ဘူး။

လောကမှာကိုယ်ဖြစ်စေချင်နေတာတွေထက် သူ့ဟာသူဖြစ်လာနေတာကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ပိုအရေးကြီးတယ်ကွာ။

( P.L )တစ်ယောက်အနေနဲ့ မင်းအရင်ဆုံး အနှောင့်အယှက်ဖြစ်လာနိုင်တာက မင်းရဲ့ပတ်ဝန်းကျင်( အပေါင်းအသင်း)တွေပဲ။

သူငယ်ချင်းရေ…..

မင်းရဲ့ အပေါင်းအသင်းတွေထဲမှာ ငါ့လိုစကားများတဲ့လူတွေပါနိုင်သလို၊ မင်းကိုမလိုလားတဲ့စကားတွေနဲ့ သွားပုပ်လေလွင့်ပြောပြီး ရှေ့ မှာတစ်မျိုး၊ ကွယ်ရာမှာတစ်ဖုံ ဆက်ဆံကြမယ့် သူငယ်ချင်းအတုအယောင်တွေလည်းရှိနိုင်တယ်။ ဂရုမစိုက်ပါနဲ့…ဒီဟာကလည်း အပြစ်လို့မဆိုသာဘူး။ ငါတို့မွေးဖွားကြီးပြင်းရတဲ့ ဒေသကိုက ဒီကိစ္စနဲ့ပက်သက်ရင် ကျန်းမာရေး ဗဟုသုတ နည်းပါးနေကြလို့ပါ၊ ပြောနေကြတဲ့လူတွေကိုယ်တိုင်ဆေးစစ်မခံရဲဘူး။ ဒေါသမဖြစ်ပါနဲ့။ သူတို့ကိုမေ့ထားလိုက်ပါ။ သူ့ဟာသူအချိန်တန်ရင် ရပ်သွားလိမ့်မယ်။ နောက်ပြီးတော့ အရေးကြီးဆုံးက မိသားစုကိုအသိပေးပါ။ ဆေးသောက်ဖို့ကိစ္စ တစ်ယောက်တည်းနဲ့ ရေရှည်မဖြစ်နိုင်ဘူး။ ရှက်စရာကိစ္စမဟုတ်ဘူး။ သူများပြောမှသိရတာထက် ကိုယ်ပြောလို့သိသွားတာကောင်းတယ်၊ မင်းလည်းလိပ်ပြာပိုသန့်မယ်။

“ သေခြင်းတရား ”

ဒီကိစ္စက မင်းနဲ့လည်းမဆိုင်ဘူး။ ငါနဲ့လည်းမဆိုင်ဘူး။ ဒီကိစ္စကိုလောကမှာဘုရားမှလွဲပြီး ဘယ်သူမှ မစိုးပိုင်ဘူး။ ဒီတော့ဘုရားသခင်ကိုကျော်ပြီးမတွေးပါနဲ့။ သူ့အလုပ်သူလုပ်လိမ့်မယ်။ ကိုယ့်အလုပ်က ကျန်းမားအောင်နေထိုင်ဖို့၊ ဘုရားကြိုက်အောင်နေဖို့။ငါတို့အယူဝါဒမှာ ရှိတာ ငါပြောပြမယ်။ “ရောဂါဘယဆိုတာဟာတဲ့ ဘုရားသခင်ကမင်းကိုချစ်လို့ပေးတာတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာအမှားမကင်းဘူး၊ အပြစ်ဆိုတာရှိနိုင်တယ်။ အဲဒီအပြစ်တွေကို ဆေးကြောပေးတာပဲ”တဲ့။ ဒီတော့လောကမှာ နေထိုင်ခွင့်ရတုန်း အပြစ်တွေဆေးကြောခွင့်ရတယ် လို့မှတ်ယူထားလိုက်ပေါ့ကွာ။လောကကြီးမှာ “ ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်ရင်တဏှာတဲ့” တရားဘာဝနာစီးဖြန်းဖို့ အားထုတ်ပါ။

လောကမှာအသက်ရှင်နေထိုင်ဖို့ “ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ” ညီမျှရမယ်လို့ ဗုဒ္ဓမြတ်စွာဘုရားကမိန့်တယ်။ ကံဆိုတာ အလုပ်၊ စိတ် ဆိုတာက မင်းရဲ့စိတ်နှလုံးသန့်ရှင်းကြည်လင်ဖို့၊ ဥတုဆိုတာက ရာသီဥတု၊ အာဟာရဆိုတာက မင်းနေ့စဉ် မှီဝဲစားသောက်ရမယ့် အစားအစာ ဆေးကိုဆိုလိုတာ…အသက်ကိုဥာဏ်စောင့်ပါတယ်ကွာ….။

သူငယ်ချင်းရေ……

ဒီနေ့ကမ္ဘာကြီးဟာ လျှင်မြန်တဲ့အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတာကွ… ဘယ်နယ်ပယ်မှာမဆိုပေါ့ကွာ….အခုပဲကြည့်လေ.. “ကုရာနတ္ထိ ဆေးမရှိ”ဆိုတဲ့ဆောင်ပုဒ် ဘယ်ရောက်သွားမှန်းတောင်မသိဘူး။ အခုနောက်ဆုံးငါသိထားရသလောက်ပြောရရင် အမြစ်ပြတ် မကုနိုင်သေးပေမယ့် ရောဂါကိုတားထားနိုင်တဲ့ဆေးတွေပေါ်လာပြီလေ။ မဝေးတော့တဲ့အနာဂတ်မှာ ဒီရောဂါဆိုးကြီးကို အမြစ်ပြတ်ချေ မှုန်းနိုင်တဲ့ ဆေးစွမ်းကောင်းတွေ ပေါ်မလာဘူးလို့ ဘယ်သူဆိုဝံ့သလဲ……. လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာပါကွာ…

ဒီတော့ “သူငယ်ချင်း”…..

ရခဲတဲ့လူ့ဘ၀မှာ အသက်ရှည်စွာနေထိုင်နိုင်ဖို့ ကြံ့ကြံ့ခံစမ်းပါသူငယ်ချင်းရာ။ “ ငါဘာမှမဖြစ်ဘူး၊ငါကျန်းမာလာပြီ”လို့ စိတ်ထဲမှာခံယူထားပါ။ စိတ်ရှုပ်စရာတွေ မတွေးပါနဲ့… အိမ်ထဲမှာနေ နေရလို့ မွန်းကျပ်လာရင် ငါတို့နဲ့လာနေပါ၊ပျော်ရွှင်စွာနေပါ။

မင်းနေကောင်းသွားပြီလို့ ငါယုံကြည်တယ်ကွာ…. တစ်ခုခုစိတ်ထဲမှာ ခံစားရရင် ဒီစာလေးကို ထုတ်ဖတ်ပါသူငယ်ချင်း။ မင်းအတွက်ဆေးတစ်ခွက်ဖြစ်ရင် ငါကျေနပ်ပါတယ်ကွာ…… သူငယ်ချင်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ။

မင်းရဲ့အချစ်ဆုံးသူငယ်ချင်း

ရဲကြီး

နောက်ရက် မြင့်ထူးဆီသွားတော့ သူက ကျွန်တော့်စာလေးအတွက် ကျေးဇူးတင်တဲ့အကြောင်း သူ့စိတ်ခွန်အားတွေ ပြန်ပြည့်လာသလိုခံစားရကြောင်း။ ဘယ်သူ့ကိုမှ အသိမပေးခဲ့မိတဲ့ သူ့အမှားတွေအတွက်လည်း နောင်တရမိကြောင်း၊ ခုဆိုရင် တော်တော်လေး နေသာထိုင်သာရှိသွားပြီး ဆေးလည်းအချိန်နဲ့တိတိကျကျသောက်နေတဲ့အကြောင်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး ဘုရားတရားလည်း ပိုလုပ်ဖြစ်ကြောင်း။တကယ့်လူ့ဘဝကို အခုမှ တန်ဖိုးထားမိကြောင်းတွေ ရွှန်းရွှန်းဝေအောင်ပြောနေပါတော့တယ်။ ကျွန်တော်ကလည်း ရောဂါဘယတစ်ခုဖြစ်လာရင် စိတ်ဓါတ်အရေးကြီးကြောင်း စိတ်ထောင်းလို့ကိုယ်ကြေတယ်လို့ အဆိုရှိကြောင်း ၊ ကုသမှုခံယူရင်း လူကောင်းနဲ့မခြား လောကအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အောက်ပိုင်း ချိနေတာကိုလည်း တဖြေးဖြေး လေ့ကျင့်ခန်းလုပ်ရင်း တော်တော်ပြန်ကောင်းလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော့ရင်ထဲက ပီတိအဟုန်ကိုလည်းပြောမပြတတ်အောင် ခံစားမိခဲ့ပါတယ်။

ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိသည်လည်းမသိ။  “ဟေ့ကောင်..ရဲကြီး..ဘာတွေစဉ်းစားနေတာလဲကွ၊ မင်းကိုခေါ်နေတာကြာလှပြီ” ဆိုတဲ့ မြင့်ထူးရဲ့အသံကြားမှ ကျွန်တော်  လက်ဖက်ရည်ဝိုင်းထဲကို ပြန်အာရုံဝင်လာပါတယ်။

“ဘာရယ်မဟုတ်ပါဘူးကွာ.. တောင်တောင်အီအီလျှောက်စဉ်းစားနေတာ..ဟဲဟဲ” မြင့်ထူးက“ အေးပါ.. မင်းကသာ လျှောက်စဉ်းစားနေတာ…ကြည့်လည်းလုပ်ဦး ခေါင်းတွေဖြူကုန်ဦးမယ်..  ငါဆို တစ်ခါတစ်လေ မင်းတို့နဲ့တွေ့ရင် ကိုယ့်ကိုယ်တောင်မေ့နေတာ.. ဒါနဲ့ ဒီတစ်ပတ်မင်းတို့ နှစ်သိမ့်ပညာပေး ခရီးသွားရင် ငါ့ကိုခေါ်ဦးနော်.. ငါဆေးတွေသေချာဆောင်ပြီးလိုက်ခဲ့မယ်… င့ါဘဝရဲ့ အဖြစ်သနစ်တွေကိုပြပြီး ငါနဲ့ဘဝတူတွေကို စိတ်ဓါတ်မြှင့်တင်ပေးဖို့ငါအရမ်းကိုအာသီသ ရှိနေတယ်ကွာ…  ငါ့ကိုခေါ်သွားဖို့တော့မမေ့ပါနဲ့ကွာ…။” ကျွန်တော်သူ့ကိုကြည့်ရင်း ကြည်နူးပီတိ ဂွမ်းဆီထိသို့ ဖြစ်ရပါလေတော့သတည်း။

(သူငယ်ချင်း မြင့်ထူး ကျန်းမာရွှင်လန်းစွာဖြင့် လူ့လောကကို အကျိုးပြုရင်း သက်တမ်းစေ့နေထိုင်နိုင်သွားပါစေလို့ ဆန္ဒပြုရင်း 2012 DECEMBER 1 ရက်နေ့မှာ ကျရောက်မယ့် WORLD AIDS DAY ကို ဤဖြစ်ရပ်မှန်ဆောင်းပါးဖြင့် ဂုဏ်ပြု ရေးဖွဲ့ပါသည်။)

Ye Man Aung (29-11-2012)

 

Leave a Reply