5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၁၊ ၂၀၂၁
M-Media

-တရုတ်အစိုးရဟာ ဝီဂါမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတာကို မြေပြင်အထောက်အထားတွေက ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာ ဖော်ပြနေတယ်လို့ အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Newlines Institute for Strategy and Policy က ပြောကြားလိုက်ပါတယ်။

Newlines Institute for Strategy and Policy အဖွဲ့ဟာ အင်္ဂါနေ့က ဝီဂါကိစ္စနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့တာပါ။ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးအရေးယူရေး သဘောတူညီချက်ပါ အချက်အလက်တွေကို အခြေခံပြီး သုံးသပ်လေ့လာကာ လွတ်လပ်တဲ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ပထမဆုံး အစီရင်ခံစာ ဖြစ်ပါတယ်။

တရုတ်အစိုးရကထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဂြိုဟ်တုပုံရိပ်တွေ အပါအဝင် အတည်ပြုလို့ရတဲ့ အထောက်အထားမှန်သမျှကို စုဆောင်းကာ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူပေါင်း ၃၀ ကျော်နဲ့ လေ့လာ ဆန်းစစ်ခဲ့တာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၄ ခုနှစ်က ‘အကြမ်းဖက်မှုတိုက်ဖျက်ရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဝီဂါလူမျိုးတွေကို ဖျက်ဆီးဖျောက်ဖျက်မယ့် စီမံကိန်းကို စတင်ခဲ့တယ်လို့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် တရုတ်အာဏာပိုင်တွေဟာ လူသန်းချီ အကျဉ်းစခန်းထဲ ပိတ်လှောင်တာ၊ ဝီဂါခေါင်းဆောင်တွေကို သတ်ဖြတ်တာ၊ အဓမ္မသားကြောဖြတ်တာ၊ ကလေးတွေကို မိဘတွေထံကနေ ခွဲထုတ်တာတွေ လုပ်ဆောင်ခဲ့သလို၊ ဗလီတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု အထိမ်းအမှတ် အဆောက်အဦးတွေ ဖျက်ဆီးကာ ဝီဂါလူမျိုးတွေရဲ့ အမှတ်သညာကိုဖျောက်ဖျက်ဖို့ လုပ်ဆောင်လာတယ်လို့ Newlines Institute for Strategy and Policy အဖွဲ့က ပြောပါတယ်။

တရုတ်အစိုးရက ဝီဂါတွေအပေါ် ကျူးလွန်မှုတွေဟာ ​လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ချက် ၅ ချက်စလုံးနဲ့ ကိုက်ညီနေတယ်ဆိုတဲ့ တိကျခိုင်မာတဲ့ အထောက်အထားတွေကို တွေ့ခဲ့ရကြောင်း လေ့လာသုံးသပ်ခဲ့တဲ့ ပညာရှင်တွေက ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ အချက် ၅ ချက်က လူမျိုးစုတစ်စုကို သီးသန့်သတ်ဖြတ်တာ၊ အဲဒီလူမျိုးစုကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်အပေါ်မှာ ဆိုးဆိုးရွားရွား ဒုက္ခပေးတာ၊ လူမျိုးစုတစ်ခုလုံးရဲ့ အမှတ်သညာတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျက်ဆီးပပျောက်သွားစေမယ့် အခြေအနေမျိုးကို ရည်ရွယ်ချက်ရှိရှိ တွက်ချက် အကောင်အထည်ဖော် ဆောင်ရွက်တာ၊ ကလေးမွေးဖွားမှုကိုတားဆီးတဲ့ လုပ်ရပ်တွေ ဆောင်ရွက်တာ၊ အဲဒီလူမျိုးစုက ကလေးငယ်တွေကို အခြားလူမျိုးစုတွေဆီ အဓမ္မပို့ဆောင် ကြီးပြင်းစေတာတွေ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် သေဆုံးမှု

ဝီဂါတွေကို အကျဉ်းစခန်းထဲမှာ ပိတ်လှောင်ထားတဲ့ အစီအစဉ်အတွင်း အစုအလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ရရှိခဲ့သလို ဝီဂါခေါင်းဆောင်တွေကိုလည်း တရုတ်အစိုးရက သေဒဏ်ပေးသတ်ပစ်တာ၊ နှစ်ရှည်ထောင်ဒဏ်ချတာတွေ ရှိတယ်လို့ တတ်သိပညာရှင်များအဖွဲ့က ပြောပါတယ်။

“အဓမ္မကျင့်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ လူမြင်ကွင်းမှာ အရှက်တကွဲအကျိုးနည်းအောင် လုပ်တာတွေအပါအဝင် ဝီဂါတွေဟာ စနစ်တကျညှင်းပမ်းမှု၊ ရက်စက်မှု၊ လူမဆန်မှု၊ နှိမ့်ချစော်ကားမှုတွေကို အကျဉ်းစခန်းထဲမှာရော အပြင်မှာပါ ခံစားနေရပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေဟာ အရွယ်ကောင်း ဝီဂါအမျိုးသားတွေကို အသက်ရှင်ရပ်တည်လို့မရတဲ့ အခြေအနေမျိုးဖြစ်အောင် စနစ်တကျ အကျဉ်းချသလို၊ အလုပ်ကြမ်းစခန်းတွေကို အဓမ္မပို့ပစ်တာ၊ ဝီဂါမျိုးသမီးတွေကို အဓမ္မ သားကြောဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၉ တစ်နှစ်တည်းမှာပဲ ရှင်ကျန်းပြည်နယ်က က​လေးမွေးနိုင်တဲ့အရွယ် ဝီဂါအမျိုးသမီး အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို သားကြောဖြတ်တာ၊ သန္ဓေတားပစ္စည်းထည့်တာတွေလုပ်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ သန္ဓေတားမှုဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဝီဂါတွေအများအပြားနေထိုင်တဲ့ ခရိုင် ၂ ခုမှာ မွေးဖွားနှုန်းဟာ ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

ဝီဂါမိသားစုတွေထဲက မိဘတွေကို အကျဉ်းစခန်းတွေထဲမှာ ပိတ်လှောင်ကာ ကလေးတွေကို အစိုးရရဲ့ မိဘမဲ့​ေဂဟာကို အဓမ္မပို့ဆောင်ပြီး ဝီဂါတွေရဲ့ယဉ်ကျေးမှု၊ ဘာသာစကား၊အမွေအနှစ် ပျောက်သွားအောင် တရုတ်ဇာတ်သွင်းနေတယ်လို့ Newlines Institute for Strategy and Policy အဖွဲ့က ပြောပါတယ်။

ရှင်ကျန်းမှာ ဒီလို မိဘမဲ့​ဂေဟာ တည်ဆောက်မှုအရေအတွက် မြင့်တက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း မိဘတွေထံကနေခေါ်ဆောင်ကာ ဒီကျောင်းတွေကို အဓမ္မပို့ခံရတဲ့ ဝီဂါကလေးငယ်အရေအတွက် ၇၆.၉ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီမူဝါဒတွေဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေထံကနေ တိုက်ရိုက်လာတာဖြစ်ပြီး၊ အစိုးရရဲ့ အမိန့်စာတွေမှာ ‘ကျူငုတ်မကျန်စေနဲ့’ ‘ဇာတိ၊ ပုညတွေကို လုံး၀ ဖျက်ဆီးဖယ်ရှားပစ်’ ‘အားလုံးကို ပုံစံပေး’ ‘သနားတယ်ဆိုတာမျိုး မရှိစေနဲ့’ စတဲ့ စကားလုံးတွေကို သုံးနှုန်းထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၀ ခုနှစ် မိန့်ခွန်းမှာ ရှီကျင့်ဖျင်က ရှင်းကျန်းမှာကျင့်သုံးတဲ့ မူဝါဒတွေ လုံး၀မှန်ကန်ပြီး အောင်မြင်တယ်လို့ ချီးကျူးခဲ့သလို ရှေ့လာမယ့်နှစ်တွေမှာလည်း ဆက်လက်ကျင့်သုံးသွားဖို့ ပြောကြားခဲ့ပါတယ်။

“ဝီဂါတွေအပေါ် ချမှတ်ကျင့်သုံးတဲ့ မူဝါဒတွေဟာ ရင်းမြစ်တွေကို အပြည့်အ၀သုံးကာ
အချိန်တော်တော်ကြာကြာ စီမံပြီး လူသိရှင်ကြားကြေငြာ၊ စနစ်တကျ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဝီဂါလိုလူမျိုးစုကို တစ်ခုလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးဖျောက်ဖျက်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိတယ်ဆိုတာ ငြင်းလို့ကို မရပါဘူး။ ဒါ့ကြောင့် ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်ပြီး ဝီဂါတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်နေတာအတွက် တရုတ်အစိုးရက လုံး၀ တာဝန်ခံရမှာ ဖြစ်ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ နယ်သာလန် လွှတ်တော်တွေက တရုတ်အစိုးရရဲ့ ဝီဂါတွေအပေါ် ကျူးလွန်မှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပြီး၊ တာဝန်ရှိတဲ့ တရုတ်ခေါင်းဆောင်တွေအပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေလည်း ပြုလုပ်ထားပါတယ်။

တရုတ်အစိုးရကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

Ref: Aljazeera

Comments are closed.