3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
4 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၊ ၂၀၂၁
M-Media

-မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ဖက်ပစ်မှတ်တွေကို ရက်ဆက်နီးပါး အကြိမ်ကြိမ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့လုပ်တာပါလို့ ထုတ်မပြောကြသေးပါဘူး။ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ကွင်းတွေလည်း တိုက်ခိုက်ခံရမှုမှာ ပါဝင်ပါတယ်။

လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်သူတွေက ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြို့ပြအခြေစိုက် ​ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေအကြား မဟာမိတ်ဖွဲ့ပူးပေါင်းမှု နောက်ကွယ်က ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဖောက်ခွဲရေးလက်နက်တွေနဲ့ ပြည်မက အတိုက်အခံတွေရဲ့ နယ်မြေကျွမ်းကျင်မှု ပေါင်းစပ်လိုက်တာပါ။

ဒီသုံးသပ်မှုသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒီတိုက်ခိုက်မှုတွေဟာ သီးခြားပေါ်ပေါက်လာတဲ့ အဖြစ်အပျက်မျိုး မဟုတ်တော့ဘဲ နိုင်ငံအစွန်အဖျား တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ ကာလရှည် တစ်မြေ့မြေ့လောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီးဟာ နိုင်ငံရဲ့ အဓိကမြို့ကြီးတွေအထိ ကူးစက်လာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ပြည်သူတွေထောက်ခံတဲ့ ရွေးကောက်ခံအစိုးရကို စစ်ခေါင်းဆောင်တွေက ဖြုတ်ချအာဏာသိမ်းတာ ၃ လရှိလာပြီဖြစ်သလို၊ စစ်တပ်နဲ့ ရဲတွေက လူပေါင်း ၇၅၀ လောက်ကို သတ်ဖြတ်ကာ၊ ဆန္ဒပြသူ ၄ ထောင်ကျော်ကို ဖမ်းဆီးထားပေမယ့် ပြည်သူတွေကတော့ အာဏာသိမ်းမှုကို လက်မခံဘူးဆိုတဲ့အကြောင်း လမ်းတွေပေါ်မှာ ရရင်ရသလို သတ္တိရှိရှိ ဆန္ဒထုတ်ဖော်နေဆဲ ဖြစ်ပါတယ်။

ခေတ်သစ်အာရှသမိုင်းမှာ အောင်မြင်မှုမရှိဆုံး စစ်အာဏာသိမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံလာရတာကို အခုအချိန်အထိ ဖြစ်ပွားနေတဲ့ ပြည်သူ့တော်လှန်ရေးက မီးမောင်းထိုးပြနေပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ မြင့်တက်လာပြီး တိုင်းပြည်က ပိုမိုဖယ်ကျဉ်ခံလာရချိန်မှာ ခေါင်းမာမာနဲ့ သေနတ်ကို ဆက်လက်ဖက်တွယ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုက္ခလှလှတွေ့နိုင်စရာ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်​ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့လို အရင် စစ်အာဏာရှင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အယူအဆတွေဟာ ထိရောက်မှုမရှိဘူး၊ လုပ်ဆောင်ချက်တွေ၊ နည်းစနစ်တွေကလည်း ဖရိုဖရဲဖြစ်နေတယ်လို့ ရှုမြင်နေကြတာကို စစ်တပ်အတွင်းစည်းကလူတွေ Asia Times သတင်းဌာနကို ပြောကြားမှုမှာ တွေ့ရပါတယ်။

လေတပ်စခန်းတွေ တိုက်ခိုက်ခံရမှု အပါအဝင် လတ်တလောဖြစ်နေတာတွေဟာ လွန်ခဲ့တဲ့ ၃ လ အဓိကမြို့တော် ရန်ကုန်မှာ တင့်ကားတွေ လှိမ့်ဝင်လာပြီး၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေကို နေပြည်တော်မှာ ထိန်းသိမ်းခဲ့တဲ့ အချိန်တုန်းက ကြိုတင်တွေးဆ မျှော်လင့်ထားခြင်းမရှိတဲ့ အဖြစ်အပျက်ပေါင်း သောင်းခြောက်ထောင် တစ်ခုပြီးတစ်ခု ပေါ်လာတာမျိုးပါ။

အဲဒီအဖြစ်အပျက်တွေမှာ ဗိုလ်ကြီးတွေရဲ့ ဘန်ကာမြို့တော် နေပြည်အနီးတစ်၀ိုက်အပါအဝင် နိုင်ငံရဲ့အလယ်ပိုင်း ပြည်မကြီးအထိ ရောက်လာတဲ့ ​ပြည်တွင်းစစ်လည်း ပါဝင်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့မှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လက်နက်ကိုင်တွေက နိုင်ငံအလယ်ပိုင်း မကွေးနဲ့ မိတ္ထီလာ လေတပ်စခန်းတွေကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ရန်ကုန်မြို့မြောက်ပိုင်း ၇၀ ကီလိုမီတာအကွာမှာရှိတဲ့ ပဲခူးမြို့အနီး စစ်တပ်ရဲ့ လက်နက်သိုလှောင်ရုံမှာလည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ထိုင်းနယ်စပ်မှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကရင်လွတ်မြောက်ရေးအဖွဲ့ (KNLA) တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက်မှာ ဒီလိုတိုက်ခိုက်မှုတွေ ပေါ်ထွက်လာတာပါ။

အခုလို နောက်ကွယ်က ဘယ်သူလုပ်မှန်းမသိတဲ့ တိုက်ခိုက်မှုဟာ နိုင်ငံမြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ကချင်ဒေသဟာ မြို့ပြမှာ သွေးချောင်းစီးဖိနှိပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ သွားရောက်ခိုလှုံရာနေရာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေထဲမှာ အရပ်သားတွေနေတဲ့ ရွာတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ဒေသက ပစ်မှတ်တွေကို လေကြောင်းကနေ ပစ်ခတ်မှုလည်း ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်မှာ ရွာသူရွာသား ၂၅၀၀၀ ကျော်၊ ကချင်ပြည်နယ်မှာ အနည်းဆုံး လူ ၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီမတိုင်ခင် အစောပိုင်းတိုက်ခိုက်မှုတွေမှာလည်း လူ​သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရေးကို ကာလရှည် လေ့လာစောင့်ကြည့်ခဲ့ကြသူတွေက လက်ရှိအဖြစ်အပျက်တွေကို ၁၉၈၈ ခုနှစ်က ပိုမိုဆိုးဝါးခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်။ အဲဒီတုန်းက တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေကို တပ်မတော်က ဖြိုခွင်းခဲ့ပြီးတဲ့နောက် အစိုးရကိုဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့သူတွေဟာ တောခိုခဲ့ကြတာပါ။

ဒါပေမယ့် ၁၉၈၈ ခုနှစ်နဲ့ လက်ရှိ အဖြစ်အပျက်တွေကြားမှာ အခြေခံ ခြားနားချက်တွေ ရှိတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။ ၁၉၈၈ ခုနှစ်မှာ မြို့ပြက စစ်အစိုးရဆန့်ကျင်သူတွေဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ASDF)ကို ဖွဲ့စည်းပြီး တောင်တန်းဒေသတွေမှာ ​ယူနီဖောင်းကိုယ်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ထိုင်း လက်နက်မှောင်ခိုစျေးကွက်ကနေ လက်နက်တွေကို အခုထက် ပိုမိုလွယ်လွယ်ကူကူ ရရှိခဲ့ပြီး၊ စစ်တပ်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေအတွက် ထိုင်းနိုင်ငံမှာ ခိုလှုံစရာအဆင်သင့်သလို၊ ရုံးခန်းတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာစစ်တပ်တို့အကြား တိုးတက်လာတဲ့ ဆက်ဆံရေး၊ ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲ ဝင်ရောက်ခွင့် တင်းကြပ်မှုတွေကြောင့် အခုအချိန်မှာတော့ စစ်တပ်ကို ဆန့်ကျင်သူတွေဟာ ​အနည်းဆုံး နယ်စပ်နားက မြန်မာဖက်အခြမ်းမှာပဲ နေထိုင်နေရပါတယ်။

ABSDF အဖွဲ့ဟောင်းဟာ လက်ရှိမှာ နာမည်သာကျန်​တော့ပြီး ဒီအဖွဲ့က ကေဒါအများစုကလည်း လက်နက်ချတာ၊ တတိယနိုင်ငံတွေမှာ ခိုလှုံအခြေချတာတွေ ဖြစ်နေပါပြီ။ ​လက်ရှိ တိုင်းရင်းသား-မြို့ပြ မဟာမိတ်အဖွဲ့သစ်ဟာ အရင်ကနဲ့မတူဘဲ ပိုပြီး ပေါက်ကွဲတဲ့ပုံစံမျိုး ဘာ့ကြောင့်ဆောင်ရွက်ရသလဲဆိုတာ ABSDF ရဲ့ မအောင်မြင်တဲ့ အုံကြွမှုက အဖြေပေးနိုင်ပါလိမ့်မယ်။

လက်ရှိဖြစ်ပျက်နေတာတွေဟာ အရင်ကမရှိခဲ့ဘဲ တပ်မတော်က ကိုင်တွယ်ဖို့နည်းစနစ် သိပ်မရှိတဲ့ မြို့ပြတိုက်ပွဲဖော်မှု နိဒါန်းကို စမြင်နေရတဲ့ ပုံစံမျိုးပါ။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ လျှို့ဝှက်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား မဟာမိတ်ဖွဲ့ထားမှုအပြင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာလည်း ဒီလိုအဖွဲ့တွေ ဖွဲ့စည်းနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

အဲဒီ ဒေသန္တရပျောက်ကြားအဖွဲ့တွေဟာ အမဲလိုက်သေနတ်တွေ၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေ ကိုင်ဆောင်ထားကြတာကို ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ ပုံတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အပါအဝင် ဒီအဖွဲ့တွေဟာ စစ်တပ်နဲ့ရဲတွေကို တော်တော်လေး ထိခိုက်အကျအဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ကြပါတယ်။ အနီးအနားက ချင်းပြည်နယ်မှာလည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ အဖွဲ့သစ်ဟာ သူတို့ဒေသမှာ စစ်ကောင်စီတပ်သား ၁၅ ဦးကို သုတ်သင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာတို့က ရဲစခန်းတွေလည်း ဗုံးတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ တိုက်ခိုက်ခံရကြောင်း သတင်းတွေ ကြားလာရပါတယ်။

တစ်ချိန်တည်းမှာပဲ ​တပ်မတော်ဟာ စစ်​အတွေ့အကြုံကြွယ်တဲ့ တိုင်းရင်းသားလက်ကိုင်တွေကို ရင်ဆိုင်နေရပါတယ်။ မတ်လ ၂၅ ရက်နေ့က တရုတ်နယ်စပ်နားမှာရှိတဲ့ ဗျူဟာမြောက် အလော်ဘွန် တောင်ကုန်းကို ကချင်လက်နက်ကိုင်တွေ စီးနင်းတိုက်ခိုက် သိမ်းယူပြီးတဲ့နောက် တိုင်းပြည်ရဲ့မြောက်ပိုင်းမှာ တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

​ကချင်ပြည်နယ်အနောက်ပိုင်း ဖားကန့်ကျောက်မိုင်းတွေအနီးနဲ့ ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွန်တို့မှာ တိုက်ခိုက်မှုတွေ ထပ်လုပ်လာတဲ့ KIA ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပေမယ့် မရှင်းလင်းနိုင်သေးပါဘူး။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုးထားတဲ့ KNLA နဲ့ တပ်မတော်တို့ ကရင်ပြည်နယ်မှာ နေ့စဉ် တိုက်ပွဲတွေဖြစ်နေတယ်လို့ အစိုးရမဟုတ်တဲ့ Free Burma Rangers အဖွဲ့က ပြောပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ အခြား သိပ်အရေးမပါတဲ့ အဖွဲ့ ၈ ဖွဲ့ပါဝင်တဲ့ ဒီသဘောတူညီချက်ကို ‘နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက် (NCA)’ လို့ ခေါ်ဆိုပါတယ်။ ဒီသဘောတူညီချက်ဟာ ​တစ်နိုင်ငံလုံးဆိုတာထက် တိုင်းရင်းသားဒေသတွေမှာတောင် ငြိမ်းချမ်းရေးနဲ့တူတာမျိုးကို ဆောင်ကျဉ်း မပေးနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ ဆောင်ရွက်နေတဲ့ CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း KNLA နဲ့ KIA တို့က လူသိရှင်ကြား ထုတ်ပြောထားပေမယ့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီလှုပ်ရှားမှုကို သိပ်မထောက်ခံကြပါဘူး။ မတ်လ ၂၇ ရက်နေ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ RCSS အဖွဲ့ ဥက္ကဌ ရွက်စစ်က ​စစ်ကောင်စီတပ်တွေ ဆန္ဒပြသူတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီပြောကြားမှုကို အလုပ်နဲ့ သက်သေပြတာမျိုး မတွေ့ရပါဘူး။

ဆန့်ကျင်ဘက်အဖြစ် RCSS ဟာ ​ရှမ်းအဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ရှမ်းပြည်တပ်ဖွဲ့ (SSA)၊ ဒီအဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ တအောင်းပလောင် လွတ်မြောက်ရေးအဖွဲ့ (TNLA) တို့နဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းက နယ်မြေတွေ ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေပါတယ်။

တပ်ဖွဲ့ဝင် ၂ သောင်းကနေ ၃ သောင်းအထိရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးလက်နက်ကိုင်အဖွဲ့လည်းဖြစ်တဲ့ ၀,တပ်ဖွဲ့ (UWSA) ကတော့ စစ်အာဏာသိမ်းမှု ပြီးကတည်းက ထူးထူးခြားခြားကို အသံတိတ်နေပါတယ်။ ၀,အဖွဲ့တွေအားလုံး ဒီလိုရပ်တည်ချက်မျိုး ရှိတာတော့ မဟုတ်ပါဘူး။ မတ်လ ၂၅ ရက်နေ့တုန်းက ၀, အရပ်ဖက်အဖွဲ့ ၁၀ ခု ပူးတွဲကြေငြာချက် ထုတ်ခဲ့ပြီး ​UWSA နဲ့ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ UWSP တို့ တစ်ခုခု ထုတ်ပြောဖို့ တိုက်တွန်းခဲ့ပါတယ်။

UWSA ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မပါဝင်လိုတဲ့ တရုတ်အစိုးရ လုံခြုံရေးအဖွဲ့တွေနဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးရှိတာကြောင့် ဒီတိုက်တွန်းမှုလည်း အကောင်အထည် ပေါ်မလာပါဘူး။ ကုလသမဂ္ဂမှာ တရုတ်အစိုးရက စစ်အာဏာရှင်အပေါ် ထောက်ခံအားပေးဖွယ် ရှိနေမှုကြောင့် ဆန္ဒပြသူတွေက တရုတ်အစိုးရကို ပစ်မှတ်ထားလာပါတယ်။ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ရန်ကုန်မြို့က အုံကြွမှုတစ်ခုမှာ တရုတ်စက်ရုံ အများအပြား မီးရှို့ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံက တောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး သိပ်မကြာခင်က တိုက်ပွဲတွေမှာ တပ်မတော်စစ်သား ရာနဲ့ချီကို သုတ်သင်နိုင်ခဲ့တဲ့ အင်အား ၇ ထောင်လောက်ရှိတဲ့ ရခိုင်ပြည်နယ်က AA ရဲ့ ရပ်တည်ချက်က ပိုပြီး အံ့အားသင့်ဖို့ ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ တပ်မတော်နဲ့ အပစ်ရပ်ဖို့ သဘောတူညီခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက AA ကို ‘အကြမ်းဖက်အဖွဲ့’ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရဟာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရှိတဲ့ ​ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်မျိုး ရှိခဲ့ပေမယ့် ဒါကို အကောင်အထည်မဖော်နိုင်ဘူးလို့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ဧပြီလ ၁၆ ရက်နေ့က UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ပြောကြားခဲ့ပါတယ်။ ဒီအယူအဆကြောင့် ​AA ဟာ ​မြို့ပြက စစ်အာဏာရှင် ဆန့်ကျင်သူတွေနဲ့ တိုင်းရင်းသားတပ်တွေအကြား ရှိနေတဲ့ မဟာမိတ်အဖွဲ့ကြီးမှာ ပါဝင်ပါ့မလားဆိုတာ မသေချာပါဘူး။

​တိုင်းရင်းသားတွေစုပေါင်းပြီး တွန်းလှန်တာမျိုး မရှိရင်တောင်မှ တပ်မတော်ထဲက ဝါရင့်ဗိုလ်ချုပ်ဟောင်းတွေဟာ အခြေအနေတွေ ပိုဆိုးမလာခင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေကို ဖိအားပေးတာ ဒါမှမဟုတ် ဖြုတ်ချကာ လက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ဖြေရှင်းလိုက်လို့ရပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့၊ ဒီမိုကရေစီနဲ့ သဟဇာတမဖြစ်တဲ့ အဖွဲ့မျိုး ဖြစ်ပေမယ့် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၀ ခုနှစ် အနားမယူခင်မှာ ​ပိုပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်စေတဲ့၊ အနောက်နိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းလာစေတဲ့ လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုကို မျိုးစေ့ချပေးခဲ့ပါတယ်။

ဦးသန်းရွှေဟာ အခု အသက် ၉၀ နား ကပ်နေပြီး ​လက်ရှိဖြစ်နေတဲ့ မတည်ငြိမ်မှုတွေဟာ သူထားခဲ့ချင်တဲ့ အမွေမျိုး မဟုတ်လောက်ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ယုံကြည်နေပါတယ်။ အိုမင်းနေတဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိန်းကြောင်းလိုတဲ့ ရည်ရွယ်ချက်၊ စိတ်ဆန္ဒမျိုး၊ လွှမ်းမိုးမှုမျိုး ရှိလားဆိုတာ မသေချာပါဘူး။ ဒါပေမယ့် သူအာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ မတည်ငြိမ်မှုဟာ စစ်တပ်က တည်ဆောက်ထားတဲ့ ရေတို၊ ရေရှည် အကျိုးစီးပွားထဲမှာ မပါဝင်တာတော့ သေချာပါတယ်။

Ref: Asia Times

(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် A wider war coming to Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.