3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
4 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
4 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၉၊ ၂၀၂၁
M-Media

-ပြီးခဲ့တဲ့လက အသက် ၃၁ နှစ်အရွယ်ရှိတဲ့ နှစ်ခြင်းသင်းအုပ်ဆရာ Cung Biak Hum ဟာ မြန်မာစစ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ ချင်းပြည်နယ်က သူနေထိုင်တဲ့ ထန်တလန်မြို့မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် မီးလောင်နေတဲ့အချိန် ကူညီဖို့အသွားမှာ အသတ်ခံလိုက်ရတာပါ။ မြန်မာစစ်သားတွေဟာ သင်းအုပ်ဆရာရဲ့ လက်သူကြွယ်ကိုဖြတ်ပြီး လက်ထပ်လက်စွပ်ကို ခိုးယူသွားခဲ့ပါသေးတယ်။

“Cung Biak Hum ကိုသတ်ပြီး သူ့လက်စွပ်ကို ဖြတ်ယူသွားတာဟာ လတ်တလော တိုက်ခိုက်မှုတွေမှာ စစ်တပ်က ပြည်သူလူထုအပေါ် ဘယ်လောက်အထိ ရိုင်းစိုင်း ကြမ်းကြုတ်လဲဆိုတာကို ပြသနေတာပါ” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ လက်ထောက်ဒါရိုက်တာ Salai Za Uk Ling က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေကို စစ်တပ်က တုန့်ပြန်ရာမှာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက် အနည်းဆုံး ၂၀ လောက်ကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မီဒီယာတွေက မှတ်တမ်းရယူထားနိုင်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ သင်းအုပ်ဆရာ Cung Biak Hum အသတ်ခံရမှုဟာ အဲဒီအထဲကတစ်ခု ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေထဲမှာ ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးကြဲတိုက်ခိုက်ခံရတာ၊ သင်းအုပ်ဆရာတွေ ဖမ်းဆီးခံရတာ၊ ဘုရားကျောင်းတွေကို စစ်စခန်းလုပ်တာတွေ ပါဝင်ပါတယ်။

“အခု ဘုရားကျောင်းတွေမှာ လူသူကင်းမဲ့နေပါပြီ။ လူတွေရဲ့စိတ်ထဲမှာ ကြောက်ရွံ့မှုကိန်းအောင်းနေပြီ။ ဘုရားကျောင်းတွေတောင်မှ မလုံခြုံတော့ပါဘူး” လို့ လက်တုန့်ပြန်ခံရမှာကို ကြောက်ရွံ့တဲ့အတွက် အမည်မဖော်လိုတဲ့ ကယားပြည်နယ် ခရစ်ယာန်ကက်သလစ် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အလ်ဂျာဇီးရားသတင်းဌာနက မေးမြန်းဖို့ကြိုးစားရာမှာ ဖုန်းပိတ်ထားတဲ့အတွက် မေးလို့ မရခဲ့ပါဘူး။

မေလအတွင်း ကယားပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအတွက် စစ်ကောင်စီက ကာကွယ်ပြောဆိုခဲ့ပါတယ်။ လူ ၅ ဦးသေဆုံးခဲ့တဲ့ ကက်သလစ်ဘုရားကျောင်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရမှုမှာ အဲဒီဘုရားကျောင်းထဲ သူပုန်တွေဝင်ခိုနေတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ မြန်မာစစ်တပ်က ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင် ၁ သန်းလောက်ကိုဖယ်ကာ လူ သန်း ၅၀ ကို ကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။

စစ်ဖက်နဲ့ နိုင်ငံရေးနယ်ပယ်တွေကို ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာလူမျိုးတွေက ကြီးစိုးထားပြီး၊ စစ်တပ်ဟာ ဗုဒ္ဓဘာသာ အမျိုးသားရေး အဖွဲ့အစည်းတွေကို အားပေးအားမြှောက် ပြုပါတယ်။ စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ‘နိုင်ငံတော်သည့် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်’ လို့ ရေးသားထားပါတယ်။

လူဦးရေ စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ များသောအားဖြင့် တောင်တန်းနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေပါ။ ခွဲခြားမှုတွေ၊ အဓမ္မ ဗမာဇာတ်သွင်းမှုတွေကြောင့် ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရရေး တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်ကြိုးပမ်းမှု ပေါ်ပေါက်လာခဲ့ပြီး ၁၀ စုနှစ်ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide က အရှေ့အာရှဆိုင်ရာ အကြီးတန်း လေ့လာသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စာအုပ် ၃ အုပ် ရေးသားထားတဲ့ ဘန်နီဒင် ရော်ဂျာက စစ်တပ်ဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ‘ရန်လိုမုန်းထားမှု နက်နက်ရှိုင်းရှိုင်း ရှိနေတယ်’ လို့ ပြောပါတယ်။

“စစ်တပ်ဟာ ဘာသာရေးကို ဖိနှိပ်ဖို့လက်နက်အဖြစ် မကြာခဏသုံးပါတယ်။ ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒကို သူတို့ ပြုစုပျိုးထောင်လာတာ ၁၀ စုနှစ်များစွာ ရှိနေပါပြီ” လို့ ရော်ဂျာကဆိုပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဒီပုံစံတွေ ပိုမိုအားကောင်းလာတယ်လို့ ပြောပါတယ်။

“ခရစ်ယာန်တွေဟာ ဘာသာမတူတာကြောင့်ရော၊ လူမျိုးကွဲတာကြောင့်ပါ ပစ်မှတ်ထားခံနေရတာပါ”

သန်းခေါင်စာရင်းကောက်ယူမှုအရ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင်တာကို တွေ့ရပါတယ်။

အိန္ဒိယနဲ့ကပ်နေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်မှာနေထိုင်တဲ့ လူဦးရေ ၄၇၈၀၀၀ က ၈၅ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ထိုင်းနိုင်ငံနဲ့ ကပ်နေတဲ့ ကယားပြည်နယ်မှာတော့ လူဦးရေ ၂၈၆၀၀၀ လောက်ရှိပြီး ၄၆ ရာခိုင်နှုန်းက ခရစ်ယာန်တွေပါ။

တရုတ်နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ နေထိုင်တဲ့ လူဦးရေ ၁.၆ သန်းမှာ ၃၄ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ သန်ကောင်းစာရင်းကောက်ယူမှုမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာဒေသမှာ နေထိုင်တဲ့ လူဦးရေ ၄၆၀၀၀ မပါဝင်ပါဘူး။

“ဗဟိုအစိုးရဟာ တောင်တွေ့သမျှ ဘုရားလိုက်တည်ပြီး ကချင်ဒေသကို သူတို့ပိုင်တဲ့ပုံစံမျိုး ပုံဖော်တယ်။ ကျွန်မတို့ရဲ့ လှပတဲ့တောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေ၊ တောင်ကုန်းတွေမှာ သူတို့ရဲ့ လွှမ်းမိုးမှု အမှတ်သညာတွေကို တွေ့နေရပါပြီ”

တော်လှန်ရေးကို နှိမ်နှင်း

စစ်တပ်က ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုဟာ စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားလာတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို နှိမ်နှင်းမှုနဲ့အတူ တွဲပါလာတာပါ။

စစ်ကောင်စီတပ်တွေဟာ လက်နက်မဲ့အရပ်သား ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။ ပြည်သူတွေဖက်က ရရာလက်နက် စွဲကိုင်တော်လှန်မှု အရှိန်မြင့်လာသလို စစ်ကောင်စီတပ်တွေကလည်း အရပ်သားတွေကို တိုက်ခိုက်တာ၊ တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ်ချီ ကျင့်သုံးလာတဲ့ ဖြတ်လေးဖြတ်နည်းဗျူဟာကို ဖော်ဆောင်တာတွေ လုပ်လာပါတယ်။

စစ်ကောင်စီတပ်တွေ မေလက ထိုးစစ်စတင်ပြီးနောက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူပေါင်း ၁ သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က Sacred Heart of Jesus ကက်သလစ်ဘုရားကျောင်းအပါအဝင် အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း လက်နက်ကြီးတွေနဲ့ အပစ်ခံခဲ့ရပါတယ်။ Sacred Heart of Jesus ဘုရားကျောင်း တိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ မေလ ၂၂ ရက်နေ့မှာ လွိုင်ကော်မြို့တောင်ဘက် ကန်သာယာရွာက လူပေါင်း ၃၀၀ လောက် ကက်သလစ်ဘုရားကျောင်း ၂ ခုနဲ့ ရဟန်းမင်း သီတင်းသုံးရာ အဆောက်အဦးမှာ လာရောက်ခိုလှုံခဲ့ကြတာပါ။

“စစ်ပွဲက ကျွန်တော်တို့နဲ့ နီးလားတဲ့ပုံစံမျိုးဖြစ်လာတယ်။ ဘုရားကျောင်းတွေမှာ ခိုလှုံရင် လုံခြုံလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာပါ” လို့ အသက် ၅၆ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်တဲ့ Khu Reh (အမည်လွှဲ) က ပြောပါတယ်။

ငြိမ်းချမ်းရေးသတင်းစကားအဖြစ် ရွာသားတွေဟာ သူတို့ခိုလှုံရာ ပရဝုဏ်အတွင်းမှာ အလံဖြူလည်း ထောင်ထားခဲ့ပါတယ်။ လက်နက်တွေ ဆောင်ထားတယ်လို့ အထင်မှားနိုင်တဲ့အတွက် ကချင်ရိုးရာဓားနဲ့ အခြားအရာတွေကို အပြင်မှာ လူမြင်အောင် ချထားခဲ့တယ်လို့လည်း Khu Reh က ပြောပါတယ်။

နောက်တစ်နေ့မှာ စစ်သားတွေရောက်လာပြီး ဘုရားကျောင်းထဲဝင်ရှာတာ၊ ရွာသားတွေကို မေးမြန်းတာတွေ လုပ်တယ်လို့ သူက ဆိုပါတယ်။

“ဘုရားကျောင်းထဲကနေမထွက်ဖို့ သူတို့က သတိပေးသွားတယ်။ ထွက်လာတာမြင်တာနဲ့ ပစ်မယ်လို့လည်း သူတို့က ပြောသွားပါတယ်”

အဲဒီညမှာတော့ ဘုရားကျောင်း ဂိတ်ပေါက်ဝတွေမှာ ရွာသားတစ်ချို့က ကင်းအဖြစ် စောင့်ကြပ်ကြပါတယ်။

ည ၉ နာရီလောက်မှာ ကင်းစောင့်နေတဲ့တစ်ယောက် ခြေထောက်ကို အပစ်ခံလိုက်ရပြီး မနက် ၁ နာရီလောက်မှာ သူတို့ရွာနဲ့ ဘေးနားက အခြားရွာနှစ်ရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ ၂ ရီအကြာ အပစ်ရပ်သွားတဲ့အချိန် Khu Reh နဲ့ အခြားကင်းသမားတွေ မီးခိုလူနေတဲ့ ဘုရားကျောင်းတံခါးတွေကို သွားဖွင့်တဲ့အခါ အဘွား ၃ ဦးနဲ့ အဘိုး ၁ ဦး သေဆုံးပြီး၊ အခြား ၈ ဦး ဒဏ်ရာရနေတာကို တွေ့ခဲ့ရပါတယ်။

နောက်တစ်နေ့ ဘုရားကျောင်းကို ပြန်လာတဲ့အခါ အထဲကပစ္စည်းတွေ ခိုးယူ၊ ဖျက်ဆီးခံထားရတာကို Khu Reh တစ်ယောက် တွေ့ခဲ့ရပါတယ်။

“အဲဒီနောက်ပိုင်း စစ်သားတွေ ရွာကိုလာတဲ့အချိန်တိုင်း ဘုရားကျောင်းထဲမှာပဲ သူတို့ စခန်းချပါတယ်”

Khu Reh နဲ့ အခြားရွာသားတွေဟာ အဲဒီအဖြစ်အပျက်ပြီးကတည်းက စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေရပါတယ်။

စစ်သားတွေဟာ လွိုင်ကော်မြို့က Doumyalay Parish ဘုရားကျောင်းမှာလည်း စခန်းချနေထိုင်တယ်လို့ ကက်သလစ်အသင်းတော် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ မေ ၂၉ ရက်နေ့မှာ စစ်သားတွေဟာ လူ ၁၃၀၀ လောက် ခိုလှုံနေတဲ့ St. Peter သာသနာပြုကျောင်းကို ဝင်ရောက်ပြီး စေတနာ့ဝန်ထမ်းတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဟူးနေ့က ဖရူဆိုမြို့နယ်မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းတစ်ခု လက်နက်ကြီးထိမှန် ပျက်ဆီးခဲ့တယ်လို့လည်း Khu Reh က ပြောပါတယ်။

ခိုလှုံနေသူတွေကိုထောက်ပံ့နိုင်ဖို့ ခရစ်ယာန်အသင်းတော်တွေက အလှုခံထားတဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို စစ်သားတွေ သိမ်းသွားတယ်လို့ ကက်သလစ်အသင်းတော် ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ အကူအညီပေးမှုတွေကို စစ်ကောင်စီတပ်တွေက ဒီလိုမျိုး နှောက်ယှက်ဟန့်တားနေတယ်လို့ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ပြကြပါတယ်။

အသက်အန္တရာယ်ရှိနေပေမယ့်လည်း အကူအညီလိုအပ်နေသူတွေကို ကာကွယ်ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ကသလစ်အသင်းတော်ခေါင်းဆောင်က ပြောပါတယ်။

“အကူအညီလိုအပ်နေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို လူသားချင်း စာနာထောက်ထားမှု၊ လူ့ဂုဏ်သိက္ခာ၊ လူသားတန်ဖိုး၊ ဂရုဏာနှလုံးသားတွေနဲ့ ကျွန်တော်တို့ ကြည့်ပါတယ်။ ကြောက်ရွံ့နေတဲ့ သူတို့နဲ့ အတူရှိကာ ကာကွယ်ပေးရမှာပါ။ ကျွန်တော်တို့လူမျိုးတွေ ထိခိုက်ခံစားရတာဟာ ကျွန်တော်တို့ ထိခိုက်ခံစားရတာနဲ့ အတူတူပါပဲ။ သူတို့ရဲ့ငိုသံတွေဟာ ကျွန်တော်တို့ကို နာကျင်စေပါတယ်”

စစ်တပ်ရဲ့ သံသယ

ချင်းပြည်နယ်မှာဆိုရင် လက်နက်ကိုင်တော်လှန်ရေးစတင်တဲ့ ဧပြီလကတည်းက စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀၀ နီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဘုရားကျောင်း ၃ ခုကို စစ်သားတွေက သိမ်းပိုက် စခန်းချထားတာ၊ လက်နက်ကြီးနဲ့ ပစ်ခံရတဲ့ ဘုရားကျောင်း ၄ ကျောင်းရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ကောက်ယူထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ ဒါ့အပြင် မတူပီမြို့နယ်မှာ သင်းအုပ်ဆရာတစ်ဦး ဩဂုတ်လ ၂၃ ရက်နေ့က အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီး အခုအချိန်အထိ တရားစွဲဆိုချင်းမရှိဘဲ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်းက ဖလမ်းမြို့နယ်မှာ စစ်သားတွေက Taal နှစ်ခြင်းဘုရားကျောင်းကို ဝင်ရောက်မွှေနှောက်သွားပြီး သမ္မာကျမ်းစာအုပ်တွေနဲ့ ဓမ္မတေးစာအုပ်တွေကို ဘုရားကျောင်းအပြင်ဘက်မှာ လွှင့်ပစ်ထားခဲ့တာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

မင်းတပ်မြို့က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မကွေးတိုင်းဒေသကြီးက ကက်သလစ်ဘုရားကျောင်းတစ်ခုကို အောက်တိုဘာ ၃ ရက်နေ့မှာ စစ်သားတွေက ဝင်ရောက်စစ်မေးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနက Zalen က ဖော်ပြပါတယ်။ စစ်သားတွေဟာ ဘုရားကျောင်းမှာ ခိုလှုံနေသူတွေကို မေးမြန်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုနဲ့ ဆက်သွယ်မှုရှိလားဆိုတာကို သိရှိဖို့အတွက် ဖုန်းတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ စစ်ကောင်စီတပ်က စစ်သားတွေဟာ ဖလမ်းမြို့နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို အောက်တိုဘာ ၁၃ ရက်နေ့မှာ မီးရှို့ခဲ့ပြီး အနားက ရွာတစ်ရွာကိုလည်း ဝင်ရောက်ခိုးဆိုး လုယက်ခဲ့တယ်လို့ Zalen သတင်းဌာနက ထပ်မံဖော်ပြခဲ့ပါတယ်။

ချင်းနှစ်ခြင်းအသင်းတော် (Chin Baptist Convention) ရဲ့ တာဝန်ရှိသူတစ်ဦးက ဩဂုတ်လအတွင်း မင်းတပ်မြို့မှာရှိတဲ့ Grace နှစ်ခြင်းဘုရားကျောင်းကို စစ်သားတွေ ဝင်ရောက်စခန်းချစဉ်မှာ သမ္မာကျမ်းစာတွေကို ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

“စစ်အာဏာသိမ်းမှုကြောင့် ကျွန်တော်တို့ရဲ့ အန္တရာယ်ကင်းမှု၊ လွတ်လပ်စွာ ကိုးကွယ်မှုကို ထိခိုက်လာပါတယ်။ ဘုရားရှိခိုးနေတဲ့အချိန် တိုက်ခိုက်ခံရမလား၊ ဗုံးကြဲခံရတော့မလားဆိုပြီး လူတွေက စိုးရိမ်သောက ရောက်နေကြပါတယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းက ခရစ်ယာန်အသင်းတော်တွေ ခံစားရတဲ့ အကြမ်းဖက်မှု၊ ဖမ်းဆီးမှု၊ အခြား ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေကို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ၂၀၁၁ ခုနှစ်မှာ အပစ်ရပ်ရေး ပျက်ပျယ်ခဲ့တဲ့ နိုင်ငံမြောက်ပိုင်း ကချင်ဒေသမှာ အရင်ကတည်းက ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်တပ်စခန်းချရာနေရာအနီးမှာ ကချင်နှစ်ခြင်းအသင်းတော် (Kachin Baptist Convention) က စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအမှုဟာ အခုအချိန်အထိ မပေါ်ပါဘူး။

၂၀၁၇ တုန်းကလည်း မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပျက်ဆီးသွားတဲ့ ဘုရားကျောင်းတစ်ခုကို သတင်းသမားနှစ်ယောက် ခေါ်ပြခဲ့တဲ့အတွက် နှစ်ခြင်းအသင်းတော် အကြီးအကဲနှစ်ဦး အကြည်ညိုပျက်စေမှု၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို ထောက်ပံ့ကူညီမှုတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။

ကချင်နှစ်ခြင်းအသင်းတော် (Kachin Baptist Convention) ဥက္ကဌ Hkalam Samson ကို ၂၀၁၉ ခုနှစ်မှာ အကြည်ညိုပျက်စေမှုနဲ့ တရားစွဲမယ်လို့ စစ်တပ်က ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတရုံးခန်းက သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက ခရစ်ယာန်တွေဟာ ’စစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ခံရတယ်’ ‘မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေဟာ လွတ်လပ်စွာကိုးကွယ်ခွင့် ဆုံးရှုံးနေတယ်’ လို့ ပြောကြားခဲ့တဲ့အတွက် ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းကို ကချင်ခရစ်ယာန်အသင်းတော်တွေက အဓိက ကူညီဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အထူးသဖြင့် KIO ထိန်းချုပ်ရာဒေသက အကူအညီပေးရေးလုပ်ငန်းတွေမှာ ဟန့်တားနှောက်ယှက်မှုတွေ ပိုမိုခံလာရပါတယ်။ KIO ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးပေးမှုတွေကို စစ်တပ်က ၂၀၁၆ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

KIO ကို ထောက်ပံ့ကူညီနေတယ်လို့ စစ်တပ်ကစွပ်စွဲတဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ကချင်နှစ်ခြင်းအသင်းတော်ရဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုပြီးကတည်းက စစ်ကောင်စီနဲ့ KIO တို့အကြား တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီကိစ္စမတိုင်ခင် ကချင်ဒေသက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူ တစ်သိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လေ့ရှိတဲ့ ဗန်းမော်ခရိုင် ကက်သလစ်အသင်းတော် ခေါင်းဆောင်တစ်ဦးက အသင်းတော်ရဲ့ စေတနာ့ဝန်ထမ်း အကူအညီပေးရေးသမားတွေဟာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ပုံမှန် စစ်ဆေးခံရပြီး မေလတုန်းကဆိုရင် ဗန်းမော်ကနေ မြစ်ကြီးနားကိုအသွားမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ဦး ၄ ရက်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေပို့တာကို စစ်သားတွေက သံသယဖြစ်တယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့ မပို့ပေးနိုင်ပါဘူး”

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ကိစ္စတွေမှာ ကချင်ခရစ်ယာန်အသင်းတော်တွေက ဝင်ပါရတာတွေလည်း ရှိပါတယ်။

မတ်လ ၈ ရက်နေ့ မြစ်ကြီးနားမှာ ကက်သလစ်သီလရှင်တစ်ဦးဟာ ရဲနဲ့ စစ်သားတွေရှေ့မှာ ဒူးထောက်ကာ သူမရဲ့ ဘုရားကျောင်းရှေ့က ဆန္ဒပြသူတွေကို မပစ်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒီနေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် မြစ်ကြီးနားမှာ ၂ ဦး သေဆုံးခဲ့ပြီး ကက်သလစ်သီလရှင်က စစ်သားတွေကို ပထမဆုံး ရင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

မတ်လနဲ့ ဧပြီလအတွင်းမှာ ကချင်ခရစ်ယာန်ဘုရားကျောင်း ၄ ခု စီးနင်းခံခဲ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နှစ်ခြင်းဘုရားကျောင်းတစ်ခုမှာဆိုရင် စစ်သား ၃၀ လောက် ဝင်ရောက်ပစ်ခတ်ကာ ဝန်ကြီး ၄ ဦးအပါအဝင် လူ ၁၀ ယောက်ကို ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

မြစ်ကြီးနားက ကချင်ခရစ်ယာန်ကောလိပ် Kachin Theological College and Seminary ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စစ်ကား ၁၅ စီးလောက် ကောလိပ်ကို ဝိုင်းထားကာ စစ်သားတွေက ကောလိပ်ပရဝုဏ်နဲ့ အိပ်ဆောင်တွေကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆရာမ Layang Seng Ja က ပြောပါတယ်။ ကောလိပ်တာဝန်ရှိသူတွေဟာ အဲဒီကတည်းက ကျောင်းသားတွေကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။

“လူတွေစုတာကိုမြင်ရင် ဆန္ဒပြဖို့လုပ်နေတယ်လို့ စစ်သားတွေက ထင်တယ်။ ကျောင်းခန်းထဲကို ပြန်သွားပြီး ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးတရား၊ တရားမျှတမှု၊ မေတ္တာ၊ ဂရုဏာတွေအကြောင်း ကျောင်းသားတွေကို သင်ပေးချင်လှပါပြီ။ ဒါပေမယ့် လက်ရှိမှာတော့ မသင်နိုင်သေးပါဘူး” လို့ Layang Seng Ja က ပြောပါတယ်။

ကချင်လူမျိုးတွေရဲ့ ဝတ်ပြုဆုတောင်းမှုတွေကိုလည်း မြန်မာစစ်တပ်က အနီးကပ် စောင့်ကြည့်လာပါတယ်။ နောင်မွန်မြို့နယ်က အသင်းအုပ်ဆရာ ၃ ဦးကို စစ်ကောင်စီတပ်တွေက မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့စွဲချက်နဲ့ ဇွန်လ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ ‘စစ်အာဏာရှင်စနစ် အဆုံးသတ်ပါစေ’ လို့ ဆုတောင်းခဲ့တာကြောင့် ဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့တုန်းကလည်း အရပ်ဝတ်ရဲတွေဟာ ကချင်နှစ်ခြင်းအသင်းတော်ရဲ့ ရုံးချုပ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကိုဗစ်ရောဂါပပျောက်ရေး ဆုတောင်းစာမှာ ‘အကြမ်းဖက်စစ်ကောင်စီ’ လို့ရေးထားပြီး ဒီစာကို အသင်းတော်အတွင်းရေးမှူးက လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ဖြစ်ပါတယ်။ နှစ်ခြင်းအသင်းတော်က ဒီစကားလုံးဟာ ကချင်ဘာသာကနေ မြန်မာဘာသာကိုပြန်ဆိုတဲ့အခါမှာ မှားယွင်းဘာသာပြန်မိခဲ့တာလို့ ပြောပါတယ်။

“စစ်တပ်က ဝတ်ပြုဆုတောင်းမှုကိစ္စတွေကို လိုက်စစ်နေတယ်။ ကိုယ့်ဒေသကိုယ်နေတာတောင်မှ ဘာသာရေးလွတ်လပ်ခွင့်ကို မခံစားရဘူး။ ငြိမ်းချမ်းရေး၊ တရားမျှတမှုတွေကို ပြောလို့တောင်မရပါဘူး” လို့ Seng Ja က ပြောပါတယ်။

“ဒီလိုစိတ်နေစိတ်ထားမျိုးရှိတဲ့ စစ်အာဏာရှင်စနစ်အောင်မှာ နေထိုင်ရတာဟာ ငရဲကျနေသလိုပါပဲ”

(အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် ‘A living hell’: Churches, clergy targeted by Myanmar militaryဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.