နို၀င်ဘာ ၈၊ ၂၀၂၁
M-Media
-ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေအတွက် ခရီးသွားလမ်းကြောင်းတစ်ခု (VTL) ဖန်တီးထားပြီး နို၀င်ဘာ ၂၉ ရက်နေ့ကစတင်ကာ အသုံးပြုနိုင်တော့မယ်လို့ စင်ကာပူနဲ့ မလေးရှားတို့က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်တို့ ဒီကနေ့ ဖုန်းပြောဆိုပြီးတဲ့နောက် ဒီကြေငြာချက် ထွက်ပေါ်လာတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံပြည်သူတွေဟာ အဆက်အသွယ် ပြတ်တောက်ကုန်ပြီး မိသားစုတွေ လပေါင်းများစွာ ၀ေးကွာနေရတာကို ၀န်ကြီးချုပ်တွေက သိရှိထားကြောင်း၊ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးတာ၊ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ သိသာတဲ့ တိုးတက်မှုတွေလည်း ရရှိထားတာကြောင့် နှစ်နိုင်ငံဆက်သွယ်သွားလာမှုကို အန္တရာယ်ကင်းကင်းနဲ့ ပြန်စဖို့ အချိန်ကျပြီဆိုတာကို သဘောတူခဲ့ကြကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်နဲ့ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တို့ကို အပြန်အလှန် သွားရမယ့် လမ်းကြောင်းဖြစ်ပြီး နှစ်ဖက်လေဆိပ်တွေက သီးသန့်ကောင်တာ ၆ ခုကနေ ဝင်ရမှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသုံးပြီး ခရီးသွားနိုင်ဖို့အတွက် Vaccinated Travel Pass လျှောက်ရမှာဖြစ်ကာ နိုဝင်ဘာ ၂၂ ရက်နေ့ကနေ စတင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးထားသူတွေ နှာခေါင်းတို့ဖတ်စစ်လို့ ပိုးမတွေ့ဘူးဆိုရင် ကွာရန်တင်းကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာ လေကြောင်းလမ်းတစ်ခုကိုသာ ဖွင့်ပေးထားပေမယ့် သိပ်မကြာခင် ကုန်းကြောင်းလမ်းပါ ဖွင့်ပေးမယ်လို့ ခေါင်းဆောင်နှစ်ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
VTL အစီအစဉ်ဟာ နှစ်နိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာဖို့၊ ပြည်သူအချင်းချင်း ပြန်လည်ဆက်သွယ်ကာ ဆက်ဆံရေးခိုင်မာစေဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့ပြီး၊ မလေးရှားဝန်ကြီးချုပ် ဆာဘရီက နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလိုက်တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref: CNA
Comments