6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်လောက်က မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတွေ အားလုံးနီးပါးမှာ မျက်စိရောဂါနဲ့ပတ်သက်ပြီး အကြောင်းအရာအချို့ကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ မျက်စိတွေအစား တိရစ္ဆာန်တွေရဲ့ မျက်စိတွေကိုသာ အသုံးပြုခဲ့တာကြောင့် လေ့လာမှုမှာတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ ဒါကလည်း လူသားရဲ့ ကိုယ်ခန္ဓာကိုယ်ကို ခွဲစိပ်ဖြတ်တောက်ခြင်းဟာ မလုပ်အပ်တဲ့အလုပ်လို့ သတ်မှတ်ထားကြလို့ပါ။ ဒါပေမယ့် ဒီအချက်က မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ပတ်သက်ပြီး  မွတ်စလင်ပညာရှင်တွေရဲ့ ရေးဆွဲဖော်ထုတ်မှုတွေကို အဟန့်အတား မဖြစ်စေခဲ့ဘဲ၊ မျက်လုံးတည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ရှေးအကျဆုံး ပုံတွေကို မွတ်စလင်တွေက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၁၀ ရာစုကနေ ၁၃ ရာစုအတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ မွတ်စလင်မျက်စိ ခွဲစိပ်ဆရာဝန်တွေ၊ မျက်စိအထူးကုတွေဟာ မျက်လုံးခွဲစိပ်မှု၊ ဖြတ်တောက်ဖယ်ရှားမှု၊ စူးစမ်းမှုတွေ ပြုလုပ်ခဲ့သလို သူတို့ရဲ့ တွေ့ရှိချက်တွေကို ကျမ်းကြီးတွေ၊ စာတမ်းတွေရေးပြီးလည်း ဖြန့်ချီခဲ့ပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ ဂျာမနီ ဆေးဘက်ဆိုင်ရာ ပါရဂူ ဂျူးလီယက်စ် ဟီရက်ရှ်ဘာ့ဂ် (Juius Hirschberg) ရဲ့ အဆိုအရ မွတ်စလင်ပညာရှင်ကြီးတွေ ရေးသားခဲ့တဲ့ မျက်စိကုထုံးဆိုင်ရာ ကျမ်းပေါင်း ၃၀ လောက် ရှိခဲ့ပြီး ယနေ့အချိန်မှာ ၁၄ အုပ် ရှိနေပါသတဲ့။

“အမြင်အာရုံကွယ်မှုကို တားဆီးဖို့ ကြိုးစားအားထုတ်ရာမှာ မွတ်စလင် သမားတော်တွေဟာ သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှေ့ရောက်ခဲ့ပြီး အလ်-ရာဇီဟာ သူငယ်အိမ်ရဲ့ ကိုယ်ပိုင် အလိုအလျောက်တုန့်ပြန်မှု (reflex action) ကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ သမားတော်တစ်ဦး ဖြစ်ပါတယ်။ အဲဒီ တစ်ချိန်တည်းလောက်မှာပဲ အလ်-မော်စီလီဟာ အခေါင်းပေါက်ပါတဲ့ အပ်တွေကို အသုံးပြုပြီး စုပ်ထုတ်မှုနဲ့ မျက်လုံးတိမ်တွေကို ဖယ်ထုတ်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်”

(၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ ‘မျက်စိပညာရှင်များအသင်း’ က ထုတ်ဝေသည့် Optometry Today စာအုပ်မှ)

ယနေ့ခေတ် မျက်စိနဲ့ပတ်သက်လို့ မျက်မှေးလွှာ (conjunctiva)၊ မျက်ကြည်လွှာ (cornea)၊ မြင်လွှာ (retina) စတဲ့ အသုံးအနှုန်းတွေကို သုံးနေကြပြီး၊  မျက်ခမ်းစပ်ရောဂါ (Trachoma) လို ရောဂါမျိုးကို ခွဲစိပ်ကုသတာကလည်း ပုံမှန်လို ဖြစ်နေပါပြီ။ မျက်လုံးထဲမှာ မျက်ဝန်းလဲ့ရည် (intraocular pressure) တိုးလာပြီး ‘သူငယ်အိတ် ကိုက်ခဲခြင်း’ လို့ အမည်ပေးထားတဲ့ ရေတိမ် (glaucoma) ရောဂါကုသနည်းဟာလည်း လူသိများပါတယ်။ ဒါပေမယ့် မျက်စိကုထုံးနဲ့ ပတ်သက်လို့ မွတ်စလင်တွေ ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းတွေထဲမှာ အကြီးကျယ်ဆုံးကတော့ မျက်စိတိမ်စွဲရောဂါ ကုသနည်းပဲ ဖြစ်ပါတယ်။

မျက်စိတိမ်စွဲမှုရောဂါရဲ့ အာရဘီအသုံးအနှုန်းဟာ အလ်-မာ အလ်-နာဇီလ် ဖီလာယန် (al-ma al-nazil fil’ayn) ဖြစ်ပြီး ‘မျက်စိထဲ ရေ၀င်ခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ရေတွေ မျက်လုံးက မှန်ဘီလူးထဲမှာ စုမိပြီး မျက်လုံး တိမ်ဖြစ်နေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒီလိုရေတိမ်ဖြစ်နေတဲ့မျက်လုံးတွေ အလင်းပြန်ရဖို့အတွက် ၁၀ ရာစု အီရတ်က မွတ်စလင်ပညာရှင် အလ်-မော်စီလီ (Al-Mawsili) ဟာ အခေါင်းပေါက်ပါတဲ့ အပ်တစ်ချောင်းကို ဖန်တီးခဲ့ပြီး မျက်ကြည်လွှာနဲ့ မျက်မှေးလွှာ ဆက်နေတဲ့ နယ်ခြား (limbus) ထဲအထိ စိုက်ကာ ရေစုပ်ထုတ်ခြင်း နည်းလမ်းနဲ့ တိမ်ကို ဖယ်ထုတ်ခဲ့ပါတယ်။ မွတ်စလင်တွေဖော်ထုတ်ခဲ့ အခြား မျက်စိကုသနည်းတွေနဲ့အတူ ဒီမျက်စိတိမ်စွဲရောဂါ ကုသနည်းကိုလည်း ယနေ့ခေတ်မှာ မခွဲစိတ်ခင် မှန်ဘီလူးကို အအေးပေးတာလို ခေတ်ပေါ် နည်းပညာတွေ ထပ်မံပေါင်းထည့်ပြီး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

အလ်-မော်စီလီဟာ သူ့ရဲ့ လေ့လာမှု၊ လက်တွေ့ ကျင့်သုံးမှုတွေနဲ့ပတ်သက်လို့ Book of Choices in the Treatment of Eye Diseases (မျက်စိရောဂါကုသမှုဆိုင်ရာ ရွေးချယ်စရာများကျမ်း) တစ်စောင်ကို ပြုစုခဲ့ပြီး ဒီစာအုပ်ထဲမှာ မျက်စိရောဂါပေါင်း ၄၈ မျိုးရဲ့အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီကျမ်းရဲ့ လက်ရေးမူကို စပိန်နိုင်ငံ မက်ဒရစ်မြို့က Escorial Library မှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

၂၀ ရာစုကို ရောက်တဲ့အချိန်အထိ အလ်-မော်စီလီရဲ့ ကျမ်းကို အာရဘီ ဘာသာစကား၊ ၁၃ ရာစုက ဟီဘရူးဘာသာပြန် စတဲ့ ပုံစံ ၂ မျိုးနဲ့သာ ရရှိခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဂျာမန် ဒေါက်တာ ဟီရက်ရှ်ဘာ့ဂ်က ဂျာမန်ဘာသာကို ပြန်ဆိုခဲ့ပြီး အလ်-မော်စီလီဟာ “အာရဘီ စာပေနယ်ပယ် တစ်ခုလုံးမှာ အပါးနပ်ဆုံး မျက်စိပါရဂူဖြစ်တယ်” လို့ အမွှမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။

စပိန်နိုင်ငံ ကော်ဒိုဘာမြို့ရှိ အလီအစ်ဗနေ့အီဆာ၏ ကိုယ်တစ်ပိုင်း ရုပ်ထု

အလ်-မော်စီလီနဲ့ ခေတ်ပြိုင်ဖြစ်ပြီး မွတ်စလင်မျက်စိသမားတော်တွေထဲမှာ အကျော်ကြားဆုံး ဖြစ်ခဲ့သူကတော့ ၁၀ ရာစု အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အလီ အစ်ဗနေ့ အီဆာ (Ali ibn Isa) ဖြစ်ပါတယ်။ သူဟာ Notebook of Oculist (မျက်စိပါရဂူမှတ်စု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ပြုစုခဲ့ပြီး မျက်လုံးရောဂါနဲ့ပတ်သက်လို့ အပြည့်စုံဆုံးကျမ်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၄၉၇ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာတော့ ပရော်ဖက်ဆာ ဟီရ်ဆက်ခ်ျဘာ့ဂ် (Hirschberg) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မျက်စိပါရဂူ ဂျေ လစ်ပါ့တ် (J. Lippert) တို့ဟာ ဂျာမနီဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာကိုတော့ ၁၉၃၆ ခုနှစ်မှာ အမေရိကန် မျက်စိ သမားတော်နဲ့ ပညာရှင် ကာဆေ ၀ုဒ် (Casey Wood) က ပြန်ဆိုခဲ့ပါတယ်။

အစ်ဗနေ့ အီဆာရဲ့ Notbook of Oculist ဟာ စက္ကုဗေဒနဲ့ပတ်သက်လို့ ပြည့်စုံ၊ တိကျတဲ့ အချက်အလက်တွေပါဝင်တဲ့ ကျမ်းကြီးတစ်ကျမ်းဖြစ်ပြီး မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ မျက်စိနာရောဂါ (ophthalmia) တို့အပါအ၀င် မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါပေါင်း ၁၃၀ ကျော်ကို ဖော်ပြထားသလို ရာစုနှစ်များစွာ အသုံဝင်ခဲ့တဲ့ ကျမ်းကြီး ဖြစ်ပါတယ်။

စက္ကုဗေဒနဲ့ပတ်သက်လို့ ဒီကျမ်းကြီးဟာ မွတ်စလင်တွေ ရေးထာသမျှ ကျမ်းတွေထဲမှာ မူရင်းပုံစံမပျက်ဘဲ အကြာဆုံး ရှင်သန်ခဲ့တဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၂၀ ရာစု ဗြိတိန် ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် ဒေါက်တာ ဆိုင်ရီလ် အလ်ဂွဒ် (Cyril Elgood) က “ပထမဆုံးပိုင်းဟာ မျက်လုံး တည်ဆောက်ပုံကို အသားပေးဖော်ပြပြီး၊ ဒုတိယပိုင်းကတော့ မျက်လုံးရဲ့ အပြင်ပိုင်းရောဂါတွေကို ဖော်ပြထားပါတယ်။ တတိယပိုင်းမှာ သာမန်စမ်းရုံနဲ့ မမြင်နိုင်တဲ့ အတွင်းပိုင်းရောဂါတွေကို ဖော်ပြပါတယ်။ မျက်စိမျာဖြစ်တဲ့ ရောဂါတွေဟာ အထွေထွေရောဂါတွေရဲ့ လက္ခဏာကို ဖော်ပြတာမျိုး ဖြစ်တယ်ဆိုတဲ့ ခေတ်သစ်ယူဆချက်နဲ့ အနီးစပ်ဆုံးဖြစ်စေတဲ့ အလီရဲ့ကောက်ချက်ချမှုကတော့ တိမ်စွဲရောဂါ အစပျိုးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အမြင်အာရုံချို့တဲ့မှုဟာ အစာအိမ် ဒါမှမဟုတ် ဦးနှောက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို အာရုံစိုက်ဖို့ မျက်စိဆရာဝန်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

မျက်လုံးမှာဖြစ်တဲ့ ရောဂါတွေဟာ အခြားသော ရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာကို ပြောခဲ့သူက မျက်စိခွဲစိပ်ဆရာဝန်က အစ်ဗနေ့ အီဆာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ၁၀၈၈ ခုနှစ်လောက်က ပါရှားပြည်မှာ ပေါ်ထွက်ခဲ့ပြီး အလ်-ဂျာရ်ဂျာနီ (Al-Jurjan) လို့သိကြတဲ့ အဘူ ရူဟ် မိုဟာမက် အစ်ဗနေ့ မန်ဆူရ် အစ်ဗနေ့ အဘ်ဒူလာ (Abu Ruh Muhammad Ibn Mansur ibn Abdullah) ဟာ The Light of the Eye (မျက်လုံး၏ လင်းရောင်ခြည်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီထဲက အခန်းတစ်ခုမှာ ဖော်ထုတ်ရခက်တဲ့ ရောဂါတွေအကြောင်းကို ရေးသားဖော်ပြထားပါတယ်။ အဲဒီဂေါတွေဟာ မျက်လုံးရဲ့ တတိယ အာရုံကြောအားနည်းမှု (third nerve paralisis)၊ သွေးလှည့်မှု မှုမမှန်ခြင်း (blood disorders) နဲ့ အဆိပ်သင့်မှု (toxicity) လို ရောဂါမျိုးတွေဖြစ်ပြီး မျက်လုံးမှာ ဒါမှမဟုတ် အမြင်အာရုံမှာ ရောဂါလက္ခာဏာတွေကို ထင်ထင်ရှားရှား တွေ့ရတတ်ပေမယ့် ရောဂါကို အလွယ်တကူ ရှာမရတွေပါ။

မွတ်စလင်ပညာရှင် အစ်ဗနေ့ အစ္စဟာ့က် ၉ ရာစုက ရေးသားခဲ့သည့် မျက်စိရောဂါဆိုင်ရာကျမ်းမှ လက်ရေးမူ

အလယ်ခေတ် မွတ်စလင်ကမ္ဘာက နာမည်မသေတဲ့ နောက်ထပ် မျက်စိပါရဂူတစ်ဦးကတော့ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ပညာရှင်ကြီး မိုဟာမက် အစ်ဗနေ့ ကွာစမ် အစ်ဗနေ့ အတ်စလမ် အလ်-ဂါဖီကီ (Muhammad ibn Qassum ibn Aslam al-Ghafiqi) ဖြစ်ပါတယ်။  အလ်-ဂါဖီကီဟာ ကော်ဒိုဘာမှာ မွေးဖွားကြီးပြင်းကာ မျက်စိပါရဂူအဖြစ် ဆောင်ရွက်ခဲ့ပြီး The Right Guide on Ophthalmic Drug (စက္ကုဆိုင်ရာ ဆေးဝါးများ လမ်းညွှန်ကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ မျက်စိနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေသင်သာမကဘဲ ဦးခေါင်းနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေရဲ့ ဆေးဝါးတွေ အကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ မျက်ခမ်းစပ်ရောဂါ (trachoma) နဲ့ပတ်သက်ပြီး အလ်-ဂါဖီကီရဲ့ ကုသနည်းကို ပထမကမ္ဘာစစ်အထိ အသုံးပြုခဲ့ရပါတယ်။ အလ်-ဂါဖီကီကွယ်လွန်မှု နှစ် ၈၀၀ ပြည့်တဲ့ ၁၉၆၅ ခုနှစ်မှာ သူ့ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုကို ကော်ဒိုဘာက မြူနီစီပယ် ဆေးရုံမှာ ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ မျက်စိတိမ်စွဲရောဂါဟာ ပြောပလောက်စရာ ရောဂါမျိုး မဟုတ်တော့ဘဲ ၁၀ ရာစုက မွတ်စလင်ပညာရှင်ကြီး အလ်-မော်စီလီ ဖော်ထုတ်ပေးခဲ့တဲ့ ကုသနည်းက ယနေ့အချိန်အထိ လူသန်းပေါင်းများစွာကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

 

“အလယ်ခေတ် ဥရောပမှာ အသိပညာ မှောင်အတိကျနေစဉ်အတွင်း သူတို့ (မွတ်စလင်တွေ) ဟာ (စပိန်က) ဂွါဒါလ်ကွီဗီမြစ်ကနေ (အီဂျစ်က) နိုင်းမြစ်၊ (ရုရှားက) အိုဇက်မြစ်အထိ ကျွန်တော်တို့ရဲ့ သိပ္ပံပညာ (စက္ကုဗေဒပညာ) အလင်းကို ထွန်ညှိပေးခဲ့ပြီး၊ မီးစာမပြတ်အောင် လုပ်ပေးခဲ့ပါတယ်။ အလယ်ခေတ်ဥရောပမှာ သူတို့တွေကသာ စက္ကုဗေဒမှာ ဆရာသဘာတွေ ဖြစ်ခဲ့ပါတယ်” (ပရော်ဖက်ဆာ ဂျူလီယက်စ် ဟီရ်ဆက်ခ်ျဘာ့ဂ်က ၁၉၀၅ ခုနှစ်တွင် အမေရိကန် ဆေးဘက်ဆိုင်ရာအသင်း၌ ပြောကြားသည့် မိန့်ခွန်းမှ)

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

Comments are closed.