6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၇၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

သူတို့ကွယ်လွန်ပြီးနောက်ပိုင်း ၁၀ စုနှစ်တွေ၊ ရာစုနှစ်တွေအထိ သူတို့ရဲ့ လေ့လာဖော်ထုတ်မှုတွေကို လက်တင်ဘာသာနဲ့ပြန်ဆိုကာ ဥရောပတစ်ခွင်လုံး အသုံးပြုခဲ့ကြတယ်ဆိုတာသာသိရင် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်သမားတော်တွေဟာ ပျော်ရွှင်ကြမှာပါ။

သက္ကရာဇ် ၈၃၀ မှာ တည်ထောင်ခဲ့တဲ့ အလ်-ကွေရာဝမ် (Qayrawan) လို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြ ဆေးရုံကြီးကြောင့် တူနီရှားနိုင်ငံဟာ ဆေးပညာနယ်ပယ် တိုးတက်ထွန်းကားရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီဆေးရုံဟာ လက်တွေ့ကုသရာ၊ စမ်းသပ်ဖော်ထုတ်ရာ ဆေးရုံလည်းဖြစ်တာကြောင့် ဆေးဘက်ဆိုင်ရာအသိပညာတွေကို ကျမ်းပေါင်းများစွာရေးသားကာ ထပ်ဆင့် မျှဝေခဲ့တဲ့ ဆေးပညာရှင်တွေလည်း ဒီဆေးရုံကနေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ စာအုပ်တွေကို ‘ကွန်စတန်တိုင် သည် အာဖရိကန်’ (Constantine the African) လို ပုဂ္ဂိုလ်မျိုးတွေက ဥရောပကို ဆောင်ကျဉ်းလာခဲ့ကြပါတယ်။

တူနီးရှားက ခရစ်ယာန်ပညာရှင်တစ်ဦးဖြစ်တဲ့ ကွန်စတန်တိုင်ဟာ ၁၁ ရာစုမှာ မွတ်စလင်ပညာရှင်တွေရဲ့ ဆေးဘက်ဆိုင်ရာ စွမ်စုံကျမ်းကြီးတွေကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုခဲ့တာကြောင့် လက်တင်စကားပြော ဥရောပပြည်သူတွေဟာ ဒီအသိပညာတွေကို လေ့လာသင်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဥရောပရဲ့ ဆေးပညာရပ်နယ်ပယ်ကို တော်လှန်ပြောင်းလဲစေခဲ့ပြီး ထင်ရှားတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုလည်း ပေါ်ထွက်လာစေခဲ့ပါတယ်။ ကွန်စတန်တိုင်ရဲ့ အကျော်ကြားဆုံး ဘာသာပြန်မှုက ၁၀ ရာစု မွတ်စလင် သမားတော် အလီ အစ်ဗနေ့ အဘတ်စ် အလ်-မဂျူစီ ရေးသားတဲ့ The Royal Book (တော်ဝင်ဆေးကျမ်း) ဖြစ်ပြီး လက်တင်ဘာသာစကားနဲ့ Pantegni လို့ ခေါ်တွင်ပါတယ်။ ဒီစာအုပ်ကို ၁၅၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၊ ၁၅၃၆ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့တွေမှာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

မွတ်စလင်သမားတော်ကြီးများ၏ စာအုပ်ကို ၁၁ ရာစု တူနီးရှား ခရစ်ယာန်ပညာရှင် ကွန်စတန်တိုင်က ဘာသာပြန်ဆိုခဲ့ပြီး ဆယ်လာနိုတက္ကသိုလ်တွင် ၁၆ ရာစုနှစ်က သင်ကြားခဲ့သည့် စာအုပ်အဖုံး

အလ်-ကွေရာဝမ်ဆေးရုံမှာ ပညာဆည်းပူးခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်သမားတော် အစ်ဗနေ့ အလ်-ဂျက်ဇာရ် (Ibn al-Jazzar) ရေးသားခဲ့တဲ့ The Guide for the Traveler Going to Distant Countries or Traveler’s Provision (နိုင်ငံရပ်ခြားသို့ ခြေဆန့်သော ခရီးသွားများအတွက် လမ်းညွှန်းကျမ်း သို့မဟုတ် ခရီးသည်များ ဆောင်ရန်ရှောင်ရန်) ကျမ်းကြီးဟာ အလယ်ခေတ်ရဲ့ အရောင်းရဆုံး စာအုပ်ကြီးဖြစ်ပါတယ်။

အလ်-ဂျက်ဇာရ်ဟာ အသက် ၈၀ ကျော်အရွယ် သက္ကရာဇ် ၉၅၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ရွှေဒင်္ဂါး ၂၄၀၀၀၊ ဆေးဘက်ဆိုင်ရာနဲ့ အခြားစာအုပ်ပေါင်း ၂၅ ကွင်တာ ( ၁ ကွင်တာသည် အလေးချိန် ၄၅ ကီလိုဂရမ်နှင့် ညီမျှသည်) ကျန်ရစ်ခဲ့ပါတယ်။ သူချန်ရစ်ခဲ့တဲ့ ပညာအမွေအနှစ်တွေထဲမှာ ‘အမျိုးသမီးရောဂါများနှင့် ၎င်းတို့ကို ကုသမှုဆိုင်ရာကျမ်း’ တစ်စောင်လည်း ပါဝင်ခဲ့ပါတယ်။ ဒီလို ရေးသားမှုက အလ်-ဂျက်ဇာရ်ကို ကျော်ကြားစေခဲ့ပြီး အလယ်ခေတ် အနောက်ဥရောပမှာ အလွန်သြဇာညောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်စေခဲ့ပါတယ်။

ကွန်စတန်တိုင်ဟာ Traveler’s Provision ကျမ်းကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုခဲ့ပြီး Viaticum peregrinantis စာအုပ် ဖြစ်လာကာ စင်စီယို့စ် (Synesios) ဆိုသူက Zedat ha-derachim အဖြစ် ဂရိနဲ့ ဟီဘရူးဘာသာကို ပြန်ဆိုခဲ့ပါတယ်။ ဒီလို ဘာသာပြန်ဖော်ပြမှုတွေကြောင့် ဒီစာအုပ်ဟာ ကမ္ဘာ့ဖတ်ရှုမှုအများဆုံး စာအုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Traveler’s Provision ဟာ စနစ်ကျပြီး ပြည့်စုံတဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတစ်ခုဖြစ်ပြီး ဆဲလာမို၊ မောင့်ပီလီယာ၊ ဘိုလော့ဂ်နာ၊ ပဲရစ်နဲ့ အောက်စဖို့ဒ် စတဲ့မြို့တွေက ဆေးဘက်ဆိုင်ရာကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပြဌာန်းစာအုပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတဲ့ စာအုပ်စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီကျမ်းကြီးထဲမှာ ကျောက်ကြီးရောဂါ၊ ၀က်သက်ရောဂါနဲ့ပတ်သက်ပြီး ထူးခြားပြည့်စုံတဲ့ ဖော်ပြချက်တွေလည်း ပါဝင်ပါတယ်။

အာရဘီဆေးကျမ်းတွေကို ဘာသာပြန်တဲ့စာအုပ်တွေဟာ ဥရောပရဲ့ အသိပညာ အချက်အခြာနေရာဖြစ်တဲ့ ဆဲလာမိုမြို့လို ဥရောပ ပညာ့ရပ်ဝန်တွေအားလုံးမှာ သိပ်မကြာခင် လူကြိုက်များ ကျော်ကြားလာခဲ့ကြပါတယ်။

ဥရောပဆေးလောကကို အဓိက လွှမ်းမိုးခဲ့တဲ့ အခြားသော အာရဘီဆေးကျမ်းတွေထဲ အနောက်နိုင်ငံမှာ ‘သမားတို့၏ ဦးသျှောင်’ လို့ နာမည်ကျော်တဲ့ အစ်ဗနေ့ ဆီနာ (Ibn Sina) ရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။ ၁၁ ရာစုက ရေးသားခဲ့တဲ့ သူ့ရဲ့ ဆေးကျမ်း Canon ဟာ နောက်ထပ် ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၆၀၀ လောက် ကမ္ဘာ့ဆေးပညာလောကရဲ့ ထိပ်ဆုံးပိုင်းမှာ ရှိခဲ့ပါတယ်။ အစ်ဗနေ့ဆီနာရဲ့ သိပ္ပံဆိုင်ရာ၊ ဒဿနဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေဟာ အလ်ဘာတက်စ် မဂ္ဂနပ်စ် (Albertus Magnus)၊ စိန့်သောမတ်စ် (St. Thomas)၊ ဒွန် စကိုတက်စ် (Duns Scotus) နဲ့ ရော်ဂျာ ဘေကွန် (Roger Bacon) တို့အပါအ၀င် နာမည်ကြီးပညာရှင် တော်တော်များများရဲ့ အပေါ်ကို လွှမ်းမိုးခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေကို ဗျည်းအက္ခအလိုက် ခွဲခြားကာ၊ ရောဂါဘယတွေ၊ ဆေးဝါးတွေ၊ ဇီဝကမ္မဗေဒဖြစ်စဉ်တွေနဲ့ ကုသမှုတွေကို ပထမဆုံး စာရင်းပြုစုထားတာတဲ့ စာအုပ်ဟာ ‘ကီသဗ် အလ်-မာ’ (The Book of Water) စာအုပ်ဖြစ်ပြီး အစ်ဗနေ့ အလ်-သာဟာဘီ (Ibn al-Thahabi) လို့ သိကြတ့ အလ်-အဇ်ဒီ (Al-Azdi) က ရေးသားခဲ့တာဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမဆုံးအခန်းက ရေ (အလ်-မာ) အကြောင်း ဖြစ်တာကြောင့်  ကီသဗ် အလ်-မာလို့ ခေါ်တာဖြစ်ပါတယ်။

အလ်ရာဇီရေးသားထားပြီး အတွဲပေါင်း ၂၀ ပါတဲ့ Comprehensive Book ကလည်း အဲဒီခေတ်အခါက သိရှိခဲ့တဲ့ ဆေးပညာရပ်အားလုံးကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုကာ Liber Continens အဖြစ် ထုတ်ဝေခဲ့ပြီး အနောက်ကမ္ဘာမှာ အလွန် လေးစားခံခဲ့ရကာ ရာစုနှစ်ပေါင်းများစွာ ဆေးပညာဆိုင်ရာ သင်ရိုးစာအုပ်တစ်အုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ၁၃၉၅ ခုနှစ် ပဲရစ်တက္ကသိုလ်က စာကြည့်တိုက်ရဲ့ ဆေးပညာဆိုင်ရာကဏ္ဍမှာ ရှိတဲ့ စာအုပ် ၉ အုပ်ထဲမှာ ဒီစာအုပ်ကလည်း တစ်အုပ်အပါအ၀င် ဖြစ်ပါတယ်။

သက္ကရာဇ် ၁၀၀ လောက်မှာ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ထင်ရှားတဲ့ သမားတော်ကြီး အလ်-ဇဟ်ရာဝီ (Al-Zahrawi) ကလည်း ဆေးကျမ်းပေါင်းများစွာကို ရေးသားခဲ့ပါတယ်။ ခွဲစိပ်ပညာနဲ့ ပတ်သက်ပြီး သူရေးသားခဲ့တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ကျမ်းကြီးဟာ အတွဲပေါင်း ၃၀ ပါဝင်ပြီး ဂျရတ် အော့ဖ် ခရီမိုနာ (Gerard of Cremona) က လက်တင်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ ဒီ ဘာသာပြန်ကို ၁၄၉၇ ခုနှစ်မှာ ဗင်းနစ်မြို့၊ ၁၅၄၁ ခုနှစ်မှာ ဘေဆယ်မြို့၊ ၁၇၇၈ ခုနှစ်မှာ အောက်စ်ဖို့ဒ် စတဲ့ မြို့တွေမှာ အကြိမ်ပေါင်းများစွာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

ဆဲလာနို (Salerno) နဲ့ မောင့်ပီလီယာ (Mountpellie) တို့ အပါအ၀င် ဥရောပရဲ့ ဆေးတက္ကသိုလ်အားလုံးနီးပါးမှာ ခွဲစိပ်မှုဆိုင်ရာ ဘာသာရပ်အတွက် ဒီစာအုပ်ကို သင်ရိုးအဖြစ် အသုံးပြုခဲ့ပြီး ဆေးဘက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းမှာ ရာစုနှစ်ပေါင်းများစွာ အဓိကစာအုပ်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဆီးရီးယား သမားတော်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis)

နောက်ဆုံးပြောရင်တော့ ၁၂၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆီးရီးယား သမားတော်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) ရဲ့ လက်ရာပါ။ သူဟာ အတွဲပေါင်း ၈၀ ပါဝင်တဲ့ The Complete Book on Medicine ကို ပြုစုခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဒီကျမ်းကြီးရဲ့ အပိုင်းအစတွေကို ဒမတ်စကတ်၊ အလက်ပို၊ ဘဂ္ဂဒတ်၊ အောက်စဖို့ဒ်နဲ့ ကယ်လီဖိုးနီးယားက ပါလို အလ်တိုပြတိုက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ပါလို အလ်တို ပြတိုက်မှာတော့ အစ်ဗနေ့ အလ်-နာဖစ်ရဲ့ ကြီးမားတဲ့ လက်ရေးမူ အပိုင်းအစကြီးတစ်ခု ရှိနေပါတယ်။

ခရူးဆိတ်စစ်သည်တွေကို ကုပေးတာမျိုးလို မွတ်စလင်သမားတော်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေလည်း မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ အသိပညာတွေကို ဥရောပက ရရှိခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကျော်ဘုရင် ‘ခြင်္သေ့ရစ်ချက်’ (Richard the Lion) ကိုယ်တိုင် မွတ်စလင်ဘုရင် ဆာလာဒင်ရဲ့ မိသားစု သမားတော်က ကုသပေးမှုကို ခံယူခဲ့ရဖူးပါတယ်။

ဥရောပ ဆေးပညာနယ်ပယ်ရဲ့ မူလဘူတသာမက၊ ကျင့်သုံးမှုပုံစံကပါ အာရပ်အမွေအနှစ်တွေပါ။ အသိပညာနယ်ပယ်မှာ ဥရောသားတွေဟာ အာရပ်တွေရဲ့ အမွေစားအမွေခံတွေ ဖြစ်ပါတယ်။ (ဒေါက်တာ ဒေါ်နယ် ကမ်းဘဲလ် – အာရပ်ဆေးပညာဆိုင်ရာ ၂၀ ရာစု သမိုင်းပညာရှင်)

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.