6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၈၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

သက္ကရာဇ် ၇၄၀ မှ ၇၅၀ အကြားတွင် ဂျော်ဒန်နိုင်ငံ၌ တည်ဆောက်ခဲ့သည့် ခီရ်ဘတ် အလ်-မက်ဖ်ဂျီရ် ဘုရင်၏ နန်းတော်မှ စက်ဝိုင်းပုံ ပြတင်းပေါက်တစ်ခု။ ယူကေရှိ ဒူရ်ဟမ် ကက်သလစ်ဘုရားကျောင်းမှ ရောင်စုံ မှန်နှင့် ပြုလုပ်ထားသည့် စက်ဝိုင်းပုံ ပြတင်းပေါက်မှာ ဤလက်ရာ၏ လွှမ်းမိုးမှုကို ခံရသည်ဟု မှတ်ယူထားကြသည်။

– ခရစ်ယာန် ကက်သလစ် ဘုရာကျောင်းတွေက အမိုးခုံးတွေ၊ အလင်းဖောက် စက်ဝိုင်းပုံ မှန်ပြတင်းပေါက်တွေ၊ ဘူတာရုံကြီးတွေက လေးကိုင်း အမိုးလက်ရာတွေ၊ အခြား ခရစ်ယာန်ဘုရားကျောင်းတွေက အမိုးချွန်တွေလို ဥရောပက အဆောက်အဦး တော်တော်များများမှာ မတူညီတဲ့ ဗိသုကာလက်ရာတွေ၊ ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ ဒီလက်ရာတွေအများစုဟာ ဗိသုကာနယ်ပယ်မှာ မွတ်စလင်တွေက ဖွံ့ဖြိုး၊ ပြည့်စုံစေခဲ့တဲ့ လက်ရာတွေဖြစ်ပြီး စပိန်နိုင်ငံတောင်ပိုင်းနဲ့ စစ္စလီကျွန်းတို့ကနေတစ်ဆင့် ဥရောပကို စီးဆင်း ၀င်ရောက်လာတယ်ဆိုတာကို သိမယ်ဆိုရင် တော်တော်များများက အံ့အားသင့်ကြမှာပါ။ ဒီလို အဆောက်အဦးဆောက်လုပ်မှု ဒီဇိုင်းတွေနဲ့ အတွေးအခေါ်တွေကို ဌာနေပညာရှင်တွေ၊ ခရူးဆိတ် ခရစ်ယာန် သာသနာပြုစစ်သည်တွေနဲ့ ကော်ဒိုဘာ၊ ကိုင်ရို ဒမတ်စကတ်တို့လို မွတ်စလင်မြို့တော်တွေ၊ မွတ်စလင်နိုင်ငံတွေကိုဖြတ်ပြီး ဂျေရုစလင်ကို ဘုရားဖူးသွားရောက်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေက ဥရောပကို သယ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းတွေဟာ ရောမတွေရဲ့ ဒီဇိုင်းအပေါ်မှာ ဆန်းသစ်ကာ အင်မတန်ကောင်းမွန်တဲ့ ပေါင်းစပ်ဖန်တီးမှုတွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

မွတ်စလင်တွေအတွက် ဗိသုကာပညာဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ အတိုင်းအဆမဲ့ စွမ်းအားတွေလို အယူအဆတော်တော်များများကို ဖော်ကျူးရတဲ့ နယ်ပယ်ဖြစ်တာကြောင့် ဂျီသြမေတြီ ဒီဇိုင်းတွေ၊ သစ်ပင်၊ သစ်ရွက်၊ အခက်၊ အလက် စတာတွေနဲ့ ပုံဖော်တဲ့ ‘အေရာဘက် ဒီဇိုင်း’ (arabesque design) တွေကို ထပ်ခါထပ်ခါ အသုံးပြုခြင်းအားဖြင့် ဗိသုကာလက်ရာကို ပုံဖော်ကြပါတယ်။ လူပုံနဲ့ တိရစ္ဆာန်ပုံတွေကိုတော့ ဒီလက်ရာတွေမှာ ထည့်သွင်းအသုံးပြုလေ့ မရှိပါဘူး။ အမိုးခုံးတွေ၊ မျှော်စင်တွေ၊ ကွက်လပ်ကျယ်ကြီးတွေနဲ့ အဆုံးအစမဲ့ခံစားမှု၊ အံ့ချီးဖွယ် စွမ်းအားတွေရဲ့ ခံစားမှုတွေကို ဖော်ကျူးပြီးတဲ့နောက် ဒီအဆောက်အဦးတွေမှာ ကုရ်အာန်ကျမ်းစာက ကျမ်းချက်တွေကို စာပန်းချီနဲ့ ချယ်မှုန်းပြီး ပြီးပြည့်စုံစေကြပါတယ်။

မွတ်စလင်တွေဟာ အဆောက်အဦးတွေကို ဒီလိုချယ်သရာမှာ မျက်စိပသာဒကို အထူး အာရုံစိုက်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်သာသနာဟာ မလိုအပ်ဘဲ အပိုဖြုန်းတီးမှုကို တားမြစ်ထားပေမယ့် ဘုရားသခင် ချမှတ်ထားတဲ့ ဘောင်အတွင်းမှာ နေထိုင်နေသမျှ ကာလပတ်လုံး သက်သောင့်သက်သာရှိတဲ့ ဘ၀မျိုးမှာ နေထိုင်စံစားဖို့ ခွင့်ပြုထားတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ မွတ်စလင်တွေအနေနဲ့ လူအထင်အမြင်သေးတဲ့ အခြေအနေမျိုးမှာ မနေထိုင်ရဘူးလို့ ဆိုလိုတာပါ။ “သက်တမ်းကုန်တဲ့အထိ နေရာမှာမို့လို့ ကမ္ဘာမြေပေါ်က လူ့ဘ၀အတွက် ကြိုးပမ်းပါ။ ဘယ်အချိန်သေမယ်မှန်း မသိတဲ့အတွက် နောက်တမလွန်အတွက် အားထုတ်ပါ” ဆိုတဲ့ မွတ်စလင်တွေရဲ့ ဆိုရိုးစကားဟာ သူတို့ရဲ့ ဗိသုပညာအပေါ်မှာလည်း သွားရောက် ရိုက်ခတ်ပါတယ်။ ဒါ့ကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျက်သရေရှိရှိ လှလှပပ လုပ်ကြတာဖြစ်ပါတယ်။

ရောင်စုံအလင်းဖောက်မှန်တွေနဲ့ အလှဆင်ထားတဲ့ ပြတင်းပေါက် အကြီးအကြီးတွေဟာ ဒီ ဆိုရိုးအတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခုပါပဲ။ ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ မျက်နှာစာကို ကြည့်လိုက်မယ်ဆိုရင် အဓိက ၀င်ပေါက်ကြီးအပေါ်က နံရံရဲ့ လှပမှု၊ ချယ်သထားမှုတွေကို သတိမပြုဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ သမိုင်းပညာရှင်တွေကတော့ ဒီ စက်ဝိုင်းပုံစံ ပြတင်းပေါက်ကြီးတွေကို အစ္စလာမ့်အနုပညာ၊ အူမိုင်ယာမင်းဆက် ခိုင်ရ်ဘတ် အလ်-မက်ဖ်ဂျာရ် (Khirbat al-Mafjar) ဘုရင်ရဲ့ နန်းတော် အပြင်ဘက်နံရံမှာ ကျောက်သား ဒါမှမဟုတ် သစ်သားကို ပွင့်ဖက် ၆ ရွက်ပါတဲ့ ပန်းပုံစံ ထွင်းထားတဲ့ ပြတင်းပေါက်တွေ။ ရှစ်ထောင့် ပြတင်းပေါက်တွေနဲ့ ချိတ်ဆက်ပြောဆိုကြပါတယ်။ အဲဒီ နန်းတော်ကြီးကို သက္ကရာဇ် ၇၄၀ နဲ့ ၇၅၀ အကြား ဂျော်ဒန်နိုင်ငံမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေဟာ ဒီလက်ရာတွေကို မြင်ပြီး ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေမှာ စတင် ထည့်သွင်းခဲ့ကြတာပါ။ ပထမဆုံးအနေနဲ့ Romanesque လို့ခေါ်တဲ့ (၁၁ ရာစုနေ ၁၂ ရာစုအတွင်း ထွန်းကားခဲ့တဲ့) ဗိသုကာလက်ရာကို ဒူရ်ဟမ် ကက်သလစ်ဘုရားကျောင်း (Durham Cathedral) လိုနေရာမျိုးမှာ တွေ့မြင်ရပြီး နောက်ပိုင်းမှာတော့ ဂေါ့သစ် ဗိသုကာလက်ရာ (Gothic architecture)  တွေ ထွန်းကားခဲ့ပါတယ်။ ရောင်စုံမှန်တွေနဲ့ စီချယ်ထားတဲ့ ဒီလို ပြတင်းပေါက်ကြီးတွေဟာ ဘုရားသခင်ရဲ့ မျက်လုံးတော်လို့ တင်စားခြင်းခံရတဲ့ အလင်းတွေကို ဖောက်ကာ အဆောက်အဦးထဲ ၀င်ရောက်စေတဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ တစ်ချို့တွေက ဒီအယူအဆဟာ ရောမက ပန်သီယွန် (Pantheon) ရှေးဟောင်း ဘုရားကျောင်းရဲ့ အမိုးခုံးမှာ ရှိနေတဲ့ စက်ဝိုင်းပုံ အလင်းဝင်ပေါက်ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအလင်းဝင်ပေါက်ဟာ ပြတင်းပေါက်ဆိုတာထက် ခေါင်မိုးပေါ်က အပေါက်တစ်ခုမျှသာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေရဲ့ ဗိသုကာလက်ရာ တစ်ခုချင်းနဲ့ ပတ်သက်လို့ ဖော်ပြမယ့် နောက်ပိုင်း အပိုင်းတွေကျရင် ဒီလက်ရာတွေက ရာစုနှစ်တွေအတွင်းမှာ ဥရောပအဆောက်အဦးတွေအပေါ် ဘယ်လို လွှမ်းမိုးမှုရှိလဲဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။

အော်တိုမန်အင်ပါယာ၏ မွတ်စလင် ဗိသုကာပညာရှင် ဆီနန် ဒီဇိုင်းထုတ် တည်ဆောက်ထားသည့် အစ္စတန်ဘူလ်မှ ဆူလေမာနီယီ ဗလီဝတ်ကျောင်းတော်

မွတ်စလင်တွေရဲ့ ဗိသုကာလက်ရာတွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပုံသဏ္ဍာန်မျိုးတွေလည်း ပါဝင်ပါတယ်။ ထောင်ပေါင်းများစွာသော ဖယောင်းတိုင်တွေ၊ မီးတိုင်တွေကထွက်တဲ့ မီးခိုးတွေကို လျှော့ချဖို့ အတွက် မွတ်စလင် ဗိသုကာပညာရှင် ဆီနန် (Sinan) ဟာ အစ္စတန်ဘူလ်က ဆူလေမာနီယီဗလီ (Suleymaniye) ကို တည်ဆောက်တဲ့အခါမှာ အထပ်ခိုးတစ်ခုကို ထည့်သွင်းထားပြီး အခိုးငွေ့တွေဟာ လေရဲ့ လှည့်ပတ်မှုကြောင့် ဒီအထပ်ခိုးကနေတစ်ဆင့် အပြင်ကို ထွက်သွားပါတယ်။ တစ်ချို့သော ကျပ်ခိုးတွေကိုတော့ စုဆောင်းထားပြီး ဗလီဝတ်ကျောင်းတော်က ရေပန်းဆီကို ပို့ပေးကာ အဲဒီကရေနဲ့ ရောပြီး မင်ဖြစ်အောင်လုပ်ပါတယ်။ ဒီမင်ကို စာပန်းချီချယ်မှုန်းရာမှာ အသုံးပြုပါတယ်။ နောက်ပြီး ဒီမင်ရည်ဟာ ကြမ်ပိုးတွေ၊ ခြတွေကို မောင်းထုတ်ပေးတာကြောင့် စာအုပ်တွေရဲ့ သက်တမ်းကိုလည်း တာရှည်ခံစေပါတယ်။

မွတ်စလင်ဗိသုကာပညာရှင် ဆီနန်

တူရကီနိုင်ငံက ဆူလေမာနီယီ ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံတစ်ဝှမ်းမှာ အမြင့်ဆုံးနဲ့ ငလျင်ဒဏ်အခံနိုင်ဆုံး မင်နာရတ် မျှော်စင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ဟာ အော်တိုမန် ဗိသုကာပညာရှင် ဆီနန်ရဲ့ လက်ရာလည်းဖြစ်ပါတယ်။  ၁၆ ရာစုအတွင်း အော်တိုမန်ဘုရင် ၃ ဆက် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ဆီနန်ဟာ အဆောက်အဦးပေါင်း ၄၇၇ ခုကို ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့ပြီး ဥရောပမှာ ၁၆ ရာစုအထိ မထွန်းကားသေးတဲ့ ဗိသုကာနဲ့ ပထ၀ီအနေအထား သဟဇာတဖြစ်စွာ ပေါင်းစပ်မှုရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဆီနန်ရဲ့ တူရကီဒီဇိုင်းတွေဟာ အမိုးခုံးတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး အမြင့်နဲ့ အရွယ်အစား ပိုမိုကြီးမားအောင် ဆောင်ရွက်နိုင်ခဲ့ကာ အရပ်ဖက် အင်ဂျင်နီယာလောကမှာ တစ်မူထူးခြားတဲ့ တိုးတက်မှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ဒါဟာ သူ့ရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.