News @ M-Media

Category: သတင်းများ

ပြည်တွင်းသတင်းနှင့် ကမ္ဘာ့သတင်းများ

  • ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်မှဝင်လာသူများကို ပစ်သတ်ရန် မြောက်ကိုရီးယားအမိန့်ထုတ်ဟု သတင်းထွက်

    ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်မှဝင်လာသူများကို ပစ်သတ်ရန် မြောက်ကိုရီးယားအမိန့်ထုတ်ဟု သတင်းထွက်

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

    -ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် တရုတ်နိုင်ငံက ဝင်လာသူတွေကို ပစ်သတ်ဖို့ မြောက်ကိုရီးယားက အမိန့်ထုတ်ထားတယ်လို့ တောင်ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Covid-19 ဟာ ရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်းကို ရိုက်ခတ်ခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ဆီမှာ ရောဂါကူးစက်သူ တစ်ဦးတောင်မရှိဘူးလို့ ထုတ်ပြန်ထားတာပါ။ ဇန်နဝါရီလကတည်းက မြောက်ကိုရီးယားဟာ တရုတ်နယ်စပ်ကို ပိတ်ထားပြီး၊ ဇူလိုင်လမှာတော့ ​အရေးပေါ်အခြေအနေကို အမြင့်ဆုံးအထိ မြှင့်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

    တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ USFK ရဲ့ တပ်မှူး ရောဘတ် အေဘရမ်က နယ်စပ်ပိတ်ထားတာကြောင့် တရုတ်ဖက်က မှောင်ခိုပစ္စည်းဝင်ရောက်မှု မြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေက ထိန်းချုပ်လာရတယ်လို့ ကြာသာပတေးနေ့ CSIS က ကျင်းပတဲ့ အွန်လိုင်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်နယ်စပ်ကနေ တစ်ကီလိုမီတာ ဒါမှမဟုတ် နှစ်ကီလိုမီတာလောက်ကို buffer zone အဖြစ်သတ်မှတ်ထားပြီး မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေချထားကာ ၀င်လာသူတွေကို နေရာမှာပဲ ပစ်သတ်ခွင့်ပေးထားတယ်လို့လည်း အေဘရမ်က ဆိုပါတယ်။

    ​နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေရှိနေတဲ့အချိန် ကိုဗစ်ကြောင့် တရုတ်ကုန်ပစ္စည်းတွေ ဝင်ရောက်မှု ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ၊ မကြာသေးခင်က မေဆက်တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရတာ စတာတွေကြောင့် မြောက်ကိုရီးယားဖက်ကနေ ရန်လိုတဲ့အပြုအမူမျိုး လတ်တလောမှာ မမြင်ရနိုင်သေးဘဲ လာမယ်လ အာဏာရပါတီရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ လက်နက်သစ်တစ်ချို့ကို ထုတ်ပြလာနိုင်တယ်လို့ အေဘရမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: New Straits Times

  • နွားကျင်ငယ်ရေပုံမှန်သောက်ကြောင်း ဘောလီးဝုဒ်နာမည်ကြီးမင်းသားတစ်ဦး ဝန်ခံပြောဆို

    နွားကျင်ငယ်ရေပုံမှန်သောက်ကြောင်း ဘောလီးဝုဒ်နာမည်ကြီးမင်းသားတစ်ဦး ဝန်ခံပြောဆို

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    ဘောလီးဝုဒ်မင်းသား အက်ရှေးကူးမားရ်

    -ဘောလီးဝုဒ်မင်းသား အက်ရှေးကူးမားရ်က သူဟာ နွားကျင်ငယ်ရေကို သောက်လေ့ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အက်ရှေးကူးမားရ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ခေါင်းဆောင် နရန်ဒရာမိုဒီကို ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ မိုဒီအစိုးရဟာ နွားရဲ့စွန့်ပစ်ပစ္စည်းတွေကနေ ဆီးချို၊ သွေးတိုးလို ရောဂါကုသဆေးတွေ ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ဖို့ ဒေါ်လာသန်းချီ သုံးစွဲထားပါတယ်။

    နွားရဲ့ ကျင်ကြီး၊ ကျင်ငယ်တွေဟာ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမျိုး တိတိကျကျမရှိပါဘူး။ ဒါပေမယ့် အိန္ဒိယမှာတော့ BJP က နိုင်ငံရေးသမား တော်တော်များများက နွားရဲ့ ကျင်ကြီး၊ ကျင်ငယ်တွေကို သုံးစွဲကာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသကြဖို့ ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းမှုတွေ ရှိနေပါတယ်။

    ဗြိတိန်ရုပ်သံအစီအစဉ် Bear Grylls နဲ့ အင်တာဗျူးမှာ အသက် ၅၃ နှစ်အရွယ် အက်ရှေးကူးမားရ်က သူဟာ နွားကျင်ငယ်ရေကို ပုံမှန်သောက်သုံးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

    “ကျွန်တော်က အစိုးရိမ်ကြီးပါတယ်။ အာယုဝီဒသဘောတရားအရ ကျွန်တော် နွားကျင်ငယ်ရေကို သောက်လေ့ရှိပါတယ်။ ကျွန်တော့်အတွက် အဆင်ပြေပါတယ်”

    ဟိန္ဒူဘာသာမှာ နွားဟာ မြင့်မြတ်တဲ့သတ္တဝါဖြစ်ပြီး နွားကျင်ငယ်ရေဟာ ကျန်းမာရေးအကျိုးကျေးဇူးရှိတယ်လို့ ဟိန္ဒူဘာသာဝင်တော်တော်များများက ယူဆကာ သုံးစွဲနေကြပါတယ်။

    Ref: The Star

  • လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -ဥရောပလွှတ်တော်ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုဆု Sakharov Prize ကို ရရှိထားတဲ့ ဆုရအသိုင်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာလို့ ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုမရခင် တစ်နှစ်အရင် ၁၉၉၀ ပြည့်နှစ်မှာ ဥရောပလွှတ်တော်က Sakharov Prize ဆုကို ချီးမြှင့်ခဲ့တာပါ။

    ၁၉၉၀ ပြည့်နှစ်မတိုင်ခင်က ဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ဆုကို ပြန်သိမ်းလို့မရပေမယ့် ဆုရတဲ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်လိုက်တာဟာ ဒီဆုနဲ့ပတ်သက်လို့ အပြင်းထန်ဆုံး အရေးယူမှုဖြစ်တယ်လို့ ဥရောပလွှတ်တော်ရင်းမြစ်တစ်ခုက သတင်းဌာနတွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီလို ဖယ်ရှားခံလိုက်ရတာကြောင့် ဆုရသူတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၈၈ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်အတွငး် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာအများအပြား အသတ်ခံရသလို ၇ သိန်းကျော်လောက်လည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့တို့က ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Aljazeera

  • အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ဘာရိန်း သဘောတူ

    အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ဘာရိန်း သဘောတူ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဘာရိန်းတို့ဟာ ပြည့်စုံတဲ့ သံတမန်ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပြီး ဒါဟာ သမိုင်း၀င်အောင်မြင်မှုတစ်ခုလို့လည်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ဟာ အစ္စရေး၀န်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟု၊ ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ်ခါလီဖာတို့နဲ့ ဆွေးနွေးပြီးနောက် ဒီလို သဘောတူညီချက် ရခဲ့တာဖြစ်တယ်လို့ ၃ နိုင်ငံ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကလည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ အိမ်ဖြူတော်မှာ ပြုလုပ်မယ့် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယူအေအီး၊ ဘာရိန်းနဲ့ အစ္စရေးတို့ တက်ရောက်မှာ ဖြစ်ပါတယ်။

    မနေ့က ဘာရိန်းနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ မိမိတို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ မျှတပြီး ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးမျိုး အလိုရှိတယ်လို့ ဖော်ပြထားပါတယ်။

    ဘုရင်ဟာမဒ်က အဲဒီငြိမ်းချမ်းရေးဟာ ပါလက်စတိုင်း-အစ္စရေး ပူးတွဲတည်ရှိတဲ့ နှစ်နိုင်ငံအဖြေကို အခြေခံသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ဒီသဘောတူညီချက်ဟာ ပါလက်စတိုင်းတွေရဲ့နောက်ကျောကိုထိုးတဲ့ နောက်ထပ်သစ္စာမဲ့ဓားချက်တစ်ခု ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – နေတန်ယာဟု၊ ထရမ့်နှင့် ဘုရင်ဟာမဒ်)

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ​စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    ပေါ့ဘာမှာ အလုပ်ပေါ်တွင် စိတ်နှစ်မြှုပ်မှုမရှိဟု ဂယ်ရီနဗီးလ်ပြော

    • ကွင်းလယ်လူပေါ့ဘာဟာ ပါရမီရှိပေမယ့် စိတ်နှစ်မြှုပ်မှုအားနည်းတာကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် မဖြစ်တာလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပေါင် ၈၉ သန်းနဲ့ မန်ယူကိုရောက်လာတဲ့ပေါ့ဘာဟာ ခြေစွမ်းကောင်းကို ပုံမှန်မပြနိုင်ဘဲ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

    ဂယ်ရီနဗီးလ်က ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် စိတ်မနှစ်မြှုပ်နိုင်တာမျိုး ကစားသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး သူလည်း ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။ မန်ယူဟာ လက်ရှိမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသင်းတွင် ပါဝင်ကစားရန် အသင့်ရှိဟု အိုဇေးလ်ပြော

    အသင်းမှာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ကာ အဆင်သင့်ဖြစ်နေတယ်လို့ အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်က ပြောကြားလိုက်ပါတယ်။

    အာဆင်နယ်ဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာပါ။ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အိုဇေးလ်ဟာ ကိုရိုနာကြောင့် ခေတ္တရပ်နားပြီး ပြန်စတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ရာသီကုန်အထိ နည်​းပြအာတီတာရဲ့ ရွေးချယ်မှုကိုမခံရတော့ဘဲ၊ အသင်းကရောင်းချဖို့ ကြိုးပမ်းမှုကိုလည်း အိုဇေးလ်က လက်မခံခဲ့ပါဘူး။

    မိမိက အဆင်သင့်ဖြစ်ပေမယ့် ဖူလ်ဟမ်နဲ့ပွဲ ရွေးချယ်ခံရခြင်း ရှိ၊ မရှိဆိုတာက နည်းပြအပေါ်မှာ မူတည်နေတယ်လို့ အိုဇေးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

    mmFootballNews