News @ M-Media
Blog
  • မန္တလေးမြို့ မောင်ကိန်းရွှေဆိုင် ဓါးပြတိုက်ခံရ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သုတ
    Mg Kane
    မန္တလေးမြို့ ၂၉-လမ်းနှင့် လမ်း-၈၀ ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ယနေ့ ညနေ ၅-နာရီဝန်းကျင်ခန့်က ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
    အဆိုပါ ဓါးပြတိုက်မှုတွင် ဓါးပြတိုက်သူမှာ သေနတ် ကိုင်ဆောင်ထားပြီး သေနတ်ပစ်ဖောက်ကာ ရွှေများကို လုယက်ယူဆောင်ပြီး ဆိုင်ကယ်မောင်းပြေးရန် ပြုရန် ရွှေဆိုင်မှာ လုံခြုံရေးဝန်ထမ်းမှ ၀င်ရောက် လုံးထွေးဖမ်းဆီးတာကြောင့် အဆိုပါ တရားခံလို့ ယူဆရသူ ဓါးပြအား ဖမ်းဆီးမိလိုက်ပြီး ၎င်းမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသေးဘဲ အမှတ်(၈) ရဲစခန်းတွင် စစ်ဆေးရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
    အခင်းဖြစ်ပွားရာတွင် တစ်ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရှိရပါသည်။
  • ကမ္ဘာကျော် AK-47 ကို ဒီဇိုင်းထွင်ခဲ့သူ ကွယ်လွန်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    Russia Obit Kalashnikov.JPEG-010bf
    – အခြားသော သေနတ်များထက် ပိုမိုထိရောက်သော AK-47 ရိုင်ဖယ်သေနတ်ကို ဒီဇိုင်းထွင်ခဲ့သူ မီခေးလ် ကာလာရှင်ကောဗ့်မှာ ယမန်နေ့က ၎င်း၏ ဇာတိ Izhevsk ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီဟု ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Itar-Tass က ဖော်ပြခဲ့သည်။
    ကာလာရှင်ကော့ဗ်မှာ ဒုတိယကမ္ဘာ့စစ်ပြီးကာစ အသက် ၂၀ အရွယ်တွင် AK-47 ရိုင်ဖယ်သေနတ်အား တီထွင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၉၄ ရှိနေပြီဖြစ်သည်။
    ဆိုက်ဘေးရီးယားတွင် မွေးဖားခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် တပ်နီတော်ထဲသို့ဝင်ခဲ့ပြီးနောက် ဆိုဗီယက် စစ်တပ်ရှိ တင့်ကားများကို အဆင့်မြှင့်တင်ပေးသည့် အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့သည်။ ထို့ပြင် AK-47 ရိုင်ဖယ်သေနတ်နှင့် အခြားသော စစ်လက်နက်ပစ္စည်းများကိုလည်း ဒီဇိုင်ထွင်ပေးခဲ့သည်။
    Ref: aljazeera
  • ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်
    ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    A.N.Lay
    55_0
    ရန်ကုန်တက္ကသိုလ် (ဓါတ်ပုံ အင်တာနက်)
    ရန်ကုန် ။      ။    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင်တက်ရောက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ၃၀-ရက်နောက်ဆုံးထားကျောင်းအပ်နှံရမည်ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနဆိုင်ရာမှ သတင်းရရှိသည်။
    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားနေသည့် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုများကို ၂၀၁၄-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျောင်းစဖွင့်တာက ၂၀၁၄ ခုနှစ် မတ် ၁၉-ရက်ဆိုတော့ ဒီကာလအတွင်းမှာ ကျောင်းခေါ်ချိန်က ၁၀၀ ရာခိုင်းနှုန်းထိရှိပါတယ်။ အဲဒါကြောင့်ကျောင်းအပ်နှံခွင့်နောက်ဆုံးထားခွင့်ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀-ရက်သတ်မှတ်ထားပါတယ်။ ကျောင်းတက်တဲ့အချိန်မှာလည်း ကျောင်းခေါ်ချိန် ၇၅-ရာခိုင်းနှုန်းထက်လျော့လို့မဖြစ်ပါဘူး။ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်ဖို့က အရေးကြီးပါတယ်”လို့ ပြောကြားခဲ့သည်။
    ကျောင်းဝင်ခွင့်ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက် ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာ ခဲ့သည်။
    ယင်းထုတ်ပြည်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ်စာ ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထဝီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿနိက ၄၉ ဦး၊ စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ ကွန်ပျူတာ သိပ္ပံ ၃၆ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုသဗေဒ ၃၂ ဦး၊ ရှေးဟောင်းသုတေသန ၄၉ ဦး၊ ရှုပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး တို့အား ထပ်မံဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသတင်းရရှိသည်။
  • BBC: ဗြိတိသျှ သံအမတ် ရခိုင်ဒုက္ခသည်စခန်း လေ့လာ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    BBC (မြန်မာပိုင်း)
    121104121822_rohingyas_304x171_reuters
    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေ ကို သွားရောက် လေ့လာ ခဲ့ပါတယ်။ ဒီအခါမှာ အခြေအနေဆိုးဝါးတဲ့ ဒုက္ခသည် တွေ ဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက် အောင် မပို့နိုင်တာဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
    ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှု၊ ပါဝင်လေ့လာမှု တွေ အပေါ်မှာ ဒေသခံတွေ က ယုံကြည် လက်ခံမှု မရှိခြင်းဟာ အဓိက ပြဿနာ လို့ မြင်ခဲ့ရသလို၊ နိုင်ငံတကာ က အကူအညီတွေ အပေါ်မှာလည်း တချို့ ဒေသခံတွေ က ထိန်းချူပ်ဖို့ ကြိုးစားမှု တွေ ရှိနေကြောင်း၊ သူတို့ ဘာသာ စီမံခန့်ခွဲ လိုတဲ့ သူတွေ ရှိသလို၊ တချို့ကလည်း အထက်ပါ အကူအညီတွေ ကို စခန်းတွေထဲ မရောက် အောင် ထိန်းချူပ်ဖို့ ကြိုးစားသူတွေ ရှိကြောင်း သံအမတ်ကြီး က ရှင်းပြပါတယ်။
    ဒီလို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ကို မြန်မာ အစိုးရ အနေနဲ့ သေသေချာချာ စိစစ် ကိုင်တွယ်ဖို့ လိုနေပြီလို့ လည်း သံအမတ်ကြီး က ပြောပါတယ်။ ဒုက္ခသည်တွေ အနက် အပြင်ထွက်ပြီး အလုပ် လုပ်ခွင့် မရတာကြောင့်၊ ဒီလူတွေ ဆီ အကူအညီ ရောက်ဖို့ ပိုလိုအပ်တဲ့ အကြောင်း၊ ရခိုင်ဒုက္ခသည် တွေ ကတော့ စခန်းအပြင်ဘက် အလုပ် လုပ်ခွင့် ရတဲ့ အတွက်၊ မွတ်ဆလင် ဒုက္ခသည်တွေ လောက် အခြေအနေ မဆိုးဘူး လို့ လည်း သံအမတ်ကြီး အန်ဒရူး ပက်ထရစ် က ဘီဘီစီ ကို ပြောပါတယ်။
    ရခိုင်ပြည်နယ် က ဒုက္ခသည် စခန်းတွေ မှာ ရခိုင်လူမျိုးတွေ ရော၊ မွတ်ဆလင် ဒုက္ခသည်တွေ ပါ ရှိနေကြတာပါ။
    ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း
    Photo- Reuters
    Link=>http://www.bbc.co.uk/burmese/burma/2013/12/131224_british_hma_rakhine.shtml
  • အရှုံးအနိုင် မပေါ်ခဲ့တဲ့ လန်ဒန်ဒါဘီ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    620-ars-che-ozil-mikel-new
    အာဆင်နယ် ၀-၀ ချယ်ဆီး
    အီမရိတ်တွင် ကစားခဲ့သည့် ယခုပွဲတွင် နှစ်သင်းစလုံး အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်ခန့်စီ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် ဂိုးမရှိ သရေဖြင့်ပြီးဆုံး ခဲ့ရသည်။ မော်ရင်ဟို အနေဖြင့် ချယ်ဆီးနည်းပြအဖြစ် အာဆင်နယ်အသင်းနှင့် ၁၀ ကြိမ် တွေ့ဆုံရာတွင် ရှုံးပွဲမရှိခဲ့ဘဲ၊ အာဆင်နယ်အသင်း အနိုင်မရသည့် ပွဲမှာလည်း ၃ ပွဲဆက်ဖြစ်လာပြီဖြစ်သည်။
    ပွဲအစတွင် နှစ်သင်းစလုံး ကစားအားအနည်းငယ်နှေးသော်လည်း နောက်ပိုင်းတွင် ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် အာဆင်နယ်အသင်းဘက်သို့ ထိုးဖောက်ကစားလာနိုင်ခဲ့သည်။ ထို့ကြောင့် ဂိုးသွင်းခွင့်များရခဲ့ပြီး ရာမီးရက်စ်၏ ခေါင်းတိုက်ချက် ဘေးထွက်သွားခဲ့ကာ၊ လမ်းပတ်၏ ညာခြေဖြင့်ကန်ချက်မှာလည်း ဘားတန်းထိထွက်ခဲ့သည်။ အာဆင်နယ်အသင်းမှာ အစောပိုင်းမိနစ်များတွင် ဂိုးသွင်းခွင့်မရခဲ့ဘဲ ပထမပိုင်းပြီးကာနီးတွင်မှ အိုဇေးလ်နှင့် ရိုစစ်ဆကီးတို့က ချယ်ဆီးဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။
    ဒုတိယပိုင်းတွင် အာဆင်နယ်တို့ကစားကွက် အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ချယ်ဆီးအသင်းက ဂိုးသွင်းခွင့်များရခဲ့ပြီး လမ်းပတ်၊ ဂျွန်တယ်ရီတို့ ကြိုးပမ်းချက်များ ဂိုးမ၀င်ခဲ့သောကြောင့် အာဆင်နယ်အသင်း သက်သာရာရခဲ့ခြင်းဖြစ်သည်။ မိနစ် ၆၀ နောက်ပိုင်းတွင် အာဆင်နယ်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂျရူး၏ကန်ချက်နှင့် ဆဂ်နာ၏ အပိုင်ခေါင်းတိုက်ချက်တို့ကို ချယ်ဆီးနောက်တန်းက ကာကွယ်သွားနိုင်ခဲ့သည်။ ယခုပွဲသရေကြောင့် အဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ချယ်ဆီးအသင်းမှာ အဆင့်လေးနေရာတွင်ရှိနေသည်။