News @ M-Media

Category: အာဖရိက

  • ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    မတ် ၁၊ ၂၀၁၅
    M-Media

    srln

    – မိမိ၏ သက်တော်စောင့်များထဲမှတစ်ဦးမှာ အီဘိုလာဖြင့် သေဆုံးခဲ့ပြီးနောက်ပိုင်း ဆီရာလီယွန်နီ၏ ဒုတိယသမ္မတ ဆမ် ဆူမာနာက အီဘိုလာစိုးရိမ်ရမှုကြောင့် ၎င်းကိုယ်တိုင် သီးသန့်နေထိုင်နေသည်ဟု အစိုးရက ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပြီး အဆိုပါ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တွန်းလှန်ရေးအတွက် ခရီးသွားမှု ကန့်သတ်ချက်များကိုလည်း ဆီယာလီယိုက ပြန်လည် သတ်မှတ်ထားသည်။

    သေဆုံးသွားသည့် ဆူမာနာ၏သက်တော်စောင့်မှာ အသက် ၄၂ နှစ်အရွယ် ဂျွန် ကိုရိုမာဆိုသူဖြစ်ပြီး သောကြာနေ့က အီဘိုလာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆူမာနာက ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့၏အိမ်တွင် သီးသန့်နေထိုင်ခဲ့ကာ ကျန်းမာရေးတာဝန်ရှိသူများက ဆောင်ရွက်နေသော စမ်းသပ်စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေသည်။

    ဒုတိယသမ္မတအနေဖြင့် အန္တရာယ်ရှိသော အနေအထားတွင် မရှိသော်လည်း ရောဂါပိုး ပေါက်ဖွားကူးစက်နိုင်သည့် အချိန်ကာလဖြစ်သော ၂၁ ရက်အထိ ရုံးသို့မသွားရန် ဆုံးဖြတ်ခဲ့ပြီး နေအိမ်မှနေ၍ အလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

    ဆီရာလီယွန်နီတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်း အီဘိုလာကူးစက်သူ ၁၈ ဦးရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ၂ ဦးတိုးလာခဲ့ကာ
    ထိုပမာဏမှာ နိုင်ငံအတွင်း ယခင်လများ၌ ရောဂါကူးစက်မှုနှုန်းလျော့ကျမှုကို ပျက်ဆီးစေခဲ့သည်။ ထို့ကြောင့် ခရီးသွားလာမှု
    ကန့်သတ်ချက်များကို အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    Ref: Aljazeera

  • နယ်စပ်ရှိ အရေးပါသည့်မြို့ကို ဘိုကိုဟရမ်လက်မှ နိုက်ဂျီးရီးယား ပြန်လည် သိမ်းယူ

    နယ်စပ်ရှိ အရေးပါသည့်မြို့ကို ဘိုကိုဟရမ်လက်မှ နိုက်ဂျီးရီးယား ပြန်လည် သိမ်းယူ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    nigiria

    – လေကြောင်းမှ ပစ်ကူပေးမှုများနှင့်အတူ နိုက်ဂျီးရီးယားစစ်တပ်က နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ ဘာဂါကို ဘိုကိုဟရမ်အဖွဲ့၏လက်မှ ယမန်နေ့တွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    ချဒ်၊ နစ်ဂါး၊ ကင်မရွန်းနိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော နေရာတွင် တည်ရှိသည့် အဆိုပါဘာဂါမြို့မှာ အာဖရိက နိုင်ငံပေါင်းစုံတပ်များ၏ ဌာနချုပ်ရှိရာ အရေးပါသည့်မြို့ဖြစ်ပြီး ဘိုကိုဟရမ်က ဇန်န၀ါရီ ၃ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

    “ဘာဂါမြို့ကို ကျွန်တော်တို့ လုံခြုံစေခဲ့ပါပြီ။ ကျွန်တော်တို့ အပြည့်အ၀ ထိန်းချုပ်ထားပါတယ်” ဟု နိုက်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခရစ် အိုလူကို လိဒ်က ဆိုသည်။ ထို့ပြင် ထွက်ပြေးသွားကြသည့် ဘိုကိုဟရမ်အဖွဲ့ဝင်များမှာ ချက်ဒ်ရေကန်ကြီးတွင် ရေနှစ်သေဆုံခဲ့သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားအစိုးရမှာ မတ်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ဘိုကိုဟရမ်အဖွဲ့အား အပြတ်ချေမှုန်းမည်ဟု ပြောဆိုထားပြီး အိမ်နီးချင်းနိုင်ငံများမှ တပ်များနှင့်ပေါင်းကာ ဘိုကိုဟရမ် ခိုအောင်းရာ နေရာများသို့ တရစပ် ထိုးစစ်ဆင်လျက်ရှိနေပြီး ဘိုကိုဟရမ်အဖွဲ့ဝင် အများအပြားကိုလည်း သုတ်သင်နိုင်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးလုပ်ငန်းများ အောင်မြင်မှုကို နိုက်ဂျီးရီးယားသမ္မတ ဂွဒ်လက် ဂျိုနသန်ကလည်း ချီးကျူးပြောကြားခဲ့သည်။

    Ref: aljazeera

  • အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    libya

    – ပြီးခဲ့သည့် လများက ပြန်ပေးဆွဲထားသည်။ အီဂျစ် ကော့ပတစ်ခရစ်ယာန်ဘာသာဝင် ၂၁ ဦးအား သတ်ဖြတ်သည်ဟု ယူဆရသော ဗီဒီယိုကို လစ်ဗျားရှိ IS အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါဗီဒီယို၏ မှန်ကန်မှုကို အီဂျစ်အစိုးနှင့် ကော့ပတစ်အသင်းတော်တို့က အတည်ပြုခဲ့သည်။ အဆိုပါဗီဒီယိုတွင် အီဂျစ်ခရစ်ယာန်များမှာ လိမ္မော်ရာင်အကျဉ်းသားဝတ်စုံကို ၀င်ဆင်ထားပြီး လစ်ဗျားရှိ ထရီပိုလီပြည်နယ်တွင် တည်ရှိသော ကမ်းနံဘေးတွင် သတ်ဖြတ်ပုံကို ဖော်ပြထားသည်။

    ၎င်းတို့မှာ ဒီဇင်ဘာနှင့် ဇန်န၀ါရီ လများအတွင်း လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဆာရ်တီမြို့တွင်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတွင် IS အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗီဒီယိုထွက်လာပြီးနောက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီမှာ အီဂျစ်အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိများကို ဆင့်ခေါ်ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး သေဆုံးသွားသည့် အီဂျစ် ခရစ်ယာန်များအတွက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ကို ၇ ရက် သတ်မှတ်ခဲ့သည်။

    “ဒီလူသတ်သမားတွေကို သင့်လျော်နည်းလမ်းနဲ့ သင့်လျော်တဲ့အချိန်မှာ တုံ့ပြန်အပြစ်ပေးသွားဖို့ အီဂျစ်မှာ အခွင့်အရေးရှိပါတယ်” ဟု နိုင်ငံသားများ သေဆုံးမှုအတွက် ရုပ်မြင်သံကြားမှထုတ်လွှင်သော မိန့်ခွန်းတွင် အလ်- စီစီက ထည့်သွင်းပြောကြားခဲ့သည်။

    အီဂျစ်ရှိ ကော့ပတစ်အော်သိုဒေါ့ အသင်းတော်ကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် လူသတ်သမားများအား တရားမျှတမှုရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

    ကိုင်ရိုရှိ နာမည်ကြီးအစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ကလည်း IS အဖွဲ့၏ ထိုသတ်ဖြတ်မှုမှာ ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ဒီလိုရိုင်းစိုင်းတဲ့လုပ်ရပ်မျိုးဟာ ဘယ်လိုဘာသာတရား၊ ဘယ်လိုလူ့တန်ဖိုးနဲ့မှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူး” ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    လစ်ဗျားမှာ ပြီးခဲ့သည့် ၃ နှစ်အရင်က အာဏာရှင် ကာဒါဖီပြုတ်ကျခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေပြီး ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ IS အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။ လစ်ဗျားတွင် အီဂျစ်နိုင်ငံသားများမှာ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပြီး အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။

    Ref: aljazeera

  • ရုရှားအကူအညီဖြင့် အီဂျစ်တွင် နျူဓာတ်အားပေး စက်ရုံဆောက်မည်

    ရုရှားအကူအညီဖြင့် အီဂျစ်တွင် နျူဓာတ်အားပေး စက်ရုံဆောက်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    egypt

    – အီဂျစ်နိုင်ငံတွင် ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှား၏ အကူအညီဖြင့် တည်ဆောက်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ယမန်နေ့တွင် ကြေညာလိုက်သည်။

    အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ပြုလုပ်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီတို့၏ တွေ့ဆုံဆွေးနွေးမှုပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ ကုန်သွယ်မှု မြှင့်တင်ခြင်း အပါအ၀င် အခြားသော ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

    “တကယ်လို့ နောက်ဆုံး ဆုံးဖြတ်ချက်တွေသာ ချမှတ်ပြီးပြီဆိုရင်တော့ ဒါဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုတည်း တည်ဆောက်တယ်ဆိုတဲ့ သဘောမျိုးသာမဟုတ်ဘဲ အီဂျစ်မှာ နျူကလီးယား လုပ်ငန်းတစ်ခုလုံးကို ဖန်တီးတဲ့ သဘောမျိုးပါပဲ” ဟု အီဂျစ်သမ္မတနှင့် ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

    လျှင်စစ်ဓာတ်အား ပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ရည့် အီဂျစ်နိုင်ငံအတွက် ဓာတ်ပေါင်းဖို ၄ ခုပါဝင်ပြီး ဓာတ်အား ၁၂၀၀ မီဂါဝပ်ကို ထုတ်ပေးမည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုရှိရာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ဒက်ဘားမြို့တွင် တည်ဆောက်မည်ဖြစ်သည်။

    သမ္မတပူတင်၏ ၂ ရက်တာ လာရောက်လည်ပတ်မှုတွင် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့လုပ်ငန်း တိုးတက်ရေးနှင့် ဆူးအက်တူးမြောင်းတစ်လျှောက် ရုရှားစက်မှုဇုန်တစ်ခု တည်ဆောက်ရန်အတွက်လည်း သဘောတူညီချက်များ ရရှိခဲ့သည်။ ထို့ပြင် အီဂျစ်မှာ ရုရှားမှ လက်နက်များ ပြန်လည်ဝယ်ယူရေးအတွက်လည်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    Ref: aljazeera

  • ဘိုကိုဟရမ်ကို အမြစ်ဖြတ်ချေမှုန်းမည်ဟု နိုက်ဂျီးရီးယားပြော

    ဘိုကိုဟရမ်ကို အမြစ်ဖြတ်ချေမှုန်းမည်ဟု နိုက်ဂျီးရီးယားပြော

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media

    ngr

    – လာမည့် မတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် သတ်မှတ်ထားသည့် ရွေးကောက်ပွဲကို ထပ်မံရွှေ့ဆိုင်းတော့မည် မဟုတ်ဘဲ ကျန်ရှိသည့် သီတင်းပတ် ၆ ပတ်အတွင်း ဘိုကိုဟရမ်၏ စခန်းအားလုံး ချေမှုန်းဖျက်ဆီးသွားမည်ဟု နိုက်ဂျီးရီးယားက အစိုးရက ပြောကြားလိုက်သည်။

    “ကျွန်တော်တို့သိထားတဲ့ ဘိုကိုဟရမ်ရဲ့ စခန်းတွေအားလုံးကို ဖယ်ရှားသွားမှာပါ။ သူတို့အဲဒီမှာ ရှိတော့မှာမဟုတ်ပါဘူး။ သူတို့ကို ဖျက်ဆီးသွားမှာပါ။ ပြီးတော့ ရွေးကောက်ပွဲကိုလည်း ထပ်ရွှေ့မှာ မဟုတ်တော့ပါဘူး” ဟု နိုက်ဂျီးရီးယား အမျိုးသား လုံခြုံရေးအကြံပေး ဆမ်ဘို ဒါဆူကီက ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပရန် မူလက စီစဉ်ထားခဲ့သော်လည်း ဘိုကိုဟရမ်အဖွဲ့၏ ခြိမ်းခြောက်မှုများ ရှိနေပြီး နိုက်ဂျီးရီးယား စစ်တပ်ကလည်း လုံခြုံရေးအပြည့်အ၀ မပေးနိုင်သောကြောင့် မတ်လ ၂၈ ရက်နေ့သို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

    ဒါဆူကီကမူ နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ကင်မရွန်း၊ ချဒ်နှင့် နစ်ဂါးနိုင်ငံတို့မှ စစ်တပ်များ ပူးပေါင်းကာ ဆောင်ရွက်မည့် စစ်ဆင်ရေးအသစ်မှာ ဘိုကိုဟရမ်ကို တွန်းလှန်ရာတွင် အဆုံးအဖြစ် ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းခဲ့ခြင်းအတွက် နိုင်ဂျီးရီးယားအစိုးရအား အတိုက်အခံများအပါအ၀င် လူအများက ဝေဖန်မှုများရှိခဲ့ပြီး ဒါဆူကီကမူ ထိုသို့ရွှေ့ဆိုင်းခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်မပါဝင်ဟု ဆိုသည်။

    ဘိုကိုဟရမ်အားတိုက်ခိုက်ရန် ဒေသတွင်းနိုင်ငံများက တိုးမြှင့်လုပ်ဆောင်နေစဉ်တွင် ဘိုကိုဟရမ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာရ် ရှီကာကူက ယမန်နေ့တွင် ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပြီး အင်အား ၈၇၀၀ ရှိသော အာဖရိကနိုင်ငံများမှ စစ်တပ်များကို ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera