ဇန်နဝါရီ ၁၅၊ ၂၀၂၁
M-Media

WHO အဖွဲ့ ဝူဟန်သို့ရောက်ရှိစစ်ဆေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့တွေဟာ ကိုဗစ်ပိုးရဲ့ မူလအစကို လေ့လာဖော်ထုတ်ဖို့အတွက် ဗိုင်းရပ်စ်စတင်ရာ ဝူဟန်မြို့ကို မနေ့က ရောက်ရှိလာပါတယ်။

တရုတ်အစိုးရက အဝင်မခံတာကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရတာပါ။ ပညာရှင် ၁၀ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ဟာ ၂ ပတ်ကြာကွာရန်တင်းဝင်ပြီးနောက် လေ့လာဖော်ထုတ်မှုတွေ လုပ်ဆောင်ပါလိမ့်မယ်။

တရုတ်ကျန်းမာရေးဝန်ထမ်း၊ သုတေနပညာရှင်၊ ဗိုင်းရပ်စ်စတင်ရာ ဝူဟန်ပင်လယ်စာစျေးကလူတွေနဲ့ တွေ့ဆုံမေးမြန်းမှု လုပ်ဆောင်မှာဖြစ်သလို တရုတ်အစိုးရကပေးတဲ့ အထောက်အထားတွေကိုလည်း သုံးသပ်မှာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် ပီတာ ဘန် အမ်ဘာရက်က ဗိုင်းရပ်စ်အကြောင်း ခြေခြေမြစ်မြစ်သိရဖို့ အချိန်အတော်ကြာအုံးမယ်လို့ ခရီးစဉ်မစခင်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိရောက်ဟု ဘရာဇီးလ်ပြော

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ဟာ ၅၀.၄ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဘရာဇီးလ်နိုင်ငံမှာပြုလုပ်နေတဲ့ စမ်းသပ်အသုံးပြုမှုမှာ တွေ့ခဲ့ရပါတယ်။

ဘရာဇီးလ်ဟာ ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွားခံရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တရုတ်ထုတ် ကာကွယ်ဆေးအပြင် အောက်စဖို့ဒ်တက္ကသိုလ်ထုတ် AstraZeneca ကာကွယ်ဆေးကိုပါ အရေးပေါ်အသုံးပြုဖို့ ဘရာဇီးလ်က ခွင့်ပြုထားပါတယ်။

Sinovac ဟာ ၈၀ ရာခိုင်နှုန်းလောက် ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပေမယ့် ဘရာဇီးလ်ကတွေ့ရှိမှုအရ ဆိုးရွားတဲ့ ပြင်းထန်တဲ့ကိုဗစ် မကူးစက်အောင် ကာကွယ်နိုင်မှုဟာ ၅၀.၄ ရာခိုင်းနှုန်းသာ ရှိပါတယ်။

ပျော့တဲ့ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းက ၇၈ ရာခိုင်နှုန်းရှိပြီး၊ ပျော့တဲ့အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေမဖြစ်အောင် တားဆီးနိုင်မှုက ၁၀၀ ရာခိုင်နှုန်း ရှိပါတယ်။

ကိုဗစ်ကုသဆေးသစ်တစ်မျိုးကို ယူကေတွင် အကြီးစားသပ်မှုလုပ်

ဆေးငွေ့ရှူသွင်းတဲ့နည်းလမ်းနဲ့ ကိုဗစ်ကုသမှုကို အခုတစ်ပတ်အစောပိုင်းက စတင်ပြီး ယူကေမှာ အကြီးစား စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။

Interferon Beta လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို ရှုသွင်းရပြီး ဒါက ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်ဖို့အတွက် ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးပါတယ်။ ကနဦးစမ်းသပ်မှုအရ အသက်ရှုစက်တပ်ရလောက်တဲ့အထိ ပြင်းထန်တဲ့လူနာတွေ ပြန်လည်ကောင်းမွန်မှုဟာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိတာကို တွေ့ရပါတယ်။

ကုန်ကျစားရိတ်ကတော့ တစ်ခါကုရင် ပေါင် ၂ ထောင်လောက် ကျပါတယ်။ အဆင့် ၂ ဖြစ်တဲ့ အခုစမ်းသပ်မှုမှာ ကိုဗစ်လူနာ ၁၀၀ လောက် ပါဝင်မှာဖြစ်ပြီး အဆင့် ၃ မှာတော့ ကမ္ဘာ့နိုင်ငံ ၂၀ လောက်က လူ ၆၀၀ ကျော်လောက် ပါဝင်ဖို့ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှ အများပြည်သူတွေကို ကုသမှာပါ။

Ref: BBC

Comments are closed.