1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၃-၂၀၁၃
ရည်လေးဆွေ

ကျွန်မတို့ယူဆောင်လာတဲ့ ပစ္စည်းတွေကို ဘောလုံးကွင်း ဒုက္ခသည်စခန်းမှာ ပေးပြီးတဲ့နောက် အဲဒီကနေ ကျွန်မတို့ ပြန်ထွက်လာခဲ့တယ်။ ဘောလုံးကွင်းက ထွက်လာပြီးတဲ့နောက် မိတ္ထီလာစက်မှုဇုံမှာရှိတဲ့ ရေသန့်စက်ရုံကို သွားလိုက်တယ်။ လှူဒါန်းမယ့် ရေသန့်တွေကို အဲဒီ ရေသန့်စက်ရုံကနေ မှာယူထားပြီး ရေသန့်စက်ရုံကနေ ဒုက္ခသည်စခန်းတွေကို နေ့စဉ် ပို့ဆောင်ပေးနေပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ရေသန့်စက်ရုံကိုသွားပြီး ရေသန့်တွေကို ကားပေါ်တင် ပါတယ်။ ပြီးတော့ အ.ထ.က(၃) ဒုက္ခသည်စခန်းကို ပြန်ထွက်လာလိုက်တယ်။

13a

အ.ထ.က(၃)လည်း ရောက်ရော ၀င်ပေါက်မှာ ကားရပ်ပြီး ကားပေါ်က ဆင်းပြီးပြောတော့ လုံခြုံရေးက မေးမြန်းပါတယ်။ ကျွန်မတို့လည်း ဒုက္ခသည်တွေအတွက် ရေသန့်လာလှူတာ ပြောပြတော့ ခုနက ဘောလုံးကွင်းစခန်းလိုပဲ တစ်ယောက်ပဲ ၀င်ရမယ်။ ရေသန့်ဆိုတော့ ကားနဲ့မောင်းဝင်သွားမှဖြစ်မှာဆိုတော့ ကားမောင်းသူရယ် နောက်တစ်ယောက် (အလှူရှင်)ရယ်ပဲ ၀င်ရမယ်ဆိုတော့ ဦးဆောင်တဲ့ အန်ကယ်လ်ကပဲ ကျွန်မလိုက်သွားပါဆိုပြီး ကားမောင်းသူကိုလည်း တစ်ခြားတစ်ယောက်ကို တလှည့်မောင်းစေလိုက်တာကြောင့် ကျွန်မတို့ နှစ်ယောက် စခန်းထဲကို ရောက်ခဲ့ရပြန်ပါတယ်။  စခန်းထဲက လက်ခံဌာနမှာ ပေးရမယ့် စာရွက်စာတမ်းကို ကျွန်မတို့ယူပြီး ၀င်လာလိုက်တယ်။ စခန်းထဲကို ကားမောင်းဝင်လာတယ်ဆိုရင်ပဲ ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ကျွန်မ အခါတိုင်းအချိန်တွေမျိုးမှာဆိုရင် ဓါတ်ပုံကို တဖြတ်ဖြတ်ရိုက်မိမှာ အမှန်ပဲ။ အထက(၃) ကျောင်းဝင်းရဲ့ တည်နေရာပုံစံက ကျောင်းနဲ့တောင် မတူပဲ အပန်းဖြေစခန်းပုံစံမျိုးနဲ့ တော်တော်လေး စိတ်ချမ်းသာစရာနေရာလေးပါ။ ကျွန်မတို့လည်း ကားမောင်းဝင်လာတော့ လက်ခံဌာနနေရာက ဘယ်နေရာမှန်း မသိဘူး။ စခန်းထဲမှာ ရောက်နေကြသူတွေကလည်း ကိုယ့်အစုလေးတွေနဲ့ကိုယ် စုစုပြီးထိုင်နေ၊ စကားပြောနေကြတယ်။

14

ကျွန်မတို့က တချို့ကိုမေးတယ်။ ရေသန့်လာလှူတာ ဘယ်မှာ ပေးရမလဲဆိုတော့ တချို့က ဟိုဘက်မှာ လက်ခံဌာနရှိတယ်တဲ့။ တချို့ကလည်း ဒီရေကန်တွေထဲ ထည့်ရမှာဆိုပြီး Water Tank တွေကို ညွှန်ပြတယ်။ Water Tank တွေက Unicef တံဆိပ်တွေနဲ့ဆိုတော့ Unicef က လှူထားတာဖြစ်မယ်လို့ပဲ ထင်လိုက်မိတယ်။ Water Tank တစ်ခုကို ရေ ဂါလံ ၄၀၀ ဆန့်တယ်ဆိုတာလည်း ရေးထားတာတွေ့လိုက်တယ်။ အထက(၃)ထဲမှာတော့ Water Tank ၄-ခုလောက်ကို တွေ့လိုက်တယ်။ ကျွန်မတို့လည်း ရောက်ရော တာဝန်ခံတစ်ယောက်က ရောက်လာပြီး ဒီရေကန်တွေထဲကို မျှပြီးထည့်မယ်လို့ ပြောတယ်။ လုံခြုံရေးတာဝန်ယူထားတဲ့ထဲက ၂-ယောက်က ကျွန်မတို့အနားရောက်လာပြီး လာမေးပါတယ်။

DSCN3979

ပြီးတော့ ‘ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ’ဆိုတဲ့ စာတမ်းပါတဲ့ စတစ်ကာအပြာရောင်လေး ၂-ခုကို ကျွန်မတို့ကို ပေးပါတယ်။ ကျွန်မနဲ့အတူ ၀င်လာတဲ့ ကားမောင်းတဲ့တစ်ယောက်က လုံခြုံရေးကို စာရွက်စာတမ်းပြပြီး စကားပြောနေစဉ်မှာပဲ ကျွန်မလည်း ဒုက္ခသည်တချို့နဲ့ စကားပြောဖြစ်တယ်။

21
“ဒီထဲမှာ လူဦးရေစုစုပေါင်း ၁၃၇၄-ယောက်ရှိတယ်။ အိမ်ထောင်စုက ၃၇၅-စုရှိတယ်။ ဒီမှာက ရပ်ကွက် (၇)ခုက လူပေါင်းစုံတယ်။ အားလုံးက မွတ်စလင်မ်တွေပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာ အိမ်ထောင်စု ၁-ခုတော့ရှိတယ်။ သူတို့ကလည်း မပြန်ချင်လို့ မပြန်ကြဘူး။ ကျွန်တော်တို့ ဒီမှာနေရတာ စားသောက်ရေးက ပြည့်စုံနေပါတယ်။ ဒါပေမယ့် အခုလိုမျိုးပဲ နေနေရတာတော့ မနေချင်တော့ဘူး။ အိမ်ပြန်ချင်တယ်။ အိမ်ကိုလည်း သွားပြန်ကြည့်ချင်သေးတယ်။ ဒီမှာက တစ်နေကုန် ဘာမှလည်း မလုပ်ရ။ ဘယ်မှလည်း မသွားရ။ တစ်နေ့တစ်နေ့ ဒီထဲမှာပဲ နေနေရတာ။ မနေချင်တော့ဘူး။”လို့  ပြောပြတယ်။

ကားမောင်းတဲ့တစ်ယောက်လည်း လုံခြုံရေးနဲ့ စကားပြောပြီးတဲ့အခါမှာ တာဝန်ခံက အော်လန်နဲ့ အော်ပါတယ်။ အခန်းနံပါတ် ဘယ်လောက်ကနေ ဘယ်လောက်ထိ ယောက်ျားလေးတွေ ရေသန့်ဗူးတွေ လာသယ်ကြပါ ဆိုတော့ ယောက်ျားလေး လူငယ်တချို့ ရောက်လာကြပြီး ကားပေါ်က ရေသန့်ဗူးတွေကို ကူသယ်ပြီး ချပါတယ်။ ကျွန်မတို့လည်း ပါလာတဲ့ ရေသန့်ဗူး ၅၀-ကို Water Tank ၃-ခုမှာ မျှပြီးချပေးပါတယ်။ လူငယ်တွေလည်း ရေသန့်ဗူးတွေထဲက ရေတွေကို Tank ထဲ ပြောင်းထည့်ကြပါတယ်။ ကျွန်မတို့ ရေထည့်ပေးနေစဉ်မှာပဲ တချို့ကရောက်လာပြီး ရေသန့်တွေ လာယူကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးရင်း အငြင်းပွားဖွယ် စကားလေးတွေ ပြောလာကြတော့ တာဝန်ခံကနေ တန်းစီပြီယူကြဖို့၊ မတွန်းကြဖို့၊ အကုန်လုံး ရေရမယ့်အကြောင်းပြောရင်း ၀င်ထိန်းပေးနေပါတယ်။

ကျွန်မလည်း အဲဒီနားကနေ ခဏထွက်လာရင်း အိမ်ထောင်စု တစ်စုတည်းရှိတဲ့ ဗုဒ္ဓဘာသာမိသားစုနဲ့ စကားပြောဖြစ်ပါတယ်။ “ကျွန်မတို့လည်း မွတ်စလင်မ်တွေနဲ့အတူတူ ပြေးလွှားရင်း ဒီကို ရောက်လာတာပါ။ ကျွန်မတို့က ၀န်ဇင်းရပ်ကွက်ကပါ။ တစ်ခြားကို ပြောင်းရွှေ့ဖို့လည်း လာခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဒီမှာနေရတာလည်း အဆင်ပြေနေတာပါ။ ဒါကြောင့် ဒီကနေ မပြောင်းပဲနဲ့ နေနေတာပါ။”

ကျွန်မလည်း ဒုက္ခသည်စခန်းထဲက တစ်ပတ် ပတ်ကြည့်လိုက်တယ်။ တချို့လည်း သစ်ပင်အရိပ်အောက်မှာ စုထိုင်ပြီးစကားပြောနေကြတယ်။ တချို့လည်း အစုလိုက် ထိုင်ပြီး အပျော်တမ်း ကျားကွက်ကစားနေတာတွေလည်း တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်ခံရစဉ် ထွက်ပြေးလာကြတဲ့ ကားတွေကိုလည်းတစ်နေရာထဲမှာ စုပြီးရပ်ထားတာလည်း တွေ့ခဲ့ရတယ်။

အထက(၃) ဒုက္ခသည်စခန်းက ဘောလုံးကွင်း စခန်းထက်ကို အကျယ်ချုပ်ပုံစံပိုဆန်ပြီး အထီးကျန်ဆန်နေတယ်လို့ ကျွန်မ မြင်တွေ့ခံစားရတယ်။ ဘောလုံးကွင်းမှာ အပြင်က လာတွေ့သူ၊ အပြင်ကို လှမ်းမြင်နေရလို့ သွားလာနေတာတွေကိုမြင်ရပေမယ့် ဒီ အထက(၃) ဒုက္ခသည်စခန်းကတော့ ပြင်ပကိုတွေ့မြင်ဖို့ မလွယ်ကူတာကြောင့် ပိုပြီး အထီးကျန်ဆန်မှုကို ခံစားရပါတယ်။ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေအတွက် အခုအချိန်မှာ စားသောက်စရာက ဖူလုံပြည့်စုံနေပါတယ်။ ဒါပေမယ့် ကျွန်မ ပထမပိုင်းမှာ ပြောခဲ့သလိုပဲ သူတို့ လိုအပ်နေတာက အားပေးစကား၊ ဖေးမမှု နဲ့ မိမိအိမ်ကို ပြန်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေတယ်။ အဲဒါတွေ ပြည့်ဝစေဖို့ အထူးလိုအပ်နေပါတယ်။ အဓိက စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ သူတို့ခံစားချက် ရင်ဖွင့်တာတွေကို နားထောင်ပေးသင့်တယ်။ ပြင်ပက လူတွေနဲ့ များများပေးတွေ့သင့်တယ်လို့ထင်ပါတယ်။ ဒီလို အလုံပိတ်တွေ့ခွင့်မပေးတာက ဒုက္ခသည်တွေရဲ့ စိတ်ပိုင်း ဆိုင်ရာတွေကို ပိုပြီးနှိပ်စက်ညှဉ်းပန်းရာ ရောက်နေပါတယ်။ ဒုက္ခသည်တွေရဲ့လုံခြုံရေးကြောင့်ဆိုပြီး အခုလိုပဲ စခန်းထဲမှာ အလုံပိတ်ထားတာ ထက်စာရင် ရပ်ကွက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကို နိုင်နင်းစွာလုပ်ဆောင်ပြီး ဒုက္ခသည်တွေကို အိမ်တွေမှာ ပြန်လည်နေထိုင်ခွင့် ပေးစေသင့်ပါတယ်။

ဒါကတော့ ကျွန်မတို့ ရောက်ခဲ့တဲ့ အထက(၃) ဒုက္ခသည်စခန်းက တွေ့မြင်ခဲ့ရတာလေးပါ။ အဲဒီကနေ ကျွန်မတို့ ပြန်ထွက်လာပြီးတော့ မိတ္ထီလာမြို့ထဲကို ကားနဲ့တစ်ပတ်လှည့်လည်ကြည့်ခဲ့ပါတယ်။ ကားရပ်ပြီး ဓါတ်ပုံရိုက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဒါကြောင့် မောင်းနေတဲ့ ကားပေါ်ကနေလှမ်းပြီး ရသလောက် ဓါတ်ပုံလေးတွေလည်း ရိုက်ဖြစ်လိုက်တယ်။

33
32
မိတ္ထီလာမြို့ကို လွန်ခဲ့တဲ့ ၃-နှစ်လောက်က ကျွန်မ တစ်ခေါက် အလည်ရောက်ခဲ့ဖူးတယ်။ ညနေ နေ၀င်ချိန်မှာ မိတ္ထီလာကန်ဘောင်မှာရှိတဲ့ အကြော်ဆိုင်မှာ အကြော်ထိုင်စားရင်း မိတ္ထီလာမြို့ရဲ့ညချမ်းအလှကို ခံစားခဲ့ပြီး ရေလည်ဘုရားထိကို တံတားလေးပေါ်ကနေ လမ်းလျှောက်ဖူးတယ်။ နေ့ခင်းဘက်မှာ မိတ္ထီလာမြို့တစ်ပတ်ပတ်ရင်း မရောက်ဖူးတဲ့နေရာတော်တော်များများကို လည်ခဲ့ဖူးတယ်။ အရင်က စည်ကားလှတဲ့ သာယာလှပခဲ့တဲ့ မိတ္ထီလာမြို့ဟာ အခုတစ်ခေါက် ရောက်ရှိချိန်မှာတော့ မြို့ပျက် မြို့ဟောင်းကြီးတစ်ခုလိုပဲ ခြောက်သွေ့နေတယ်လို့ ခံစားရတယ်။ ကန်ဘောင်မှာ လုံခြုံရေးတွေ ချထားတယ်။ ထိုင်ခဲ့ဖူးတဲ့ အကြော်ဆိုင်လေးလည်း မတွေ့မိတော့ဘူး။ မြို့ထဲမှာလည်း ဗုဒ္ဓဘာသာဆိုင်တွေပဲ ဖွင့်ထားကြတယ်။ မွတ်စလင်မ်ဆိုင်ဖွင့်ထားတာတော့ မတွေ့မိခဲ့ဘူး။

30

အဝေးကိုရောက်နေတဲ့ မွတ်စလင်မ်တချို့က ကိုယ့်အိမ်ကို ပြန်ပြီးလာကြည့်ရင်တောင် လုံခြုံရေးအကြောင်းပြချက်နဲ့ မောင်းထုတ်ခံနေရတယ်ဆိုတာကိုလည်း ကျွန်မကြားသိခဲ့ရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။

မီးရှို့ခံ/ဖျက်ဆီးခံထားရတဲ့ မွတ်စလင်မ်ပိုင်အိမ်တွေ၊ ဆိုင်တွေကတော့ အခုထိ ပြန်လည်ဖွင့်တာ မရှိသေးပါဘူး။ ပြန်ဖွင့်တာ မရှိသေး သလို ပြန်လည် ပြင်ဆင်ခွင့် ဆိုတာလည်း မရှိသေးပါဘူး။ မွတ်စလင်မ်ပိုင်တွေကို ဖျက်ဆီးရင်း ပျက်စီးမှုဒဏ် ကူးစက်ခံရတဲ့ ဗုဒ္ဓဘာသာပိုင် အိမ်/ဆိုင်တွေကတော့ ပြန်လည် ဖွင့်လှစ်ထားတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာ အိမ်တချို့ဆိုရင် သာသနာ့အလံထောင်ပြီး အိမ်ကို ပြန်လည် ပြုပြင်နေတယ်။ အစောပိုင်းက စိတ်မှာ ဘယ်လိုမှ ခံစားချက် မဖြစ်ပေါ်မိပေမယ့် … အခုလို မြင်တွေ့လိုက်ရတော့ ခွဲခြားမှု ထပ်မံပြုလုပ်ခံနေပြီလားဆိုတဲ့ ခံစားချက်ဝင်မိတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှည့်ကွက်နဲ့ အခြားအကြောင်းပြချက်တွေ ရှိလာတိုင်း ကြားကနေ ဓါးစားခံဖြစ်ခဲ့ကြရတာ မွတ်စလင်မ်တွေပါ။ မိတ္ထီလာရဲ့ မြင်ကွင်းကိုမြင်ရတော့ နောက်များမှာ ဒီလို ဓါးစားခံအဖြစ်နဲ့ ခံစားကြရတဲ့ ဒုက္ခတွေကနေ ကင်းလွတ်ကြပါစေလို့သာ တောင်းဆုပြုမိတယ်။

မိတ္ထီလာ အကြမ်းဖက်မှုဖြစ်ပွားကတည်းက ဒုက္ခသည်ဖြစ်ခဲ့ရသူတွေကို စားရေရိက္ခာထောက်ပံ့ ကူညီနေကြတာတွေကလည်း အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေသာဖြစ်ပါတယ်။

စေတနာထက်သန်ကြတဲ့ အလှူရှင်တွေကို ကျွန်မအနေနဲ့ အကြံပေးလိုတာ တစ်ခု တွေ့ရှိလာပါတယ်။ လှူဒါန်းမှုတွေ ပြုလုပ်တာလည်း အလွန်ကို ကောင်းမွန်ပါတယ်။ ဒုက္ခသည်တွေအတွက် လတ်တလော အခက်အခဲတွေကို ပြေလည်စေပါတယ်။ အခုအချိန်မှာ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေလည်း လုံလောက်သင့်သလောက် လုံလောက်နေပါတယ်။ မကြာခင် အချိန်မှာတော့ လိုအပ်မှုတွေ ထပ်မံရှိလာနိုင်ပါတယ်။ အဲလို လိုအပ်လာချိန်မှ ထပ်မံ လှူဒါန်းတာမျိုးလုပ်ကြရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အခုလို စားနပ်ရိက္ခာ ထောက်ပံ့ပေးကြသည့် နည်းတူ ဒုက္ခသည်တွေ အိမ်ယာပြန်လည် ထူထောင်ပြီဆိုရင်လည်း ကူညီထောက်ပံ့မှုတွေ လိုအပ်နေဦးမယ်ဆိုတာလည်း မြင်တွေ့လာခဲ့ရပါတယ်။ ဒါကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက်လည်း ပါဝင်ပေးကြဖို့ကို အကြံပြုလိုပါတယ်။

မိတ္ထီလာမြို့ကို ရောက်ပြီးတဲ့အခါ မြင်တွေ့ရတာက အကြမ်းဖက်ခံရမှုက ဒုက္ခသည်တွေ မိမိနေအိမ်တွေမှာ အမြန်ဆုံး ပြန်နေနိုင်ခွင့်ရအောင် စီစဉ်ပေးသင့်တယ်လို့ ခံယူပါတယ်။ အခုလို ဒုက္ခသည်အဖြစ်နဲ့ ဆက်ပြီးနေနေရ ဦးမယ်ဆိုရင် ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပိုမိုထိခိုက်လာပြီး စိတ်ဒဏ်ရာတွေ ပိုမိုဖိစီးသွားနိုင်ပါတယ်။

‘ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ’ဆိုတဲ့ စတစ်ကာလေးတွေကို ဆိုင်ကယ်တချို့၊ ကားတချို့မှာ ကပ်ထားတာတွေ့လိုက်တယ်။ တကယ်ရော ခွင့်တူညီမျှပြီး ၀ါဒဖြူစင်တဲ့မြေ ဖြစ်ပြီလား။ ဒါဆိုရင်တော့ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာ သွားလာနိုင်တဲ့ နယ်မြေတစ်ခုကို ဖန်တီးနိုင်ရပါမယ်။ ဘာသာတစ်ခုကိုတော့ လွတ်လပ်ခွင့်အပြည့်အ၀ပေးထားပြီး အခြားဘာသာတစ်ခုကိုတော့ လုံခြုံရေးကြောင့်ဆိုတဲ့ အကြောင်းပြချက်ထားထားတာကိုတော့ ကျွန်မအနေနဲ့ ခွင့်တူညီမျှတယ်လို့ မခံစားနိုင်သေးပါဘူး။ ဒါကြောင့် တကယ့်ကို “ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” အေးချမ်းတည်ငြိမ်တဲ့ မိတ္ထီလာနယ်မြေ ဖြစ်လာဖို့ နိုင်ငံတော်မှ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ကြိးစား အကောင်ထည်ဖော်ဆောင်ပေးသင့်ပါတယ်။

ဒုက္ခသည် မွတ်စလင်မ်တွေအတွက် အားကိုးအားထားပြုနိုင်ဖို့ တာဝန်ရှိသူတွေ (အမည်နာမ မတပ်လိုတော့ပါ။) အနေနဲ့လည်း နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အတတ်နိုင်ဆုံး ကြိုးစားနေမှုတွေကိုလည်း အများမြင်သာတဲ့ ပွင့်လင်းမြင်သာမှုမျိုးနဲ့ ကြိုးပမ်းပေးရင်း စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

* * ဒီဆောင်းပါးလေးဟာ ကျွန်မအနေနဲ့ မည်သူ့ကိုမျှ မည်သည်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း အလျင်းမရှိပါ။ ကျွန်မ မိတ္ထီလာရောက်စဉ် တွေ့မြင်ခဲ့ရတာတွေကို ပြန်လည် မျှဝေခြင်းသက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် … ဒီဆောင်းပါးကို ဖတ်ရှုပြီး အမျက်ဒေါသဖြစ်မယ့်အစား အကောင်းဆုံးအခြေအနေတစ်ခု ဖြစ်လာအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ စုစည်းညီညွတ်မှု(Unity)ကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါတယ်။

ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ (၁) ဖတ်ရန်။

Leave a Reply