10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က သူရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) စာအုပ်ကို စာရေးသူထံ လက်ဆောင် ပို့လိုက်ပါသည်။ ဆရာ့ စာအုပ်ထဲတွင် အာဇာနည်တစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ အကြောင်းလည်း ပါသည်။ ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ကိုလည်း ဖော်ပြထားသည်။ ထိုရတု ပိုဒ်စုံကို ဖတ်ရသော အခါ စာရေးသူထံတွင် ရှိသော ဒဂုံပ ဦးဘတင်၏ မှတ်စုမှ ဦးရာဇတ်၏ ရတုပိုဒ်စုံကို သွား၍ သတိရသည်။

ဦးလေးတင် (ဒဂုံပ ဦးဘတင်)၏ မှတ်စုတွင် ဆရာကြီး ဦးရာဇတ်၏ ရတုပိုဒ်စုံကို ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သော ဦးခင်မောင်လတ် (နောင် ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့သူ) ထံသို့ ရေးပို့ခဲ့သဖြင့် ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း၊ ရေးသား ထားသည်ကို တွေ့ရပါသည်။

ဆရာဒေါက်တာ အောင်ဇော်၏ စာအုပ်တွင်လည်း-“ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ၀ါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်း တွင်းစား သူဌေးသား၊ ကုန်စည် ဖြန့်ဖြူးရေး မင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာရတု ပိုဒ်စုံ ရေးသား ပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာ အခမ်းအနားသို့ မသွားနိုင်သည့် အတွက် မင်္ဂလာရတု ပိုဒ်စုံကို ဖွဲ့သီပို့လိုက်သည်။ ဤရတု ပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာ အခမ်းအနားတွင် ဖတ်ကြားပြသည့် အခါ ကြွရောက် လာကြသော မင်းပရိသတ် များက အထူး သဘောကျ ချီးကျူး သြဘာ ပေးကြသည်။ ကာယကံရှင်များ ကလည်း၊ ရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာ လက်ဖွဲ့ အဖြစ် တမြတ်တနိုး သိမ်းဆည်းခဲ့ကြသည်”
ဟု ရေးသား ဖော်ပြထား ပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဆရာ ဒေါက်တာအော်ဇော်ထံ ဖုန်းနှင့်ဆက်၍ ဤရတုပိုဒ်စုံကို ဆရာမည်သို့ ရကြောင်း မေးရ သည်။ ဆရာက မင်္ဂလာဆောင်များတွင် မင်္ဂလာ ရတုပိုဒ်စုံများ လိုက်၍ ရွတ်ဖတ်လေ့ ရှိသော သူတစ်ယောက်အား ဆရာကြီး ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်က “မင်းတို့ ဆရာကြီးလည်း မင်္ဂလာ ရတုပိုဒ်စုံ ရေးစပ်ခဲ့ဖူးတယ်”ဟု ပြောပြီးပေးခဲ့သဖြင့်၊ ထိုသူထံမှ ဆရာဒေါက်တာ အောင်ဇော် ရရှိခဲ့ကြောင်း ပြောပြ ပါသည်။

ဆရာ ဒေါက်တာ အောင်ဇော်၏ စာတွင်၊ ဆရာကြီး သင်္ခါက ၁၉၆၉ ခု၊ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သား ပြည်သူနေ့စဉ်သတင်းစာတွင် ဤရတုပိုဒ်စုံ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးကြောင်း၊ “ကာရန် အစပ်အဟပ်နှင့် လေယူလေသိမ်း အဖွဲ့အနွဲ့ တို့ကား၊ သာမည ပုဂ္ဂိုလ် တစ်ဦး၏ လက်ရာ မဟုတ်ဘဲ၊ အတော်အတန် ကဗျာဥာဏ် ရသဂုဏ်နှင့် ပြည့်စုံအောင် နိုင်နိုင်နင်းနင်း ဖွဲ့နိုင်သူတစ်ဦး ဖြစ်ကြောင်းကိုမူ သုတေသီများ ခန့်မှန်းနိုင်လောက်ပေသည်” ဟုဖော်ကျူးထားကြောင်း စသဖြင့် ဖော်ပြ ထားပါသည်။

၁၉၆၉ ခု ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို ရှာမရ၍ ဆရာကြီး သင်္ခါ၏ ဆောင်းပါး ကို စာရေးသူ မဖတ်ရပါ။ သို့သော် ဆရာကြီး၏ မြေးကလေး ဒေါက်တာမွန်မွန်အောင်သည် ထားဝယ် တက္ကသိုလ်မြန်မာစာ ဌာနသို့ ပြောင်းလာပါသည်။ “ဘမျိုးဘိုးတူ”ဆိုသကဲ့သို့ ဆရာမ မွန်မွန်အောင်ကလည်း “ပန်းနှင်း မွန်မွန်”ကလောင်အမည်ဖြင့် စာများရေးသည်။ (ယခု ရန်ကုန်သို့ ပြောင်းသွားပြီ) ဆရာမ ပေး၍ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ထုတ် မြ၀တီမဂ္ဂဇင်းမှ ဆရာကြီး သင်္ခါ၏ ဆောင်းပါးကို ဖတ်ရပါသည်။ ဆရာကြီး ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ၃ ပုဒ်အကြောင်းပင် ဖြစ်သည်။ ဆရာ ကြီးသင်္ခါ၏ ဆောင်းပါးတွင်
“ဤရတုပိုဒ်စုံ ၃ ပုဒ်ကား၊ ဆရာကြီး ဦးရာဇတ်၏ လက်ရာ အစစ်များသာတည်း။ ထိုရတု ပိုဒ်စုံကို ဆရာကြီးသည် မကွယ်လွန်မီ လွန်ခဲ့သော ၁၀ နှစ်လောက်က ဆရာကြီး၏ ငယ်ပေါင်း မိတ်ဆွေ တစ်ဦးဖြစ်သူ ဦးခင်မောင်လတ် (ပြန်ကြားရေး အတွင်းဝန် ဦးခင် မောင်လတ်၊ ယခု ကွယ်လွန်ပြီ)ထံ သို့ ရေးပို့ခဲ့သော ရတုပိုဒ်စုံများ ဖြစ်သည်ဆို၏။

ယခုဆိုလျှင် နှစ်ပေါင်း များစွာ ကျော်မျှပင် ရှိခဲ့ရာ၊ စာဟောင်း တစ်ပုဒ် ပင်ဟူ၍ ဆိုရပေမည်။ ဆရာကြီး၏ ကဗျာအရ ဦးခင်မောင်လတ်မှာ ရေနံချောင်း ဇာတိ ဖြစ်ဟန်တူကာ၊ ရေနံမြေသူ တစ်ဦး နှင့် အိမ်ထောင်ကျရာမှ ထိုစဉ် အခါက မကွေးမြို့တွင် နေထိုင် ဟန်တူ၏။ ထိုရတုပိုဒ်စုံ ၃ ပုဒ်ကို ဤစာရေးသူသည် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဦးစန်းမောင်(သန်လျင် ငဇင်ကာနှင့် ပေါ်တူဂီရာဇ၀င် ကျမ်းပြု၊ ရန်ကုန်တက္ကသိုလ်မှ င်္ျွဃှ ဘွဲ့ရ စာရေးဆရာ သီဟ၊ ယခုကွယ်လွန်)ထံမှ ကူးယူရရှိခဲ့ ခြင်းဖြစ်သည်။

ဦးစန်းမောင်မှာ ထိုစဉ်က ဒီးဒုတ် ဆရာချို မကွယ်လွန်မီ နိုင်ငံရေးများကြောင့် အလွန် အလုပ်များနေသော ဆရာ့အား တပည့်ရင်း တစ်ဦးအနေဖြင့် ကူညီ ကာ ဒီးဒုတ်ဂျာနယ်တွင် အယ်ဒီတာ အဖြစ် ၀င်ရောက် လုပ်ကိုင်နေစဉ် ဖြစ်၏။ စာရေးသူတို့ကလည်း သူ့ထံသို့ ရောင်းရင်း ရေးဖော်ရေးဖက် မိတ်ဆွေများဖြစ်၍ မကြာ မကြာ ရောက်ခဲ့၏။

သို့နှင့် ၁၉ ဇူလိုင်တွင် လူသတ်သမားများ လက်ချက်နှင့် ဗိုလ်ချုပ်နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံး ကွယ်လွန်သည့် အခါ တွင်လည်း ဆရာချို့ အကြောင်း များနှင့် သူ့ထံသို့ ရောက်သွားရာမှ ကျဆုံးလေသော ခေါင်းဆောင်ကြီးများ၏ အကြောင်းများနှင့် စကားစပ်မိရာ၊ ယခုဦးရာဇတ် (ထိုစဉ်က ၀န်ကြီး) အကြောင်းသို့ ရောက်သွားခြင်းဖြစ်၏။

ဦးစန်းမောင်(သီဟ)က ဆရာကြီး ဆေးပေါ့လိပ် အလွန် ကြိုက်တတ်ပုံကလေးများနှင့် တကွ ယခုကဲ့သို့ မကွယ်လွန်မီ အချိန် ကလေးတွင် ဘုရင်ခံ၏အမှုဆောင် အစိုးရ၀န်ကြီး အဖွဲ့ဝင်များနှင့် သူသွားရောက် တွေ့ဆုံ သတင်းထောက် ခဲ့စဉ် ဆရာကြီး ဦးရာဇတ် ရေးခဲ့သည် ဆိုသည့် ရတုကဗျာ သုံးပုဒ် ကို ရရှိခဲ့ကြောင်း စကားစပ်မိ ပြောဆိုပါ၏။

ဤတွင် စာရေးသူမှာ စာသမား တစ်ယောက်ဖြစ်သည့် အတိုင်း ဦးစန်းမောင်ထံမှ ထို ကဗျာကို မရအရ တောင်းပန် တိုးလျှိုး ကြည့်ရှု ခွင့်တောင်းပြီးနောက်၊ ကူးယူခဲ့ခြင်းဖြစ်ပေသည်”
ဟု ရေးသားဖော်ပြထားပါသည်။

သို့ဖြစ်ရကား ဆရာကြီး သင်္ခါက ဆရာကြီး ဦးရာဇတ်က သူ၏ငယ်ပေါင်း မိတ်ဆွေ ဦးခင်မောင်လတ်ထံ ရေးပို့ခဲ့ သော ရတုပိုဒ်စုံ သုံးပုဒ်ကို ဦးစန်းမောင် (စာရေးဆရာ သီဟ)ထံမှ ရရှိကြောင်း ဖော်ပြခဲ့သည်။ ဦးလေးတင် (ဒဂုံပ ဦးဘတင်) မှတ်စုတွင် ထိုရတုပိုဒ်စုံ သုံးပုဒ်ကို ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ ကြောင်း ရေးထားသည်။ ဆရာဒေါက်တာ အောင်ဇော်ကမူ ဆရာကြီး ဦးရာဇတ်၏ ဇနီး ဒေါ်ခင်ခင်ကိုယ်တိုင်က သူ၏ ခင်ပွန်း ရေးသားခဲ့သည့် ရတုပိုဒ်စုံ သုံး ပုဒ်ကို ပေးခဲ့၍ ရရှိခဲ့သူထံမှ တစ်ဆင့် ရခဲ့ပါသည်ဟု ဆိုထားသည်။ သို့ဖြစ်၍ ဤရတုပိုဒ်စုံ သုံးပုဒ်ကား ဆရာကြီး ဦးရာဇတ် ရေးခဲ့သည်ဆိုသည်မှာ အငြင်း ပွားစရာ မရှိခဲ့ပေ။

ဆရာကြီး ဦးရာဇတ် လက်ရာ ရတုပိုဒ်စုံကို ဖော်ပြရလျှင်-
“၁။ ငယ်ပေါင်း မိတ်ဆွေ၊ မန်း ရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဟု၊ ယခု ရေးစီ၊ စာပလီကို၊ နာရီဖင့်လျား၊ ခွင့်မအားလည်း၊ ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့်၊ တစ်ဆိတ်လောက်ပင်၊ ရှုစေချင်၏၊ ဟိုစဉ်ငယ်သော်၊ သက်ဆယ်ကျော် က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိ စမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ယခုတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင်လတ်၏ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ်သည် ပျက် ပြယ်ထင်ရပြန်တော့သည်။

၂။ သွယ်ပြောင်းလှစ်ခြွေ၊ မှာလိုက်ပေ၏၊ ရက်ရေမကွာ၊ ထိုစဉ်ခါ က၊ စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင် မှား၊ ကြံစဉ်းစားသော်၊ ရပ်ခြား နယ်ဝေး၊ မြို့မကွေးက၊ စာပေး လေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာ သင်္ဘောသည်၊ ၀ဲသြဃစုတ်၊ နစ် ခါမြုပ်၍၊ ငုပ်လေသလော၊ ကြံ စိတ်စောလျက်၊ တွေးတောစဉ်တွင်၊ ယခင်မိတ်ဦး၊ သူတစ်ထူး၏၊ အိမ် မှူးထံမှောက်၊ ပို့ရောက်စေလာ၊ လတ်၏စာကို၊ သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညှိုး စိတ်ငယ်သည်၊ ရှက်ဖွယ်မြင်ရ ပြန်တော့သည်။

၃။ ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံ ချောင်းဟု၊ မြစ်စောင်းမို့မို့၊ မှိုင်း ရည်ညို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေ တိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြာ၊ ပျိုနု ထွားနှင့်၊ စုလျားပတ်ရစ်၊ လွတ် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစားတတ်ပေါင်၊ တို့မောင် မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့အမျိုးမျိုး၊ မေ့ ပင်ပျိုးလည်း၊ မညှိုးမေတ္တာ၊ ရှိ လျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ ထုတ်ဖော်ရှုဖွယ်၊ စီကုံးခြယ်သည်၊ ဆက်သွယ်ခင်ရ ပြန်တော့သည်။” ဟူ၍ဖြစ်ပါသည်။

ဆရာကြီးဦးရာ ဇတ်၏ ရတုပိုဒ်စုံနှင့် ပတ်သက်၍ ဆရာ ဒေါက်တာအောင်ဇော်က သူ၏ စာအုပ် တွင် –

“အချီညီ အချညီ ရတုဖြစ်ပါသည်။ ချီးကျူးဖွယ် ဖြစ်ပါသည်။ “ဆရာ ကြီး၏ ရတုတတိယပိုဒ်လာလိပ် မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့ အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါ” ဟူသော ဆရာကြီး၏ ကဗျာဥာဏ် ကွန့်မြူး ချက်သည် မနောခွေ့၊ သဘော တွေ့ဖွယ် ကောင်းပါသည်။

“နာရီဖင့်လျား၊ ချစ်ကြိုးနွယ်၊ သွယ်ပြောင်းလှစ်ခြွေ၊ ကြံသစိတ်စော၊ အိမ်မှူးထံမှောက်၊ မှိုင်းရည် ညို့တဲ့၊ သပြေစန်းငွေ၊ သန်းကုဋေ ဖြိုး”စသည့် ကျစ်လျစ်သော အသုံး ကောင်းများသည် စာဆို၏ ဂန္ထ၀င် ထဲထဲဝင်ဝင် ရှိမှု ပေါ်လွင်ပါသည်” ဟုရေးသားထားပေရာ မြန်မာစာ ပါမောက္ခ တစ်ယောက်၏ ဝေဖန်ချီးကျူး ရေးသားထားချက် ရှိပြီး ဖြစ်သဖြင့် စာရေးသူတို့ အနေနှင့် မည်သို့မျှ အချို ပေါ်သကာ လောင်း၍ မရနိုင်တော့ချေ။

ဆရာကြီး ဦးရာဇတ် ကျဆုံးစဉ်က စာရေးသူမှာ ၆ နှစ်သား အရွယ်သာ ရှိသေးရာ၊ ဆရာကြီးအား မမြင်ဖူးလိုက် ပါ။ ဆရာကြီး၏ နာမည်နှင့် ရုပ် လက္ခဏာ၊ အ၀တ်အစား၊ အဆင်အပြင် တို့ကိုသာ ဓာတ်ပုံများတွင် သာမန်တွေ့ မြင်ရသူတစ်ဦးအနေဖြင့်ကား၊ ထိုကဗျာ သည် ဆရာကြီး၏ လက်ရာဖြစ်သည်ဟု ဆိုလျှင် အမှန်သံသယစိတ်ဓာတ်ဖြင့် အံ့သြသွားရပါသည်။ အခြားသူများ လည်း စာရေးသူကဲ့သို့ပင် မုချဖြစ်မည်။ ဆရာကြီးသည် တိုက်ပိုင် အင်စပက်တော် မစ္စတာရှိတ် (ခ) အဗ္ဗဒူလ်ရဟ်မန်နှင့် ဒေါ်ပလုတ်(ခ) ဒေါ်ငြိမ်းလှတို့မှ မွေးဖွား လာသော အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်သော်လည်း ဆရာကြီး၌ ငယ်မည် “မောင်မောင်ကြီး” ဟူသော မြန်မာ အမည်ရင်း ရှိခြင်း၊ ၁၀ တန်းက တည်းက ပါဠိဘာသာကို ယူခဲ့ခြင်း၊ အိုင်အေအထက်တန်း တက်ချိန် အင်္ဂလိပ် စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရာ ပထမဆု ရရှိခြင်း၊ အိန္ဒိယ နိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည်နယ်မှ ၃၆ ကောင်ထီ အကြောင်း ဆောင်းပါး ရေးသားပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆု ရရှိခြင်း၊ ၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသား ကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာ သင်ကြားပို့ ချသော ဆရာတာဝန် ထမ်းဆောင်ခဲ့ခြင်း၊ မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏စာ ကြည့်တိုက်အသင်း ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့ခြင်း၊ ဆရာကြီးသည် ရဟန်းရှင်လူ များနှင့် ခင်မင်ရင်းနှီးပေါင်းသင်းဆက် ဆံလေ့ရှိခြင်း၊ ဗုဒ္ဓအယူဝါဒကို အထူး လေးစားသော မန္တလေးကဲ့သို့ မြို့ကြီး တစ်မြို့ရှိ အမျိုးသားအထက်တန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင် ရွက်ခဲ့ခြင်း၊ အစိုးရအဖွဲ့တွင် ပညာရေး နှင့် အမျိုးသား စီမံကိန်း ဌာန၀န်ကြီး ဖြစ် လာသောအခါ ၁၉၄၇ ခုနှစ်၊ ဧပြီလ တွင် မန္တလေး ဥပစာ ကောလိပ်ကို အမြန်ဆုံး ဖွင့်လှစ်စေခဲ့ခြင်း၊ မန္တလေးတက္ကသိုလ် ကြီးဖြစ်ပေါ်လာအောင် ဦးကိုလေးနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ မန္တလေး တက္ကသိုလ် တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ်ကြီး တစ်ခု တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်း (ယနေ့ မြင်တွေ့ကြရ သော နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး၏ ရှေ့ပြေးဟု ခေါ် ဆိုနိုင်သည်) ရဟန်း သံဃာ ဆရာတော် ကြီးများ၏ လေးစား ချစ်ခင်ခြင်းကို ခံယူခဲ့ရခြင်း၊ ရွှေနန်းတွင်း အတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက် စာတမ်း အမည်ဖြင့် မန္တလေး သူရိယတိုက်မှ ၁၉၃၆ ခုတွင် ရေးသားထုတ်ဝေခဲ့ခြင်း၊ မန္တလေး သူရိယ သတင်းစာ တတိယ အကြိမ် နှစ်လည် အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏ ၀ါဏိဇ္ဇ ခေါင်းစဉ် ဖြင့် ဆောင်းပါးရေးသားခဲ့ခြင်း စသည့် အချက်များကို ဆရာကြီး၏ အတ္ထုပ္ပတ္တိ တွင် ဖတ်ရသောအခါ အထက်ပါရတု ပိုဒ်စုံကို ဆရာကြီး ရေးသားခဲ့သည်ဟုဆို သည်ကို မအံ့သြတော့ပါ။ သို့ကြောင့် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ လက်ရာရတု ပိုဒ်စုံကို စာဖတ် ပရိသတ်များ အံ့သြကြရလေအောင် မျှဝေခံစား လိုက်ရပါတယ်။

credit  ဒီနေရာတွင် မောင်သန်းဆွေ(ထားဝယ်) ရေးသားသော အာဇာနည်နှစ်ဦးရေးတယ့် ကဗျာ ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။

Leave a Reply