2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၇၊ ၂၀၁၃
M-Media
အမ်တူးအေ

မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ် (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

Razak

၁၈၉၈-ခု ၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ လူသားတစ်ဦး ကမ္ဘာမြေကို ဖွားမြင်ရောက်ရှိလာတယ်။ သူ ရောက်ရှိလာရာ ဇာတိချက်ကြွေမွေးရပ်မြေက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ မိတ္ထီလာဆိုတဲ့ မြို့လေးမှာဖြစ်တယ်။ တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ငြိမ်းလှ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိဘ ၂-ပါးရဲ့ သားသမီး ၁၃-ယောက်အနက် စတုတ္ထမြောက် သားအဖြစ်နဲ့ မွေးဖွားခဲ့ခြင်းပါ။ မောင်မောင်ကြီးဟု နာမည်ရှိခဲ့ပေမယ့် ရာဇတ်လို့သာ နာမည်တွင်ခဲ့ပါတယ်။

ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် ကျောင်းမှာ စာသင်ခဲ့ရပြီး ပညာရေးထူးချွန်တာကြောင့် အတန်းကျော်ပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၁၂-ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်နေချိန်မှာပဲ အင်္ဂလိပ်စာ စာစီစာကုံး ပထမဆုရရှိပြီး Bhai Meah ရွှေတံဆိပ်ဆုရရှိခဲ့တယ်။ ရှမ်းပြည်နယ်မှ ၃၆-ကောင် ထီအကြောင်း ဆောင်းပါးရေးပြီး အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းကို ပေးပို့ခဲ့ရာမှာလည်း ပထမတန်း ဆောင်းပါးဆု ရရှိခဲ့ပြန်ပါတယ်။ ပညာရေးမှာသာမက အားကစားဘက်မှာလည်း ထူးချွန်လှသည့်အတွက် ခရစ်ကတ်၊ ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့ စတဲ့ အားကစားတွေမှာ တက္ကသိုလ်က သတ်မှတ်ပေးတဲ့ Blue အဆင့်ရရှိခဲ့ပြီး ဘောလုံးမှာတော့ College First Player တစ်ဦးဖြစ်ခဲ့သူပါ။

နောက် ၁၉၂၀ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်လာတယ်။ ဆရာ ဦးရာဇတ်ဟာ အစ္စလာမ် သာသနာဝင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘာသာရေးမှာ ခွဲခြားမှု မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာဝင်တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့က မဟာဝိသုတာရာမကျောင်းတိုက်ရဲ့ ဓမ္မာရုံစာကြည့်တိုက်မှာ အသင်းဥက္ကဌအဖြစ် တာဝန်ယူပေးတာဟာ သိသာနေတယ်။ ဒါတင် မဟုတ်သေးပါဘူး။  မန္တလေးမြို့ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက်များရှိ တိုက်အုပ်ဆရာများထံသွားကာ မြန်မာစာနှင့် ပါဠိကို လေ့လာဆည်းပူးရင်း ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပြီး ဗုဒ္ဓအယူဝါဒကိုလည်း လေးစားခဲ့သည်။

ဆရာဦးရာဇတ်သည် ၁၉၂၃-ခုနှစ်တွင် မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ ကျောင်းဆရာကြီးအဖြစ်မှတဆင့် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုတိုင် မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်း (ယခု အ.ထ.က-၂) ရဲ့ ကျောင်းဆောင်ကြီးရှေ့မှာ ထိုင်နေတဲ့ ခြင်္သေ့ပုံရုပ်ထုကြီးနဲ့ ‘အတ္တာဟိ အတ္တာနော နာထော’ဆိုတဲ့ ကြွေးကြော်သံဟာလည်း ဆရာကြီးဦးရာဇတ်လက်ထက်မှာ ရွေးချယ် သတ်မှတ်ပြုခဲ့တာပါ။ ဆရာကြီး ဦးရာဇတ်ဟာ သူ့ရဲ့ ဗဟိုအမျိုးသားကျောင်းကြီးမှာ အမျိုးသားအပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ အမျိုးသားရဲညွန့်တပ်တွေကို ဖွဲ့စည်းပြီး ကျောင်းသားတွေကို ပညာရေးသာမက မျိုးချစ်စိတ်ဓါတ်ကိုပါ သင်ကြားပေးခဲ့ပြီး ကျောင်းသားများအကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာကြီးဦးရာဇတ်ဟာ မြန်မာဘာသာ ပျို့၊ ကဗျာ၊ လင်္ကာ စာပေများကိုသာမကပဲ အင်္ဂလိပ်ဘာသာမှာလည်း အလွန်ကို ကျွမ်းကျင်လှတာကြောင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ် ရဲတပ်ဖွဲ့)မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ်ပြီး အင်စပက်တော် ရာထူးတိုက်ရိုက်ခန့်မယ်ဆိုတာကို ငြင်းပယ်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော ဆရာကြီးရဲ့ စိတ်ဓါတ်ကို ခန့်မှန်းလို့ ရနိုင်ခဲ့ပါတယ်။

ဆရာကြီးဟာ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ်ကြီးဘ၀မှာ သူ့ရဲ့ တပည့်တွေကို မကြာခဏ ရွတ်ပြလေ့ရှိတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာရဲ့ မြန်မာဘာသာပြန် ကတော့ “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ အသက်ရှင်လျက် ၀ိညာဉ်မဲ့နေတဲ့သူလို၊ အသက်ရှင်နေပေမယ့် သေနေတဲ့သူလို ဘာမှ အသုံးမကျဘူး”ဟူ၍ ဖြစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဆရာကြီးရဲ့ စိတ်ဓါတ်ကလည်း ပေါ်လွင်လှပါတယ်။

ဆရာကြီးဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရချိန်မှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် နိုင်ငံ့ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။

ဆရာကြီးဟာ နိုင်ငံရေး၊ အမျိုးသားရေးတွင်သာမက စာပေကို ချစ်မြတ်နိုးပြီး ပိုဒ်စုံရတုများ၊ မြန်မာ-အင်္ဂလိပ် ဆောင်းပါးများ၊ ဘာသာပြန်စာပေများ၊ စာတမ်းများ၊ လုံးချင်းစာအုပ်များ၊ သမိုင်းမှတ်တမ်းစာအုပ်များကိုလည်း ရေးသားခဲ့သေးတယ်။

ဆရာကြီးဦးရာဇတ်၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာ ဆရာကြီးဦးရာဇတ်အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာခဲ့သဖြင့် ဆရာကြီးအနေဖြင့် နိုင်ငံရေးနယ်ပယ်အတွင်းသို့ ရောက်လာခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

ဗိုလ်အောင်ကျော်ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ရာတွင် ဆရာကြီး၏ အမျိုးသားကျောင်းမှ ကျောင်းသားများလည်း ပါဝင် သပိတ်မှောက်ခဲ့ကြပါသည်။

၁၉၃၈-ခုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် မန္တလေးမြို့မှာ ဗမာမွတ်စလင်မ်လူငယ်များက နိုးကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုးကြားရေးအဖွဲ့သည် တို့ဗမာအစည်းအရုံးဝင် သခင်များနှင့် နီးစပ်သည့်အတွက် သခင်များက အထူးအားပေးခဲ့ပါတယ်။ ၁၉၄၀-ခု မေလ ၄-ရက်နေ့မှာ ဗမာမွတ်စလင်မ်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီ ကွန်ဖရင့်ကို ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီးတွင် ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်အဖွဲ့ကြီးတစ်ခုဖွဲ့ပြီး ဆရာကြီး ဦးရာဇတ်က ဥက္ကဋ္ဌ၊ ဦးကိုကိုလေးက အတွင်းရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ယင်းတော်ညီလာခံမှာ ဆရာကြီးပြောကြားခဲ့တဲ့မိန့်ခွန်းဟာ မြန်မာနိုင်ငံသားမွတ်စလင်မ်တွေအတွက် သမိုင်းဝင်မိန့်ခွန်းတစ်ရပ်လည်း ဖြစ်ပါတယ်။

၁၉၄၅-ခု ဒီဇင်ဘာ (၂၄၊ ၂၅၊ ၂၆)မှာ ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မ်မျက်နှာစုံညီ အစည်းအဝေးကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဖဆပလအဖွဲ့ ဥက္ကဌကြီး ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ် ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ခဲ့ပါတယ်။ မျက်နှာစုံညီအစည်းအဝေးကြီးမှာ ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရပြီး ဆရာကြီးတင်သွင်းသည့် ‘ဗမာမွတ်စလင်မ်ကွန်ဂရက်’အမည်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီ ညီလာခံမှာပဲ အဆို(၄)ရပ်တင်သွင်းခဲ့ကြပြီး ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်မ်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

၁၉၄၆-ခု စက်တင်ဘာ ၂၃-ရက်နေ့ သာစည်မြို့မှာကျင်းပတဲ့ အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းမွတ်စလင်မ်တို့အား ကျမ်းစာများ၏ အမိကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပြန်တာကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံသား မွတ်စလင်မ်တွေအတွက် သောကကြီးမားခဲ့တာကိုလည်း မြင်တွေ့ရပြန်ပါတယ်။ ဒီဇင်ဘာ ၆-ရက်မှ ၈-ရက်ထိ ရန်ကုန်မြို့ ဇိနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပတဲ့ ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တို့သည် လူနည်းစုလော လူများစုလောဟူ၍ နှစ်ဘက်သဘောကွဲလွဲနေသည်ကို ဆရာကြီးရဲ့ သဘာပတိမဲဖြင့် ဗမာမွတ်စလင်မ်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။

၁၉၄၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းလည်း ခံခဲ့ရပြီး ၁၉၄၇-ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာတော့ မန္တလေးမြို့အရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရပါတယ်။

မန္တလေး ဥပစာကောလိပ် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားခဲ့ပြီး မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီးဦးရာဇတ်နှင့် ဦးကိုလေးတို့ နှစ်ဦး ပူးပေါင်းအားထုတ်မှုရဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မန္တလေးတက္ကသိုလ်ရဲ့ ပထမဦးဆုံးဆောက်လုပ်တဲ့ အဆောင်ကို နောင်အခါမှာ ဆရာကြီးအား ဂုဏ်ပြုတဲ့အနေနဲ့ ‘ရာဇတ်ခန်းမဆောင် (Razak Hall)’လို့ အမည်ပေးထားခဲ့ပြီး ယခုအခါ မန္တလေးတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဖြစ်လာပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်တည်ထောင်ပြီးလျှင် ပါဠိတက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန်လည်း ဆရာကြီးအနေနဲ့ ကြိုးစားခဲ့ပြန်ပါတယ်။ ယနေ့မြင်တွေ့နေရတဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွေရဲ့ ရှေ့ပြေးလို့ပင် ပြောစမှတ်ပြုနိုင်ပါတယ်။

ဆရာကြီး ဦးရာဇတ်ဟာ အမိတိုင်းပြည်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး ဘာသာ သာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ခံယူရရှိခဲ့သည်မှာ ဆရာကြီးဦးရာဇတ်၏ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုပင်ဖြစ်ပါတယ်။

ဘာသာ လူမျိုးပေါင်းစုံ၊ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ၁၉၄၇-ခု၊ ဇူလိုင်လ ၁၉-ရက် မနက် ၁၀း၃၇ နာရီမှာ မသမာသူ လူတစ်စုရဲ့ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုကြောင့် အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ သွေးအိုင်ထဲမှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်လာပါတော့တယ်။

ဆရာတော် ဦးကုသလကလည်း ဆရာကြီးကို အလေးထားခဲ့ပုံမှာ – “ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီး လက်မခံ ကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလ အဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီ ပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ ‘ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်”ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)
ဆရာမကြီး လူထုဒေါ်အမာကလည်း – “ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။ ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာ ကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။ ဆရာကြီးမစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။ ဆရာကြီးအပြုအမူအနေ ထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။ ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)

အခု ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဆရာကြီးဦးရာဇတ်အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတာ ၆၆-နှစ်တိုင်ခဲ့လေပြီ။ ဒါပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါပေ ဆိုတဲ့ စာသားအတိုင်း အာဇာနည်နေ့နဲ့အတူ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲ လွမ်းဆွတ်တသ ဂုဏ်ယူနေကြဦးမှာပါ။

ဘာသာလူမျိုးတိုင်းရဲ့ နှလုံးသားမှာ ဆရာကြီးဦးရာဇတ်ရဲ့ ပုံရိပ်က စွဲထင်ကျန်နေခဲ့တာ ယခုဆိုရင် ၁၁၅-နှစ်ပြည့်မြောက်ခဲ့ပြီးပါပြီ။ ဆရာကြီးဦးရာဇတ်ကို အောက်မေ့တသတဲ့ ဂုဏ်ပြုအခမ်းအနားကို ၂၀၁၂-ခုနှစ်က မန္တလေးမြို့မှာ ရဟန်းသံဃာများနှင့် လူမျိုးဘာသာပေါင်းစုံ ပါဝင်ခဲ့ကြသလို အခု ၂၀၁၃-ခုနှစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီးဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ရဟန်းသံဃာများ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အလွှာအသီးသီးမှ ဆရာကြီးအား မြတ်နိုးလေးစား အလေးထားသူများက ပါဝင်ကျင်းပနိုင်ခဲ့တာဟာလည်း ဆရာကြီးဦးရာဇတ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

–  ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ မြဟန်
–  စာရေးဆရာအမည်မခံလိုသော စာဆိုရှင် ဦးရာဇတ်၊ ကျော်ဝင်းမောင်
–  မြန်မာ့စွယ်စုံကျမ်း
–  ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ခင်ခင်စိန်၊ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄ – ဇူလိုင်
–  ဆရာကြီးဦးရာဇတ် အထ္ထုပ္ပတ္တိ(ပထမတွဲ)၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
–  မန္တလေး ၁၃၀၀-ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
–  စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး
–  ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
–  ဆရာကြီးဦးရာဇတ် ဆောင်းပါးများ၊ M-Media

Leave a Reply