6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၁
M-Media
မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

201310891522448734_20

( ရိုဟင်ဂျာမွတ်စ်လင်မ်အား ဘင်္ဂါလီအဖြစ် သတ်မှတ်ပြီး လူမျိုးရေးသွေးချောင်းစီးမှုကို ဦးတည်နေကြသော ဗုဒ္ဓဘာသာဝင်ရခိုင်များ)

စစ်တပ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှ လက်လွှတ်ဆုတ်ခွာမည့် အနေအထား ရှိနေ၏။ ပြန်လည် ချုပ်ကိုင်ရေး အတွက် သွေးချောင်း စီးလမ်းကြောင်း ခင်းကျင်းခြင်းလည်း ဖြစ်နိုင်ပေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦးကို ဗုဒ္ဓဘာသာဝင်များမှ ရက်စက်စွာသတ်ဖြတ်ပြီးနောက်တွင် မြန်မာနိုင်ငံသမ္မတသည် အကြမ်းဖက်ခံဒေသထံသွားသော ပထမဆုံး ခရီးစဉ်အဖြစ် သံတွဲမြို့သို့ ရောက်ရှိခဲ့သည်။ ၄င်းအလျင် ၂ ရက်က မွတ်စ်လင်မ် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး နှင့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးအကြား အချင်းများကြခြင်းကို ခုတုံးလုပ်၍ အောက်တိုဘာ ၁ ရက်နေ့တွင် သံတွဲအနီးရှိ ယင်းအမယ်အို၏ရွာသို့ လူရမ်းကားအုပ်စု တစ်စု ရောက်လာ၏။ သူမ၏သမီးဖြစ်သူသည် လွတ်မြောက်သွားသော်လည်း ပြန်လာကြည့်ရှုသောအခါ ဦးခေါင်း၊ လည်ပင်း၊ ၀မ်းဗိုက်တွင် ဓားခုတ်ခံထားရသည့် မိခင်အိုနှင့်တစ်ကွ မီးကျွမ်းနေသော နေအိမ်ကိုသာ တွေ့လိုက်ရလေသည်။

အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ခံရသည့် သံတွဲတိုက်ခိုက်မှုဖြစ်စဉ်၌ သံသယဖြစ်ဖွယ်ရာများရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။ “ (ဗုဒ္ဓဘာသာဝင်) ရခိုင်တိုင်းရင်းသား နဲ့ ကမန်တိုင်းရင်းသား(မွတ်စ်လင်မ်) တို့ဟာ နှစ်များစွာကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတာပါ။ ပြင်ပ ပယောဂကြောင့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတယ်။ လက်ဝယ်ရှိ အထောက်အထားအရ ရွာတွေကို မီးရှို့အကြမ်းဖက်သူများဟာ ပြင်ပကလာ သူများဖြစ်ကြောင်းတွေ့ရတယ် ” ဟု ပြောဆိုခဲ့၏။

လွန်ခဲ့သော ၁၆ လတစ်လျှောက်ဖြစ်ပွားခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အကျွမ်းတ၀င်မရှိသူ တစ်ဦးအတွက်တော့ ယင်းပြောဆိုချက်မှာ ထူးခြား ဆန်းကြယ်နေပေလိမ့်မည်။ ၄င်း၌ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ စံနစ်တကျ ဖွဲ့စည်းထားသော ကွန်ရက်များက မြန်မာပြည်အတွင်း စီမံလှုပ်ရှားလျက်ရှိကြောင်း အဆုံးသတ်သော် ၄င်းအနေနှင့် သဘောပေါက်သိမြင်သွားစမြဲသာ။

စောင့်ကြည့်လေ့လာသူများထံတွင် သံသယဖြစ်ဖွယ်အချက်များ ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်၏။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့်အခြားဒေသများတွင် ဖြစ်ပွားသော တိုက်ခိုက်ခြင်းနည်းလမ်းနှင့်ပုံဟန်မှာ ထပ်တူထပ်မျှ နီးပါးဖြစ်နေသည်။ အသေးအဖွဲပြဿနာလေးများမှ စတင်သည်။ ရုတ်တရက် ချက်ခြင်း လူအုပ်ကြီး ပေါ်ပေါက်လာပြီး မြို့တွင်းသို့ ၀င်ရောက်လာကြသည်။ လက်နက်များကလည်း အရံသင့်။ ဖြစ်ရပ်အများစု၌ ရဲတပ်ဖွဲ့ဝင်များက ငုတ်တုတ် ရပ်ကြည့်ရှုစားနေစမြဲ။ မြင်ကွင်းများဝယ် ဒေသခံတို့ကိုတွေ့မြင်ရပါသော်လည်း အကြမ်းဖက်အုပ်စုမှာ ပြင်ပမှ စုရုံးဝင်ရောက်လာသည်ဟု ကြိမ်ဖန်များစွာ ဆိုပြန်၏။ ဤတစ်ပတ် သံတွဲဖြစ်ရပ်မှတ်တမ်း ဓာတ်ပုံတစ်ခု၌ ခေါင်းစည်းနီများပတ်၍ လက်နက်ကိုင်ဆောင်ပြီး ဆူပွက်သွေးကြွနေသည့် ဒေသခံများကိုပင် ထရပ်ကားအပြည့်ဖြင့် တွေ့လိုက်ရခြင်းက ယင်းအဆိုမှာ ဆန့်ကျင်ဖက်ဖြစ်နေကြောင်း ပေါ်လွင်သွားပါတော့သည်။

ဖြစ်စဉ်သစ်တစ်ရပ် မဟုတ်
——————————
အကယ်၍ ဤဖြစ်စဉ်များ၌ စံနစ်တကျ ကြိုတင်ကြံစည်သူရှိသည်ဟုဆိုလျှင် ထိုသူသည် မည်သူနည်း၊ မည်သည့်အတွက် လုပ်ရသနည်းဟူသော မေးခွန်းထုတ်ရပါမည်။ ရှင်းလင်းသောအဖြေ မရှိသေး။ သို့သော် မြန်မာပြည်ရှိ စစ်တပ် နှင့် အာဏာပိုင်များအဖို့ ဤမတည်ငြိမ်မှုများမှ အမြတ်ထွက်မည်ကား သေချာနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပွား ခဲ့သော ပြဿနာ များစွာကိုကြည့်လျှင် ပြည်တွင်းနိုင်ငံရေးကို လူနည်းစုဝင် လူမျိုးတစ်စုစုနှင့် တိုက်ဆိုင်ရောထွေး၍ အကြမ်းဖက်တိုက်ခိုက်မှုထံ ဦးတည်လေ့ရှိကြောင်း တွေ့ရ၏။ တိုင်းပြည်စီးပွားရေး စံနစ်အပေါ် ဗိုလ်ချုပ်နေ၀င်း၏ တလွဲတချော် စီမံခန့်ခွဲမှုအား အာရုံလွှဲရန် တရုတ်လူမျိုးတို့၏ ပိုင်ဆိုင်မှုများကို တိုက်ခိုက်စေခြင်းဖြင့် ၁၉၆၇ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ၄င်းနောက် ၁၉၈၈ ခုနှစ် တောင်ကြီးမြို့ နှင့် ပြည်မြို့များတွင် မွတ်စ်လင်မ်များအပေါ် တိုက်ခိုက်ခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေး ကိစ္စကို လွှဲဖယ်ခဲ့သည်။ ထိုစဉ်ကတည်းပင် စစ်တပ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့ပြေးလက္ခဏာများအား ဖြိုခွဲရေးအတွက် လူမျိုးရေးတင်းမာမှုများကို ဖန်တီး သွတ်သွင်းနိုင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူပေါင်းများစွာမှ ယုံကြည်ထားခဲ့ကြ၏။

ယနေ့မြန်မာပြည်တွင် ဤသီအိုရီအား အသုံးချနေခြင်း မဖြစ်နိုင်သလော ? ဦးသိန်းစိန်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများက နိုင်ငံ့ဘဏ္ဍာ အားလုံး၏ ငါးပုံ တစ်ပုံကျော် ခံစားရရှိနေသည့် စစ်တပ်ကို တုန်လှုပ်သွားစေနိုင်သည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးရှေ့ဆက်နေခြင်းနှင့်အတူ စစ်တပ်နှင့် ဆက်စပ်နေသည့် အင်အားစုကြီးအပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။ မြန်မာလူ့အဖွဲ့အစည်း၏ သာသနာပိုင်ကဲ့သို့ဖြစ်နေသော ၄င်း၏အနေအထားက တန်ခိုးထွားနေဆဲဖြစ်၏။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြောင်းလဲပါက ဆိုးဝါးပြင်းထန်သည့် အန္တရာယ် နှင့် မမှန်းနိုင်သည့်အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယခုအပတ်တွင် သတိပေးပြောကြားလိုက်သည်။ ယင်းသို့ အတိုက်အခံ ဆန့်ကျင်ရသည့် အကြောင်းတစ်ရပ်မှာ စစ်အာဏာရှင်အကြိုက် ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြန်လည်ဆန်းသစ်ပါက စစ်တပ်၏သြဇာ မှေးမှိန်သွားမည်ဖြစ်သောကြောင့်တည်း။

လူမျိုးစုတင်းမာမှုများကြောင့်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပဋိပက္ခ ရှေ့ဆက်မှုကြောင့် လည်းကောင်း ဖြစ်ပေါ်လာသည့် လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုက မည်သည့်စစ်တပ်ကိုမဆို ၄င်း၏သြဇာပြန်လည် လွှမ်းမိုးရေးအတွက် အဓိက အခွင့်အလမ်းတစ်ရပ် ရရှိစေသည်။ လူမျိုးရေးနှင့်နိုင်ငံရေးခွဲခြားမှု အရိုးစွဲပြင်းထန်လှသည့်နိုင်ငံတစ်ခုတွင် ယင်းသို့ ဖြစ်ပွားသွားရ စမြဲကို တွေ့မြင်နိုင်ပေသည်။ မိမိတို့၏နယ်မြေ၌ စစ်တပ်များ တပ်စွဲထားမှုကို ရေရှည်ဆန့်ကျင်လာကြသည့် ရခိုင်တို့က ယခုအခါ ၄င်းတို့အား (၄င်းတို့အမြင်အရ) အစ္စလာမ့်လွှမ်းမိုးမှုမှ တားဆီးကာကွယ်ရန် စစ်တပ်ကိုပင် တောင်းဆိုနေသည်။ “ကျူးကျော်ဝင်ရောက်လာသူများ” အဖြစ် အမည်ပေးထားသော လူနည်းစုရိုဟင်ဂျာ မွတ်စ်လင်မ်တို့ကို စစ်တပ်နှင့်ပူးပေါင်း၍ တိုက်ထုတ်မည့် အကြောင်း ဒီမိုကရေစီထောက်ခံသည်ဟုဆိုသူများက ပြောဆိုနေကြ၏။ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်စေခြင်း၌ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ၏ တွန်းအားပေးနေခြင်းအပေါ် လူများစွာမှ အံ့အားသင့်နေကြ၏။ သို့တစေလည်း ၁၉၉၇ ခုနှစ် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ဗလီများအားတိုက်ခိုက်ခြင်း၌ သံဃာများလည်း ပါဝင်ပတ်သက်ထားခဲ့ပြီးဖြစ်သည်။

ရိုဟင်ဂျာများ တည်ရှိမှုက အန္တရာယ်လော ?
———————————————
ရခိုင်နှင့်ရိုဟင်ဂျာလူမျိုးတို့အကြား လွန်ခဲ့သည့်သြဂုတ်လ စစ်တွေမြို့တွင် စတင်ခဲ့သော ပဋိပက္ခအဆင့်ဆင့်ဖြစ်ပေါ်မှုသည် လူမျိုး သို့မဟုတ် ဘာသာရေး ကွဲလွဲမှုမှာ တစ်နေရာတည်း၌ တန့်မသွားကြောင်း ဖော်ပြနေပေသည်။ အထင်ရှားဆုံးအချက်တစ်ချက်မှာ ယမန်နှစ် ဇွန်လကတည်းက ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုအများစုသည် ရိုဟင်ဂျာလူမျိုးတို့ကို ဦးတည်ခဲ့သော်လည်း ယခုနောက်ဆုံး သံတွဲမြို့တွင်ဖြစ်ခဲ့သောတိုက်ခိုက်မှုမှာ ကမန် မွတ်စ်လင်မ်များကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာ နှင့် ကမန် တို့မှာ ခြားနားကွဲပြားလှ၏။ ရိုဟင်ဂျာတို့၏တည်ရှိနေမှုသည် ဗုဒ္ဓဘာသာဝင်များအဖို့ အန္တရာယ်ရှိသည်ဟု သတ်မှတ်၍ ရခိုင်တို့မှ ရိုဟင်ဂျာများကို ခိုးဝင်ဘင်္ဂါလီများအဖြစ် အမြင်ထားရှိနေသည်မှာ ကြာမြင့်ပြီသော်လည်း၊ ကမန်များမှာမူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြရကုန်၏။ ထို့ကြောင့် ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်ရေးအစီအစဉ်များသည် နယ်မြေကာကွယ်ရေးနှင့် ဗုဒ္ဓဘာသာထိန်းသိမ်း စောင့်ရှောက်ရေး အသွင်အဖြစ် ရခိုင်များစွာက ရှုမြင်ထားခဲ့ကြသည်။

ဤနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၌ အကြမ်းဖက်မှု ပွင့်အံသောအခါ ယင်းဖြစ်စဉ်အနေအထားက အပြောင်းအလဲဖြစ်သွားလေသည်။ မိတ္ထီလာ၌ မွတ်စ်လင်မ်ဦးရေ အတန်ပင်ရှိသော်လည်း ရိုဟင်ဂျာများ မဟုတ်ကြ။ အလားတူစွာ ရှမ်းပြည်နယ်မှ လားရှိုးမြို့၊ ရန်ကုန်တိုင်းမှ ဥက္ကံ၊ ကချင်ပြည်နယ်မှ ဖားကန့်တို့တွင် မွတ်စ်လင်မ်တို့ အပေါ် ပြင်းထန်သည့်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစုဝင် တစ်အုပ်စုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်တော့ပဲ မွတ်စ်လင်မ်အားလုံးအပေါ် အဆင့်ဆင့် ဆန့်ကျင်လာသည့် ပြဿနာ ဖြစ်နေပေသည်။

လူမျိုးစုအကြားဖြစ်ပွားရသောအကြမ်းဖက်မှုမှန်သမျှမှာ အချိန်တိုတစ်ခုအတွင်း ပြီးဆုံးသွားလေ့ မရှိကြောင်း၊ ယင်းသို့ ဖြစ်ခြင်းမှာ နိုင်ငံတော်၏ ပါဝင် ပတ်သက်မှုကြောင့်ဖြစ်ကြောင်း မြန်မာလူမျိုးပညာရှင် မောင်ဇာနည်မှ လတ်တစ်လော ထောက်ပြခဲ့သည်။ သို့သော် ဗြိတိသျှခေတ်ကပင် မြန်မာပြည်အနေအထားအတွင်း အာရုံလွှဲရန် လူမျိုးရေး၊ ဘာသာရေး ပြဿနာဖန်တီးမှုသမိုင်းကို တွေ့ရကြောင်း၊ ထိုအချက်နှင့်စပ်လျဉ်းပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ကိုလိုနီလက်အောက်မှ လွတ်လျှင် လွတ်ချင်း သတိပေးခဲ့ပြီးဖြစ်ကြောင်း သူက ဆိုပါသည်။

လက်ရှိဖြစ်ပွားနေသော မွတ်စ်လင်မ်ဆန့်ကျင်ရေး အရှိန်မြှင့်တက်လာမှုအပေါ် သုတေသီအသီးသီးမှ ယူဂိုဆလားဗီးယား မြင်ကွင်း ပုံဟန်ဖြင့် ချိန်ထိုးကာ အဖြေရှာထုတ်နိုင်ဖို့ ကြိုးစားနေကြသည်။ ယူဂိုဆလားဗီးယားတွင် လူမျိုးရေးတင်းမာမှုသည် ဆယ်စုနှစ်များစွာ တအုံနွေးနွေးရှိခဲ့ရာမှ ပွင့်အံထွက်ခဲ့ပြီးနောက် အုပ်ချုပ်ရေး အသွင်သဏ္ဍာန် ပြောင်းလဲသွားခဲ့၏။ ၄င်းမှာ မြန်မာပြည်တွင်းဖြစ်ရပ်နှင့် ခပ်ဆင်ဆင်ဖြစ်နေသည်။ မွတ်စ်လင်မ်တို့၏ နိုင်ငံသားစစ်စစ်ဖြစ်ခြင်းကို အစဖျောက်ရန်အလို့ငှာ လွတ်လပ်ရေးရချိန်မှစ၍ အုပ်ချုပ်သူအဆက်ဆက်က နည်းလမ်းဖော် ဖန်တီးခဲ့ကြ၏။ အရှိန်ရအားကောင်းနေသောဆိုရှယ်မီဒီယာများ၊ ၀ါဒဖြန့်အစီအမံ နှင့် လှုံ့ဆော်ရေးတို့၌ မီးဝင်မွှေးသောအခါ တောမီးလောင်သကဲ့သို့ ကျယ်ပြန့်သွားစေ၏။ သို့ဖြစ်ရာ မိတ္ထီလာ နှင့် စစ်တွေ အဖြစ်ချင်း မကွာခြားပါတော့ချေ။

နိုင်ငံတစ်ဝှန်းဖြစ်ပွားခဲ့သော ဆင်တူရိုးမှားတိုက်ခိုက်မှုများ၌ အထူးသံသယဖြစ်ဖွယ် အချက်တစ်ချို့ရှိသေး၏။ ပြီးခဲ့သည့် စနေနေ့က ရန်ကုန်အနီး ကျောင်းကုန်းရှိ ရဲစခန်းပြင်ပတွင် လူတစ်စုမှ ၀န်းရံရောက်ရှိကာ ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းကျင့်သည်ဟု စွဲချက်တင်ခံရသူ မွတ်စ်လင်မ်အမျိုးသားတစ်ဦးအား ၄င်းတို့ထံ လက်လွှဲပေးရန် တောင်းဆိုခဲ့ကြသည်။ ရဲစခန်းမှငြင်းဆိုလိုက်ရာတွင် ၄င်းတို့က မွတ်စ်လင်မ်တို့၏နေအိမ် ငါးလုံးကို မီးတင်ရှို့ခဲ့ကြသည်။ ၄င်းမှာ သံတွဲ အကြမ်းဖက်မှုဖြစ်လာပုံနှင့် တစ်ထေရာတည်း တူညီနေ၏။ ၄င်း၌ အငြင်းပွားမှုတစ်ခုကြောင့် ထိန်းသိမ်းထားသော ကမန်မွတ်စ်လင်မ်ခေါင်းဆောင် တစ်ဦးကို လက်ပြောင်းပေးရန်တောင်းဆိုချက်အား ရဲစခန်းမှ ငြင်းဆန်လိုက်သဖြင့် အလားတူအတိုင်း ဖြစ်ပွားခဲ့ရသည်။

စစ်အုပ်ချုပ်ရေး၏ ဓာတ်ပြားဟောင်းနည်းဗျူဟာ
————————————————
ရှမ်း၊ ကချင်၊ ရခိုင် ကဲ့သို့ သီးခြားရှိတည်ရှိနေသော တိုင်းရင်းသားပြည်နယ်ဒေသများ တခွင်၌ တစ်ပုံစံတည်း ဖြစ်ပျက်နေ၏။ ကချင်ပြည်နယ်အဖို့ ဖြစ်စဉ်သစ်တစ်ရပ်ဟု ဆိုရပေမည်။ ဤပြည်နယ်တွင်း တိုင်းရင်းသားအုပ်စုတို့၏ အမျိုးသားရေးဝါဒ၌ အခြေခံအားဖြင့် ဗမာလူမျိုးနှင့်၎င်းတို့၏ ပုံဟန်တို့ကို မလိုလားခြင်းဖြစ်၏၊ မွတ်စ်လင်မ်တို့ကို မဟုတ်ချေ။ ဤသို့ ကျယ်ပြန့်စွာ ကွဲပြားနေသည့် အမြင်နှင့် ပထ၀ီအနေအထားအရ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အရှိန်အဟုန်ဖြင့်ဖြတ်ဝင်လာနိုင်ချေ နည်းပါးလွန်း၏။ သို့ဆိုလျှင် မွတ်စ်လင်မ်တို့တည်ရှိခြင်းအပေါ် အကြမ်းဖက်ခြင်းက အဘယ်ကဲ့သို့တုန့်ပြန်မှု ဖြစ်လာမည်နည်း ? ၁၉၆၀-၇၀ ခုနှစ်များအတွင်း မြန်မာပြည်တွင်းသို့ တရုတ်လူမျိုးများ အလုံးအရင်းဝင်ရောက်လာပြီးနောက်ပိုင်း တရုတ်ဆန့်ကျင်ရေးအရေးအခင်းများ ဖြစ်ခဲ့သည်။ ပြောင်းရွှေ့ဝင်ရောက်လာသူများထံ အလုပ်အကိုင်များ ရောက်ရှိသွားမည်ကို ပြည်တွင်းနေများ စိုးကြောက်မှုက တုန့်ပြန်ခြင်းအကြောင်း၌ ပါဝင်ခဲ့၏။

မြန်မာနိုင်ငံ၌ အနည်းငယ်မျှသာရှိသည့်အုပ်စုက တစ်နိုင်ငံလုံးအတိုင်းအတာကို လွှမ်းမိုးနိုင်သည်ဟူသော အမြင်မှာ မည်သို့မျှ ကြောင်းကျိုးမညီညွတ်ပါလေ။ လက်ရှိဖြစ်ရပ်များ၌ လက်လျှိုမှုတစ်ရပ် ရှိနေပေလိမ့်မည်။ ဤအနေအထားကို ကိုင်တွယ်ထားနိုင်သော အုပ်စု ၂ စုသာရှိသည်။ စစ်တပ်နှင့်သံဃာများ ဖြစ်ကြသည်။ ၄င်းတို့ထံတွင် မွတ်စ်လင်မ်ဦးရေတိုးပွားလာမှုကို ရပ်တန့်စေလိုသည့် အတ္တစွဲများ ရှိနေကြ၏။ သံတွဲကဲ့သို့ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်ခံရသည့်နေရာတိုင်းမှ ဒုက္ခသည်တို့ပြောဆိုထားသည့်အတိုင်း ဤတိုက်ခိုက်မှုများသည် ကနဦးကပင် လူမြင်မခံသောနောက်ကွယ် အင်အားစုတစ်ရပ်မှ စီမံခင်းကျင်းထားကြောင်း ဦးသိန်းစိန်က သံယောင်လိုက်ပြောကြားနေခဲ့၏။

168562_556800871020897_1598693908_n

၉၆၉ အမှတ်တံဆိပ်ကို စတင်ဖန်တီးခဲ့သူ နှစ်ဘက်လှ ဦးကျော်လွင် မှာ ၁၉၉၈ ခုနှစ်တွင် သာသနာတော် ပြန့်ပွားရေးဌာနမှ ညွှန်ကြားရေးမှူး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်းသိရှိရသည်။ (M-Media)

မည်သူတို့နည်း ? တိကျရှင်းလင်းစွာ မသိကြသေး။ လူပြောများလှသည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ အဖွဲ့ကို ပြန်လည်ခြေရာ ခံကြည့်သောအခါ စစ်အစိုးရဟောင်းလက်အောက်ရှိ သာသနာရေးဝန်ကြီးဌာနမှအစပြုခဲ့ကြောင်း တွေ့ရသည်။ သို့သော် ယခုအခါ အစိုးရပိုင်းအတွင်း ၉၆၉ လှုပ်ရှားမှုသည် ပိုမို အားကောင်းရှင်သန်နေပေသည်။ အလယ်အလတ်လမ်းကြောင်းလျှောက်သူဟု သတ်မှတ်ခံထားရသည့် ဦးသိန်းစိန်သည်ပင်လျှင် ရိုဟင်ဂျာဖယ်ရှားရေးစကားကို လူသိရှင်ကြား ပြောဆိုသည်သာမက၊ ၉၆၉ လမ်းစဉ်မှာ အကြမ်းဖက်မှုများနှင့် အတွင်းကျကျဆက်နွှယ်နေသည့်တိုင် “ ငြိမ်းချမ်းရေး၏သင်္ကေတ” ဟုပင် ဖွင့်ဟခဲ့ပေသည်။ ယခင်အပတ်က အောက်လွှတ်တော်၏အထူးပြောခွင့်ရသူ ဦးရွှေမန်းက “ မြန်မာပြည်ကာကွယ်ရေးအတွက် ရခိုင်လူမျိုးတွေရဲ့ စွမ်းဆောင်ချက်ကို ကျွန်တော် အသိအမှတ်ပြု ချီးမွမ်းပါတယ် ” ဟု ပြောခဲ့၏။ နိုင်ငံ့အနောက်ခြမ်းပြည်နယ်အား သိမ်းရန်ကြိုးစားနေသည့် ဘင်္ဂါလီတို့ကို တိုက်ထုတ်ရမည်ဟူသည့် အဆိုအား ထောက်ခံရာရောက်နေ၏။

သို့အားဖြင့် မွတ်စ်လင်မ်ရပ်ဝန်းများအား မီးလောင်တိုက်သွင်းရန် ကြံဆောင်နေသည့် မည်သည့်အင်အားစုကိုမဆို အစိုးရမှ စီစဉ်ပေးနေပါသည်ဟု အနီးစပ်ဆုံးယူဆစရာ ဖြစ်နေသည်မဟုတ်ပါလော ? သို့သော် အကယ်၍ ဤကိစ္စမျိုး ရှိနေပါကလည်း ဦးသိန်းစိန်ကိုယ်တိုင်မှ အဘယ်ကြောင့် ရိပ်ဖမ်းသံဖမ်း ပြောထုတ်ပါမည်နည်း ? တဖန် ရှင်းလင်းပြတ်သားသည့် အဖြေမရှိသော်လည်း အစိုးရတွင်း၌ အကွဲအပြဲရှိနေသည်ဟု လေ့လာသူများစွာ၏သုံးသပ်ချက်က တမူထူးခြားနေပြန်သည်။ စစ်တပ်မှခန့်အပ်ထားသော လွှတ်တော်အမတ်များသည်ပင်လျှင် ဆန္ဒမဲပေးရာ၌ သဘောထား တစ်မျိုးတည်း ဖြစ်မနေကြပေ။ ဦးသိန်းစိန်သည် တိုင်းပြည်ကို ရှေ့ဆက်တိုးသွားစေလိုသည့်သဘော၌ ရှိ၏။ သို့တစေ သူ့အစိုးရအဖွဲ့ထဲမှ အခြားသူတို့မှာ စစ်အုပ်ချုပ်ရေးအောက်မှ ၄င်းတို့၏ခြယ်လှယ်မှုကို ဆက်လက် ထိန်းသိမ်းထားလိုခြင်းက သိသာထင်ရှားနေသည်။

မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ၌ တွေ့မြင်နေရသော နည်းဗျူဟာအချို့သည် စစ်အာဏာရှင်တို့ အသုံးချခဲ့သည်များနှင့် တူညီလျက်ရှိ၏။ ပြင်ပမှရောက်လာသောလူအုပ်ကြီး ဟုဆိုခြင်းက အလားတူအဖွဲ့တစ်ခုကို ပြန်လည်အမှတ်ရသွားစေပါသည်။ ၄င်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုများအတွင်း သစ္စာဘက်တော်သားတို့အား ရှုပ်ထွေးသွားစေရန် (နှင့်) အကြမ်းဖက်မှုဖြစ်အောင်ကြံဆောင်စေရန် စစ်ဗိုလ်ချုပ်များမှ ထိထိရောက်ရောက် အသုံးချခဲ့သော “ စွမ်းအားရှင် ” ကဲ့သို့ အရပ်ဝတ် စစ်သွေးကြွများ ဖြစ်ပေသည်။ မိတ္ထီလာအကြမ်းဖက်မှု ဒုတိယနေ့ရောက်လာသည့်တိုင်အောင် ရဲတပ်ဖွဲ့ဝင်များမှ မည်သည့် အရေးယူဆောင်ရွက်မှု မရှိခြင်း၊ ၀င်ရောက်တားဆီးရန် အမိန့်ရောက်မလာခြင်းတို့ကို မှတ်တမ်းတင်ထားသည့် သတင်းများတွင် ထုတ်နှုတ် သုံးသပ်နိုင်ကြမည်ဖြစ်၏။ ပုံရိပ်မှာ အကျည်းတန်ဆိုးဝါးလှပါဘိခြင်း။

အင်အားစုကြီးနှစ်ရပ်အကြားမှ ထွက်ပေါ်လာသော မွှေနှောက် ဖန်တီးချက်လည်း ဖြစ်ကောင်းပေမည်။ ယင်း အင်အားစုနှစ်ရပ် ဟူသည် – သံဃာများနှင့် ရခိုင်နိုင်ငံရေး ပါတီများအတွင်း အလိုတူ ပူးပေါင်းလုပ်ဆောင်ချက်များဖြင့် ပြဿနာ လုံးထွေးနေသည့် စစ်ရေးနိုင်ငံရေးဆိုင်ရာ လူကုံထံများ (နှင့်) မွတ်စ်လင်မ်တို့သည် ရွံမုန်းစရာကောင်းသူ သို့မဟုတ် နိုင်ငံသားမဟုတ်သူဟု မှိုင်းသွင်းခံရသည့် ပြည်သူများ တို့ဖြစ်၏။

တစ်ဖက်နှင့်တစ်ဖက်က အချိတ်အဆက်ညီစွာ ပူးပေါင်း လုပ်ဆောင်သွားကြသည်။ အဆင့်အတန်း ခွဲခြားအုပ်ချုပ်နိုင်သည့် အခွင့်အလမ်းအားဖြင့် မြန်မာ လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ် ဆန့်ကျင်ရေး သဘောဆိုးများ စိမ့်ဝင်သက်ရောက်စေခြင်းက ရုတ်ခြည်း တိုးတက်လာတော့မည့်နိုင်ငံအတွက် အန္တရာယ်ရှိသည်ဟုဆိုကာ ခုန်ဆင်းကယ်တင်၍ ကိုင်တွယ်ထိန်းချုပ်လိုသော အတုအယောင် အကြောင်းပြချက် တစ်ရပ်ကို စစ်တပ် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များက ရှာဖွေနေခြင်းဖြစ်သည်။ ပြည်တွင်း လုံခြုံရေးအကြောင်းဖြင့် အာဏာခွဲဝေရရှိမှု – PR အတွက် ဤအချက်က များစွာအထောက်အကူပြုသည့်အပြင် လူ့အဖွဲ့အစည်းသည်လည်း ချည့်နဲ့ပြိုကွဲသွားမည်ဖြစ်သည်။ စစ်တပ်အတွက် ထပ်မံသက်ဆိုးရှည်စေရာအကြောင်းတည်း။ စင်စစ်၌ ဤနည်းဗျူဟာမှာ မြန်မာနိုင်ငံ၏ သမိုင်း အစဉ်အဆက်၌ ရှိနေပြီးဖြစ်ပါ၏။ စစ်အုပ်ချုပ်ရေးကို ပြန်လည်ရှင်သန်ခေါင်းထောင်လာစေမည့် နည်းလမ်းသာ ဖြစ်လေရာ ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းမှ အတန်ပင် ဖယ်ခွာလျက်ရှိနေတော့သည်။

Francis Wade ၏ Are invisible forces orchestrating Myanmar’s anti-Muslim violence ? ဆောင်းပါးကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

ဆောင်းပါးရှင် ဖရန်စစ် ၀ိတ် ( Francis Wade ) သည် ထိုင်းနိုင်ငံအခြေစိုက် အလွတ်တန်းဂျာနယ်လစ်၊ ၄င်းပြင် မြန်မာနှင့် အရှေ့တောင် အာရှရေးရာသုတေသီတစ်ဦးလည်း ဖြစ်ပါသည်။ ဤဖော်ပြချက်များမှာ ဆောင်းပါးရှင်၏အမြင်သာ ဖြစ်ပြီး အလ်ဂျဇီးရားအယ်ဒီတာ့အာဘော် မဟုတ်ပါ။

Leave a Reply