11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၉ ၊ ၂၀၁၄
TheVoice မှ ကူးယူဖော်ပြပါသည်။

ဒီလ ဇူလိုင် ၁၉ ဆိုလျှင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံရသည်မှာ (၆၇) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ဘာပဲပြောပြော အာဇာနည်နေ့ကို ရောက်ရင်တော့ဖြင့် တစ်နှစ်လျှင် တစ်ကြိမ်တော့ ခေါင်းဆောင်ကြီးများ အကြောင်းကို တွေးဖြစ်သည်။ စဉ်းစားဖြစ်သည်။ သတိရဖြစ်သည်။

ဒီနှစ်တော့ ထူးထူးခြားခြား ဆရာကြီး ဦးရာဇတ်အကြောင်းက အာရုံထဲ ရောက်နေသည်။ ဆရာကြီး ဦးရာဇတ် အကြောင်းကို ပြောချင်နေသည်။ အထူးသဖြင့် ယနေ့နိုင်ငံရေး အခြေအနေအရ ပြောသင့်သည်ဟု ယူဆတာကြောင့်လည်း ပါသည်။ ယနေ့ ဘာသာရေး ပြဿနာများအပေါ် သက်ရောက်မှု တစ်ခု ဖြစ်လေမလားလို့ အောက်မေ့တာကြောင့်လည်း ပါပါသည်။

ဆန့်ကျင်ဘက်များ ပေါင်းစပ်ခြင်း

ဆရာကြီး ဦးရာဇတ်ဟု ပြောလျှင် အနောက်တိုင်း ဝတ်စုံနှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးထားသော ကုလားဆင်ရုပ်မျိုးကို ပြေးမြင်ကြမည် ထင်ပါသည်။ မှန်ပါသည်။ ဆရာကြီး ဦးရာဇတ် ဆိုသည်ကား အမှန်တော့ မွတ်ဆလင်စစ်စစ် တစ်ဦးသာ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင် အားလုံး၏ အသည်းကို ဖမ်းစားနိုင်သော ဘာသာခြားတစ်ဦး ဖြစ်နေသည်ကတော့ တကယ်ပင် ထူးခြားသည်။

သေသေချာချာကြည့်လျှင် ဆရာကြီးမှာ ဆန့်ကျင်ဘက်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဆရာကြီး၏ ဖခင်သည် အင်္ဂလိပ်အစိုးရ အမှုထမ်း (ပုလိပ် အင်စပတ်တာ) ဖြစ်သော်လည်း ဆရာကြီးမှာကား အင်္ဂလိပ်ကို ချေမှုန်းတိုက်ထုတ်လိုသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည်။

ဦးရာဇတ်သည် အိန္ဒိယအနွယ်ဖွား တစ်ဦး ဖြစ်သော်လည်း မျိုးချစ်စိတ်ဓာတ် ပြင်းထန်လှသည့် အမျိုးသားကျောင်း၏ ကျောင်းအုပ်ဆရာကြီး တစ်ဦးပင် ဖြစ်နေပြန်သည်။ ဆရာကြီးသည် ဘာသာခြားတစ်ဦး ဖြစ်နေသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစိတ် ပြင်းထန်လှသည့် မန္တလေးကဲ့သို့ ဒေသမျိုး၏ ဖဆလပ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

ဆရာကြီးသည် မွတ်ဆလင်တစ်ဦး ဖြစ်နေသော်လည်း မန္တလေး သံဃာထုမှ ဦးရာဇတ်ကို ပညာရေး ဝန်ကြီးအဖြစ် ခန့်ပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းထံ တောင်းဆိုခြင်းပင် ခံရသောပုဂ္ဂိုလ်မျိုးလည်း ဖြစ်နေပြန်ပါသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာ ရဟန်းရှင်လူအပေါင်း၏ ချစ်ခြင်းမေတ္တာ အားလုံးကို ပိုင်ဆိုင်ထားသည့်နည်းတူ တစ်ဖက်တွင်လည်း ဗမာမွတ်ဆလင် ကွန်ဂရက်၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

ထူးဆန်းပါသည်။ အမှန်ပင် ထူးခြားပါသည်။ ထို့ကြောင့်ပင် ဆန့်ကျင်ဘက်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ ဘာသာခြားတစ်ဦးကို လူထုကသာမက မန္တလေးလို ဒေသမျိုးက ရဟန်းတော်များကအစ ဘာကြောင့် လိုလိုလားလား ဖြစ်ရသနည်း ဆိုသည်ကတော့ အတော်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ စိတ်လည်း ဝင်စားသင့်ပါသည်။

ပထမကျောင်းသားသပိတ်က အစပြု၍

အမှန်တော့ ဆရာကြီး၏ နိုင်ငံရေးဘ၀သည် ၁၉၂၀ ပထမကျောင်းသား သပိတ်က စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ယူနီဗာစတီအက်ဥပဒေ (The University Act of 1920) ကို အကြောင်းပြု၍ ၁၉၂၀ တွင် ပထမဆုံးသော ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ အဆိုပါ သပိတ်ကြီးကြောင့် အမျိုးသားရေးစိတ်များ အုံးအုံးထ နိုးကြားလာခဲ့သည်။ ထို့အပြင် အင်္ဂလိပ်အစိုးရ၏ ပညာရေးကို ကျွန်ပညာရေးအဖြစ် ပြတ်ပြတ်သားသား ရှုတ်ချခဲ့ကြသည်။ ကျွန်သက်ရှည်ရုံသာ ရည်ရွယ်ထားသော ကျွန်ပညာရေးအစား သခင်ပညာရေးကို အစားထိုးဖို့ ကျောင်းသားထုမှ ကြိုးပမ်းလာကြသည်။ သို့အတွက် မျိုးချစ်အမျိုးသားများ ဦးစီးသည့် စာသင်ကျောင်းများ လိုအပ်သည် ဟူသော အယူအဆ ပေါ်ပေါက်လာသည်။ သို့ကြောင့်ပင် သပိတ်မှောက် ကျောင်းသားထု၏ ဦးဆောင်မှုဖြင့် အမျိုးသားကျောင်းများ မြို့အနှံ့၊ နယ်အနှံ့ ပေါ်ပေါက်လာတော့သည်။ အဆိုပါ ကျောင်းများကို နေရှင်နယ် ကျောင်းများဟု ခေါ်ကြသည်။ ဦးရာဇတ် ဆိုသည်ကား အဆိုပါ အမျိုးသားကျောင်းများ ဖြစ်မြောက်ရေးကို တာဝန်ယူထားရသော သပိတ်မှောက် ကျောင်းသားများအနက်မှ တစ်ဦးသော ပုဂ္ဂိုလ်သာ ဖြစ်သည်။

၁၉၂၀ သပိတ်ကာလတွင် ဦးရာဇတ်သည် ဘီအေအထက်တန်း (နောက်ဆုံးနှစ်) ကျောင်းသားတစ်ဦး ဖြစ်သည်။ သပိတ်ကာလ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သို့သော် ထိုသပိတ်မှစ၍ ဦးရာဇတ် အနေနှင့် ကျောင်းဆက်မတက်တော့ဘဲ အမျိုးသားကျောင်းများ ဖြစ်ထွန်းရေးတွင် ဘဝမြှုပ်နှံ၍ လုပ်ကိုင်လာခဲ့သည်။ ထိုမှစ၍ အမျိုးသားကျောင်းဆရာ၊ အမျိုးသားကျောင်းအုပ်ဆရာကြီး၊ မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌ၊ နောက် ပညာရေးဝန်ကြီး စသဖြင့် စသဖြင့် ဖြတ်သန်းလာခဲ့သည်။ ထို့ကြောင့် ဦးရာဇတ်၏ အမျိုးသားနိုင်ငံရေး အစသည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်က စခဲ့သည်ဟု ဆိုခြင်း ဖြစ်ပါသည်။

ဆရာကြီးနှင့် ဘာသာရေး

ကျောင်းဆရာတစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ ဘာသာရေးနှင့် ပတ်သက်သော သဘောထားများကလည်း လေးစား အတုယူဖွယ် ဖြစ်သည်။

“အမျိုးသားကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်နေသောသူမှာ မြန်မာအမျိုးသားတစ်ဦး မဟုတ်ဘဲ မွတ်ဆလင်အမျိုးသား တစ်ဦး ဖြစ်နေသည်မှာ အံ့သြဖွယ်ရာကောင်း၏။ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးဟူသော အမည်နှင့် ကျောင်းအုပ်ကြီး မစ္စတာရာဇတ် ဟူသော အမည်သည် စင်စစ် အဆင်မပြေ။ မလိုက်လျော။ သို့သော် ထိုအမျိုးသားကျောင်းကြီးကို ထိုဆရာကြီး မစ္စတာ ရာဇတ်သာလျှင် စီမံအုပ်ချုပ်နိုင်ခဲ့သည်။” (ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ မြန်မာ့အာဇာနည် ခေါင်းဆောင် ဦးရာဇတ်၊ စာမျက်နှာ-ကဝ)။

“ကျောင်းမှာ ပုဏ္ဏား အမျိုးသားကျောင်းသားတွေလည်း တော်တော်များတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဂရုတစိုက် ဘုရားရှိခိုးစေသလို အစ္စလာမ် ဘာသာဝင်တွေကို ပလီတက်ဖို့၊ ပုဏ္ဏား ကျောင်းသားတွေကိုလည်း သူတို့ဘုရား ရှိခိုးဖို့၊ ဟိန္ဒူဘာသာဝင်တွေကျတော့ ဟိန္ဒူဘုရား ကျောင်းသွားခွင့် ပေးတယ်။ သောကြာနေ့ဆို ဆရာကြီးကိုယ်တိုင်လဲ ပလီတက်တယ်။ အစ္စလာမ် ဘာသာဝင် ကျောင်းသားတွေလဲ ပလီသွားတက်ကြတယ်။” (စာမျက်နှာ-၁၉၀)။

“နောက် ဆရာကြီးအနေနဲ့ ဒီကောင် ဟိန္ဒူ၊ ဒီကောင် မွတ်ဆလင်၊ ဒီကောင် ခရစ်ယာန်ရယ်လို့ ပြောရင် မကြိုက်ဘူး။ ဒါဟာ စိတ်ဝမ်းကွဲစေတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ မြန်မာဟာ မြန်မာပဲဆိုပြီး ခေါင်းထဲ ရိုက်သွင်းခဲ့တယ်။” (စာမျက်နှာ-ကမ)။

“ဆရာကြီးကို မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ပေးဖို့ မန္တလေးကျောင်းထိုင် ဆရာတော်ကြီးများက ဆန္ဒပေး တောင်းဆိုခဲ့ပါသတဲ့။ ဒါဟာ တမန်တော်မြတ် မုဟမ္မာဒ် (ဆွ) ကျင့်သုံးတဲ့ စည်းရုံးရေး လမ်းစဉ်ကို ဆရာကြီး ဦးရာဇတ်က လက်တွေ့နယ်ပယ်မှာ အသုံးချမိလျက်သား ဖြစ်နေလို့ပါပဲ” (စာမျက်နှာ-ခဌ)။ ဤတွင်လည်း ဆရာတော်များနှင့် ပတ်သက်၍ ပြောစရာတစ်ခု ရှိလာသည်။ ဘာသာကွဲပြားမှုကို ကျော်၍ အရည်အချင်းကို မူတည်ရွေးချယ် ထောက်ခံပေးခဲ့သော မန္တလေးမှ ကျောင်းထိုင်ဆရာတော်များ၏ လုပ်ရပ်မှာလည်း တကယ်ပင် လေးစားအတုယူဖွယ် ဖြစ်ပါသည်။

ဆရာကြီးနှင့် ပတ်သက်၍ လူထုဒေါ်အမာကလည်း အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။ “ … မန္တလေး အမျိုးသားနေရှင်နယ် ကျောင်းထွက်မှန်သမျှ ဆရာကြီး ရာဇတ်ဆိုရင် မိဘလိုတစ်မျိုး၊ ဆရာလိုတစ်သွယ် ချစ်ကြောက်ရိုသေ လေးစားကြတာပါ။ …ကျွန်မတို့ မြန်မာတွေ အများစုကြီးက ဆရာကြီးနှင့် ပေါင်းသင်းဆက်ဆံရလို့ ဘာသာရေးအရ၊ လူမျိုးရေးအရ ကသိကအောက် ဖြစ်ရတာ ဘာတစ်ခုမှ မရှိစဖူးပါဘူး။…မြန်မာ မွတ်ဆလင်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်း လုပ်မှုဆိုပြီး ဘယ်တော့မှ မရှိပါဘူး။ ဒါကိုပဲ ကျွန်မတို့လို တပည့်တပန်းတွေကရော၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကရော၊ မိတ်ဆွေ သူငယ်ချင်းတွေကရော ဆရာကြီးကို ကျေနပ်ပြီး ချစ်နေကြတာ၊ ခင်နေကြတာပါ” ဟု ဆိုသည်။

သို့ဖြစ်ရာ ဆရာကြီးတွင် ကျဉ်းမြောင်းသော ဘာသာစွဲစိတ်မျိုး မရှိဘဲ နိုင်ငံစွဲတစ်ခုတည်းသာ ပြင်းပြင်းထန်ထန် ရှိကြောင်း တွေ့ရမည် ဖြစ်သည်။

ဆရာကြီးနှင့် နိုင်ငံချစ်စိတ်

နေရှင်နယ်ကျောင်း ကျောင်းအုပ်ကြီးဘဝက ဦးရာဇတ်၏ ကြွေးကြော်သံ ကြက်သီးထချင်စရာ ကောင်းသည်။ “သူများကျောင်းက အိုင်စီအက်စ် တစ်ယောက်ထွက်ရင်၊ ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမည်” ဟူ၍ ဖြစ်သည်။ (ဆရာ ဦးအောင်သင်း၊ ဖတ်ကြည့်စမ်းပါ စွန့်စွန့်စားစား၊ စာမျက်နှာ-၅၉ )။ တကယ်ပင် လေးစားစရာ ကောင်းသည်။ နိုင်ငံချစ်စိတ်ကို အထင်းသား တွေ့ရသည်။

နောက်ထပ် တစ်ခုလည်း ရှိသေးသည်။ ၁၉၄၇၊ ဇွန်လက ဖြစ်သည်။ ဆရာကြီးသည် အိန္ဒိယသို့ ပညာရေးကွန်ဖရင့် တက်ရောက်ရန် သွားခဲ့သည်။ ထိုစဉ်က အိန္ဒိယမှာ မွတ်ဆလင်များက ပါကစ္စတန် နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ကြိုးပမ်းနေသော အချိန်ဖြစ်သည်။ ဆရာကြီးကို (မွတ်ဆလင်မှန်း သိသည် ဖြစ်သောကြောင့်) မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်တို့က စကားစလာသည်။ “ကျွန်တော်တို့ မကြာခင်မှာ ပါကစ္စတန်ပြည် ရတော့မှာမို့ ဆရာကြီးစိတ်ထဲ ဘယ်လိုများ ရှိပါသလဲ” ဟု ဆိုလာသည်။ ပါကစ္စတန် သီးခြားထူထောင်ရေးအပေါ် ဆရာကြီး၏ အမြင်ကို မေးခြင်းဖြစ်သည်။ ထိုစဉ်က ဆရာကြီး၏ အဖြေမှာ မှတ်သားလောက်စရာ ကောင်းသည်။ သူဖြေပုံက “ခင်ဗျားတို့ လိုလားတဲ့ ပန်းတိုင်ကို ရောက်တော့မှာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ အိန္ဒိယပြည်ကြီး နှစ်ခြမ်းကွဲသွားမှာကိုတော့ ဝမ်းနည်းတယ်ဗျာ” ဟူ၍ဖြစ်သည်။ ထိုအဖြေသည် မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်များကို မအီမလည် ဖြစ်စေခဲ့သည်။ သူတို့အနေနှင့် မွတ်ဆလင် တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုလိမ့်မည်ဟု မျှော်လင့်ထားပုံ ရသည်။ ဤသို့ဖြင့် ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံတစ်ခု ပြိုကွဲသွားခြင်းကို မလိုလားသော ဆရာကြီး၏ စိတ်ရင်းကို သိနိုင်မည် ဖြစ်သည်။

နောက်တစ်ခုက လူထုဦးလှ ပေးခဲ့ဖူးသော မှတ်ချက်စကား ဖြစ်ပါသည်။ “ဆရာကြီး ဦးရာဇတ်ကို အမျိုးသားကျောင်းဆရာကြီး တစ်ဦးအဖြစ်နဲ့ တိုင်းပြည်က မြင်ကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားကျောင်းဆရာကြီး တစ်ဦးဖြစ်လာဖို့က မလွယ်ပါဘူး။အမျိုးသားကျောင်းဆရာ ဖြစ်လာသူများဟာ ပထမဆုံး နယ်ချဲ့ကို ဆန့်ကျင်တယ်။ နယ်ချဲ့တို့က သူတို့ ကြာရှည် အုပ်စိုးနိုင်အောင် သင်ပေးမယ့် ပညာရေးစနစ်ကို ဆန့်ကျင်တယ်။ ကိုယ့်တိုင်းရင်းသားတွေနဲ့ ကိုယ့်နိုင်ငံကို ချစ်တယ်။ လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်တယ်။ …ဗဟိုအမျိုးသား အထက်တန်းကျောင်းကို တည်ထောင်ကာ ပညာသင်ကြားရေး အဆင့်အတန်း မနိမ့်အောင် လုံးပန်းရတာ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ကျောင်းသားတွေ မွေးထုတ်ဖို့ လုံ့လ စိုက်တာတွေကလည်း အခု ပြန်ကြည့်ရင် လွယ်မလိုလို ရှိပေမယ့် တကယ်ကတော့ အဲဒီခေတ်မှာ မလွယ်ဘူး၊ နည်းနည်းမှ မလွယ်ဘူး” ဟု ဆိုသည်။

သို့ဖြစ်ရာ ဆရာကြီးသည် ဘာသာကွဲပြားမှုကြောင့် ဖြစ်တတ်သော ဝိရောဓိများ၊ မတိုက်ဆိုင်မှုများမှ လွတ်မြောက်နေသူ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ အစွန်းရောက်သော ဘာသာရေး၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ ဆိုသည် အတွေးမျိုး ဆရာကြီးတွင် လုံးလုံးမရှိ ဆိုသည်မှာ သိသာလှသည်။

အမှန်တော့ ဆရာကြီး ဦးရာဇတ်ထံတွင် စာရေးသူတို့အားလုံး အတုယူရမည့် စိတ်နေစိတ်ထားမျိုး တကယ်ရှိနေသည်။ မြင့်မြတ်တယ်ဆိုတာ ဘာလဲ။ ကိုယ့်ပစ္စည်းကို ကိုယ်တန်ဖိုးထားတာဟာ ဘာမှမဆန်း။သူများပစ္စည်းကို တန်ဖိုးထားပြနိုင်မှ တကယ်ဆန်းသည်။ ကိုယ့်သွေးသားမို့ မေတ္တာစိတ်ထားနိုင်တာ ဘာမျှမဆန်း။ ကိုယ့်သွေးသား မဟုတ်သည့်တိုင် မေတ္တာစိတ် ထားနိုင်သည်ကမှ တကယ်ဆန်းသည်။ ကိုယ့်ဘာသာ ကိုယ့် သာသနာကို တန်ဖိုးထားကြတာ ဘာမျှမဆန်း။ အခြားဘာသာကို အပြန်အလှန် လေးစားပြနိုင်တာကမှ တကယ်ဆန်းသည်။

ဒီလိုလုပ်နိုင်ဖို့ လက်တွေ့မှာ ခက်ခဲနိုင်သလား။ ခက်ခဲရင်လည်း ခက်ခဲပါလိမ့်မည်။ သို့သော် ဆရာကြီး ဦးရာဇတ်ကတော့ လုပ်ပြသွားသည်။ လုပ်သလောက်လည်း အောင်မြင်ခဲ့သည်။ ကျန်တာ မဆိုထားနှင့် မန္တလေး ရဟန်းထုကပါ ချစ်တယ် ဆိုတာကတော့ တကယ်ထူးဆန်းသည်။ အမှန်ပင် ဆရာကြီးက ချစ်ဖို့ကောင်းလို့သာ ဖြစ်ပေလိမ့်မည်။ အမှန်တကယ်ပင် လေးစားထိုက်လို့သာ ဖြစ်ပေလိမ့်မည်။

ဘာရယ်ကြောင့်မှန်း မသိ။ ဒီနှစ်တော့ အာဇာနည်နေ့ နီးလေလေ ဆရာကြီး ဦးရာဇတ်ကို ပို၍ သတိရချင်စရာတွေက ဖြစ်လေလေ ဖြစ်နေတော့သည်။

ပေါ်လင်းဦး

Leave a Reply