11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၊ ၂၀၁၆

M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

cl 2

နာရီတို့၏ အစ

ကျွန်တော်တို့ ဘာပဲလုပ်လုပ်၊ ဘယ်လို ဆန္ဒမျိုး အိမ်မက်မျိုး၊ ကြောက်ရွံ့မှုမျိုးပဲရှိရှိ၊ ကျွန်တော်တို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ကတော့ ရွေ့လျား တိုက်စားစမြဲပါပဲ။ ကျွန်တော်တို့ အသဲအသန်ဖြစ်ကြရတဲ့ စာမေးပွဲတွေ၊ အရေးကြီးတဲ့အင်တာဗျူးတွေ၊ ဒါမှမဟုတ် မွေးနေ့ပွဲတွေ စတဲ့ ကိစ္စရပ်တွေမှာလည်း စတင်ချိန်နဲ့ ပြီးဆုံးချိန်ဆိုတာ ရှိကြပါတယ်။

ပထမဆုံး နေနာရီ (sundial) အသုံးပြုတဲ့အချိန်က စပြီး လူတွေဟာ အချိန်ကို တွက်ချက်ချင်ခဲ့ကြတာပါ။ အခုဆိုရင်တော့ ကျွန်တော်တို့မှာ တိတ်ဆိတ်တဲ့ ဒစ်ဂျစ်တယ်နာရီတွေ၊ တစ်ချက်ချက်သွားနေတဲ့ ခေတ်ပေါ် လက်တံနာရီတွေ ရှိနေပါပြီ။ အဲဒီနာရီတွေရဲ့ အစကတော့ အစက်ချတဲ့နည်းစနစ်ကို အသုံးပြုတဲ့ ရေနာရီ (clepsydra) ပဲဖြစ်ပါတယ်။ အိုးတစ်ခုရဲ့ အောက်ခြေမှာ အပေါက်ဖောက်ထားပြီး အဲဒီအပေါက်ကနေ ရေကျသွားတဲ့အခါ အိုးပေါ်မှာ ပြုလုပ်ထားတဲ့ အမှတ်အသားကိုကြည့်ပြီး အချိန်ကိုတွက်ချက်တဲ့ ရိုးရှင်းတဲ့ ဒီရေနာရီကို ဘီစီ ၁၅၀၀ မတိုင်ခင်ကတည်းက အီဂျစ်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

clepsydra

ရေနာရီ (clepsydra)

နောက်ထပ် ရှေးဟောင်း အချိန်မှတ်ပစ္စည်းတစ်ခုကတော့ အိန္ဒိယက ဂါတီကာ-ယန်ထရာ (ghatika-yantra) လို့ခေါ်တဲ့ ကိရိယာပါပဲ။ အဲဒီကိရိယာမှာတော့ အောက်ခြေမှာ အပေါက်ဖောက်ထားတဲ့ (ကြေးနီ သို့မဟုတ် အုန်းမုတ်ခွက်နဲ့လုပ်ထားတဲ့) စက်လုံးပုံသဏ္ဍာန် ခွက်တစ်ခု ပါဝင်ပါတယ်။ အဲဒီခွက်ကလေးကို ရေဇလုံထဲမှာ မျောစေလိုက်တဲ့အခါမှာ ဖောက်ထားတဲ့အပေါက်ကနေ ရေဟာ တစ်ဖြည်းဖြည်းချင်းစိမ့်ဝင်ပြီး ခွက်ကလည်း ရေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။ ဇလုံရဲ့ ကြမ်းပြင်နဲ့ အဲဒီခွက်လေး ထိတဲ့အခါမှာ အချိန်မှတ်တဲ့သူဟာ ခွက်ကိုပြန်ထုတ်ပြီး ရေပေါ်မှာ ပြန်မျောစေကာ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်စတင်ခြင်းအားဖြင့် အချိန်ကို မှတ်သားတာဖြစ်ပါတယ်။ အဲဒီအချိန်မှတ်ကိရိယာဟာ အိန္ဒိယနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ တော်တော်လေး လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာတော့ ဗလီဝတ်ကျောင်းတော်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

၁၃ ရာစုနှစ်မှာတော့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီယာဘာကီရ် (Diyarbakir) ဆိုတဲ့မြို့လေးက  အလ်-ဂျာဇာရီ (Al-Jazari) လို့ခေါ်တဲ့ တီထွင်ပညာရှင်ကြီးတစ်ယောက်ဟာ ခေတ်ပေါ်နာရီတွေရဲ့ ရှေ့ပြေးဖြစ်တဲ့ အလိုအလျောက် နာရီကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်တဲ့ အလ်-ဂျာဇာရီဟာ အလွန်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ပြီး အလိုအလျောက်စက်ပစ္စည်းတွေရဲ့ အခြေခံသဘောတရားကို မွေးထုတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ သူ့အရင်ရှိခဲ့တဲ့ စက်ကိရိယာဆိုင်ရာ သမိုင်းကြောင်းတွေ၊ နည်းပညာတွေကို အထူး စိတ်ဝင်စားခဲ့သူဖြစ်ပြီး အထူးသဖြင့် ရှေးဟောင်း ဂရိတွေနဲ့ အိန္ဒိယတွေရဲ့ သိပ္ပံပညာဆိုင်ရာ ထီထွင်ဆန်းသစ်မှုတွေ ဖြစ်ပါတယ်။

၁၂၀၆ ခုနှစ်မှာတော့ ဒီယာဘာကီရ်က အာတုက်မင်းဆက် (Artuq) တွေထံမှာ အမှုထမ်းစဉ် အလ်-ဂျာဇာရီဟာ ပုံသဏ္ဍာန်၊ အရွယ်အစားမျိုးစုံရှိတဲ့ နာရီတွေကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဘုရင် နာဆီရ်-အလ်ဒင် (Nasir Al-Din) လက်ထက်မှာ ဘုရင်ကြီးဟာ ထူးခြားဆန်းပြားတဲ့ ကိရိယာတွေကို တီထွင်ဖန်တီးဖို့ အလ်-ဂျာဇာရီကို အမိန့်တော်မှတ်ခဲ့ပြီး လာမယ့်မျိုးဆက်တွေကလည်း ဒီကိရိယာတွေကို ဆက်လက်ချဲ့ထွင် တည်ဆောက်သွားနိုင်ရမယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ အဲဒီတီထွင်မှုတွေနဲ့ ပတ်သက်သမျှကို ပုံတွေနဲ့တကွ အသေးစိတ်ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ဆက်သရမယ်လို့ ဘုရင် အလ်-ဒင်ရဲ့ အမိန့်တော်ထဲမှာ ပါဝင်ခဲ့ပါတယ်။

al-jazari

၁၃ ရာစုမှ မွတ်စလင်အင်ဂျင်နီယာပညာရှင်ကြီး အလ်-ဂျာဇာရီ

ဒီအမိန့်ရဲ့ ရလဒ်အနေနဲ့ အလ်-ဂျာဇာရီဆီကနေ The Book of Knowledge of Ingenious Mechanical Devices (ဆန်းပြားသည့် စက်ပစ္စည်းများဆိုင်ရာ အသိပညာကျမ်း) ဆိုတဲ့ ကျမ်းကြီးတစ်စောင် ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဒီကျမ်းကြီးဟာ အင်ဂျင်နီယာဘာသာရပ် နယ်ပယ်အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ ရင်းမြစ်ကျမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ အဲဒီကျမ်းထဲမှာတော့ ကဏ္ဍ ၆ ခုခွဲထားပြီး ရေနာရီအပါအ၀င် သူကိုယ်တိုင် တီထွင်ဖန်တီးခဲ့တဲ့ စက်ကိရိယာ အခု ၅၀ ကို အလ်-ဂျာဇာရီက အသေးစိတ် ဖော်ပြထားပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အချိန်ကိုသိဖို့ လိုအပ်သလိုပဲ လွန်ခဲ့တဲ့ နှစ် ၇၀၀ ကျော်က မွတ်စလင်တွေဟာလည်း အချိန်ကိုသိဖို့ လိုအပ်ခဲ့ပါတယ်။ အလ်-ဂျာဇာရီကတော့ နာရီတီထွင်ဖန်တီးတဲ့ မွတ်စလင်တွေရဲ့ ရိုးရားဓလေ့ကို ထိန်းသိမ်းခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် ဖြုန်းတီးနေကြတဲ့ အချိန်ကို ရပ်တန့်လို့မရဘူးဆိုတာ မွတ်စလင်တွေက သိခဲ့ကြပြီး ဒါ့ကြောင့်ပဲ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အချိန်ကို သိရှိနိုင်ရေးဟာ သူတို့အတွက် အရေးကြီးခဲ့ပါတယ်။ နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုကို ဘယ်အချိန်တွေမှာ ဆောင်ရွက်ရမလဲဆိုတာကို မွတ်စလင်တွေက သိဖို့ လိုအပ်ပြီး ဒါမှသာ ဗလီဝတ်ကျောင်းတော်တွေကလည်း ၀တ်ပြုဖို့ နှိုးဆော်သံကို ဟစ်ကြွေးနိုင်ကြမှာ ဖြစ်ပါတယ်။ ရမ်ဇာန်လမှာ ဥပုသ်သီလစောင့်တည်တာ၊ အီးဒ်ပွဲတော် ဆင်နွှဲတာ၊ မက္ကာမြို့ကို ဘုရားဖူးသွားတာ စတဲ့ နှစ်စဉ် အရေးပါတဲ့ အခါသမယတွေကို တွက်ချက်သတ်မှတ်ဖို့အတွက်လည်း အချိန်ကို အတိအကျသိဖို့ အရေးကြီးပါတယ်။

အဲဒီလိုတွန်းအားတွေကပဲ ဘုရင် နာဆီရ်-အလ်ဒင် ရည်ညွှန်းခဲ့တဲ့ ဆန်းပြားတဲ့ ကိရိယာတွေထဲမှာ ဆင်နာရီ (Elephant Clock) ပါဝင်လာတာပဲဖြစ်ပါတယ်။ အဲဒီဆင်နာရီဟာ အချိန်ကို ပြောပြနိုင်သလိုပဲ အဆင့်အတန်း၊ ဂုဏ်သိက္ခာနဲ့ ကြွယ်ဝမှုတို့ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ ပထမဆုံး စက်ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ ရွေ့လျား အချိန်ပြစက် ဖြစ်ခဲ့ပါတယ်။

ဆင်နာရီ

elephant clock

ဆင်နာရီဒီဇိုင်းကို အလ်-ဂျာဇာရီက ရေးဆွဲထားပုံ

 

ဒီနေ့ခေတ်မှာ တိကျတဲ့ ဒစ်ဂျစ်တယ်နာရီတွေ၊ စက်နာရီတွေမရှိရင် ခေတ်မီကမ္ဘာကြီး ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်ကတည်းက ဘယ်အချိန်ဝတ်ပြုရမယ်၊ ဥပုသ်သီလ ဆောက်တည်ရမယ်၊ ဘယ်နေ့မှာ အီးဒ်ပွဲတော် ဆင်နွှဲရမယ်၊ ဘယ်အချိန်မှာ ဘုရားဖူးသွားရောက်ရမယ် ဆိုတာတွေကို တွက်ချက်သတ်မှတ်ဖို့အတွင် တီထွင်ကြံဆသူတွေဟာ အဆန်းပြားဆုံး အချိန်ပြစက်တွေကို တီထွင်ခဲ့ကြပါတယ်။

အဲဒီအထဲမှာ ဆင်နာရီကတော့ လူသားတွေရဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစည်းထားတဲ့ အပြောင်မြောက်ဆုံး လက်ရာပါပဲ။ နာရီရဲ့ ရွေ့လျားနိုင်တဲ့ စက်ယန္တရားဟာ အိန္ဒိယတွေရဲ့ နည်းပညာကို အတုယူထားတဲ့ ရေစွမ်းအင်သုံး အလိုအလျောက် ယန္တရားဖြစ်ပါတယ်။ အဲဒီ ယန္တရားကို အီဂျစ်က ဇာမဏီငှက်၊ ဂရိရဲ့ ဟိုက်ဒရောလစ်နည်းပညာ၊ တရုတ်နဂါး၊ အိန္ဒိယဆင်၊ အာရပ်ဝတ်စုံဝတ် လူရုပ်တွေနဲ့ အချိုးကျစွာ ပေါင်းစပ်ထားတာဖြစ်ပြီး စပိန်ကနေ တရုတ်နိုင်ငံအထိ နည်းပညာတွေလည်း ဒီကိရိယာမှာ လွှမ်းမိုးနေပါတယ်။

ဆင်နာရီကို တီထွင်တဲ့သူကတော့ တူရကီတောင်ပိုင်းက အင်ဂျင်နီယာပညာရှင် အလ်-ဂျာဇာရီပဲ ဖြစ်ပါတယ်။ သူဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်အစားမျိုးစုံရှိတဲ့ စက်ကိရိယာတွေကို တီထွင်ခဲ့သူဖြစ်ပြီး ၁၂၀၆ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ သူရဲ့ The Book of Knowledge of Ingenious Mechanical Devices အင်ဂျင်နီယာကျမ်းထဲမှာ အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အလ်-ဂျာဇာရီရဲ့ ထိပ်တန်း တီထွင်မှုတွေကတော့ ကောက်တံနဲ့လှည့်တဲ့ ဘီး၊ ၀င်ရိုးဆက်သွယ်မှု၊ စက်ဝိုင်းပုံစံရွေ့လျားမှုကနေ ဒေါင်လိုက်ရွေ့လျားမှုကို ပြောင်းလဲပေးတဲ့ ပြွန်ကျပ်စနစ် (piston system)၊ ရေစုပ်နည်းပညာ၊ အင်ဂျင်တွေဖြစ်ပြီး အခြားသော စက်ကိရိယာ များစွာလည်း သူ့ရဲ့တီထွင်မှုမှာ ပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ အင်ဂျင်နီယာကျမ်းကြီးထဲမှာ လက်ဆေးစက်၊ ၀င်ရိုးတွေ၊ စက်သွားတွေနဲ့လည်ပတ်တဲ့ သံစုံတီးဝိုင်းတွေပါအ၀င် သူတီထွင်ခဲ့တဲ့ စက်ပစ္စည်းမျိုးစုံကိုလည်း ဖော်ပြခဲ့ပါတယ်။

ဆင်နာရီမှာတော့ အပေါက်ဖောက်ထားတဲ့ ခွက်တစ်ခုဟာ ဆင်ခန္ဓာကိုယ်က မမြင်ရတဲ့ ရေတိုင်ကီထဲမှာ တဖြည်းဖြည်းခြင်းနစ်မြုပ်စေတဲ့ နည်းပညာကို အသုံးပြုထားပြီး အိန္ဒိယက ဂါတီကာ (Ghatika) လို့ခေါ်တဲ့ နည်းပညာ ပုံစံမျိုးပါပဲ။ သူ့ရဲ့အရင်က အီဂျစ်ကနေ ဂရိအထိ လူ့အဖွဲ့အစည်းတွေမှာ အပေါက်ဖောက်ထားတဲ့ ခွက်ထဲကနေ ရေစိမ့်ထွက်ခြင်းအားဖြင့် အချိန်ကိုတိုင်းတာတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပြီး အဲဒီပုံစံနဲ့ ဖန်တီးထားတဲ့ ကိရိယာကို ရေနာရီ (clepsydra) လို့ ခေါ်ပါတယ်။

အလ်-ဂျာဇာရီရဲ့ ဆင်နာရီကတော့ နာရီဝက်ကြာတိုင်းမှာ သာယာနာပျော်ဖွယ်အသံနဲ့ လှုပ်ရှားမှုတွေကို မြင်ရ၊ ကြားရပါတယ်။ နာရီရဲ့ ထိပ်ဆုံးကနေကြလာတဲ့ အလုံးလေးဟာ ဘယ်နှစ်နာရီရှိပြီဆိုတာကို ပြသတဲ့ ဒိုင်ခွက်ကို ရွေ့လျားစေပြီး စာရေးနေတဲ့ပုံသဏ္ဍာန် ရုပ်ထုနဲ့ သူ့ရဲ့ ကလောင်တံကတော့ နောက်တစ်နာရီရဲ့ မိနစ်တွေကို ပြဖို့အတွက် မူလနေရာကို ပြန်လည်သွားပါတော့တယ်။ နဂါးရဲ့ပါးစပ်ကနေတစ်ဆင့် နာရီအောက်ခြေက ပန်းအိုးထဲကို ဒီအလုံးလေး ကျသွားတဲ့အချိန်မှာ ဆင်ထိန်းရုပ်ထုလက်ထဲက တူနဲ့ လင်ကွင်းကို ရိုက်ခတ်စေပြီး အသံထွက်ကာ နာရီဝက်ကုန်ဆုံးသွားကြောင်း အသိပေးလိုက်ပါတော့တယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

ss

 

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁) – ကို ဖတ်ရှုရန်

ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂) – ကို ဖတ်ရှုရန်

Leave a Reply